Saturday 18 April 2020

ဝမ်းနည်းခြင်း မိုးတိမ်

ဝမ်းနည်းခြင်း မိုးတိမ်
****************
ဖွင့်ထားသော တံခါးရွက်တို့သည် လေ အတိုးတွင် ပြတင်းဘောင်ကို လာရောက် ရိုက်ခတ်သည်။ ဝန်းကျင်သည် ရုတ်ချည်း မှိုင်းမှုန်သွားသည်။ လွန်ခဲ့သော မိနစ်ဝက်ခန့်က လင်းလက်နေသော နေရောင်သည် တစုံတခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသကဲ့သို့ မှိန်ဖျော့ ပျောက်ကွယ်သွားသည်။
လမ်းမပေါ်တွင် ရှိနေသော ဖုန်မှုန့်တို့သည် လေအဝေ့တွင် လွင့်လျက် ဝဲလျက် ရှိသည်။ လေပြည်သည် ဖွင့်ထားသော ပြတင်ပေါက်မှ တဆင့် အိမ်ထဲသို့ တိုးဝင်လာခဲ့သည်။ အေးမြရမည့်အစား ပူနွေးနေသည့် အတွေ့ကြောင့် ရေတခွက်ကို တောင့်တ မိသည်။ ဒီလေပူတွေထဲမှာ ဖုန်မှုန့်တွေ အများကြီး ပါလာမှာ ဟု စဉ်းစားရင်း ရေချိုးခန်းရှိရာဘက်သို့ လျှောက်လာသည်။ လက်နှစ်ဘက် ကို ရေလောင်းချရင်း မျက်နှာကိုပါ သစ်လိုက်သည်။ ဒီတနေ့အတွင်း မျက်နှာသစ်တာ လက်ဆေးတာ ဘယ်နှစ်ကြိမ်ရှိပြီမှန်း သူ မမှတ်မိတော့..။ 
ဖုန်မှုန့်တွေ ဝင်မှာစိုး၍ ပြတင်းတံခါးများကို ပိတ်လိုက်ရန်ကိုမူ သူလုံးလုံး မစဉ်းစားပါ။ ပြတင်းတံခါးပိတ်လိုက်သောကြောင့် အပြင်လောကကို​ မမြင်ရတော့မှာကို​ သူကြောက်သည်။ အကြောက်တရားတို့၏ ဖိနှိပ်မှုကို ခံစားနေရခြင်းကိုလည်း သူ ကြောက်သည်။ ဖွင့်ထားသော ပြတင်းပေါက်လေး၏ဘောင်တွင် ခေါင်းမှီကာ အပြင်ကို ငေးကြည့်နေလိုက်သည်။ “ဒီပြတင်းတံခါးလေးက အပြင်လောကကို နှစ်ယောက်အတူ ကြည့်ချင်ပါတယ်။ အကိုက အနားမှာ ရှိပေးပါ” ဟု သူတောင်းဆိုဖူးသည် ထင်သည်။ 
ရံဖန်ရံခါတွင် ကိုယ်က ပေးတိုင်းလည်း တဖက်သူမှာ ရချင်မှ ရတတ်သည်။ တနည်း ပြောရလျှင် လိုချင်မှ ရလိမ့်မည် ဟု တီးတိုး ရေရွတ်မိသည်။ သူ၏ အချိန် တော်တော်များများကို သူ့ချစ်ရသောသူအတွက် ပေးမိသည်။ ထိုသို့ပေးမိခြင်းသည် တဖက်သူအတွက် စိတ်ညစ်ညူးဖွယ် ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သို့မဟုတ် အလေးမထားစရာလည်း ဖြစ်နေနိုင်သည် ဆိုသည်ကို သူ မတွေးတတ်ခဲ့ပါ..။ ထိုသို့ ဖြစ်ခဲ့လျှင် .. ဆိုသည့် အတွေးကိုတော့ သူ ဆက်မတွေးချင်ပါ။ နာကျင်ခြင်းတွေကို သူ မနှစ်သက်ပေ။ 
မိန်းမတစ်ယောက်၏ချစ်ခြင်းသည် စောင့်မျှော်နေရုံပဲလား ဟု သူစိတ်မကောင်းစွာ တွေးမိသည်။ စိတ်ပူတတ်သော၊ သဝန်တိုတတ်သော၊ ချစ်မြတ်နိုးတတ်သော မိန်းကလေးတယောက်၏ ချစ်ခြင်းကို နားလည်နိုင်ပါစေဟုသာ သူ ဆန္ဒပြုမိ၏။ မျှော်လင့်ခြင်းဆိုတာ မထားသင့်သည့် စိတ္တဇနာမ်တခုအဖြစ် သူသိထားသော်လည်း လက်တွေ့တွင် လိုက်နာနိုင်ဖို့ ခက်လှသည်။
ကောင်းကင်သည် မှိုင်းသည်ထက် မှိုင်းလာသည်။ မိုးစက်မိုးပေါက်တွေများ ကျလာမှာလားဟု သူ မျှော်လင့်မိသည်။ မိုးမရွာနိုင်ပါဘူး ဆိုသော အသိကိုလည်း သူက သိနေသေးသည်။ မိုးစက်တို့ကို ရွာချစေချင်မိသည်။ ကျလာသောမိုးရေစက်ကလေးများက မျက်နှာကို လာရောက် ဖြန်းပက်စေချင်သေးသည်။ မျက်ရည်စက်တို့ကို မိုးရေစက်များ ဖြစ်သည်ဟု အနည်းဆုံး သူ့ကိုယ်သူ လှည့်စားနိုင်သည် မဟုတ်ပါလား။ 
**** ****
အပြင်ဘက်တွင် ရာသီဥတုသည် မှုန်မှိုင်းနေရုံသာ ရှိသည်..။
မိုးသားတိမ်လိပ်တို့ကိုလည်း သူ မမြင်မိပါ..။
**** ****
တံခါးခေါက်သံ သဲ့သဲ့ ကြားလိုက်သည်။ တံခါးရှိရာကို အပြေးကလေး သွားလိုက်မိပြီးမှ ရုပ်ချည်းရပ်တန့်လိုက်သည်။ ခေါင်းကို ခပ်သာသာ ခါရမ်းလိုက်ရင်း ပြတင်းတံခါးဆီ ပြန်လှည့်လာလိုက်သည်။ 
*** *** ***
ညို့မှိုင်းနေသော ကောင်းကင်ပြင်ကို ငေးကြည့်ရင်း မျက်တောင်ဖျားတို့သည် လေးပင်လာခဲ့သည်။
စကားတခွန်းကို တီးတိုး ရေရွတ်မိသည်..။
ကိုယ်ချစ်ရသူက ပိုချစ်ပါ့စေ…။

နွေနှင့်အတူ

နွေနှင့်အတူ
*********
ဆုတောင်းတိုင်း ပြည့်ရမည် ဆိုလျှင် ယခုဘဝနှုင့် နောင် ဘဝ ဆက်တိုင်း ကျွန်မ တောင်း လိုသော ဆုမှာ တစ်ဆုတည်းသာ..။
xxx
မနက်မိုးလင်း၍ မျက်လုံးဖွင့်ကြည့်လိုက်လျှင် ဘေးနား၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချစ်ရသူကို တွေ့ရသည်။ တရံတခါ ချစ်သူသည် ကျွန်မ၏လက်မောင်းရင်းပေါ်တွင် ခေါင်းတင် အိပ်နေတတ်သကဲ့သို့ တခါတရံတွင် ကျွန်မ၏ ကျောပေါ်တွင် ခေါင်းမှီကာ အိပ်နေတတ်သည်။ ချစ်ရသူ မနိုးထမချင်း မည်မျှပင် ညောင်းညာနေစေကာမူ တရွေ့ကလေးမျှ မလှုပ်ဘဲ ကျေနပ်စွာ၊ ချစ်မြတ်နိုးစွာနှင့် ငြိမ်သက်စွာ လှဲလျောင်းနေသည်မှာ ကျွန်မ၏ ချစ်သူအပေါ်တွင် ထားရှိသော ချစ်ခြင်း ဖြစ်သည်။
ရှေးရှေး ရေစက်ကံသည် ထူးခြားလှသည်။ ချစ်သူနှင့် ကျွန်မသည် မျိုးရိုးမတူကြပါ။ သို့သော်လည်း ကျွန်မတို့ ချစ်ခင်ခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦး ပေါင်းဖက်ရန် နှစ်ဘက်မိဘများက ဆောင်ရွက်ပေးခဲ့ကြသည်။ တစ်ဦးနှင့် တစ်ဦး မျက်စိအောက်က အပျောက်မခံဘဲ အချိန်တိုင်း အတူတူ ရှိနေကြသည်။ ခင်ပွန်းသည်နောက်သို့ လိုက်ပါခဲ့ရသည့်အတွက် ကျွန်မ ကျေနပ်သည်။ ဂုဏ်ယူသည်။ ငါကဲ့သို့ ဘဝမျိုး ဘယ်သူရနိုင်ပါသနည်းဟု ကျွန်မ မာန်မာနများ တက်ခဲ့သည်။ ကျွန်မတို့နှစ်ဦးစလုံး ကောင်းမွန် မြင့်မားသောမျိုးရိုးများမှ ဆင်းသက်လာကြသည် မဟုတ်ပါလော..။
ဘဝတွင် ချိုသော လှပသော အချိန်ကာလများကို ကျွန်မတို့နှစ်ဦး ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့ကြသည်။ ချစ်သူသည် ကလေး အနည်းငယ်ဆန်သည်။ အချိန်တိုင်း ကလေးတစ်ဦးကဲ့သို့ ဘဝကို လွတ်လပ်စွာ၊ ပျော်ရွှင်စွာ၊ ပေါ့ပါးစွာ ဖြတ်သန်းသည်။ သူ ပျော်ရွှင်နေသည်ကို တွေ့ရလျှင် ကျွန်မ ပျော်သည်။ ကျွန်မတို့ နှစ်ဦး လမ်းလျောက် ထွက်လျှင် မြင်သူတိုင်းက ငေးကြည့်လေ့ရှိကြသည်။ လိုက်ဖက်လိုက်ကြတာ၊ လှလိုက်ကြတာ ဟု ချီးကျူးသံများ ကြားရလျှင် ကျွန်မ၏ ဦးခေါင်းသည် ဦးမော့ရာမှ ပြန်မကျနိုင်အောင်ကို ကျေနပ်ပီတိ ဖြစ်ခဲ့ရသည်။ 
ကျွန်မတို့၏ ပျားရည်ဆမ်းသော ရွှေရောင်နေ့ရက်များသည် ကျွန်မတို့နှစ်ဥိး မွေးဖွားရာ ဒေသမှပင် စတင်ခဲ့သည်..။
xxx
လှပသော ဘဝနှုင့် ချိုမြသော အချိန်ကာလများသည် တစ်နေ့တွင် ကျွန်မတို့နှစ်ဦးဆီမှ တိတ်တဆိတ် ထွက်ခွါသွားခဲ့သည်။ စီပွားရေး ချို့တဲ့လာသော ကျွန်မတို့၏ မိဘများသည် ကျွန်မတို့နှစ်ဦးနှင့် နေထိုင်ရာအိမ်ကြီးကို စွန့်ခွါရန် ပြင်ဆင်ကြသည်။ ကျွန်မတို့ ဇနီး မေင်နှံကိုလည်း သူတို့၏ မိတ်ဆွေတစ်ဦး၏ အိမ်၌ နေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။ ထို့နောက်တွင်မူ ကျွန်မတို့ နှစ်ဦးအား ထားခဲ့ကာ အဝေးတစ်နေရာသို့ ထွက်သွားတော့သည်။ ချစ်သူသည် သူ၏ မိဘများကို လွမ်းဆွတ်ပုံရသည်။ တမှိုင်မှိုင်နှင့် ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ ကျွန်မအသည်းနှလုံးတို့ ကွဲကြေမတတ် ခံစားရသည်။ 
နေရာသစ်တွင် မပျော်ရွှင်နိုင်သော်လည်း နေတတ်အောင် နေနေရှာသော သူ့ကို ကြည့်၍ ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။ ငယ်စဉ်ကတည်းက ဆီဥထောပတ်စားလာခဲ့သော သူသည် ယခုအခါတွင် ကြုံသလို ဖြစ်သလို စားသောက်လာရသောအခါ ယခင်က လှပတင့်တယ်ခဲ့သော ခန္ဓာကိုယ်သည် တဖြည်းဖြည်း နှင့် ကြုံလှီလာခဲ့သည်။ နွေးထွေးသော အိပ်ရာကလေး ပျောက်ခဲ့သည်မှာလည်း ကြာခဲ့ပြီ မဟုတ်ပါလား..။ ရံဖန်ရံခါ အိမ်ရှင်သစ်၏ ငြိုငြင်ခြင်းများ အပေါ်တွင် ကျွန်မတို့မှာ မျက်ရည်ဝဲရုံသာ..။ တခါတခါ တွင် အတိတ်ကာလကို လွမ်းဆွတ်ဟန်ဖြင့် တီးတိုးညည်းညူသော အခါ ကျွန်မမှာ သူ၏ ပခုံးကို ဦးခေါင်းဖြင့် တိုးဝှေ့ရင်း နှစ်သိမ့်ခဲ့ရသည်။
စိတ်ထောင်း၍ ကိုယ်ကြေနေသောသူတယောက်ကို မည်သို့မည်ပုံ နှစ်သိမ့်ရမည့်အကြောင်း ကျွန်မ တကယ်ကို မသိခဲ့ပါ။
ရာသီဥတု ပူပြင်းသော နွေနေ့များတွင် အေးချမ်းမည်ဟု ထင်ရသော အရိပ်အောင်၌ ခိုရင်း အေးမြသော ကွှန်မတို့၏ အိမ်ကို လွမ်းဆွတ်မိသည်။ ထို တနှစ်က နွေသည် ကျွန်မတို့ကို လွန်စွာ ဖီးစီး နှိပ်စက်သည်။ ယားနာများကို ဖြစ်ပေါ်စေသည်။ ခန္ဓကိုယ်ပေါ်တွင် ထင်ကျန်နေသော ယားနာများကို သူသည် မသတီသကဲ့သို့ တချက်ကြည့်ပြီး ညည်းညူနေရှာသည်။ ယခင်က ထိုကဲ့သို့သော အနာရောဂါမျိုးကို ကျွန်မတို့ တခါကလေးမှပင် မခံစားခဲ့ရပါ။ ကျွန်မတို့၏ အိမ်ရှင် အသစ်သည် ကျွန်မတို့ကို ဆေးပေးခန်းလည်း မပို့ပေးနိုင်တော့ပါ..။
အများအားဖြင့် အသီးအရွက်များနှင့် ပြုတ်ထားသော ဆန်ပြုတ်၊ ရံဖန်ရံခါ အသားငါးနဲနဲပါသော ထမင်းတို့ကို စားသောက်နေထိုင်ရသော နေ့ရက်တို့ကို ပြန်ကြည့်ရင်း လောကဓံ ဟူသော စကားတခွန်းကို နားလည်စပြုလာခဲ့သည်။ ထွားကျိုင်းသန်မာသော ကျွန်မတို့၏ ခန္ဓာကိုယ်များသည် အရိုးပေါ်အရေတင်ရုံသာ ကျန်တော့သည်။ သူသည် ရေအနည်းငယ်ကိုသာ သောက်သုံးရင်း လှဲလျှောင်းနေရာမှ မထတော့ပေ။ သွားလာနိုင်သော အင်အားလည်း သူ့ထံတွင် မတွေ့ရတော့ပါ။ ဝေဒနာ ခံစားနေရသော ခင်ပွန်းဖြစ်သူဘေးတွင် ငြိမ်သက်စွာထိုင်နေရင်း သူ့ကို ငေးကြည့်နေရုံမှ တပါး အခြား ဘာမှလည်း လုပ်ပေးနိုင်စွမ်း မရှိတော့ပါ။ ထို အနေအထားသည် ကျွန်မ ဘဝတွင် အနာကျင်ရဆုံးသော ကာလအပိုင်းအခြား တခု ဖြစ်သည်။
ထိုနွေရာသီ၏ အရုဏ်ကျင်းချိန်တခုတွင် သူသည် သူမပျော်သော နေရာတခုမှ ထာဝရ ထွက်ခွါသွားခဲ့သည်။ အိပ်စက်နေသည် ထင်သဖြင့် အကြိမ်ကြိမ် နှိုးသော်လည်း သူသည် နိုးထမလာနိုင်တော့ပါ။ ကျွန်မအား ချန်ရစ်ခဲ့ပြီးဟု သိလိုက်ရသော အချိန်တွင် ဆောက်တည်ရာမရ ငိုကြွေးမိသည်။ အိမ်ရှင်သစ်သည် သူသေဆုံးသွားသည်ကို သိရှိသော အခါ သူ၏ ရုပ်ခန္ဓာကို ယူဆောင်သွားခဲ့သည်။ ကျွန်မသည် သူတို့၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားရင်း ချစ်ရသူ၏ နောက်ဆုံးခရီးကို ရင်ကွဲစွားဖြင့် ငေးကြည့်နေခဲ့ရသည်။
ခွေးတကောင်၏ သေဆုံးခြင်းအပေါ် မည်သည့် လူသားက လှိုက်လှဲစွာ ဝမ်းနေနိုင်ပါမည်နည်း..။
xxx xxx xxx xxx
နေသည် တောင်တန်းတို့၏ နောက်ကို ခိုဝင်စ ပြုနေပြီ ဖြစ်သည်။ ချစ်ရသူကို မြှုတ်နှံထားသော မြေပုံမို့မို့ထက်တွင် ခေါင်းတင်ရင်း ပျော်ရွှင်ချမ်းမြေ့ခဲ့သော အတိတ်ကာလဆီသို့ ခရီးဆက်ရန် မျက်လုံးတို့ကို အသာမှိတ်လိုက်သည်။ လွမ်းဆွတ်ခြင်း၊ ဝမ်းနည်းခြင်း၊ အတီးကျန်ဆန်ခြင်းတို့သည် အသက်ဆက်ရှင်သန်လိုမှုကို ဟန့်တားနေကြပြီး မဟုတ်ပါလား..။
ဆုတောင်းတိုင်း ပြည့်ရမည် ဆိုလျှင် ယခုဘဝနှုင့် နောင် ဘဝ ဆက်တိုင်း ကျွန်မ တောင်း လိုသော ဆုမှာ တစ်ဆုတည်းသာ..။

မပျော်ရွှင်ခြင်းပုံပြင် - ၃

မပျော်ရွှင်ခြင်းပုံပြင် - ၃
*****************
မိန်ရာသီအကုန် မိဿရာသီသို့အကူး နေ့တနေ့..။
မနက်ခင်းတွင် အေးသယောင်ယောင်နှင့် တရှိန်ရှိန်ပူပြင်းလာသော ရာသီဥတုသည် လူသားတို့ကို ညှင်းပန်းနှိပ်စက်လျက်..။
xxx xxx xxx
မနက်ခင်း အရုဏ်ချိန်တွင် နာကျင်အောင့်မျက်ခြင်းများနှင့် နိုးထလာရသည်။ ဘယ်ဘက် ပခုံးမှ လက်မောင်း၊ လက်ဖျားအထိ။ ထိုမှဆက်လက်၍ နာကျင်မှုသည် ဘယ်ဘက် မေးရိုးနှင့် ပါးပြင် အထိ တိုးထိလာခဲ့သည်။ သောက်နေကျ ဆေးတို့ ကို ထုတ်ယူလိုက်သောအခါ နှစ်လုံးတည်း ကျန်နေသော ဆေးပြားလေးတို့သည့် သူ့အား ဘာလုပ်မည်နည်းဟု မေးနေသယောင်ပင်..။ 
နာကျင်မှုကိုလျစ်လျူရှုရင်း ညကျမှ သောက်တော့မည်ဟု တီးတိုးရေရွတ်လိုက်သည်။ ခံနိုင်ရည် ရှိနေသ၍ ဆေးမသောက်ဟုလည်း ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သေးသည်။ သူသည် ရံဖန်ရံခါတွင် ခေါင်းမာတတ်သည်ကို သူ့ကိုယ်သူလည်း သိပါသည်။ ဗူးလေးထဲမှ နှစ်ပြားတည်းသောဆေးတို့ကို ငေးကြည့်ရင်း အောင့်မျက်နာကျင်ခြင်း ဒဏ်ကို ဘယ်လောက် အထိ ခံနိုင်မှာလဲဟု တွေးရင်း မဝေးလှသေးသော အချိန်ကာလတခုဆီသို့ စိတ်ကရောက်သွားသည်။
xxx xxx xxx
ထိုနေ့တနေ့ကို သူမမေ့ပါ..။ ထိုနေ့သည့် သူ့အား နွေရာသီကာလများထဲသို့ အရောက်ပို့သော နေ့တနေ့လည်း ဖြစ်သည်။ မသိချင်သော အကြောင်းအရာတို့ကို သိရှိရခြင်းသည် မသိချင်သော သူတယောက်အတွက် စိတ်ပင်ပန်းမှု တခုသာ ဖြစ်သည်..။ ပစ္စုပ္ဗန်တွင် တည့်တည့်နေထိုင်နေသည် ဆိုသော်လည်း သူသည် တမဂ်တဖိုရ် ရထားသော သူတယောက် မဟုတ်ပါ။ ပျော်ရွှင်တတ်သည့်၊ နာကျင်တတ်သည့်၊ ဝမ်းနည်းတတ်သည့်၊ ကြေကွဲတတ်သည့်၊ ဝန်တိုတတ်သည့်၊ ဒေါသရှိသည့်၊ မာန်မာနရှိသည့် သာမာန်လူသားတယောက်သာဖြစ်သည်။
ပစ္စုပ္ဗန်ကို လက်ခံခြင်းသည် အတိတ်နှင့် အနာဂတ်ကိုပါ လက်ခံခြင်း ဖြစ်သည်။ သို့သော် သူသည် အတိတ်ကာလထဲတွင် တဝဲလည်လည် နှင့် နေရသည်ကို မနှစ်သက်ပါ။ နောက်လာမယ့် နေ့ရက်တွေအတွက်သာ သူ၏ ခွန်အားများနှင့် စိတ်နှလုံးသားကို အသုံးပြုလိုသည်။ ရံဖန်ရံခါတွင် သူသည် တိတ်တဆိတ် ဝမ်းနည်းနေတတ်သေးသည်။ မည်သူတဦးတယောက်ကိုမျှ အပြစ်မဆိုဘဲ ဖြစ်လာသည့် အခြေအနေအချို့ကို မျက်ရည် အချို့နှင့် ရင်ဆိုင်သည်။ ဒီနေ့ပြီးသွားရင် ငါ ပိုပြီး သန်မာလာမှာပါ ဟူသော စကားသည် သူ့ကိုယ်သူ အားပေးသော တခွန်းတည်းသော စကားဖြစ်သည်။
သူသည် လူတယောက်ကိုချစ်သည်။ ထိုသူကလည်း သူ့ကို ချစ်မြတ်နိုးသည်ဟု သူ ယုံကြည်သည်။ ဟုတ်သော်ရှိရှိ၊ မဟုတ်သော်ရှိရှိ ထိုယုံကြည်ထားသည့် အတိုင်းလေးသာ နေထိုင်လိုသည်။ ဒီထက်ပို၍ လွန်လေပြီးသော အကြောင်းများကို မပြောလို မကြားလို၊ မသိလိုတော့ပါ။ ထိခိုက်မှု မရှိဟု ဆိုကာမူ အနည်းအကျဉ်းတော့ စိတ်နှလုံးတွင် အောင့်မျက်ရသေးသည် မဟုတ်ပါလား..။ 
xxx xxx xxx
စူးစူးဝါးဝါး နာကျင်လာမှုသည် သူ၏ အတွေးစတို့ကို ပြတ်တောက်သွားစေသည်။ နာကျင်လွန်မှုကြောင့် စိမ့်ထွက်လာသော အစာအိမ်အတွင်းမှ အရည်တို့သည် လည်ချောင်းမှ တဆင့် ခံတွင်းထဲသို့ ရောက်ရှိလာခဲ့သည်။ 
တကယ်တော့ မပျော်ရွှင်ခြင်းပုံပြင်တွေကို သူ မပြောချင်ခဲ့ပါ..။

Password

Password
*************
လေအေးတို့သည် တစိမ့်စိမ့် တိုက်ခတ်နေသည်။ ကောင်းကင်သည် ကြည်လင်နေသည်။ ဤအချိန်တွင် သူ၏ မွေးရပ်ဌာနီ၌ တံလျပ်တွေ တလက်လက် တောက်ပနေသော အချိန် ဖြစ်ပေမည်။ သို့ရာတွင် ယခု သူရောက်ရှိနေသော မြို့ကလေးတွင်မူ ဆောင်းဝင်စ ကာလ ဖြစ်နေသည်။ ကောင်းကင်တခု အောက်တွင် နေထိုင်ကြခြင်း အတူတူ အချိန်နာရီတွေ ကွဲပြားခြင်း၊ ရာသီဥတုတွေ ကွဲပြားခြင်း၊ နောက်ဆုံး နေ့နဲ့ည တို့ ကွဲပြာခြင်း တို့ အပေါ် စိတ်မသက်မသာ ဖြစ်ရသည်။ 
နှစ်တနှစ်၏ စတုတ္ထလအလယ်တွင် သူနေထိုင်ရာ မြို့ကလေးသည် ယခင်နေ့များထက် များစွာလှုပ်ရှား သက်ဝင်လျက်ပင် ရှိသည်။ သူတကာ ပျော်ရွှင်နေသော Easter day တွင် ပင် သူသည် သူ၏ အိမ်ကလေးထဲ ၌ တိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။ ဤသို့ ရာသီဥတုမျိုးတွင် နို့ပူပူတခွက် သောက်ရင်း စစ်တုရင်ခုံရှေ့တွင် ထိုင်နေရသည်ကို သူ နှစ်သက်သည်။ သို့သော် သည်နေ့တွင်မူ စစ်တုရင်ခုံရှေ့တွင် ထိုင်နေသော်လည်း ခုံပေါ်၌ နယ်ရုပ်များကို သူ မမြင်ပါ။ အချို့ အချို့သော မျက်နှာ တို့သည် စစ်တုရင် ခုံပေါ်မှ နယ်ရုပ်များပေါ်တွင် ထင်ဟပ်လာသည်။
သူသည် ခေါင်းကို အသာယမ်းလိုက်ရင်း လက်ဆွဲကွန်ပျူတာလေးကို သွားယူလိုက်သည်။ လူမှုကွန်ယက် အတွင်း ဝင်ကြည့်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိသော ထိုထိုသော သတင်းတို့ကိုလိုက်ကြည့်လိုက်သည်။ ထိုနေ့သည် သူ့အတွက် နေ့တာရှည်လွန်းလှသည်ဟု ထင်မိသည်။ 
ထို့နောက် browser တခုကို ဖွင့်၍ web page တခု၏ address တခုကို ရိုက်ထည့်လိုက်သည်။ ကျလာသော user name နှင့် password တောင်းခံလာသည့်​ box လေးထဲသို့ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော်လည်း မှတ်မိနေသေးသည့် user name နှင့် password ကို ရိုက်ထည့်လိုက်သည်။ 
Account တခု၏ စာမျက်နှာသည် ပွင့်သွားသည်။
အမှန်တကယ်ဆိုလျှင် ထို user name နှင့် password သည် ပြောင်းလဲပြီး ဖြစ်နေသင့်သည် မဟုတ်ပါလား။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ လက်ဖျားများ အေးစက် တုန်ယင်လာခဲ့သည်။ ဆက်လက်၍ သွားကြည့်လိုစိတ်နှင့် ဆက်မသွားရန် တားမြစ်နေသော စိတ်တို့သည် လွန်ဆွဲနေကြသည်။ မျက်ရည်တို့ ဝေ့ဝဲလာခဲ့သည်။ အမှန်တကယ်ဆိုလျှင် သူသည် ထို account တခု၏ အသေးစိပ် အချက်အလက်များကို မေ့ပျောက်နေသင့်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဘာကြောင့် မပြောင်းရတာလဲဟု စိတ်ထဲမှာ မေးခွန်း အကြိမ်ကြိမ် ထုတ်မိသည်။ နောက်ဆုံး log in ဝင်ခဲ့သော အချိန်သည် လွန်ခဲ့သော ၂ နာရီ ကမှ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 
ထို့နောက် browser ကို အားတင်းလျက် ပိတ်လိုက်သည်။ ဆက်လက်၍ ကြည့်ရန်မသင့်ဟု သူ့ကိုယ်သူ ဆုံးမလိုက်သည်။ ထိုကဲ့သို့ ဖွင့်ကြည့်မိခြင်း အပေါ် အပြစ်မကင်းသကဲ့သို့ ခံစားလာရသည်။ တကယ်တော့ သူသည် သူတပါး၏ account ထဲသို့ တိတ်တဆိတ် ဝင်ရောက်မိခြင်း မဟုတ်ပါလား..။ သူ၏ မှတ်ဥာဏ်ထဲတွင် ရှိနေသော ထို account ၏ အသေးစိပ် အချက်အလက်များကို မေ့ပျောက်ရန် ကြိုးစားရဦးမည်။ ဝေးကွာသွားကြသည်မှာ ကြာပြီဖြစ်သော တယောက်သောသူသည် အဘယ်ကြောင့် အရာရာကို ယခင်အတိုင်း ထားရှိသနည်း။ သူသည် ခေါင်းကို ခပ်သွက်သွက် ခါရမ်းလိုက်သည်။ တိုက်ခတ်နေသော လေတို့သည် ပို၍ အေးစက်လာသည်ဟု ထင်မိသည်။ 
xxx xxx xxxx
သောက်လက်စ နွားနို့ဖန်ခွက်သည်ပင် အေးစက်လျက် ရှိနေပြီ။ ဤနေရာတွင် သူထိုင်နေသည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်လိမ့်မည်။ စိတ်မကောင်းခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ အရာ အားလုံးတို့သည် ပြီးခဲ့သော အတိတ်ကာလတွင် ကျန်ခဲ့ပြီ မဟုတ်ပါလား။ သူတို့သည် လားရာမတူသော လမ်းတွေကို ကိုယ်စီကိုယ်စီ ရွေးခဲ့ပြီး ဖြစ်သည်။ ပျော်ရွှင်နေမှာပါဟု ယုံကြည်ခဲ့သော စိတ်သည် အနည်းငယ် ယိမ်းယိုင် သွားခဲ့သည်။ မတွေ့မဆုံကြတော့သော နှစ်ပေါင်းများစွာအတွင်း မည်သို့သော အပြောင်းအလဲများကို ထပ်မံ ကြုံတွေ့ခဲ့သလဲဟု သူ မသိချင်တော့ပါ။ 
ကံကြမ္မာသည် မွေးစကတည်းကပင် သူတို့နှင့် အတူ သတ်မှတ်ပြီး ဖြစ်ပေလိမ့်မည်။ လွဲချိန်တန်လျှင် လွဲရလိမ့်မည်။ ခွဲချိန်တန်လျှင် ခွဲရလိမ့်မည်။ မည်သူက မည်သူ့ကိုမျှ တားခွင့်မရှိခဲ့ပါ။ သူတို့နှစ်ယောက်၏ လမ်းခွဲခြင်းသည် ခွဲသင့်၍ ခွဲကြခြင်း ဖြစ်ပြီး မုန်းတီးခြင်းများမပါဝင်သည်ကတော့ သေချာသည်။ မည်သိုပင် ဆိုစေကာမူ သူသည် စိတ်မလုံခြုံမှုကိုခံစားလိုက်ရသည်..။
xxx xxx xxx xxx
မပြောမဆိုဖြစ်သည်မှာ နှစ်ကာလ အတော်ကြာပြီးဖြစ်သော chat box တခုကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် စာအချို့ကို ရိုက်လိုက်သည်..။ သူ၏ စာတိုလေးကို ရရှိချိန်တွင် အံ့သြကောင်း အံ့သြပေလိမ့်မည်။ စာပြန်ခြင်း မပြန်ခြင်းကို သူ မမျှော်လင့်ပါ။ လောကကြီးတွင် အဝေးက လှမ်းကြည့်မှ တောက်ပသည့် ကြယ်လေးတွေ အများကြီး ရှိသည် မဟုတ်ပါလား..။
တောက်ပနေသည့်ကြယ်ကလေးကို ရံဖန်ရံခါ လှမ်းကြည့်ရင်း ကျေနပ်နေရုံမှတပါး အခြား ဘာမှ မရှိ…..။

သက်ငြိမ်

အခန်းလေးထဲတွင် ကော်ဖီနံ့သင်းသင်းလေးသည် ဝေ့ဝဲ နေသည်..။ မီးအေးအေးနှင့် အပူပေးထားသော espresso maker လေးထဲမှ ထွက်ပေါ်လာသာ ကော်ဖီနံ့ မွှေးမွှေးလေးသည် သောက်သုံးရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း တနည်းတဖုံ အသိပေးလာသလိုပင်..။
စိတ်တို့သည် ပျော်ရွှင်လာခဲ့သည်..။ ကော်ဖီသောက်ရန် ဖန်ခွက်ကြည်ကြည်ကလေးကို မှန်ဘီရိုထဲမှာ သေသေချာချာ ထုတ်ယူလိုက်သည်။ ဖန်ခွက်ကလေးနှင့် ပန်ကန်ပြား ကလေးသည် ရေနွေးနှင့် ဆားတို့ဖြင့် စိမ်ကာ သေချာ ဆေးကြောထားသောကြောင့် သလင်းခွက်ကလေးအလား၊ စိန်ခွက်ကလေးအလား တလက်လက်နှင့် ကြည်လင်ကာ လှပနေသည်။ 
ဖန်ခွက်လေးထဲသို့ ကော်ဖီရည်တို့ကို လောင်းထည့်လိုက်သည်။ လောင်းထည့်လိုက်သော ပမာဏမှာ double shot ထက် ပိုမိုများနေသေးသည်။ ခုမှပဲ ဝဝလင်လင် သောက်ရတော့တယ် ဟု ကျေကျေနပ်နပ် တွေးလိုက်သည်။ ထို့နောက် ကော်ဖီခွက်လေးကို ထိုင်နေကျ စာပွဲလေးဆီသို့ ယူလာခဲ့သည်..။ စားပွဲပေါ်တွင် သကြာခဲလေးထည့်ထားသော ဖန်ပုလင်း ပုပုလေးရှိသည်။ သကြားမထည့်မီ အရောင်ရင့်ရင့် အရည်ကလေးကို မြည်းစမ်းကြည့်လိုက်သည်။ ခါးသက်သော အရသာသည် လျှာဖျားမှ တဆင့်လျှာရင်း၊ လျှာနောက် တလျှောက် စိမ့်ဝင်သွားသလိုပင်။ ထိုမှ စိမ့်သက်သော အရသာတခုကို ရရှိသည်..။ ပြီးနောက် မြမြကလေး ချိုသော အရသာလေးတခုသည် ပါးပါးကလေး ကပ်ပါလာသည်..။ ကျေနပ်သောစိတ်ဖြင့် နှုတ်ခမ်းများ ကွေးညွတ်သွားသည်..။ 
အစကနဦးဆီက သကြားခဲလေး တခဲ နှစ်ခဲ လောက် ထည့်မည်ဟူသော စိတ်ကူတို့သည် ပြောင်းလဲသွားသည်..။ ကော်ဖီသောက်ခြင်းသည် ကော်ဖီ၏ ခါးသက်သော၊ မွှေးပျံ့သော အရသာနှင့် အနံ့ကို လက်ခံချင်၍ဖြစ်သည် မဟုတ်ပါလား..။ ချိုသော ဆိမ့်သော အရသာကို လိုချင်လျှင် နို့ သို့မဟုတ် အခြားသော တခုခုကို ရွေးလိမ့်မည်..။ 
တခါတခါတွင် ဆရာဝန်ညွှန်ကြားထာသော ညွှန်ကြားချက်တို့သည် လိုက်နာရန်ခက်လှသည်..။ အထူးသဖြင့် အိပ်မပျော်သော ညများ၊ မိုးတိမ်တို့ အုံ့မှိုင်းနေသော နေ့ ညများနှင့် မိုးစက်တို့ ရွာသွန်းနေသော နေ့ ညများတွင် ဖြစ်သည်။ coffee သောက်ချင်လျှင် white coffee ကို သောက်ရန် ညွှန်ကြားသော ဆရာဝန်သည် သူကိုယ်တိုင်ကမူ black coffee တစ်ခွက် ဘေးချကာ ဆေးကုနေသည်။ ရယ်တော့လည်း ရယ်ရသေးသည်ဟု တကိုယ်တည်း တွေးမိသည်..။
ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မိသည်..။ white coffee ကိုသောက်နေရာမှ espresso ကို ပြန်လည်းသောက်နေဖြစ်သည်..။ သူ့ကို စွန့်လွှတ်ထားသည်မှာ ရက်ပေါင်း ၁၅၀၀ ခန့်ပင် ရှိလောက်ပြီ..။ သူ့ကိုစွန့်လွှတ်ထားသော်လည်း သူနှင့်အတူပြန်ရှိသော အချိန်တွင် သူသည် တူညီသော အရသာကိုသာ ပေးသည်..။ ကော်ဖီစက်များကို တစိမ့်စိမ့် တစ်စက်ချင်း သောက်ရင်း စိတ်တို့သည် အဆုံးမရှိသော ဝင်္ကဘာတခုထဲသို့ လိုလိုချင်ချင် လှည့်လည် သွားလာနေသည်..။ လဲ ပွင့်လေးတပွင့် လေနှင့်အတူ ပါသွားသကဲ့သို့ပင်..။ နိမ့်လာလိုက်၊ မြင့်တက်သွားလိုက်နှင့် လိုက်ကြည့်ရတာ ပျော်စရာ ကောင်းလွန်းသည်..။
တချို့ တချို့သော အချိန်တွေသည် ငြိမ်ငြိမ်ကလေး ထိုင်နေရုံမျှဖြင့် ပျော်စရာကောင်းလှသည်..။
အပြင်ဘက်တွင် လေတွေ တိုက်နေသည်..။

Sunday 22 March 2020

မပျော်ရွှင်ခြင်း ပုံပြင် - ၂

မပျော်ရွှင်ခြင်း ပုံပြင် - ၂
**********************
မပျော်ရွှင်တဲ့ နေ့တချို့မှာ စာအုပ် တအုပ်အုပ်ကို ဖတ်ကြည့်တယ်။ သီချင်း တပုဒ်ကို အဖန်ဖန် အပြန်ပြန် အော်ဆိုကြည့်တယ်။ ပျော်စရာ country သီချင်းဟာ ငိုညည်းသံလိုပဲ တုန်ခါ ပြီး အက်သံပါနေတယ်။ အဲ့ဒီအခါမှာ သီချင်းကိုက မကောင်းတာလို့ တီးတိုးရေရွတ် လိုက်တယ်။ နောက်တပုဒ် ထပ်ဆိုတယ်..။ ပြီးတော့.. နောက်တပုဒ် ထပ်ဆိုတယ်..။ ဒီလိုနဲ့ပဲ သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆိုဖြစ်ခဲ့တယ် .. ဆိုပါတော့..။
တချို့ညတွေမှာတော့ တအိမ်လုံးကို အမှောင်ချပြီး ပြတင်းပေါက်ကနေတဆင့် မြင်နေရသမျှတွေကို ငေးကြည့်တယ်။ အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်သွားတယ် ဆိုပေမယ့် မပျော်ရွှင်ခြင်းတွေကတော့ မကုန်နိုင်ဘူးပဲ..။ ကျကွဲသွားတဲ့ ရေပုလင်းအစတွေကို လိုက်သိမ်းရင်း လက်မှာ သွေးစတချို့ စိမ့်ထွက်လာတယ်။ တတောက်တောက် ကျနေတဲ့ သွေးစက်တွေကို ငေးကြည့်ရင်း မနေချင်လို့ ထွက်သွားတာ နေမှာပါလို့ တွေးမိတယ်။ လက်ဖဝါးပေါ်က ကွဲရှရာဟာ သွေးရောင် ကင်းမဲ့ပြီး ဖြူဖျော့လာတဲ့ အထိ ရေစက်တွေအောက်မှာ ထားလိုက်တယ်။ နာကျင်ခြင်း ရှိမနေခြင်းဟာ သဘာဝတော့ မကျဘူးလို့ ခဏတော့ ထင်လိုက်သေးတယ်။ နောက်တော့လည်း မေ့လျော့ သွားတာပါပဲ။
စာမယ်ဆိုပြီး ပြုတ်လိုက်တဲ့ ခေါက်ဆွဲ ပြုတ်ပန်းကန်ဟာ အေးစက်ပြီး အပေါ်ကြောတွေ တင်းလာခဲ့တယ်။ နှစ်ဇွန်း သုံးဇွန်းထက် ပိုပြီး စားမဝင်တဲ့ အခါ ခေါက်ဆွဲပြုတ်ကြီးကလည်း မကောင်းလိုက်တာလို့ ညည်းညူလိုက်တယ်။ ဒီလောက်ပါပဲ.. ။ နောက်တနေ့မှာ ဆက်စားလို့ရရင်လည်း ရမှာပေါ့ လို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ်။ 
ရုပ်ရှင်ကြည့်ရင်း မျက်လုံးတွေ မှေးစင်းလာတဲ့အခါ တစုံတယောက်ကို သတိရမိတယ်။ ခေါင်းကို ခပ်သွက်သွက် ခါလိုက်တယ်။ ခုချိန်မှာ မည်သူတဦးတယောက်ကိုမှ သတိတရ ရှိမနေချင်တာ သူ့ရဲ့ ပုဂ္ဂလိကဆန္ဒသာ ဖြစ်တယ်။ ငါ့မှာ လုပ်စရာတွေအများကြီးပါ လို့ ကိုယ့်ကိုယ် ကိုယ် ပြောရင်း ဝမ်းနည်းခြင်းမိုးတိမ်များ ဆိုတဲ့ အက်ဆေးတပုဒ်ကို ချရေးလိုက်တယ်။ 
မီးခိုးရောင် တိမ်ထုတွေဟာ သူ့ကိုလွှမ်းခြုံသွားတယ်လို့ ထင်လိုက်တယ်။ အသက်ရှူမဝခြင်းနဲ့ အတူ တဆစ်ဆစ် တိုးပြီး ကိုက်ခဲလာတဲ့ နာကျင်မှုတွေကို လျစ်လျူရှုဖို့ ကြိုးစားရင်း အမှောင်ထုဟာ ပိုပြီး သိပ်သည်းလာတာကို သတိပြုမိလိုက်တယ်။
*** *** ***
ဒီအကြောင်းအရာတွေဟာ ပုံပြင်တွေပါ လို့ တယောက်ယောက်ကို ပြောပြဖို့ ကြိုးစားလိုက်တယ်။ သူ့ရဲ့ မပျော်ရွှင်ခြင်း ပုံပြင်ကို နားထောင်ပေးမယ့် သက်ရှိတဦး ၊ တကောင်၊ တယောက်ကိုမျှ သူ ရှာမတွေ့ခဲ့ဘူး..။ ညာဘက်နှုတ်ခမ်းစွန်းလေး တွန့်ရုံ ပြုံးလိုက်တယ်။ ဆစ် ကနဲ နာကျင်သွားရုံပါပဲ..။ 
*** *** *** 
စားပွဲပေါ်က သစ်ပင်လေးဟာ သူ့ရှေ့က အမျိုးသမီးလေး ပြောပြနေတဲ့ မပျော်ရွှင်းခြင်း ပုံပြင် ဆိုတာကို နားထောင်နေခဲ့တယ်။ သူမရဲ့ ဝမ်းနည်း နာကျင်နေမှုကို သစ်ပင်ကလေး မသိခဲ့ပါဘူး..။ သူမကလည်း မပြောခဲ့ပါဘူး..။ 
*** *** ***
အမှန်တော့ ပုံပြင်ဆိုတာ တကယ့်အဖြစ်အပျက်တွေပေါ်ကနေ အခြေခံပြီး ဖြစ်တည်လာတာ မဟုတ်လား..။
22-03-2020
Sunday 01:00:28

မပျော်ရွှင်ခြင်း ပုံပြင် -၁

မပျော်ရွှင်ခြင်း ပုံပြင်
*********************
မပျော်ရွှင်တဲ့နေ့အချို့မှာ အချိန်တွေကို ငြီးငွေ့စွာ ထိုင်ကြည့်နေရတယ်။
မပျော်ရွှင်ခြင်းဟာ ယားနာ နဲ့တူတယ်။ သွား ကုတ်လိုက်တာနဲ့ ပိုယားလာသလို ပျော်ရွှင်လာအောင် ဖန်တီးခြင်းဟာ မပျော်ရွှင်ခြင်းကို ပိုပြီး ပွားများစေတတ်တယ်။
နိစ္စဓူဝ လုပ်နေကျ ပုံမှန်အလုပ်တွေလုပ်နေရင်း အချိန်တန်တော့လည်း လျော့နည်းပါးလျားသွားမှာပါလို့ နှလုံးသွင်းရတယ်။
တခါတလေမှာ ဗလာဖြစ်သွားတဲ့စိတ်ဟာ ဘာနဲ့ဖြည့် ဖြည့် မပြည့်ဘူးမဟုတ်လား။ စိတ်ရဲ့ ငတ်မွတ်ဆာလောင်မှုဟာ ဘယ်လိုဆာလောင်မှုမျိုးနဲ့မှ မတူဘူးကိုး...။
ဒီလိုနဲ့ ကောင်းကင်က ကြယ်တွေမှာ နာမည်အသစ်တွေရလာတယ်။ ညဟာ လည်း စကားတီးတိုးဆိုဖော်ရလာတယ်။ အသက်ကို ဝဝ ရှူနေရင်းက Oxygen မလုံလောက်မှုကို သိရှိလာရတယ်။ သရက်ပင်ပေါ်က ပြုတ်ကျလာတဲ့ ငှက်တကောင်ရဲ့ အိပ်မက်ဆိုးဟာ ဘာများလဲလို့ တွေးကြည့်မိတယ်။ ကြယ်တွေကို ကြွေမကျစေချင်တာ၊ ကြယ်ကြွေတာကို မမြင်ချင်တာကတော့ အတ္တတခု ဖြစ်လိမ့်မယ်။ ဒါတွေဟ ညဘက်မှာသာ မြင်တွေ့ရတဲ့ ညရဲ့ မြင်ကွင်းတွေ ဖြစ်တယ်။
အဝေးကပျံ့လာတဲ့ သီချင်းသံကို အသာ နားစွင့်မိတယ်။ “ချစ်တတ်လွန်းသူကြီးနဲ့ မချစ်ရက်တော့သူတဦး.. ဒီသံသရာမှာ တည့်တည့်ကြီးကိုတိုး.. သူကလည်း ငို.. ကိုယ်က လဲပြို…” မကြားတချက် ကြားတချက်မှာ နှုတ်ခမ်းဖျားလေး ကွေးရုံ ပြုံးမိတယ်။ သီချင်း ဆိုသူတွေကို စဉ်းစားမိချိန်မှာ မပျော်ရွှင်ခြင်းဟာ ခဏတော့ အနားက ပြေးထွက်သွားခဲ့တယ်။ Big Bag နဲ့ Mary တို့ရဲ့ သီချင်းတပုဒ် ပဲလို့ မှတ်ဥာဏ်က မှတ်မိချိန်မှာ သီချင်းထဲကို စိတ်ဟာ တိုးဝင်သွားတယ်။ မျက်တောင်ဖျားဟာ စိုစွတ်လာခဲ့တယ်။
******
မပျော်ရွှင်ခြင်း ပုံပြင်ကို နားထောင်နေသူဟာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတယ်။ ပုံပြောနေသူဟာ အသာစောင်းငဲ့ကြည့်ရင်း ပင့်သက်တခုကို ဖွဖွချလိုက်တယ်။ သူ့ရဲ့ မပျော်ရွှင်ခြင်းပုံပြင်ဟာ အဆုံးသတ်သွားပြီးလား၊ အဆုံးမသတ်သွားသေးဘူးလားဆိုတာ နားထောင်သူကတော့ သိနိုင်မယ် မထင်တော့ဘူး။ 
ကောင်းမွန်စွာအိပ်စက်နိုင်ပါစေလို့ နှုတ်ခမ်းလှုပ်ရုံဆိုရင်း နဖူးပေါ် ဝေ့ဝဲနေတဲ့ ဆံပင်အချို့ကို လက်သန်းဖျားလေးနဲံ သိမ်းတင်ပေးပြီး ကြောင်တကောင်ရဲ့ ခြေသံနဲ့ တူတဲ့ ခြေသံနဲ့ အတူ ပုံပြောသူဟာ လှည့်ထွက်လာခဲ့တယ်။ သူ့ရဲ့ မပျော်ရွှင်ခြင်း ပုံပြင်ကို သူကိုယ်တိုင် အဆုံးသတ်ချင်ခဲ့တယ်။ 
**********
ဧကရာစ်ပင်အောက်က ခုံလေးမှာ စထိုင်စဉ်လိုက်မှာ ရောင်နီဟာ အရှေ့အရပ်ကနေ အစပြုလာခဲ့တယ်။ ငြိမ်သက်စွာ ဆက်လက်ထိုင်နေရင်း တဖြည်းဖြည်း လိမ္မော်ရောင် သမ်းလာတဲ့ ကောင်းကင်ကို ငေးကြည့်နေတယ်။ ငှက်ကျေးတို့ရဲ့ အသံကို တစ တစ ကြားလာရတယ်။ 
“နေ့တနေ့ရဲ့ အစကို တော့ မြင်တွေ့ရပြန်ပြီ…” လို့ တီးတိုး ညည်းညူလိုက်တယ်။
17-03-2020
(Tuesday)

မှတ်စု - ၁၄

နေပြည်တော်ဟာ ပန်းတွေနဲ့ ဖျားယောင်းနေတယ်။ 
တနေရာရာ သွားချင်ပေမယ့် ဘယ်နေရာကိုမှ မသွားဖြစ်သူတယောက်အတွက်တော့ ဒါဟာ ဝမ်းနည်းစရာပါ။ 
တယောက်တည်း ခရီးသွားရတာ ဝန်မလေးသူတယောက်ဟာ တယောက်တည်း ခရီးထွက်ဖို့ ပင်ပန်းလာတဲ့ အခါ..။ 
ဒီလိုနဲ့ မင်းမရှိတဲ့မြို့ ဆိုတဲ့ အက်ဆေးတပုဒ် ရေးဖြစ်တယ်။ 
လစ်ဟာမှုဟာ နာကျင်အောင့်မျက်စေတယ် မဟုတ်လား။ ပဉ္စမမြောက် အခန်းဟာ သတိတရရှိခြင်းတွေနဲ့ ပြည့်နှက်နေပြန်တယ်။
နေ့ရက်တွေဟာ ပုံမှန်အတိုင်း လည်ပတ်ကုန်ဆုံးနေတာပါပဲ။ ကိုယ့်အတွက်တော့ အချို့နေရက်၊ နာရီတွေဟာ ရှည်ကြာလွန်းလှတယ်။

Saturday 21 March 2020

အမှတ်တရ ၁၂


Redcliffe ကမ်းခြေရဲ့ သဲ ကြမ်းကြမ်းတွေပေါ်မှာ ခြေဗလာနဲ့ နင်းလျောက်ရင်း နေညိုချိန် တချို့ကို ကုန်ဆုံးခဲ့ဖူးတယ်..။
မနက်နေထွက်ချိန်မှာ အိမ်ကထွက်ပြီး အလင်းပျောက်ပြီးမှ အိမ်ပြန်ရောက်တဲ့ နေ့ရက်တွေလည်း အများကြီး ပိုင်ဆိုင်ဖူးတယ်..။
အဝေးပြေး လမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်မှုကို ရင်ဆိုင်ရင်း ဆည်းဆာကို နွမ်းလျစွာနဲ့ ငေးမောခဲ့ဖူးတယ်..။
Kangaroo တွေ Wallaby တွေ ခုန်ခုန် ထွက်လာတတ်တဲ့ လမ်းတွေမှာ ဒဏ်ရာအနာတရ ဖြစ်နေတဲ့ အကောင်လေးတွေကို မြင်ရတဲ့ အခါ တိရိစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးအသင်းကို ဖုန်းဆက်ပြီး တချို့ အကောင်လေးတွေ အသက်ကို ကာကွယ်ပေးခဲ့ဖူးတယ်..။
ခြုံတွေ တောတွေတိုးပြီး အလှပုံ ရိုက်မယ်ဆိုပြီး ရင်ဘတ်ချင်းရင်းတဲ့ သူငယ်ချင်းကလေးနဲ့ တောပန်းတောင်ပန်းတွေခူးပြီး လှလှမလှလှ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးတယ်..။ 
စိန်ပန်းပြာတွေ ခင်းထားတဲ့ လမ်းမှာ မနက်စောစော လမ်းထလျောက်ရင်း ကြွေကျနေတဲ့ ပွင့်ဖတ်ကလေးတွေကို နင်းဖို့ အားနာခဲ့ဖူးတယ်..။
ခြသေ့င်္တစ်ကောင်လို ရဲရင့်ဖို့ အကြောက်တရားတွေကို စိုးထိတ်မှုတွေ၊ အားငယ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတယ်..။
ဘာပဲဖြစ်ဖြစ် ဘဝရဲ့ အချိန်တချို့မှာ ရသင့်ရထိုက် တဲ့ အတွေ့အကြုံတွေ နဲ့ ရင့်ကျက်မှုတွေ ရရှိခဲ့တဲ့ အတွက် ကျေနပ်နေနိုင်ခဲ့ပါတယ်..။

Wednesday 11 March 2020

အမှတ်တရ ၁၁

အဲ့ဒီနေ့က သစ်ပင်လေးတစ်ပင်ကို စတင်စိုက်ပျိုးခဲ့တယ်။

အစိမ်းရောင် အိုးလေးထဲက အစိမ်းရောင် အပင်လေးဟာ တနေ့ တခြား ရှင်သန်လာတာ မြင်တော့ နူးညံ့တဲ့ အရွက်ကလေးတွေကို  လက်ဖျားထိပ်ကလေးနဲ့ သာသာ တို့ထိရင်း စကားအချို့ ဆိုမိခဲ့တယ်။  ကတိစကားလည်း ဖြစ်ကောင်း ဖြစ်မယ်။ ဒါမှ မဟုတ် အခြားတခုခုလည်း ဖြစ်မှာပေါ့။

ရွက်သစ်လေးတွေ ထွက်လာတိုင်း၊ အရွက်လိပ်လေးတွေ ပြန်ကားလာဖို့ အားယူတာ မြင်ရတိုင်း ညံ့သက်တဲ့ ခံစားချက်တခုကို ရရှိတယ်။

ဒီသစ်ပင်လေးမှာ သက်တမ်းရှိသလား။ ရှိခဲ့ရင်  ဘယ်တော့ အထိ စိမ်းလန်း ရှင်သန်မှာလဲလို့ တွေးမိတိုင်း ဘယ်ဘက်ရင်ဘတ်အောက်က  စူးကနဲ အောင့်မျက်လာတယ်။ လောကရဲ့ သဘောသဘာဝတွေကို နားလည်လက်ခံထားပေမယ့် တခါတရံ  အတ္တဟာ အရောင်တွေ တလက်လက် လက်လို့ပေါ့။

အပင်လေးအတွက် လိုအပ်တဲ့ အလင်းနဲ့ အစာကို ပုံမှန်ဖြည့်တင်းရင်း ကိုယ့်ရဲ့ စိတ်အာဟာရဟာ ဘာလဲ ဆိုတာကို တဖြည်းဖြည်းနဲ့ မြင်သိလာခဲ့တယ်။  နေ့ရက်တိုင်းရဲ့ မှတ်တမ်းတခုမှာ ပါဝင်နေတဲ့ လူသားတယောက်အကြောင်းကို ကျေကျေနပ်နပ် စဉ်းစားနေလိုက်တယ်။ ဒါဟာ သတိရခြင်း ဒါမှမဟုတ် လွမ်းဆွတ်ခြင်းလို့ အမည်တပ်မယ်ဆိုလည်း တပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်ခေါင်းစဉ်အောက်ကိုမှ မထည့်ဘဲ ရှိနေတဲ့ အတိုင်းလေး ရှိနေစေတာဟာ သူ့ရဲ့ ကိုယ်ပိုင်နေရာလို့  ပေကပ် တွေးလိုက်တယ်။


စကားမစပ် .. တချို့သော ဆောင်းရက်တွေဟာ အအေးကြိုက်သူကို ချမ်းတတ်အောင် သင်ပေးခဲ့တယ်။

Friday 14 February 2020

ပြယုဂ်

ပြယုဂ်

ကလေးရေ
ငါတို့တွေက အဖေ
ငါတို့တွေက အမေပေါ့..။
အမှန်တော့ အမှန်တရား
အခါးကဲလွန်းတဲ့ ရသ
စွက်ဖက်နေတဲ့ ဘဝ ဘဝတွေမှာ
အမျက် ထွက်နေတာ သဘာဝပါ ..။
အရောင်မှိန်မျက်ဝန်းတွေနဲ့
သင်ထားတဲ့ စကားလုံးတွေရွတ်ရင်း
ယုံကြည်မှုတွေ တည်ဆောက်ဖို့ ခွန်အား
မင်း ဘယ်ကများ ရမှာလဲ..။
အရောင်တောက်တောက် တူညီဝတ်စုံအောက်မှာ
ညှီဟောက်ဟောက်အနံ့ အသက်တွေကင်းဖို့
တကိုယ်ရည် သန့်ရှင်းမှု ဆိုတာ
မင်းတို့ နားမလည်တာ မဆန်းပါဘူး..။
ကလေးရေ
ပွေ့ဖက်ခြင်းတွေ ကို မက်မော
တခဏတာ မင်းတို့ဇော ကလေးကို
ဖြည့်ပေးဖို့ သကာဖုံး
အသက်အောင့်ရင်း ဟန်ဆောင်ပြုံးသူတွေလည်း ရှိတယ်ကွယ်..။
မင်းတို့ကို ချနင်း
ဂုဏ်သတင်း ကျော်ဇောခြင်း အတွက်
စောင့်စည်းခြင်း မဲ့မဲ့
မဖြစ်စလောက် ထောက်ပံ့ခြင်း ဆိုတာနဲ့
လူမှုကွန်ယက်မှာ ပုံတွေတင်
မင်းတို့ အနာဂတ်ကို ငါတို့ မမြင်ခဲ့ဘူးပေါ့။
ကလေးရေ
ငါတို့က အဖေ
ငါတို့က အမေပါ..
မတတ်နိုင်တာကို ဟန်လုပ်
ပကာသနဇတ်ထုပ်အောက်မှာ
မင်းတို့ကလေ..
ပြယုဂ် ကလေးတွေသာ..။



ကြယ်တွေပြုံးတဲ့ည

ကြယ်တွေပြုံးတဲ့ည

ကောင်းကင်တွင် လရောင် ကင်းမဲ့နေသည်။

မြို့ပြ၏ညသည် မည်သည့်အချိန်တွင်မှာမှ ပြည့်ပြည့်ဝဝ လှပရသည်ဟူ၍ မရှိပါ။ သို့သော် ချွင်းချက်အနေနဲ့ ထိုညကတော့ လှပနေသည်။ လျပ်စစ်မီးတို့ ပြတ်တောက်သွားသည့် အချိန်ကာလ တစ်ခဏတာသည် မြို့ပြတစ်ခု၏ လှပသော ညတစ်ညကို ထင်ထင်မြင်မြင် ရှိစေခဲ့သည်။

ထိုညက လမသာခဲ့ပါ။  ကြယ်ရောင်တို့သည်  မဟူရာရောင် ကတ္တီပါသားပေါ်တွင် ကြဲပက်ထားသော စိန်မှုန်စိန်ခဲများကဲ့သို့ တဖိတ်ဖိတ်လက်ကာ ဆောင်းည တစ်ညကို အလှဆင်နေကြသည်။  ချစ်ရသောသူကိုမှန်းဆ၍ ကောင်းကင်ပြင်ကို ငေးကြည့်နေရခြင်းသည် နွေးထွေးလှသော ခြုံစောင်တစ်ထည်ကို ခြုံထားရသကဲ့သို့ပင်။

ထိုညက ကြယ်တွေ မကြွေခဲ့ပါ။ ထို့ကြောင့် ဆုတောင်ခြင်းကိုလည်း မပြုခဲ့ပါ။ စိတ်နှင့်သွားသောသူနှင့် စိတ်ဖြင့်လာသောသူတို့နှစ်ဦးအတွက် ခရီးအကွာအဝေး ဆိုသည်မှာ မရှိပါ။ အရာရာ လှပသည်ဟု ထင်မြင်ခြင်းသည် နှလုံးသားတွင် ချစ်ခြင်း ကိန်းဝပ်နေသောကြောင့် မဟုတ်ပါလား..။ လှပသော ချစ်ခြင်းကို ဖန်ဆင်းယူ၍ မရနိုင်ကောင်းပါ။

ထိုညက တစ်ယောက်သောသူသည် သီချင်းဆိုနေသည်။
ထိုညက တစ်ယောက်သောသူသည် သီချင်းသံတို့ကို နားထောင်နေသည်။
နှလုံးသားဖြင့် ဆိုသော သီချင်းကို နှလုံးသာဖြင့် နားထောင်ရင်း ငြိမ်းအေးသော ချစ်ခြင်း၏ ရသကို နားလည်ခဲ့သည်..။

ချစ်ခြင်းသည် ချစ်ခြင်းအဖြစ် တည်ရှိနေခြင်းမှာ အလှဆုံး ဖြစ်သည်။




မှတ်စုတိုများ ၁၅


ကြယ်တွေကိုရေနေရင်း ရေနေရင်း ကြယ်တွေဟာ တလုံးပြီးတလုံး ပျောက်ပျောက် သွားခဲ့တယ်။  မိုးတိမ်ရိပ်အောက်မှာ ခိုသွားတာလား၊ တိမ်ဖြူတချို့ရဲ့ လွှမ်းခြုံမှုကို လက်ခံလိုက်တာလား မသိရပေမယ့် မတွေ့ရတော့တာ သေချာတယ်။ 

ပျောက်သွားတယ် လို့လည်း တကယ်တော့ မဆိုလိုချင်ပါဘူး။ တနေရာရာမှာ သူတို့ တလက်လက်နဲ့ တောက်ပနေမှာပါ။ ကိုယ်ငေးကြည့်နေတဲ့ မြင်ကွင်းအောက်ကသာ ပုန်ရှောင်သွားတာ ဒါမှ မဟုတ် ဖုံးကွယ်ခံလိုက်ရတာ ဖြစ်မယ်။ ဒီလို စဉ်းစားမိချိန်မှာတော့ ဝမ်းနည်းမိခြင်းဟာ အဝေးကို တရွေ့ရွေ့ လွင့်သွားတယ်။  ကိုယ်မမြင်နိုင်တဲ့ အခြား တဖက်မှာ ရှိနေနိုင်တယ်၊ လင်းလက်နေနိုင်တယ် ဆိုတဲ့ စိတ်ကလေးနဲ့ တချိန်ချိန်မှာ မြင်ရမလား ဆိုပြီး  ငေးနေမိသေးတယ်။

တမင်တကာတော့လည်း မဟုတ်ပေမယ့် အလေ့အကျင့်ဖြစ်နေတဲ့ အထုံတခုဟာ စွဲကျန်နေဆဲ ဖြစ်နေဆဲပဲ။ တကူတကလည်း သတိတရနဲ့ မငေးကြည့်ဖို့ မကြိုးစားပါဘူး။ ဖြစ်တည်နေမှု တခုကို ငေးကြည့်နေရုံပါပဲ။ 
ဒီလိုပါပဲ ..။ ကိုယ်ငေးကြည့်နေတဲ့ ကြယ်ကလေးဟာ ပေါ်လာလိုက်၊ပျောက်သွားလိုက်နဲ့..။



Friday 15 April 2016

မှတ်တိုင်များ အကြောင်း


တောင်ခြေတွင် နေဝင်သည်က အခြားနေရာတွေမှာထက် စောလွန်းသည်။ ဒီနှစ် နွေရာသီသည် ယခင့် ယခင် နှစ်တွေထက် အပူချိန် ပိုများနေသလို ခံစားရသည်။ မိုးဇလ ပညာရှင်များ၏ ပြောစကားအရ ယခင်နှစ်တွေထက် ပို၍ အပူချိန်များကြောင်း သိရသော်လည်း သူတို့ပြောသည်ထက် ပိုသကဲ့သို့ပင်။ လမ်းတို့သည် တံလျပ်ရောင်ဖြင့် အလျံတညီးညီး တောက်နေသည်။ အဝေးမှကြည့်လျင် ရေအိုင်များကဲ့သို့ ဖြစ်နေသည့် ကတ္တရာ ခင်းထားသော တာလမ်းမ၏ အချို့ နေရာများသည် ပျော့ပျောင်းကာ ခြေရာထင်ကျန် မတတ် ဖြစ်နေသည်။ အဘယ့်ကြောင့် ဤမျှ ရာသီဥတုက ပြောင်းလဲသွားသည်ကို ကျွန်မ မသိပါ။ 

ကမ္ဘာအနှံ့အပြားတွင် ဖောက်ပြန်နေသော ရာသီဥတုများကို ကြုံတွေ့နေကြရသည်။ သဘာဝ၏ ဘေးဒဏ်များကိုလည်း ရင်ဆိုင်နေကြရသည်။ ၂၀ ရာစု၏ သည်မှာဘက်ပိုင်း ၁၀ စုနှစ် ၂ ခုအတွင်း ပြင်းထန်သော၊ ရက်စက်သော သဘာဝ၏ ဘေးအန္တရာယ်များသည် လူသားတို့ အပေါ်တွင် ကျိန်စာတိုက်ထားသည့်အလား  တစ်ခုပြီးတစ်ခု ကျရောက် နေသကဲ့သို့ပင်။ အပူလွန်ခြင်း၊ အအေးလွန်ခြင်းများသည် လူကြီးလူငယ်တို့၏ အသက်ဇီဝကို ခြွေချနေသေးသည်။ ရင် ဆိုင်ရန် အဆင်သင့် မဖြစ်သေးသော ၊ မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မသိသော နေရာဒေသ၊ တိုင်းပြည်များမှ လူသားများသည် ထိုဒဏ်များကို အကွယ်အကာမဲ့ ရင်ဘတ်နှင့် ထီးတည်းရင်ဆိုင်ကြရသည်။

မညီမျှသော ဘဝများ၊ ရပ်တည်မှုများကြားတွင် ကွာဟလာသော အခြေအနေများသည် အမှန်စင်စစ်တွင် ကျွန်မတို့၏ ဖန်တီးမှုများသာဖြစ်သည်။ ထို အချင်းအရာကို ကံတရားဟု သတ်မှတ်ကာ ကံတရား၏ လက်တွင်းတွင် မလူးသာ မလွန့်သာ နှင့် ကျွန်မတို့ ရေစုန်မြှောလိုက်နေသည်မှာ ကျွန်မတို့၏ အားနည်းချက်သာ ဖြစ်သည်။

ကံတရားသည် အလုပ်ပင် ဖြစ်သည်ဟု ကျွန်မတို့ မြတ်စွာဘုရား ဟောကြားခဲ့သည်။ ကံတရားသည် ပြုပြင်၍ ရသည်။ ထို အရာမှာ အလုပ်ပင် ဖြစ်သည်။ စိတ်နှင့် အလုပ်များကို လုပ်ကြမည်။ ကိုယ်နှင့် အလုပ်များကို လုပ်ကြပြီး နှုတ်နှင့် လုပ်သော အလုပ်များကို လျော့ချကြမည်။ ဝီရိယနှင့် ကြိုးစားမှုသည် မည်သည့် အခါတွင်မှ အချည်းနှီး မဖြစ်ပါ။  ဝမ်းစာကံတရား ပြည့်ဝသူများ အချိန်တိုနှင့် အောင်မြင်သွားသည်ကို ကြည့်ပြီး ကျွန်မတို့ရဲ့ ကံတရား အကျိုးပေးမှု နှောင့်နှေး နေမှုအပေါ်တွင် အားမလိုအားမရ ဖြစ်ပြီး  စိတ်ဓာတ်ကျရန်လည်း မဖြစ်သင့်ပေ။ အရွေ့ကလေး တစ်ခု ရှိရုံနှင့်ပင် တချိန်ချိန်တွင် ခရီးတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ် သွားနိုင်သည် မဟုတ်ပါလား။  အဓိက မှာ အရွေ့တစ်ခု အမြဲရှိနေရန် ကြိုးစားလိုစိတ် နှင့် အားထုတ်မှု ရှိရန်ဖြစ်သည်။

ချမ်းသာခြင်း ဆင်ရဲခြင်းကို အများစုသော သူများက ငွေကြေးများ၊ ဥစ္စာဓနများ၊ ပိုင်ဆိုင်မှုများနှင့် တိုင်းတာကြသည်။ ထိုကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာများနှင့် အတိပြီးသော ဘဝတိုင်းတွင်လည်း စစ်မှန်သော ချမ်းသာကို ရရှိသူများကား နည်းပါးလှသည်။ ကျွန်မတို့ မည်၍ မည်မျှ ခရီး ပေါက်ခဲ့သည်ကို ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အားမနာစတမ်း၊ မညှာတာစတမ်း  ပြန်လည်း စမ်းစစ်ကြည့်သင့်သည်။ ကျွန်မတို့ သူတပါး၏ ထမင်းအိုးကို မည်မျှ တည်ပေးဖူးသနည်း၊ သူတပါး၏ ထမင်းအိုးကို မည်မျှ ရိုက်ချခဲ့ဖူးသနည်း။  စစ်မှန်သော စိတ်စေတနာများ မည်မျှ ထားရှိခဲ့ဖူးသနည်း၊

အကျိုးလို၍ ညောင်ရေလောင်းခြင်းလား၊ အကျိုး ဖြစ်စေချင်၍ ညောင်ရေလောင်းခြင်းလား ကို ကျွန်မတို့မှ အပ အခြားမည်သူမျှ ပိုမသိနိုင်ခဲ့ပါ။ တစ်ရာရှိ၍ တစ်ကျပ် မျှဝေပေးခြင်း သည် ကျွန်မတို့အတွက် ကြီးစွားသော နစ်နာဆုံးရှုံးမှု မဟုတ်ပါ။ သို့သော် ပမာဏ များလာလျင် ပေးကမ်းကူညီလိုသော စေတနာသည် လျော့နည်း ပါးရှားလာတတ်သည် မဟုတ်ပါလား။ တိုင်းပြည်တစ်ပြည်၏ ချမ်းသာခြင်းသည် တစ်ဦးတစ်ယောက်၏ ချမ်းသာမှုကိုကြည့်၍ သတ်မှတ်ခြင်း မဟုတ်ပါ။ ထိုတိုင်းပြည်တွင် နေထိုင်သူတိုင်၏ မျှတသော ဘဝရပ်တည်မှုအပေါ်တွင် ကြည့်ခြင်း ဖြစ်သည်။

ချမ်းသာသော သူများက နွမ်းပါးသူများကို ကူညီကြသည်။ ချမ်းသာသော တိုင်းနိုင်ငံများက နွမ်းပါးဆင်းရဲသော တိုင်းနိုင်ငံများကို ကူညီကြသည်။ သူတို့သည် သူတို့၏ လှုဒါန်းမှုများကို  အယူဝါဒများ နှင့် မကန့်သတ်ပါ၊ ဘာသာတရားများနှုင့် မချိန်ဆပါ။ မပြည့်စုံသည့်သူကို ပေးကမ်းလှူဒါန်းခြင်းသည် မည်သည့် ဘာသာတရားတွင် မဆို မင်္ဂလာရှိသည်။ ကျွန်မတို့သည် အလှူခံဘဝမှ လှူဒါန်းသူများ ဖြစ်အောင် ကြိုးစားကြရမည်။ စေတနာ အားကောင်းသော ကျွန်မတို့သည် မေတ္တာတရား အားကောင်းရန်၊ မုဒိတာစိတ် အားကောင်းရန်လည်း ကြိုးစားကြရမည်။
ရုန်းကန် ကြိုးစားခြင်းသည် လွတ်မြောက်ခြင်း ဆီသို့ ဦးတည်ပါတည်။ အမိဝမ်းမှ မွေးဖွားလာစဉ် ဘာမှ အသိမရှိစဉ်ကတည်းက ရုန်ကန်ခဲ့ရသော ကျွန်မတို့သည် ရှင်သန် ရပ်တည်နေစဉ် ကာလတစ်လျောက်လုံး ကြိုးစား ရုန်ကန်ခြင်းအတွက် ပို၍ ပင်ပန်းခြင်း ရှိတော့မည် မဟုတ်ပါ။ ရှင်သန်နေစဉ်မှ သေဆုံးချိန် အထိ ကျွန်မတို့အားလုံး ရုန်ကန်ခဲ့သည်၊ ကြိုးစားခဲ့ကြသည်။  သို့သော် သေဆုံးပြီးချိန်တွင် ကျန်ရစ်သော မှတ်တိုင်များကား တစ်ဦးနှင့်တစ်ဦး မတူညီ၊ ကွာခြားလှသည်။

ခြေရာထင်ထင် ကျန်စေရန် ပျော့သော မြေကို နင်းရန် မလိုပါ။ ကျွန်မတို့ စိတ်နှလုံးသား ကြီးမားရန်သာ လိုအပ်သည်။


ပျိုးယုဝသုန်
15-04-2016 (ကျိုက်ထို)

Thursday 14 April 2016

အတွေ့အကြုံ


သီးကင်းလည်းကြွေ
ဝေသူဝေလို့
မှန်းဖို့ မရ
ထိုလောကတွင်
မြဲမည်ထင်က မှားပြီကိုး..။

မမဝသုန်

Saturday 26 March 2016

အတွင်းရန်


တရှိုက် ရှိုက်တုန်
လှိုက်လှိုက်ခုန်လို့
ခိုက်ဟုန်ဒေါသ
မာန်မာနများ
ငါ့အားတွန်းကန်
စိတ်တွင်းရန်ကို
ဖန်ဖန် ဖန်တီး
ရိုက်သံဟီးထင်
ပဲ့တင်ထပ်ထပ်
ကြောင်း မရပ်
နောက်ထပ် တွန်းပို့နေသည်ကိုး..


အဆုံးမဲ့ကင်း
သိခြင်း တွင်းတိမ်
ဥာဏ်ရောင်မှိန်လို့
ထိန်ထိန်တောက်ငြီး
ထို မီးကျည်းကား
မှားမှား မှန် မှန်
ငါ့ကိုပြန်သည်
ယုံကြည်သတိ
ငါ့ မရှိ စဉ်
တိုးဝင် ထိုးဖောက်
စိတ်ကို ရောက်
နှလုံး နောက်ကျိစေသည်ကိုး။

ရှောင်လည်းမသာ
စိတ်ဒဏ်ရာက
ပမာ ရွယ်လေး
ရွေး နှယ်သေးလည်း
ခက်ခဲ ပယ်ဖျောက်
မထိရောက်နိုင်
ခိုင်ခိုင်စွဲထင်
ငါ့ ကိုငင်လျက်
ထိုအမျက်တော
လှိုက်လှိုက်မောသည်
ဒေါသ လောင်မီး ကျွမ်းပြီကိုး.။

မမဝသုန်

၂၅-၀၃-၂၀၁၆

Thursday 24 March 2016

သူစိမ်း



နေသည် အနောက်ဂေါ်ယာကျွန်းသို့ ပြန်နေသည်။  ပတ်ဝန်းကျင်သည် လည်း ကြောက်စရာ ကောင်းလောက်အောင်ကို တိတ်ဆိတ်နေသည်။ တခါတရံတွင် ပိုးပရစ်တို့၏ အော်မြည်သံတို့ကို ကြားရမည်လားဟု နားစွင့်သော်လည်း အဝေးတနေရာမှ တခါတရံ ထွက်ပေါ်လာသည့် အသံသဲ့သဲ့တို့မှ လွဲ၍ မည်သည့် အသံမျှ မကြားရပါ။ အဆုံးစွန် လေတိုက်သံ လေတိုးသံကိုပင် မကြားရပါ။တကယ်ဆို အိပ်တန်း တက်ရန် ပြင်ဆင်နေသော ကျေးငှက်တို့၏ အသံများကို ကြားသင့်သည်။ ကျေးငှက်တို့ အိပ်တန်း တက်သဖြင့် ထွက်ပေါ်လာသော သစ်ရွက်၊ သစ်ကိုင်းတို့ လှုပ်သံ ပွတ်တိုက်သံကို ကြားသင့်သည်။ သို့သော် မည်သို့သော အသံမှ ထွက်ပေါ်မလာခဲ့ပါ။

အလင်းရောင်သည် တဖြည်းဖြည်း ဖျော့သည်ထက် ဖျော့လာကာ အမှောင်ရိပ်ဆီသို့ ဦးတည်နေသည်။ ပင့်သက်တစ်ခုကို ခပ်ပြင်းပြင်း ရှိုက်လိုက်သော အခါ ထွက်ပေါ်လာသော အသံသည် မိမိနှင့် ရင်းနှီး ကျွမ်းဝင် မရှိလှသော အသံမျိုး ဖြစ်နေသည်။ အဘယ်ကြောင့် အရာအားလုံးသည် တိတ်ဆိတ်နေပါသနည်း။ မီးခလုတ်ကို တို့ထိ၍ ထွက်ပေါ်လာသော အသံသည် လိုအပ်သည်ထက် ပိုမို ကျယ်လောင် လွန်းနေသည်။ အရာရာသည် သဘာဝမကျသကဲ့သို့ ခံစားနေရသည်။ သဘာဝ မကျသောအရာများ၊ အဖြစ်အပျက်များနှင့် မကြာခဏ ကြုံတွေ့နေရသော်လည်း ယခုအချိန်အထိ အသားကျစွာ သူ မနေနိုင်သေးပါ။

တိတ်ဆိတ်ခြင်းသည် စိတ်ခရီးကို အဆုံးမရှိလွင့်စေနိုင်သည်။ လွှင့်စေနိုင်သည်။ သူ၏ စိတ်များသည်ကော.. ။ မည်သည့်နေရာသို့ ခရီး နှင်နေလေမည်နည်း။ ထိုအမေးမျိုးသည် သူ့ကိုယ်သူ မမေးချင်သော သူ မဖြေချင်သော အမေးမျိုး ဖြစ်သည်။ တခါတရံတွင် အသက်ရှင် နေထိုင်ရခြင်းသည် အထီးကျန် ဆန်လွန်းသည်။ အနီးအနားတွင် လူတွေရှိနေသော်လည်း ထိုသူတို့နှင့် ဝေးနေသည်ကဲ့သို့ ဖြစ်နေသည်။ ဆတ်ကနည်း တွန့်သွားသော နှုတ်ခမ်းသည် ပြုံလိုက်သည်လား၊ မဲ့လိုက်သည်လား သူ သေချာ သတိမထားလိုက်မိပါ။ တရွေ့ရွေ့ လျောက်လှမ်းမိသော ဦးတည်ရာသည် ရေခဲသေတ္တာ ဖြစ်သည်။

 အထီးကျန်ဆန်ခြင်း ကို ရေခဲစိမ် ကော်ဖီ တစ် ခွက် နှင့် တိတ်တိတ်ဆိတ်ဆိတ် မြည်း စမ်းလိုက်သည်။
နှလုံးသွေးသည် နာကျင်ခြင်းကြောင့် မျက်ရည်အဖြစ် ပြောင်းလဲခဲ့သောအခါ ရေခဲစိမ် ကော်ဖီနှင့်ပင် ရောစပ် သုံးဆောင်သည်။  စိတ်ဆောင်ရာ နောက်သို့ လိုက်ပါရင်း နာကျင်စရာများကို နင့်နင့်နည်းနည်း လက်ခံ လိုက်သည်။ ပျော်ရွှင်စရာများကိုလည်း သိပ်သိပ်သည်းသည်း လက်ခံလိုက်သည်။ မည်သူတစ်ဦး တစ်ယောက်ကို မျှ အပြစ် မတင်ဘဲ ပြုံး လာ နိုင်သော တစ်နေ့သည် နာ ကျင် ခြင်း လေးပင်ခြင်း များ ကို လွှတ်ချနိုင် ပြီး ပေါ့ ပေါ့ ပါး ပါး နှင့် ဘဝ၏ လက်ကျန် အချိန်တွေကို စိတ်နှလုံး ကြည် မွေ့ အေးချမ်းစွာ ဆက်လှမ်း နိုင် မယ့် နေ့ ဖြစ်သည်ဟု သူ ယုံကြည်သည်။ သို့သော် ထိုနေ့သည် နတ်သမီးပုံပြင်ထဲမှ ရွှေရောင်နေ့ရက်များလိုပင်။


ကိုယ့်ခံစားမှုများကို တခါတလေတွင် ရင်ဖွင့် ပြောပြချင်မိသည်။ အမှန်တကယ် ပြောပြမည်ဟု ပြင်ဆင်သောအခါ သူတပါးကို မပြောပြမိဘဲ ကိုယ့်ကိုယ်ကိုယ်သာ ပြန်ပြောပြဖြစ်သည်။ သူသည် ကာယကံရှင် ဖြစ်သည်။ ထိုကဲ့သို့ပင် သူသည် နားထောင်သူလည်း ဖြစ်သည်။ သူ လုပ်ခဲ့မိသည်ဟု ထင်ရသော အမှားတို့ကို ပြန်လည် သုံးသပ်သည်။

** ** **

မိန်းမတစ်ယောက်သည် မိန်းမတစ်ယောက်ကဲ့သို့ပင် စဉ်းစားချင်သည်။ ဆုံးဖြတ်ချင်သည်။ ငိုကြွေးချင်သည်။ မှီခိုချင်သည်။ သူသည်လည်း  မိန်းမတွေထဲမှ မိန်မ တစ်ယောက်ပင် ဖြစ်သည်။ နာကျည်းတတ်သည်၊ ငိုကြွေးတတ်သည်။ နှမြောတွန့်တိုတတ်သည်။ ချစ်ခင်မြတ်နိုးတတ်သည်။ သို့သော် ကံတရားသည် သူ့အား ထိုကဲ့သို့သော အခွင့်အရေးကို ယနေ့အချိန်အထိ မပေးခဲ့ပါ။

ဘဝတစ်လျောက်လုံးတွင် မိဘအပေါ်တွင် ချွဲနွဲ့ခွင့်မရခဲ့သော၊ ညီအစ်ကို မောင်ညီမများအပေါ်တွင် ဆိုးနွဲ့ခွင့်မရခဲ့သော၊ ချစ်သူအပေါ်တွင် ချွဲနွဲ့ခွင့် မရခဲ့သော၊ အဆုံစွန် သူ၏ဘဝလက်တွဲဖော် အပေါ်တွင်ပင် ဆိုးနွဲ့ခွင့်၊ချွဲနွဲ့ခွင့်မရခဲ့သော သူသည် ဘဝဟူသော လမ်းကို တစ်ခါတရံတွင် နားမလည်ခြင်းများ၊ တခါတရံတွင် ဝမ်းနည်းခြင်းများ၊ တစ်ခါတရံတွင် ဝမ်းနည်းခြင်းများဖြင့် ဖြတ်သန်းလာခဲ့သည်။ ဝမ်းနည်းခြင်းများ၊ နာကျင်ခြင်းများကို မြိုသိပ်ပါများသောအခါ သူ၏ မျက်ဝန်းများသည် အရောင် တလဲ့လဲ့နှင့် မလင်းလက်နိုင်တော့။ မှန်ထဲတွင် မြင်ရသော သူ၏မျက်ဝန်းများကို သူ ပြန်ကြည့်မိချိန်တွင် သူသည် သူ မဟုတ်သကဲ့သို့ ခံစားနေရသည်..။

လောကသည် သတ္တဝါတို့အပေါ်တွင် ဘယ်သောအခါမှ အလုံးစုံသော ပြည့်စုံမှုကို မပေးပါ။ အချို့အားဥစ္စာဓန နှင့် ပြည့်စုံခြင်းကို ပေးသည်၊ အချို့အား ချစ်ခြင်းမေတ္တာဖြင့် ပြည့်စုံခြင်းကို ပေးသည်။ အချို့အား ကျန်းမာခြင်းနှင့် ပြည့်စုံခြင်းကို ပေးသည်။ မည်မျှပင် ကံတရား၏ မျက်နှာသာပေးမှုကို ရသည်ဖြစ်စေ ချစ်ခြင်းမေတ္တာ သို့မဟုတ် စည်းစိမ်ချမ်းသာ သို့မဟုတ် ကျန်းမာခြင်း အစရှိသည့် တစ်ခုခုမှာချွတ်ယွင်းစမြဲပင် ဖြစ်သည်။  အချိန်ကြာသည်နှင့်အမျှ နာကျင်တိုင်း မျက်ရည်ကျ ငိုကြွေးရမည့်အစား နာကျင်တိုင်း နာနာကျင်ကျင် သူပြုံးတတ်လာသည်။ ဘဝကျောင်းဆရာသည် သူ့အား သူ မတတ်မြောက်လိုသော ဘာသာရပ်များကို သင်ကြားပေးရင်း အမျိုးမျိုးသော သင်ခန်းစာများကို ပေးခဲ့သည်။ သို့သော် သူသည် ထိုထိုသော သင်ခန်းစာများကို ယနေ့တိုင် မကျေညက်နိုင်ခဲ့ပါ။

** ** ** **

နောက်ကျောဘက်မှ ပွေ့ဖက် ထွေးပိုက်ခြင်းသည် သူ၏ ချစ်သူအား နွေးထွေးစေလိုခြင်း၊ လုံခြုံစေလိုခြင်းတို့မှ အပ အခြားသော ရာဂစိတ်သည် အလျံတညီးညီး တောက်လောင်နေခြင်း မရှိပါ။ ချစ်သူ၏ နောက်ဘက်တွင် အမြဲတမ်းအားဖြင့် သူရှိနေသည် ဟူသော စိတ်ကလေးတခုကိုသာ ယုံကြည်စေလိုခဲ့ခြင်း ဖြစ်သည်။  မိမိ ချစ်သူသည် မိမိအနားတွင် အမြဲရှိနေသည် ဟူသော ယုံကြည်စိတ်သည် အရာရာကို ကျော်ဖြတ်ရဲသော၊ ရင်ဆိုင်ရဲသော စိတ်အင်အားကို ဖြစ်စေသည်ကို သူ ကောင်းကောင်း နားလည်ခဲ့သည် မဟုတ်လော..။ သူသည် သူ့ချစ်သူ၏ အတ္တနှုင့် မာန်မာန ကို အရောင်တင်ပေးခဲ့သည်။ ထိုအရာသည် ချစ်ခြင်းကြောင့် ပင် မဟုတ်ပါလား။ ချစ်သူအား လောကကို ဌန်နှင့် မာန်နှင့် ကြည့်စေချင်သည်။ မိမိကိုယ်ကိုယ် ယုံကြည်ချက်များနှင့် မတ်မတ်ရပ်နေစေချင်သည်။  ဝင့်ဝင့်ကြွားကြွားနှင့် သူတကာတို့ အားကျ လေးစားရသော သူ ဖြစ်စေချင်သည်။ သူကမူ ချစ်ရသူ၏ နောက်တွင် အရိပ်ခို မှီကိုးရင်း ချစ်သူဦးဆောင်ရာနောက်ကို နောက်လိုက်ကောင်းတစ်ယောက် အဖြစ် လိုက်ပါလိုသည်။ ထိုဆန္ဒသည် သူ့ဘဝတွင် သူ ထားရှိခဲ့သည့် အကြီးမားဆုံးသော အတ္တ သို့တည်းမဟုတ် ဆန္ဒတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုမျှလောက်သော ကံကောင်းခြင်းကလေးကိုပင် သူသည် မည်သူ့ထံကမျှ လက်ဆောင် အဖြစ် မရရှိခဲ့ပါ။

လူတစ်ယောက်အား အဆုံးစွန် ချစ်မြတ်နိုးခြင်းသည် မိမိ အတွက် အဆိပ်အတောက်လည်း ဖြစ်နိုင်သည်ဟူသော အချက်ကို သူ က လက်မခံခဲ့ပါ။ သူ့အတွက်မှာ ချစ်ခြင်းဖြင့် ရှုမြင်မှုသည် အရာရာကို လှပစေသည်ဟု ယူဆထားသည်။ သို့သော် သူ ယုံကြည်ထားသမျှသည် သူ ယုံကြည်ထားသကဲ့သို့ မဟုတ်မှန်း သိလာရသောအခါ သူ၏ စိတ်များ  တစ်စစီ ပြိုကွဲခဲ့ရသည်။  ရင့်သီးသော စကားလုံးများကို သူ မနှစ်သက်ပါ။ မာထန်သော လေသံတို့ကို သူ ကြောက်ရွံ့သည်။ သူ မနှစ်သက်သည့် မည်သည့်အရာမဆို သူတပါးကို သူ မပေးနိုင်အောင် ၊မပြုမူမိအောင် သူ ကြိုးစားခဲ့သည်။ သို့သော် သူ မနှစ်သက်သည်များ၊ သူကြောက်ရွံ့သည်များကို သူလက်ခံ ရင်ဆိုင်လာရသောအခါ သူ၏ စိတ်နှလုံးတို့သည် အေးခဲနေသော ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်ခဲ့သည်။  ထို့အတွက် စကားလုံးများ ပျောက်ဆုံးခဲ့သည်။ တစ်စတစ်စ လွှတ်ချခဲ့သော အကြောင်းအရာများ များပြာလာသောအခါ သူ၏စိတ်နှလုံးတို့သည် ပြည့်ကြပ်နေသကဲ့သို့ ဖြစ်ခဲ့သည်။ ဟင်းလင်းပြင်ကဲ့သို့လည်း ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူ နားလည်လိုက်သော အရာသည် တစ်ခုတည်းသာ ဖြစ်၏။

သူ့အား အလိုမရှိသော နေရာတွင် သူ တစ်ဒင်္ဂကလေးမျှ မနေထိုင်လိုပါ။ ထိုကဲ့သို့ဖြင့် သူ့အား အလိုရှိသည့် မိဘမဲ့ဂေဟာများနှင့် ဘိုးဘွားရိပ်သာများသည် သူ၏ နားခိုရာ အသိုက်ကလေး ဖြစ်လာခဲ့သည်။ ကလေးတွေကို ပုံပြင်များပြောပြရင်း၊ ကဗျာများရွတ်ပြရင်း၊ အတူတူပြေးလွှားဆော့ကစားရင်း ကလေးများ အတွက် အမေတစ်ယောက်၊ အစ်မတစ်ယောက် ဖြစ်ခဲ့သကဲ့သို့ သားသမီးတို့၏ ဂရုစိုက်မှု၊ အားပေးမှုတို့ကို ဆုံးရှုံးခဲ့သော ဘိုးဘွားများအတွက် သူသည် သမီးတစ်ယောက်၊ မြေးတစ်ယောက် ဖြစ်ခဲ့သည်။ လောကကို ရိုးရိုးစင်းစင်းကြည့်သော သူ့ကို လောကက သူနေထိုင် ဖြစ်တည်ချင်သကဲ့သို့ ရိုးစင်းစွာ ရပ်တည်နေထိုင်ခွင့် မပေးခဲ့ပါ။ 

 *** *** *** ***

အိမ် အပြန်လမ်းတွင် သူနှင့်အတူ သူ့အရိပ်ပင် အဖော်အဖြစ်  မပါခဲ့ပါ။ တိတ်ဆိတ်ခြင်းတွေသာ ကြီးစိုးသော နေစရာတစ်ခုကို အိမ် ဟု သူက မသတ်မှတ်ပေ။ ရံဖန်ရံခါ ထွက်ပေါ်လာသော အိမ်မြောင် စုတ်ထိုးသံသည် သူ့အတွက် သူစိမ်း ဆန်နေသေးသည်။

သူ ကောင်းကောင်း နားလည်းလိုက်သည်။ သူသည် သူ့မိဘအတွက် သူစိမ်းတစ်ယောက် ဖြစ်ခဲ့သည်။ ဆွေမျိုးသားချင်းများ၊ ညီအစ်ကို မောင်နှမများ အတွက်လည်း သူစိမ်းတစ်ယောက်ဖြစ်ခဲ့သည်။ သူငယ်ချင်း မိတ်ဆွေတွေ အတွက်လည်းသူစိမ်း၊ သူ့ချစ်သူ အတွက်လည်း သူစိမ်း .. အဆုံးစွန် သူ၏ လက်တွဲဖော် အတွက်လည်း သူသည် သူစိမ်းတစ်ဦးသာ … ။

*** *** ***

ဘဝတွင် သူ အကြောက်ဆုံးသောအရာသည် သူ ချစ်ရသူတို့နှင့် စိမ်းကား ဝေးကွာစွာ နေရခြင်း ဖြစ်သည်။

သို့သော် .. ..


*** *** ***
စိတ်ရေဂါ အထူးကုဆေးရုံရှိ အခန်းကျဉ်းကလေး၏ ကုတင်ငယ်လေးအပေါ်တွင် နံရံဘက်သို့ မျက်နှာမူကာ လဲလျောင်းနေသော လူနာသည် အိပ်စက်နေသည်လား၊ နိုးထနေသည်လား ဆရာမလေး မသိပါ။  ဆေးတိုက်ရန် အသာအယာ လှုပ်နှိုးလိုက်သောအခါ မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်ကြည့်ရင်း ဆရာမလေးအား ပြုံးပြလိုက်သည်။ ကမ်းပေးလာသော ဆေးတချို့ကို တိတ်တဆိတ် သောက်လိုက်ရင်း  နံရံဘက်သို့ မျက်နှာမူကာ ပြန်ပြီး လဲလျောင်းလိုက်သည်။  “နေကောင်းရဲ့လား” ဟု မေးသောအခါ လှည့်မကြည့်ဘဲ ညင်သာစွာ ခေါင်း ညိတ်ပြသည်။  ဆရာမလေးသည် လူနာအား ချစ်ခင်စွာ၊ သနားစွာ ခေတ္တမျှ ကြည့်ရင်း နောက်လူနာများအား ဆေးတိုက်ရန် ထွက်ခွါလာခဲ့သည်။

အပြင်တွင် နေသည် ခြစ်ခြစ်တောက် ပူပြင်းနေသည်။ လူနာအချို့၏ အော်ဟစ်သံများ၊ အသစ် ဆောက်လုပ်နေသော အဆောက်အဦးမှ ဆောက်လုပ်ရေးလုပ်သားများနှင့် လုပ်ငန်းခွင်၏ အသံဗလံများ သည် ဆေးရုံအတွင်းသို့ တိုတိးုတမျိုး ကျယ်ကျယ်တဖုံ ဝင်ရောက်လာသောကြောင့် ဆေးရုံသည် ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့။  ဆရာမလေးသည် သူ စောင့်ရှောက်ကြည့ှ်ရှုနေရသော လူနာများ အတွက် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကိုသာ ရရှိစေချင်သည်။



“ ဒီဆောက်လုပ်ရေးတွေ ပြီးမှပဲ အရင်လို တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူနာတွေလည်း အေးအေးဆေးဆေး နေနိုင်မှာပါလေ..” ဟု တီးတိုးရွတ်ဆိုရင်း နောက်ထပ် ဆေးတိုက်ရန်ကျန်နေသေးသော လူနာများဆီသို့ ဆက်လက် ထွက်ခွါသွားတော့သည်..။


ပျိုးယုဝသုန်