Tuesday 30 August 2011

' နွေအလွန် '



နွေရက်တွေကျော်လို့
ရော်ရွက်တွေကြွေခဲ့ပြီ.. 
မျှော်မမက်ပါဘူး
သြော် ..ခက်တယ်ဆိုတဲ့လမ်း
ဖြတ်သန်းလို့သွားခဲ့ပြီ..
လွမ်းစရာဘယ်မှာရှိမှာလဲ
ကြမ်းပါတယ် 
သဲပူလမ်းတွေမို့
လှမ်းပြန်လို့ မကြည့်ပေ
သိစေတော့သက်လုံး ..
အပူဆုံးပြီကွယ့်
အပြုံးကိုရင်မှာမြန်းဆင်လို့
လှမ်းလေရာလမ်းဒီဘက်မှာတော့
စမ်းပမာ နွမ်းတာပျောက်ခဲ့တယ်
လှမ်းမယ့်နေ့များ ..

ပျိုးယုဝသုန်
5:15:40
29-08-2011
Monday

သဘာဝ


မန်ကျည်းနှင့်ဆား
ထိဖန်များတော့
လျာဖျားမျက်ရည်လည်ရတယ် ..
အသိနှင့်တရား
ဆက်ကာ မထားတော့
ငါကားအခက်ပွေရဦးမယ်..

ပျိုးယုဝသုန်
၉း၁၀း၁၉ 
၂၈-၀၈-၂၀၁၁
တနင်္ဂနွေ

မျက်ရည်မကင်းတဲ့ရသများ




မငိုပါနဲ့
ပြောခဲ့စကား
ဘယ်လိုနားနဲ့ထောင်မှာလဲ..။
ဝမ်းမနည်းနဲ့
ပြောတဲ့တရား
ဖြေရာစကားရှားခဲ့တယ်..။
အမြဲပျော်ပါ
နင်ပြောလာတော့
ငါလည်းပျော်နေချင်ပါတယ် ..။
ကြမ္မာဆိုတာ
ထားရာမနေ
စေရာမသွား
သူလိုရာကိုသွားခဲ့တယ် ..။
ငိုခြင်းတိုင်းဟာ
ဝမ်းနည်းတာလို့
ဘယ်သူပြောလို့နိုင်မှာလဲ..။
မျက်ရည်မဲ့ကင်း
ပူခြင်းရဲ့ရင်
ဘယ်သူမြင်လို့သိမှာလဲ..။
ကြည်နူးခြင်းမှာ
မျက်ရည်ပါတာ
ငါလည်းကြုံခဲ့ဖူးပါတယ်..။
ရသတိုင်းအတွက်
တစက်မျက်ရည်
အမြဲရှိနေခဲ့ပါတယ်..။

ပျိုးယုဝသုန်
19:22:36
27-08-2011
Saturday 

ချစ်သူ



မိုးစက်ကြွေတဲ့
နံနက်ခင်း
ကြည်လဲ့မြအဆင်း..
ရောင်ပြန်လင်းတဲ့
နေခြည်မှာ
အဆင်းကြည်လင်စွာ ..
နိုးစခါမှာ
ပမာထား
ချစ်သူ့မျက်ဝန်းများ ....။

ပျိုးယုဝသုန်
10:40:57
25-08-2011
Thursday

ဂေါက်သီး




ငါ….
တကယ်တော့ ..
ဂေါက်သီးတစ်လုံးပါ  ..။
ရိုက်ချက်တိုင်းမှာ
ဝေးရာကိုလွင့်
သခင့်ဆီမရောက်နိုင်တဲ့
ငါ့ရဲ့အ ဖြစ်ပေါ့ ..။
နာကျင်မှုကိုအံခဲ
နီးလာရင်ပဲဝမ်းသာ
လက်ကမ်းလို့ခေါ်မှာလားရယ် ..ပေါ့ ..။
ဒီတခါလည်း
နောက်တချက်မှာ
ခပ်လှမ်းလှမ်း  ငါ ..
ရောက်ခဲ့ရပြန်တယ် ..။
ကန္တာရဆန်တဲ့ဒေသ
စိမ်းလန်းခြင်းကင်းတဲ့ကာလ
ဘန်ကာ ဆိုတဲ့အခေါ်အဝေါ်မှာ
ငါ … 
နစ်ဝင်ဖူးပါတယ်  ..။
မွန်းကြပ်တဲ့ရေပြင်
သခင့်ရိုက်ချက်အလျဉ်မှာ
မကြာခဏ
ငါ ….  
ကျခဲ့ရတာပေါ့ ..။
ဆယ်ယူခံရမယ့်အရေး
မျှော်လင့်ချက်ကလေးနဲ့
တွေးပြီးငေးပြီး စောင့်ခဲ့တယ်..။
ရိုက်ချက်အချို့အတွက်
ကျင်းနက်တွေထဲလည်း ..ငါ
ကျခဲ့ဖူးပါတယ် ..။
ကျဉ်းမြောင်းမွန်းကျပ်တဲ့
ကျင်း နက်နက်မှာ
ကြေကွဲစွာ ငြိမ်သက်ရင်း
သခင့်လက်အလှမ်း ကို စောင့်ခဲ့တယ် ..
တကယ်တော့
ငါ ….ဟာ
ဂေါက်သီးတစ်လုံးသာ ….။…။


ပျိုးယုဝသုန်
08:19:45
24-08-2011
Wednesday

အလွမ်း ..?



လွမ်းစဉ်တိုင်းသာ
ပန်းပွင့်ပါလျင်
တစ်ကမ္ဘာလုံး
ပန်းတွေဖုံးလို့
ပန်းဘောလုံးကြီး ဖြစ်သွားမယ် ..  :P
ပန်းတွေများရင်
ပျားတွေပွားလို့
ပျုားတုတ်မှာတော့ စိုးကြောက်တယ် ..
ကြောက်တဲ့စိတ်များ
ချင့်ချိန်ထားလို့ 
ပန်းမပွင့်ရေး
ဦးစားပေးပြီ ..
အလွမ်းကို ဘေးသို့
ပို့ထားမည် ....   :D

ပျိုးယုဝသုန်
10:15:23
23-08-2011
Tuesday

အဇ္ဈတ္တ အမှောင်




ဒီမှာဘက်က သောင်ထွန်းသတဲ့
တက်ဇောကြွတဲ့အပြုံးနဲ့
မက်မောလှတဲ့မျက်လုံး
ဘယ်လိုအဆုံးကိုကြည့်မလဲ ..။
မျက်စိတစ်ဆုံးလား
မျက်တောင်တစ်ဆုံးလား
လား .. ဆိုတဲ့အမေးတွေက
ရလာတဲ့အခွင့်ရေးတွေကြား
မျက်စိမှောက်ကာထားခဲ့ပြီ..။
ငါ ..ငါ .. ငါ ..နဲ့ ငါ့ကလေး
ငါဆိုတဲ့အတ္တအတွေးမှာ
ဘာဆိုဘာမှ မစဉ်းစား
ကမ်းပါးပြိုသူရဲ့ဘက်ကို
သနားမပို မငဲ့ကွက်
ကြည့်မြင်ချင်စိတ် မဲ့ ခဲ့တယ် ... 

ပျိုးယုဝသုန်
15;26 pm
18-08-2011
Thursday

တိမ်တိုက်ထဲကပန်းတစ်ပွင့်

၁။

အလင်းရောင်နေခြည်နွေးနွေ;က အိပ်ခန်းပြတင်းကနေ နုနွဲ့စွာနဲ့ဝင်လာကြတယ်.. အပူရှိန်မပါတဲ့ အလင်းရောင်ကြောင့်ကျွန်မ စိတ်လက်ကြည်သာစွာနဲ့ အိပ်ရာကနိုးထလာခဲ့တယ် .. ခေါင်းတွေ လည်းကြည်လင်နေပါရဲ့.. နံဘေးအိမ်မှာမွေးထားတဲ့ ကြက်ပေါက်စငှက်ပေါက်စတွေရဲ့အသံတွေက လည်းဆူညံမနေပဲ စိတ်ကို ပျော်ရွှင်နေစေခဲ့တယ် .. အို . ဒီနေ့မနက်ဟာ အ၇င်နေ့တွေနဲ့မတူ အောင်ကို သာယာလှပနေတာပါပဲ  ..

ဖြစ်တည်ခြင်းပင်လယ်




အစာမကျေတဲ့ စိတ်တွေအတွက်
ဗလာမမည်တဲ့ဆေးဝါးများရှိသလား..
သူတစ်ပါးအတွက်အမှိုက်တစ်စဟာ
ကိုယ့်ဘ၀အတွက်ရတနာ လည်းဖြစ်နိုင်မယ်
စိတ်ကိုစိတ်နဲ့ကြည့်ုပြီး
စိတ်အသိနားနဲ့နားထောင်ပါ..
စိတ်ကစကား စိတ်နားကကြားရင် ပြန်ပြောပါ..
အပေါ်ယံအပြုံးနဲ့ စိတ်ရဲ့ အမုန်းတွေ
ပကာသန ကုတ်တင်(Coating)နဲ့
ဘယာနက ဂုဏ်အင် တွေ
ဖြောင့်မှန်တဲ့ ကလေးတွေနဲ့
ဖောက်ပြန်တဲ့ အတွေးတွေ
အသိခက်သူတွေနဲ့
ကတိပျက်သူတွေ
အရောင်ပြောင်းတတ်တဲ့ ပုတ်သင် လိုပုဂ္ဂိုလ်တွေ
အောက်ချင်းငှက်လိုသစ္စာကြီးသူတွေ
ရောသမမွေထားတဲ့
လောကတွေထဲမှာ
နေမကောင်းလောက်အောင်
ရာသီတွေပြောင်းနေတယ် .. 


ပျိုးယုဝသုန်
15-08-2011
Monday
2:30am

Monday 8 August 2011

အမိုက် အလွန်


ပုထုဇ္ဖနော
ဥုမ္မတကော
ပြောကြားကြုံဖူး
အချစ်ရူးလည်း
ငါပဲ ဖြစ်ဖူးခဲ့ပါသည် ..။
လောဘအတွက်
သည်းခြေပျက်လို့
သိလျက်မိုက်မူး
ဥစ္စာရူးလည်း
ငါပဲဖြစ်ဖူးခဲ့ပါသည် ..။
အမိုက်မစင်
လင်း မမြင်သား
မှောင်ကြားမှာပျော်
မသူတော်လည်း
ငါပဲဖြစ်ဖူးခဲ့ပါသည် ..။
အနတ္တကိုပြ
သင်္ခါရကို
ရှင်းရှင်းသိမြင်
ဤ၀န်းကျင်ကြား
ငါကားမရွေ့
စဉ်ပျော်မွေ့မည်
အမိုက်ဘာလဲ   သိခဲ့ပြီ ..။


ပျိုးယုဝသုန်
22:23 pm
08/08/2011
Monday

Sunday 7 August 2011

အပြန်လမ်း

လှိုင်းကြမ်းလို့လေတွေဆန်
ထန်ပါနဲ့လေး .....
ပြန်လမ်းမှာ မှောင်လို့မည်းမယ်
စဲလှည့်ပါလေး ..  ။
ခရီးကွယ်  ဟိုတထောက်
ရောက်လှချင်တွေး
ဘောက်တူအို လှေကလေးက
သေးလှပါသေး ..။
အားပေးမယ့် ဖော်မပါ 
မျှော်ပါရဝေး
ရေစီးသာ မညင်ညက်ကယ်
ပန်းရတယ်လေး ..။
မှိုင်းပါလို့  မိုးတွေညို
ပြိုပါနဲ့ငေး ....
ဆွေချစ်သူ  ပြန်အရောက်ကို 
စောင့်လှည့်ပါလေး  ..။

ပျိုးယုဝသုန်
22:30 pm
7/08/2011
Sunday

Friday 5 August 2011

ထင်ယောင်မှား

  
တစ်နေ့မှာများ
ရောက်လာမလားလို့
တံခါးမစိ (စေ့)
မီးအိမ်ညှိပြီး
တိတ်တိတ်မှောင်ထဲ
စောင့်ခဲ့တယ်..။
မျှော်သူစိတ်ဇော
ပူပန်မောလို့
သောကဝေသည်
သူမေ့ပြီလား
စိတ်မှာထင်မှား
ရှိခဲ့တယ် ..။

ပျိုးယုဝသုန်

အတွင်းအပြင်

ဟာလာဟင်းလင်း
ဗလာကျင်းသည့်
စိတ်တွင်းသရုပ်
ဖော်မထုတ်ဘူး
ပျော်ရွှင်မြူးခြင်း  .. ကင်းလို့ပါ ..။
ကြည်နူးရွှင်ပြ
သင် မြင်ရသည့်
ဗဟိဒ္ဒိရုပ် 
အမှန်မဟုတ်ဘူး 
ဟန်ဆောင်ပြုံးခြင်း .. ရှင်းရှင်းပါ ..။

ပျိုးယုဝသုန် 
5/08/2011
16:53 pm
Friday

Thursday 4 August 2011

ကလေးကဗျာများ - ၇

အုံးအင်မြည်ကြွေး
ရွှေဖားလေး
မိုးမျှော်တေးဆိုပေး..။
စိမ်းလဲ့ရောင်ဖြာ
ညီညီညာ
စပါးခင်းသည်မှာ ..။
တို့တောင်သူတွေ
ပျော်စေဖို့
မိုးခေါ်ပေးပါဗျို့ ..။


ပျိုးယုဝသုန်
4/08/2011
20:15 pm
Thursday

Monday 1 August 2011

ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းကောင်းများ





တစ်ညမှာ ကျွန်မ စဉ်းစားကြည့်မိတယ်.. ရင်းရင်းနှီးနှီး တိုင်ပင်လို့ရတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ အနည်းဆုံးတစ်ယောက်လောက်ရရှိထားတယ်ဆိုရင်ကို ကျင်လည်နေရတဲ့ လူ့ပတ်ဝန်းကျင် အသီးသီးမှာ နေပျော်စရာပါလို့..။ တွေ့ကြုံနေရတဲ့ သေးသေးကွေးကွေးမှသည် ကြီးကြီးမားမားအထိ ယုံကြည်စွာ တိုင်ပင်ဆွေး နွေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရရှိဖို့ ဆိုတာ တကယ်တော့ အလွန် မလွယ်ကူတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်..။ ကံကောင်းထောက်မစွာ ကျွန်မကတော့ ကျွန်မအသက် ၃၀ ကျော်လာတဲ့ အထိ သူငယ်ချင်း ကောင်း ၃ ယောက်ရရှိခဲ့ပါတယ် .၊ ကျွန်မအပေါ် ဖြူစင် ရိုးသားစွာ ခုချိန်တိုင်အောင် ခင်မင်နေကြတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေကို အမှတ်တရ ရှိတဲ့ အနေနဲ့ ဒီစာကို ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။