Tuesday 25 October 2011

မောဟ သားကောင်

နေ့စဉ်ရက်ဆက်
အအိပ်ပျက်ရ
နှိပ်စက်ညတွေ ရှည်ခဲ့ပြီ  ...

အတွေးကမ္ဘာ
လွင့်ပါရာမျော
သောကအတွေး
ဖြေဆေးမဖြစ်
ဒုက္ခမြစ်တွင်
နစ်ခြင်းမသိ နစ်ခဲ့ပြီ  ...

သတိ အသိ
ညှိကြည့်ကာရန်
ဖန်ဖန်ကြိုးစား
သိတရားလည်း
ငါ့အားဆုံးမ နေခဲ့သည် ...

ဖြစ်ခြင်း ပျက်ခြင်း
မက်မောခြင်းမှာ
မြေစာပင်မြက်
ငါဖြစ်ခဲ့သည်
မောဟမြက်ရိုင်း ရှည်ခဲ့ပြီ ..

ပျိုးယုဝသုန်
10:04:14 PM
25-10-2011
Tuesday (BNE )

Monday 24 October 2011

ကြယ်တစ်စင်းနှင့် စကားစမြည်

ကြယ်တစ်လုံး
ခပ်ပြုံးပြုံးသူ့မျက်နှာ
မိုးယံမှာတိမ်းတွေကြားက
ငုံ့ကြည့်ပြန်တာ ...

လဝါဝါ
ဖယ်ခွါညရင်ထဲ
လွမ်းမပြေနွမ်းကြေပန်းဝေလည်း
မော့ကြည့်တာပဲ ... 

အလွမ်းပေါ်အလွမ်းဆင့်
ပန်းပွင့်တဲ့ဒီရာသီ
မြကြာခြည်ရောင်ပြန်တိမ်းတယ်
ယိမ်းချက်မမီ ...

စိမ်းလေပြီ
မကြည်သာရင်ကွဲ
ကြယ်တာရာ ကူကာပြောရင်လည်း
ဝမ်းမြောက်မှာပဲ  ... 

ပါးလိုက်တဲ့ကြောင်းအရာ
ရောက်အောင်သာ ပို့ဆောင်ပေးတယ်ကွယ့်
မင်းစိတ်ဖြေပါ ..

များမကြာ
သိင်္ဂါရမြစ်ထဲ
မေတ္တာသီ ပျော်ကြည်မြူးလို့
ကူးရမှာပဲ .... 

ပျိုးယုဝသုန်
11:33:23 pm
24-10-2011
Monday ( BNE )

Sunday 23 October 2011

လိပ်ပြာ ခြေရာ

ပန်းကဗျာ
အနမ်းမှာ ဗလာဆင့်
အလွမ်းရင့်ရင့်
ပန်းရင့်ရင့်  ...

ဝေမလွင့်မီ
နှောင်ချည်ဖွဲ့ထုံး
ဆုံးစမထင်
သံယောဇဉ်အား
လိပ်ပြာဘယ်နား ထားခဲ့သည် ...

ပြန်မတွေးချင်
ပန်းသခင်မင်း
ရင်တွင်းမချိ
အဖြေညှိသည် 
ရှာဆဲ ဖွေဆဲ ပျောက်ခဲ့ပြီ ..

အိုဘယ့်လိပ်ပြာ
သင့်ခြေရာကား
ပွင့်ဖတ်များတွင်
ကျန်ရစ်ထင်ပြီ
သင်ကားလှည့်စား ထားခဲ့သည် ...

ပျိုးယုဝသုန်
10:12:29 PM
22-10-2011
Saturday ( BNE )

Thursday 20 October 2011

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ နေ့

လက်ဖက်ရည်တစ်ခွက်နဲ့
နေ့တစ်နေ့ရဲ့ထက်ဝက်ကို
ဖြတ်ဖို့ငါကြိုးစား
ဘယ်သူဘာများပြောမှာလဲ..

ငါးသုံးလုံးလား ဗီဂပ်စ်လား
လန်ဒန်နားလည်းမကပ်ရဲ
အိပ်ထဲရှိတဲ့ အသပြာ
အသေချာရေတွက်ရင်း
ဖက်ကြမ်းလေးနဲ့တင်းတိမ်မယ် ..

သုံးအိုးမြောက်အမှာ တွင်
မကြည်ရွှင်မျက်နှာထားနဲ့
ဆိုင်ရှင်ကို တမင်ဖား
စားပွဲထိုးသမားလည်း ရှိနေတယ်..

ဟိုငေး သည်ငေး
ရောက်တတ်ရာရာတွေးပြီး
ငြီးငွေ့စရာနေ့အကြောင်း
ကာရန်ပြောင်းဖို့စဉ်းစားတယ်..

ကမောက်ကမအတွေးတွေနဲ့
ပေါက်ကရတွေရေးထား
အနှောင့်အသွားမလွတ်တဲ့စာ
ဘယ်အယ်ဒီတာရွေးမှာလဲ ..

အတွေးရေအလျဉ်မှာ
ငါကိုယ်ငါနှစ်ရင်း
ကျေနပ်ခြင်းခဏတာ
ငါပိုင်ခဲ့ပါတယ် ..

တဒင်ဒင်မြည်လာတဲ့
နာရီစင်ရဲ့အသံ
၁၂နာရီထိုးပြန်ပြီ ..

လက်ကျန်ကိုမော့ရင်း
ငွေရှင်းမယ်အကြံမှာ
စာပွဲထိုးရဲ့အသံပြာက
ရေနွေးဖိုးသာ ယူမယ်ဆရာ..တဲ့

လက်ဖက်ရည်တစ်ခွက်နဲ့
နေ့ထက်ဝက်ကိုဖြတ်ကူး 
ဘယ်သူဘာပြောဦးမှာလဲ ....

ပျိုးယုဝသုန်
12:14:06 pm
19-10-2011
Wednesday ( BNE )

ကမ္ဘာမြေရဲ့ အလင်္ကာ

မြေတလင်းပေမို့
ထွေခင်းလို့ကစားချင်
မငြိုငြင်-စိတ်ရွှင်လင်းအောင်
ခင်းလိုက်ပေါ့ရှင်
ကလေးတွေပျော်ရွှင်
ကြည်လင်ပါ့ရင်ထဲ
အတိုက်ခံရိုက်ခံထိပေလည်း
ဝမ်းမြောက်တာပဲ…

လူသားတို့တည်မှီရာ
နားခိုရာ အိမ်ယာဆောက်တယ်
နှောက်စိတ်မ၀င်ပါ
ရိပ်သာယာ
တည်စေပါအမြဲ
အနှစ်ခံ ခဲ သံ ခြစ်ပေလည်း
ဝမ်းမြောက်တာပဲ …..

ဝမ်းရေးရယ်မှအူစို
ရိက္ခာကို အကြိုထောက်ဖို့
စိုက်လိုက်ပါပျို
စိတ်မညို
ကျောပြင်ကိုဆင်ရဲ
အထွင်းခံ နင်းခံရပေလည်း
ဝမ်းမြောက်တာပဲ …

သက်တမ်းရယ်ကုန်
ဘဝစုံ နေဝင်ငြိမ်းတယ်
မှေးစက်ခိုလှုံ
အပြစ်မပုံ
လုံခြုံရာရင်ထဲ
အဝှက်ခံ လက်ခံရလျင်လည်း
ဝမ်းမြောက်တာပဲ  ..

ပျိုးယုဝသုန်
10:50:16 PM
13-10-2011
Thursday ( BNE )

Tuesday 11 October 2011

လမ်းပျောက်နေသူများ




တချက်ချက်ညံ
စက္ကန့်သံကြား
ခရီးသွားရင်း
ပျောက်ခြင်းလမ်းစ
ရှာမရဘူး
သွားစလမ်းမှာလမ်းပျောက်သူ ..

နာရီချိန်ဆက်
နေ့ရက်များစွာ
သွားလာခရီး
ဘယ်မညည်းလည်း
ရွယ်ဆဲပန်းတိုင်
ရောက်မနိုင်ဘူး
လျောက်ရင်းလမ်းစပျောက်ရသူ ..

ရက်ရှည်လများ
နှစ်ကုန်သွားလည်း
ခရီးဘယ်မျှ
ရောက်ခဲ့ရကို
မှန်းဆ မတွေး
လွယ်ရာရွေးနေ
ကိုယ့်ခြေရာနောက်
ကိုယ်ပြန်ကောက်သည်
ဆုံလည်လမ်းမှ လူသားများ …

ပျိုးယုဝသုန်
9:55:28 AM
11-10-2011
Tuesday ( BNE )

Sunday 9 October 2011

ကြွေလွင့် ..တစ်ပွင့်စံပယ်


စံပယ်တွေလှိုင်လှိုင်ပွင့်ခဲ့ ပြန်ပြီ စံပယ် .. အေးမြတဲ့မနက်ခင်းကလေးမှာ စံပယ်ပင်တွေက စံပယ်ပန်းတွေကိုခူးဆွတ်ဘုရားတင်ပြီး ပန်ပွင့်တစ်ချို့ကို သီကုံးရင်း စံပယ်ပန်းတွေကို နှစ်သက်မြတ်နိုးတဲ့ နင့် ကို ပြင်းပြင်းထန်ထန်သတိရမိခဲ့တယ် စံပယ် .. ကျောင်းသွားဖို့ပြင် ဆင်နေရင်း သီကုံးထားတဲ့ စံပယ်ကုံးလေးတွေကိုကြည့်ပြီး စံပယ်ပန်းလေးလိုဖြူစင်လှပပြီး စိတ်ထားနုညံ့သိမ်မွေ့လှတဲ့ နင့်ကို ပြန်မြင်ယောင်ရင်း အဲဒီနေ့က ကျောင်းကို နောက်ကျ ပြီးမှ ရောက်ခဲ့တယ် .. အတန်းချိန်တစ်ချိန်လွတ်တော့မှာမို့ လုပ်ဖော်ကိုင်ဖက်ဆရာမတစ် ယောက်ကို ဖုန်းဆက် လှမ်းအကြောင်းကြားရင်း နင့်ကို သတိ၇တဲ့ စိတ်ကြောင့် မျက်ရည် လည်ခဲ့ရတယ်စံပယ်.. 

ဒေါက်တာစံပယ်ဖြူလှိုင် ဆိုတဲ့ နင့်လက်ရေးနဲ့ရေးထားတဲ့ စာကြောင်းလေးတွေပါတဲ့ ဗလာ စာရွက်လေးတစ်ရွက်ဟာ ခုထိ ငါ့စာကြည့်စာပွဲခုံရဲ့အံဆွဲထဲမှာရှိနေဆဲပါစံပယ်.. အခါခါ ထုတ်ကြည့်ဖန်များလို့နွမ်းရော်နေပေမယ့်နင့်ရဲ့ဖြူစင်တဲ့စိတ်ကလေးကို ငါအဲဒီ စာရွက်က လေး ထဲမှာမြင်နေရဆဲပါပဲ.. စံပယ်တွေလှိုင်လှိုင်ပွင့်တိုင်း နင့်ကို သတိမရပဲ မနေနိုင် အောင်ဖြစ် ခဲ့ရတာကတော့ ငါတို့ရဲ့ ခင်မင်ခဲ့ကြတဲ့ သံယောဇဉ်ကြောင့်ပဲ နေမှာပေါ့ စံပယ်..

မှန်းရခက်သော နေ့စွဲများ

စိတ်အရောင်
ပိတ်မှောင်လို့အုံ့မှိုင်း
တံတိုင်းရံပတ်ကာဝိုင်းတယ်
ည - နေ့တွေတိုင်း ..

ဘယ်တွန်းကာ ယာဆွဲတဲ့
လွတ်လမ်းမဲ့အိပ်မက်တွေ
ဘယ်လောက်ရှည်ကြာမှာလဲ ..

မျှော်မရဲပါဘု
တစ်သက်တာလွတ်နိုင်မလားရယ်လို့
ခါးမသန်အားမာန်ခဲတယ်
တွင်းစိတ်ရင်ထဲ …

နေ့လွဲတဲ့ ညကဗျာ
အနှစ်မပါ ဗလာကဲတယ်
စိုးထိတ်ရင်မှာ …

စိတ်ဗလာ
ပြေးပါသည်ဟိုအဝေး
ဘဝဟာ ကာရန်များတယ်
မှန်းရခက်သေး ..


ပျိုးယုဝသုန်
3:20:00 AM
8-10-2011
Saturday ( BNE )

Monday 3 October 2011

ပျိုလေး တို့အိမ်

ပျိုးလေးတို့အိမ်ခေါင်မိုး
လေတိုးပါလို့မိုးတွေရွာ
စိုးဗျာပူရင်မှာထိတ်
စိတ်လက်မသာယာ...

မိုးတွေကရွာ
လေသာလို့ကဲ
မိုးအကာပျက်မှာစိုးတယ်
ကြောက်လှသည်ပဲ ..

ပျိုလေးမောင်နွေခါက
ရက်ထားတဲ့မိုးအကာ
နှစ်ထပ်ကာနှစ်ပင်ထိုးမို့
စိုးစိတ်ဖြေပါ ..

မိုးဘယ်သို့ရွာ
လေဘယ်သို့ကဲ
နှမပျိုချစ်သူလေးကို
နွေးစေမှာပဲ ..

ပျိုလေးနေတဲ့ မောင့်ရဲ့အိမ်
ထက်ကောင်ကင်တိမ်ပြင်ထက်
လင်းလက်မမှိန် ..

ချစ်မီးအိမ်
လင်းစေပါ့သက်လုံး
ဘယ်များခါ မမှောင်လွန်းအောင်
ထွန်းလိုက်ပါဦး .... 

ပျိုးယုဝသုန်
7:22:14 PM
03-10-2011
Monday ( BNE )

ဆံသခြင်း

ရှည်လာတဲ့ဆံပင်ရယ်
ညှပ်လိုက်မယ်စိတ်ကူး
တွမ်ခရူးစ်လား ရိမ်း လား 
ငါတော်တော် သားနားမယ် ..

စိတ်ကူးတွေနဲ့ပျော်ရွှင်
ကောင်မလေးတွေမြင်ရင်ခိုက်
ခပ်မိုက်မိုက်စတိုင်ပေါ့
ဆံညှပ်ဆိုင်ထဲဝင်ခဲ့တယ် ..

 ပထမတစ်ယောက်ညှပ်
တဖြတ်ဖြတ်နဲ့ ကိုက်သံ
မျက်စိမှိတ်သည်းခံမယ်
အတွေးဝယ်ပျော်မြူး..

စတိုင်ရယ်ထွားထွား
အလန်းစားဆင်မည်
ဂူချီနရီနဲ့ဖိုက်အိုဝမ်း
ဝဲလ်ကမ်း.. ဝဲလ်ကမ်း.. ဝဲလ်ကမ်း...

တဖြတ်ဖြတ်ညှပ်သံပျောက်
နောက်တစ်ယောက် ရောက်လာ
ကြည့်လိုက်တော့ ငါ့ဆံပင်ဟာ
လက်တစ်ဆစ်စာသာကျန်ရဲ့ ..

ဘုရားတရား အသာတ
မှန်သားပြင်ကငါ့မျက်နှာ
မယ်မင်းကြီးမ ဒင်း ကို ငါ
အခါခါ သတ်ချင်ရဲ့ ...

ခုတော့ငါ့မှာ
အိပ်မက်တွေပျောက်ဆုံး
စောင့်ပေဦးပေါ့ နောက်နှစ်လ
လိုချင်တဲ့ စတိုင်ရဖို့ ...

ပျိုးယုဝသုန်
11:23:26
2-10-2011
Sunday ( BNE )

ဆံပင်ညှပ်ဆိုင်တွင် ဆံပင်မကျန်အောင်အညှပ်ခံခဲ့ရ၍ စိတ်လက်ပျော်ရွှင်နေပုံ ရသော မောင်ငယ် ဂျာဂျာဘီ အတွက်ရေးသည်..ဟိဟိ

သက်တံ တံတား

မှော်ဆရာပမာ
ခွဲဖြာကွဲယှက်
ရောင်စဉ်စွက်ပြီး
ဖန်တီးခဏ
မိုးမှုန်ကျမှာ
ရောင်ဖြာစုံ၍လင်းခဲ့သည် ..

မိုးမြင့်ထက်ယံ
သက်တံတံတား
ကူးလားမြေပြင်
သည်ကောင်းကင်ကို
ဆင်ယင်ဆက်ခွင့်ပေးခဲ့သည်...

ထာဝရလား
စိတ်ထဲကြည်မြ
သည်ခဏတွင်
အလင်းဝင်ရောက်
တံတားပျောက်ပြီ
ခရိးဘယ့်နှယ်ဆက်ရမည် ..

ဖန်ဆင်းရှင်ရယ်
ရင်ဝယ်မှာထား
သနားသဖြင့်
လှမ်းခွင့်ပေးပါ
မိုးကောင်းကင်က မြင့်လို့ပါ ..

ပျိုးယုဝသုန်
11:26:42 PM
29-09-2011
Thursday (BNE)

ထာဝရ စီးဆင်းခဲ့လေသော


အမေ .. လု့ဘဝတစ်ခုကိုရရှိဖို့ထက် လူ့ပြည်ကအပ်တစ်စင်းနဲ့ဗြဟ္မာပြည်ကအပ်တစ်စင်း ထိတွေဖို့ကပိုလွယ်တယ် ဆိုတဲ့ စကားကိုလက်ကိုင်ထားပြီးကျွန်တော့်ကို လူ့လောကထဲ ကို အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ပြီး ခေါ်လာခဲ့တဲ့ အမေ့ကို ကျွန်တော် ရိုသေမြတ်နိုးစွာနဲ့ ရှိခိုးဦးချ ကန်တော့ပါတယ်..