Wednesday 10 September 2014

စာမျက်နှာများ အကြောင်း (၁)




တကယ်တော့ ထိုအကြောင်းအရာသည် အတ္တတစ်ခုသာ ဟုပြောလာလျှင် ငြင်းပယ်ဖို့ သူ မစဉ်းစားပါ။

သူတပါးကို ပျော်ရွှင်စေခြင်းဖြင့် ကိုယ့်အတ္တကို ကိုယ်အရောင်တင်ရလိမ့်မည်ဟု ဘာသာပြောမိသော စကားကို သူ တိတ်တဆိတ် ရုပ်သိမ်းပြီးဖြစ်သည်။ တစ်နေ့ထက် တစ်နေ့ ဝန်တိုမှုနှင့် မစ္ဆရိယသည် သူ၏နှလုံးသားအတွင်းသို့ တစိမ့်စိမ့် စီးဝင်နေသည်။ သို့သော် ထိုဝန်တိုမှုနှင့် မစ္ဆရိယကို ဖွင့်ဟပြောဆိုရန် သူမဝံ့ရဲပါ။ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများကို လက်မခံချင်သော်လည်း သူသည် ရှေးရိုးစွဲနေသည့် အတွေးအခေါ်များကို မဖျောက်ပစ်နိုင်သေးဘူး မဟုတ်လား..။ ခေတ်မီခြင်း၊ ခေတ်ဆန်ခြင်းနှင့် ခေတ်လွန်ခြင်းတို့တွင် သူ လက်နိုင်သည်က ခေတ်မီခြင်း တစ်ခုသာ..။

မောင်သည်  သူတိတ်တဆိတ် ပျော်ဝင်နေသော မြစ်တစင်းဖြစ်သည်။ ထိုမြစ်ထဲတွင် အခြား မည်သူတစ်ဦး တစ်ယောက်မျှ မပျော်ဝင်နေစေလိုသည်မှာ သူ၏ ဆန္ဒသာဖြစ်သည်။ မောင် သိပ်ပြီး ချစ်ခဲ့ဖူးသည့်သူကို သိရပြီး မောင့်စိတ် ထိုမိန်းကလေးထံတွင် အတော်ကြီးကို နစ်ဝင်ခဲ့ကြောင်းသိရသည့် အချိန်တွင် သူ့အနားတွင်ရှိသော အရာများအားလုံး အသက်မဲ့သွားသကဲ့သို့ ခံစားခဲ့ရသည်။  ထိုအကြောင်းကို သိခဲ့လျှင် မောင် မည်ကဲ့သို့ တုံ့ပြန်မည်နည်း..။ တကယ်တော့ ထိုအဖြေကို သူ မသိချင်ခဲ့ပါ။ မောင် သိစေဖို့ မောင့်ကို ပြောပြရန်လည်း မလိုပါ။ မောင်လည်းသိရန် မလိုပါ..။

မောင်သည် သူ့အတွက် လေပြေလေညင်းကလေးလည်း ဖြစ်သည်။ အချိန်တိုင်းအတွက် မောင်ရှိနေရန် လိုအပ်သည်။ မောင့်စကားသံများကို မက်မောသည်၊ မောင့်ရယ်မောသံများကို မြတ်နိုးသည်။ မောင်ရှိသော အရပ်တွင် နေချင်ပြီး မောင့်လှုပ်ရှားမှု တို့ကို တနေရာတွင် ငြိမ်ငြိမ်ကလေးထိုင်ပြီး ကြည့်နေချင်သည်..။ အဆုံးစွန် မောင့် ဓါတ်ပုံကလေး မြင်နေရလျှင်ပင် သူ ကျေနပ်သည်။ 

မောင့် ကို ချစ်သလားဟု မမေးစေလိုပါ။ မေးလာသောသူ၏ မေးခွန်းသည် မည်မျှ နက်နဲမည်ကို သူမသိနိုင်..။ ပေါ့တန်သော စကားများဖြင့် သူ တန်ဆာမဆင်ချင်ပါ။ မောင့်အပေါ်တွင်ထားသော သူ၏စိတ်သည် ချစ်သလား ဆိုသည့် စကားများထက် အဆပေါင်းများစွာ လေးနက်ခိုင်မြဲသည်။

မောင်ပြန်မလာသေးပါ။ မောင့်အခန်းမီးကလေး မှိန်နေသမျှ ပူပန်ကြောင့်ကြသော စိတ်သည် သူ့အား ဖိစီးနှိပ်စက်နေသည်။ မျက်လုံးမှိတ်စဉ် ဝင်ရောက်လာသော ပုံရိပ်ပါးပါးသည် သူ့ကို လှောင်ပြောင်နေသည်။ မောင်ကတော့ ထိုကဲ့သို့ လှောင်ပြောင်မည် မဟုတ်ပါ။

သူ့အတွက် အရာရာတိုင်း သည် မောင်ဖြစ်လာသောအခါ …

အိပ်စက်ခြင်းသည် သူ၏ အဝေးဆုံး ထွက်သွားတော့သည်။

မောင်သည် သူ၏ အိပ်စက်ခြင်း လည်း ဖြစ်သည်။



ပျိုးယုဝသုန်


3 comments:

Aunty Tint said...

ရောက်ခဲ့တယ် ၀သုန်ရေ... အကြာကြီးပျောက်နေပါလား...
ပုံမှန်လေး ဖတ်ခွင့်ပြုပါနော်... မောင်နဲ့ဆက်နွယ်ပြီးဖြစ်ဖြစ်..
:P :) ♥♥♥

Cameron said...

ဒါသာမီးချဲလန့်ခေါ်တယ်ပို့စ်လို့မှတ်လိုက်မယ်နော် ...း)

သူကြီးမင်း (တုံးဖလား) said...

အရှိအတိုင်းလေးကို ရိုးရှင်းစွာ တင်ပြထားပုံလေးက တမျိုးဆန်းသစ်နေတယ်။ အိပ်စက်ခြင်းကို အဝေးရောက်စေတာလဲ ဒီနှလုံးသားတစ်စုံကြောင့် အဖြစ်များတတ်ကြပါတယ်။