Tuesday 28 February 2012

ကြယ်စင်စောင့်တဲ့ည




မနက်အလင်း
သယ်ဆောင်ရင်း
လမင်းအိပ်တန်းဝင်တော့တယ်…

ပန်းရနံ့သင်း
သယ်ဆောင်ရင်း
လေညင်းဆော့ပြေးနေတော့တယ်…

မာဂဓတေး
သီဆိုကြွေး
ငှက်ကျေးဝမ်းရေးရှာတော့တယ်…

ညမှောင်ရီတွင်
ကောင်းကင်ပြင်
ကြယ်စင်ထင်းလို့လာခဲ့တယ်…

ကြယ်စင်ဖွေရှာ
ညကမ္ဘာ
လသာရက်များစောင့်ခဲ့တယ် …



ပျိုးယုဝသုန်
10:39:44
28-02-2012
Tuesday (BNE)

Saturday 25 February 2012

MINI ပုစိ






ပုပုသေးသေး
ကူးပါး(cooper)လေး
လေနှင့်အတူပြေး…

မေလေးစီးဖို့  ဝယ်ခဲ့သည်
ဟို..ဒီ သွားလည်မည်..

1.6 သည် အင်ဂျင်အား
သက်သာတဲ့ဆီစား …

မြို့ထဲသွားလို့ လွန်သင့်လျော်
သူငယ်ချင်းကိုခေါ် …

Beach မှာပျော်မယ်  နင်ရေကူး
မုန့်ယူခဲ့ပါဦး …


ပျိုးယုဝသုန်
ခေတ္တ (BNE)

Friday 24 February 2012

မမဝသုန် ၊ ဝိုင် နှင့် သြဇီရဲ



လွန်ခဲ့တဲ့သုံးနှစ်ခွဲနီးပါးလောက်ကပေါ့…မမဝသုန်အခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုမလုပ်ခင်SubContractယူပြီလုပ်တဲ့အလုပ်တစ်ခုကိုလုပ်ခဲ့တယ်…မနက်၆နာရီလောက်ဆိုလမ်းပေါ်ရောက်နေပြီးညနေ၆နာရီ၇နာရီလောက်မှပဲအိမ်ပြန်ဖြစ်တယ်…အလုပ်ကလည်းစခါစဆိုတော့အလုပ်သမားတွေဘာတွေလည်းမထားနိုင်ဘူးပေါ့…ကိုယ့်အားကိုယ်ကိုးရင်းကားပေါ်မှာပဲစားသောက်ရတဲ့ကာလတွေပေါ့…


မမဝသုန်အလုပ်သွားလုပ်တဲ့နေရာကHope Island လို့ခေါ်တဲ့အင်မတန်မှလှပတဲ့နေရာ တစ်ခုပါ..ကိုယ်ပိုင်တူးမြောင်းတွေနဲ့ကိုယ်ပိုင်အပျော်စီးမော်တော်တွေနဲ့တကယ့်ကိုလှပလှပါတယ်…GoldCoastလို့ခေါ်တဲ့နာမည်ကြီးကမ်းခြေမြို့နဲ့လည်းနီးကပ်ပါတယ်…တစ်နေပတစ်နေ့ကိုကားမောင်းရတာတင်၃၀၀ကီလိုမီတာကျော်ပါတယ်…တဘက်ကအလုပ်လုပ်ရင်းတစ်ဘက်ကလည်းဈေးကွက်ရှာဖွေရင်းSubContractတစ်နှစ်တာကာလကိုကျော်ဖြတ်ခဲ့တယ်..

ပန်းချစ်သူ




ချစ်သူလား …
စကားပွင့်ဝေ
သည်လေနှင်လို့
ကြွေဖို့လွင့်လူး
ထိုပန်းဖူးကို
သူဦးကောက်ဖို့စောင့်နေတယ် …

ပန်းကမ္ဗလာ
ပန်းပွင့်လွှာကို
ညင်သာကောက်မွှေး
လှရာငေးလို့
သူရွေးသီကောက်နေခဲ့တယ် …

ပန်းပွင့်ညီတူ
သရဖူနှင့်
ပန်းပွင့်တွေကြား
ဝင့်ကာကြွားသည်
ပန်းဘုရင်မလား ..ချစ်တဲ့သူ …



ပျိုးယုဝသုန်
11:01:41 AM
24-02-2012
Friday (BNE)

Wednesday 22 February 2012

မနက်ခင်း ကဗျာ




မနက်အလင်း အရုဏ်ကျင်း
လမင်းရေသောက်ဆင်း…

ရောင်စဉ်ကင်းတဲ့ တိမ်ဖြူလွှာ
သဏ္ဍန်မျိုးစုံစွာ …

ကောင်းကင်ယံမှာ ဟို သည်ကူး
လေနှင်လွှင့်ရာမြူး…

သံစုံကြူုးတဲ့ငှက်ပလီ
သစ်ပင်ထက်မှာမြည် …

ကျီကျီကြာကြာသီဆိုကြွေး
မနက်ခင်းရဲ့တေး …

လေပြည်အေးအေး နော့သောခါ
ယိမ်းနွဲ့ညာ ဘယ် ညာ...

ပန်းပွင့်ရွက်လွှာရနံ့ဖူး
သယ်ယူခဲ့ပါဦး….


ပျိုးယုဝသုန်
10:55:28PM
22-02-2012
Wednesday (BNE)


Monday 20 February 2012

ပြောင်းလဲလာသောယဉ်ကျေးမှုနှင့်ဖြေရှင်းမှုများ






အမြင်မတော်တဲ့အကြောင်းအရာတွေကိုမြင်ရကြားရတာတွေများလာတော့မောပန်းတဲ့စိတ်နှင့်အတူကို်ယ့်မြန်မာမိန်းကလေးတွေအပေါ်မှာစိုးရိမ်စိတ်လည်းဝင်လာမိပါတယ်…


မိန်းကလေးတို့အိနြေ္ဒ..ရွှေပေးလို့မရဆိုတဲ့ကျွန်မတို့ရဲ့မြန်မာအမျိုးသမီးတွေကိုယ်ကျင့်တရားသိက္ခာကိုစောင့်ထိန်းမှုအပေါ်တန်ဖိုးထားတဲ့စကားလုံးကလေးကိုမြင်မိတိုင်းကြားမိတိုင်းအမျိုးသမီးကလေးတိုင်းကိုဒီစကားပုံလေးထဲကအတိုင်းဖြစ်စေချင်တဲ့အတ္တကပိုပိုလာခဲ့တယ်..


ခေတ်ရဲ့ပြောင်းလဲမှုကြောင့်လား…အနောက်နိုင်ငံရဲ့ကူးစက်လာတဲ့ယဉ်ကျေးမှုကြောင့်လားဆိုတာသေချာမပြောနိုင်ပေမယ့်ဒီဘက်ဆယ်စုနှစ်နှစ်ခုကာလမှာလက်ထပ်ခြင်းမရှိပဲအတူနေတဲ့စုံတွဲတွေကိုပိုပိုပြီးမြင်ခဲ့ရပါတယ်…အနောက်နိုင်ငံတွေမှာကိုးကွယ်ရာဖြစ်တဲ့ခရစ်တော်ရဲ့အယူတွေမှာလည်းလက်မထပ်ခင်အတူနေခြင်းဆိုတာကိုဘုရားသခင်ကကောင်းချီးပေးတော်မမူပါဘူး…လွန်ခဲ့တဲ့အနှစ်၂၀လောက်တုန်းကအထိလက်မထပ်ခင်အတူနေတဲ့စုံတွဲတွေဟာChurchထဲမှာလက်ထပ်ခွင့်မရကြပါဘူး…ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယန်တွေမှာဆိုလျင်Churchထဲမှာလက်ထပ်ခွင့်မရတဲ့စုံတွဲတွေဟာစင်ကြယ်တဲ့ထိန်းမြားခြင်းမဟုတ်ဘူးဆိုပြီးမျက်နှာငယ်ရပါတယ်…

မမဝသုန် နှင့် BNE မှအလှူခံကြသူများ



ဒီရက်ပိုင်းအတွင်းခေါင်းကိုက်ခြင်းကိုနေ့တိုင်းနီးပါးခံနေရတော့ကိုယ့်ရဲ့Blogလေးတောင်မှကိုယ်အချိန်များများပေးပြီးဝင်မကြည့်နိုင်ခဲ့ဘူး..Facebookဆိုရင်လည်းငါးမိနစ်ဆယ်မိနစ်လောက်ပဲကြည့်ပြီးပြန်ပိတ်လိုက်ရတာများတယ်..ခုတော့အနည်းငယ်သက်သာလာသလိုပြောပြချင်တာကလည်းများနေတော့ခေါင်းကိုက်လာရင်သောက်ရမယ့်ဆေးတွေဘေးချပြီးရေးဖြစ်ခဲ့တယ်…


မမဝသုန်အခုရောက်နေတဲ့နိုင်ငံမှာမမဝသုန်တို့မြန်မာနိုင်ငံလိုလူသိရှင်ကြားအသံချဲ့စက်ကြီးတပ်ပြီးအလှူခံကြတဲ့အလေ့အကျင့်မရှိကြပါဘူး…ဒါဟာကောင်းတယ်ပြောရမလားမကောင်းဘူးပြောရမလားမသိပေမယ့်မမဝသုန်ကတော့ကိုယ့်နိုင်ငံကအလေ့အထကိုပိုပြီးနှစ်သက်ပါတယ်…ဒီနိုင်ငံမှာကခုနကပြောသလိုအသံချဲ့စက်နဲ့အော်ပြီးအလှူမခံပေမယ့်အိမ်တံခါးခေါက်ပြီးအလှူလာခံကြတဲ့သူတွေကတော့မနည်းလှပါဘူး…ဘာဖောင်ဒေးရှင်း..ညာဖောင်ဒေးရှင်း..ဟိုကွန်မြူနတီအတွက်..ဒီကွန်မြူနတီအတွက်ဆိုပြီးမနည်းကိုပဲလာကြပါတယ်…အစစ်အမှန်ဟုတ်တယ်..မဟုတ်တယ်ဆိုတာတော့သေချာမသိရပေမယ့်စာရွက်စာတမ်းတွေကတော့အပြည့်ပါပဲ…

Saturday 18 February 2012

လေးညှို့ရှင်သို့


စောင်းကြိုးမဆင်
လေးကြိုးငင်တဲ့
နုညက်လက်ဝါး
ပွန်းရှသွားမှာ
ငါကားစိုးလှပါသည် အရှင်…

ညှို့ကိုအတင်း
ပစ်ခတ်ခြင်းတွင်
ထုံကျင်ကျန်ရစ်
မင့်ဒဏ်ဖြစ်မှာ
ငါကားစိုးလှပါသည် အရှင် …

မင်းပစ်တဲ့မြား
စူးစိုက်သွားခဲ့
ရင်ရဲ့ဒဏ်ရာ
သည်အနာကို
ညင်သာပိုက်ထွေး
ငါကြေအေးမယ်
လေးညှို့ရှင်မှ  သိပါစေ ….


ပျိုးယုဝသုန်
9:39:07 PM
18-02-2012
Saturday (BNE)


Wednesday 15 February 2012

ရွာဦးဘုရားပွဲ



ရွာထိပ်ကဆူညံညံ
ဘာသံလဲမေး..
မေးပါနဲ့ဆို
ပျိုတို့လူအပြိုင်နွှဲစံမယ့်
နှဲသံတဲ့လေး…

ရွာနောက်ကဆူညံညံ
ဘာသံလဲမေး…
မေးပါနဲ့အေ
မေတို့မောင်လက်သံတိုးပြန်တဲ့
ဒိုးသံတဲ့လေး..

ရွာဦးရဲ့ထူးစေတီ
ဆီမီးညီထိန်ထိန်လင်းပါတဲ့
ဆောင်းလရာသီ …

မောင်တို့ညီ
ပွဲခါမှီဆင်နွှဲ
လက်ရည်ညီဗိုလ်မထပ်ပါတဲ့
ဒိုးပတ်ပြိုင်ပွဲ …



ပျိုးယုဝသုန်
11:28:17PM
15-02-2012
Wednesday (BNE)

Tuesday 14 February 2012

အိပ်မက်မက်သူများ



လူတိုင်းလူတိုင်းကလေးဘဝမှစ၍အိပ်မက်မက်ဖူးကြသည်…ငယ်ဘဝတွင်ငယ်ဘဝ၏မျှော်လင့်ချက်များ..လိုလားချက်များ..ဖြစ်စေလိုမှုများကိုအိပ်မက်အဖြစ်နှင့်ရခဲ့သည်လည်းရှိသည်…မိမိနှစ်သက်မြတ်နိုးသည့်အရာများကိုဆုံးရှုံးသွားသည်လည်းရှိခဲ့သည်…မည်သို့ပင်ဆိုစေကာမူအိပ်မက်များသည်မခေါ်ယူပါပဲလည်းရောက်ရှိခဲ့ကြသည်…မပြီးဆုံးစေချင်ပေမယ့်လည်းလန့်နိုးထ၍ကွယ်ပျောက်ခဲ့ကြသည်…


အတိတ်ကိုဝင်စား၍ဖြစ်စေ…ကြိုတင်နမိတ်များအဖြစ်ဖြစ်စေ…သွေးလေခြောက်ခြားခြင်းကြောင့်ဖြစ်စေ…နတ်တို့လှည့်စားသောကြောင့်ဖြစ်စေအိပ်မက်ကိုမက်ကြသည်ဟုရှေးလူကြီးသူမများပြောသဖြင့်ကြားဖူးခဲ့သည်…မည်သည့်အကြောင်းကြောင့်ဖြစ်စေအိပ်မက်ကိုနှစ်သက်စွာမက်လိုခဲ့ကြသည်…အိပ်မက်တွင်အများအားဖြင့်အရောင်အဆင်း…အသံ..အနံ့..အရသာ..မရှိ..အထိအတွေ့မရှိ..ရံဖန်ရံခါမှသာယင်းသည်တခုတလေအဖြစ်အိပ်မက်တွင်ပါဝင်လေ့ရှိသည်…ထိုအခါအိပ်မက်သည်ပိုမိုလှပသယောင်..ပိုမို၍အဓိပ္ဗါယ်ပြည့်စုံသယောင်ထင်မှတ်ရပေသည်…

Monday 13 February 2012

ဝေး


ချစ်ခြင်း၇ယ်မညီ
ပြစ်တင်းသီစီကာဖွဲ့(တော့)
လွဲခဲ့ပေပြီ…

ကြောင်းရယ်မညီ
နှောင်းလေပြီသည်အတွေး
ရင်လေးကာမှိုင်မှိုင်ဆွေးပါနဲ့
ရှုံးတဲ့ဝဋ်ကြွေး…

မာနကိုသကာဖုံး
ပြုံးခဲ့တဲ့သည်အချိန်
ငြိမ်သက်စွာမျက်ရည်မိုးတွေနှင့်
လမ်းပျောက်လို့မှိန်…

လွမ်းတဲ့အိမ်
မိန်ရာသီခါခါပြောင်း
ရွက်ဟောင်းတွေလေနှင့်လွင့်နေခဲ့
အသစ်ဖြစ်တဲ့ဆောင်း …



ပျိုးယုဝသုန်
5:41:59 PM
13-02-2012
Monday (BNE)

Sunday 12 February 2012

မမဝသုန်နှင့်ဓါတ်ဆီဆိုင်တွင်ရင်ခုန်မိခြင်း



ဒီနေ့တနင်္ဂနွေနေ့…ထုံးစံအတိုင်းဘာတွေမှန်းမသိတဲ့အလုပ်တွေနဲ့နေ့တစ်ဝက်စာကကုန်သွားခဲ့တယ်…ချက်ချင်ပြုတ်ချင်တဲ့စိတ်နဲ့အဝတ်ချုပ်ချင်တဲ့စိတ်ကလည်းအားသန်နေတော့ကာပိတ်စတွေကိုမမဝသုန်ဝတ်နေကျပုံစံအတိုင်ပဲညှပ်လိုက်တယ်…ညှပ်ထားပြီးသားပိတ်စတွေအနားကိုoverlocker နဲ့အနားသတ်လိုက်ပြီးချိန်မှာကိတ်မုန့်လေးဖုတ်ရင်ကောင်းမယ် ဆိုပြီးထောပတ်ကိတ်မုန့်လေးဒီလိုလုပ်လိုက်တယ်…ကိတ်မုန့်ကစားဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာနေ့တစ်ဝက်ကိုတော်တော်ကလေးကိုကျော်နေခဲ့ပြီ…


အဲဒီအချိန်မှာသူငယ်ချင်းမယ်စန္ဒီဆီကဖုန်းဝင်လာတယ်…အတော်ပဲဖြစ်သွားတာပေါ့…လေအနည်းငယ်ပေါရင်းသူကသူ့အိမ်ကိုလာခဲ့ဖို့ပြောတယ်…မမဝသုန်လည်းအနည်းငယ်ငြီးစီစီဖြစ်လာတာမို့လာခဲ့မယ်လိုပြောလိုက်တယ်…ပြီးတော့သူကကိတ်မုန့်လည်းကြိုက်တယ်လေ..အဝတ်အစားလေးလဲပြီးသူအတွက်ကိတ်မုန့်တွေကိုဗူးထဲမှာထည့်ပြီးအိမ်ကနေထွက်ခဲ့တယ်…

Butter Cake လေးလုပ်ကြည့်မယ်


ဒီနေ့တော့ ဘာရယ်မဟုတ်ပဲလုပ်ရတာလွယ်ကူတဲ့ထောပတ်ကိတ်မုန့်လေးလုပ်ဖြစ်တယ်..

ခက်ခက်ခဲခဲမဟုတ်သလိုအချိန်လည်းအများကြီးပေးစရာမလိုတဲ့အတွက်အဆင်ပြေလှပါတယ်..









လိုအပ်သောပါဝင်ပစ္စည်းလေးတွေကတော့

ထောပတ်                  ၂၀၀ ဂရမ်
သကြား                  ၂၅၀ ml  တစ်ခွက်
ဗနီလာအနံ့                  လက်ဖက်ရည်ဇွန်း  ၁  ဇွန်း
ကြက်ဥ                           ၃ လုံး
ပြင်ဆင်ပြီးဂျုံမှုန့်         ၂၅၀ ml  ၂ခွက်
နွားနို့                           ၁၀၀ ml


ဂျုံမှုန့်ပြင်ဆင်ရန် ။ ။      ဂျုံမှုန့် ၂၅၀ ml  ၂ခွက်ကိုမုန့်ဖုတ်ရာတွင်အသုံးပြုသောဆိုဒါ စားပွဲတင် ဇွန်းတစ်ဇွန်းနှင့်ရော၍ဇကာနှင့်စစ်ချပါ..ဂျုံမှုန့်နှင့်ဆိုဒါမှုန့်သမမျှတနေရန်လိုအပ်ပါတယ်...


Saturday 11 February 2012

ချစ်ခြင်း၏ တစ်ဖက်




တစ်သက်မခွဲ
အမြဲပင်မြင်
ချစ်ခင်ချင်လည်း
တလွဲမာန
မာန်ဒေါသနှင့်
မောဟဝန်တို
စိတ်မှာခိုလျင်
ချစ်ခြင်းဟိုအဝေး
ပြေးမည်သာ …



ပျိုးယုဝသုန်
12:22:16PM
11-02-2012
Saturday (BNE)

Friday 10 February 2012

ကိုယ်အလေးချိန်လျော့ချင်သူများအတွက် အပိုင်း(၅)



ဒီနေ့တော့ကိုယ်စားမယ့်..ကိုယ်စားတဲ့အစာအာရတွေမှာကယ်လိုရီဘယ်လောက်ပါနေတယ်ဆိုတာကိုတွက်ကြည့်ရအောင်…

ပုံမှန်အားဖြင့်
Carbohydrate 1 g 4 Calories
Protein 1 g 4 Calories
Fat 1 g 9 Calories အသီးသီးပါဝင်ကြပါတယ်..

အဆင်ပြေလွယ်ကူအောင်ဇယားကွက်ကလေးနဲ့ဖော်ပြပေးလိုက်ပါတယ်…


ပဲ
အမျိုးအစား
ပမာဏ
ကယ်လိုရီပါဝင်နှုန်း
Black beans
1/2 cup cooked
113
Garbanzo (chickpeas)
1/2 cup cooked
134
Kidney beans
1/2 cup cooked
112
Lentil beans
1/2 cup cooked
115
Lima beans
1/2 cup cooked
108
Navy beans
1/2 cup cooked
129
Soybeans (Edamame)
1/2 cup cooked
127
Tofu
1/2 cup fresh
94


Thursday 9 February 2012

နိုင်ငံခြားဘာသာစကား ၊ နိုင်ငံခြားသားနှင့် အားနာခြင်း


ဒီစာစုကလေးကိုရေးမယ်ရေးမယ်နဲ့ရေးပြန်တော့လည်းတော်တော်နဲ့အစမသတ်ဖြစ်ခဲ့ပါဘူး..ကျွန်မတို့မြန်မာလူမျိုးတွေရဲ့အားနာတတ်မှုနဲ့စိုးရိမ်ကြောင့်ကြကြီးမှုတို့ကြောင့်နိုင်ငံခြားသားတွေရဲ့နောက်ကောက်ကျနေသလိုဖြစ်နေတာကိုတွေ့ရတာအခါခါဖြစ်လာတော့မရေးမနေနိုင်ပဲမခံချင်စိတ်ကြောင့်ရေးဖြစ်ခဲ့တယ်..ရေးပြီးပြန်တော့လည်းသင့်လျော်၏မသင့်လျော်၏ဆိုတာကိုစဉ်းစားရင်းနဲ့ကြန့်ကြာနေပြန်တယ်..ဤစာစုကလေးကိုရေးခြင်းမှာမည်သူ့ကိုမျှဆရာလုပ်ချင်သည့်စိတ်မပါရှိပါဘူး..ရဲရင့်စေချင်သည့်စိတ်စေတနာသက်သက်ဖြင့်သာရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်…


တစ်နေ့မှာဗိုလ်ချုပ်အောင်ဆန်းဈေးထဲကိုရောက်ခဲ့ပါတယ်..ပန်းချီကားများကိုကြည့်ရင်း..အနုလက်ရာများနှင့်လက်ဆောင်ပစ္စည်းတန်းဘက်ကိုရောက်တော့အရောင်းစာရေးကလေးမလေးတစ်ယောက်နဲ့နိုင်ငံခြားသားစုံတွဲတစ်တွဲမပြေမလည်ဖြစ်နေတာကိုတွေ့ရတယ်…ကလေးမလေးရဲ့မျက်နှာကငိုတော့မလိုကိုကြောက်လန့်နေတာကိုတွေ့ရတော့မနေနိုင်စွာပဲဝင်ရောက်စပ်စုမိခဲ့တယ်…


ပြဿနာရဲ့အစကတော့ငွေထည်ကိုဖောင်းကြွလုပ်ထားတဲ့ပန်းချီကားတစ်ချပ်ပါပဲ…လက်ရာကလည်းအင်မတန်မှသေသပ်လှပါတယ်..ဒီပန်ချီကားလေးကိုနိုင်ငံခြားသားစုံတွဲကနှစ်ခြိုက်ကြတယ်…နောက်တော့ဈေးဆစ်တာပေါ့…နိုင်ငံခြားသားတို့ရဲ့ထုံးစံအတိုင်းရှင်းရှင်းလင်းလင်းမဆစ်ပဲဝေ့၀ိုက်ပြောတာကိုအရောင်းစားရေးမလေးကလိပ်ပတ်လည်အောင်နားမလည်းဘူး…ဒီလိုသူနားမလည်တာကိုပြန်မမေးပဲ Yes, OK, All rightဆိုတဲ့စကားကိုပြုံးချိုစွာနဲ့ ပြန်လည်ပြောဆိုနေတော့နိုင်ငံခြားသားစုံတွဲကလည်းဝမ်းသာအားရယူမယ်ဆိုပြီပစ္စည်းကိုထုတ်ပိုးခိုင်းတာခဲ့တယ်…အဲဒိနောက်ငွေရပြေစာပေးတဲ့အခါမှာပြဿနာကစတာပါ..ကောင်မလေးရေးပေးတဲ့ပြေစာဖြတ်ပိုင်းမှာရေးထားတဲ့ကျသင့်ဈေးနှုန်းနဲ့အနှီစုံတွဲပေးချေတဲ့ငွေဟာအတော်ကလေးကွာဟနေပါတယ်..ကောင်မလေးကလည်းငွေမပြည့်လို့ပြော..အနှီစုံတွဲကလည်းပြန်ပြော..(အများအားဖြင့်ထိုစုံတွဲကပြောနေတာများပြီးအရောင်းစားရေးမလေးက No နဲ့ Sorry  ကိုထည်လဲပြောနေတာသာများတာပါ)….အဲဒီအချိန်မှာသူတို့အနားကို ရောက်သွားခဲ့တယ်..

Tuesday 7 February 2012

မမဝသုန် နှင့် ကွမ်းစားခြင်း



မြန်မာလူမျိုးတွေကွမ်းကိုအင်မတန်ကြိုက်ကြတယ်ဆိုတာနိုင်ငံရပ်ခြားရောက်မှပဲပိုပိုပြီးသိလာရတော့တယ်…စာအုပ်တွေထဲမှာဖတ်ဖူးတာကတော့ဟိုးအရင်တုန်းကအမျိုးသမီးလေးတွေဟာနှုတ်ခမ်းကိုခပ်စွေးစွေးနီနေအောင်ကွမ်းစားပြီးအလှဆင်သတဲ့…အခုခေတ်ကာလမှာတော့အဲလိုဟုတ်မယ်မထင်ပေါင်…မည်သို့ပင်ဖြစ်စေ..မြန်မာ့အစဉ်အလာမပျက်စေရအောင်နိုင်ငံရပ်ခြားကိုရောက်နေတဲ့မြန်မာတော်တော်များများကလည်းပဲကွမ်းကိုရိုးရာမပျက်ဆက်လက်စားသုံးနေကြပါတယ်…


မမဝသုန်ရောက်ရှိနေတဲ့Brisbaneမြို့ကအာရှအစားအစာတွေရောင်းတဲ့ဆိုင်တွေဟာကွမ်း၊ကွမ်းသီး၊ထုံး၊ဆေးအစရှိသည်တို့ကိုလည်းဝယ်လိုအားပေါ်မူတည်ပြီးရောင်းချလာကြတာကိုတွေ့ရပါတယ်…အထူးသဖြင့်ကွမ်းကိုရိုးရာမပျက်..မစားမနေနိုင်အောင်စားနေကြသူတွေကတော့Border Areaတွေကရောက် ရှိလာကြတဲ့မြန်မာRefugeeတွေပါပဲ…ကွမ်းသီးကိုကီလိုဂရမ်အိတ်လိုက်ဝယ်ပြီးအားပေးသုံးဆောင်ကြ ပါတယ်…ကွမ်းရွက်ကတော့မြန်မာနိုင်ငံမှာလိုလတ်လတ်ဆတ်ဆတ်အစိမ်းကြွပ်ကြွပ်လေးမရတော့သူတို့မှာကွမ်းရွက်အခြောက်ကိုပဲအာသာပြေစားသုံးနေကြရပါတယ်…နောက်ပိုင်းမှာတော့Refugeeအိမ်တော်တော်တော်များများမှာကွမ်းရွက်ပင်လေးတွေအသီးသီးစိုက်ထားလာာကတာကိုမြင်လာခဲ့ရပါတယ်…ကွမ်းရွက်အစိမ်းကလည်းအင်မတန်မှဈေးကြီးလှပါတယ်…

စိတ်ကူးမနက်ခင်း



မနက်လင်းလျင်..တွေ့မြင်ချင်
စိတ်မှာပုံလွှာထင်…

နေ့စဉ်ရက်ခြား…ကြားနေသား
သူ့ရဲ့အသံလေးများ …

ဝေးဝေးပေမို့…နေမပျော်
ချစ်သူ..ကိုယ့်ကိုခေါ် ..

နဘေးထိုင်ကာ…သံစဉ်တေး
နားဆင်ချင်ပါသေး…

နေခြည်နွေးတဲ့ .. မနက်မှာ
ချစ်သူကိုယ့်ဆီလာ…

ယူခဲ့ပါကွယ် စံပယ်ခြင်း
မွှေးပျံ့ကြိုင်လှိုင်သင်း …
ချစ်သူ့မနက်ခင်း….


ပျိုးယုဝသုန်
02:05:23PM
07-02-2012
Tuesday (BNE)

Monday 6 February 2012

အိမ်ထောင်ရေး နှင့် မာန်မာနများ







“တူနှစ်ကိုယ်တဲအိုပျက်မှာနေရ…..ရွှေဘုံပေါ်မှာစံရ …….ချစ်တာချစ်တာ ပဓါနလို့ ဆိုချင်ပါတယ် …..”


အထက်ပါသီချင်းကလေးဟာချစ်ခြင်းမေတ္တာကိုအလေးပေးပြီးဘဝကိုဝံ့ဝံ့ရဲရဲဖြတ်ကျော်ရဲခြင်းကိုကိုယ်စားပြုထားတာပါ…


တစ်မိသားနှင့်တစ်မိသားအိမ်ထောင်ဘဝတစ်ခုကိုစတင်တည်ထောင်ဖို့ဘာတွေလိုအပ်မလဲ…အဓိကလိုအပ်ချက်ကတော့တစ်ဦးနှင့်တစ်ဦးအပြန်အလှန်မေတ္တာရှိမှု…အလေးထားမှု…နားလည်ယုံကြည်မှု..ဖေးမမှုတွေလိုအပ်ပါတယ်…ငွေကြေးဟာဒုတိယဘုရားသခင်ဖြစ်တယ်ဆိုပေမယ့်တစ်ဦးနှင့်တစ်ဦးနားလည်ယုံကြည်မှု..ဖေးမမှု..မေတ္တာတရားနှင့်အလေးထားမှုတွေမရှိဘူးဆိုခဲ့လျှင်တော့အောင်မြင်တဲ့အိမ်ထောင်တစ်ခုလှပစွာဖြစ်တည်လာမှုကိုဒုတိယဘုရားသခင်ဖြစ်တဲ့ငွေကြေးကလည်းမဖန်တီးမတည်ဆောက်ပေးနိုင်ပါဘူး…


ယနေ့ခေတ်အခြေအနေအရသာမန်အိမ်ထောင်တစ်ခုမှာခင်ပွန်းသည်ရောဇနီးသည်ပါဝင်ငွေရှိတဲ့အလုပ်တခုစီကိုလုပ်ကိုင်နေမှစားဝတ်နေရေးအဆင်ပြေတဲ့အနေအထားမှာရှိကြပါတယ်…လုပ်တဲ့လုပ်ငန်းမအောင်မြင်ခင်..ငွေကြေးဥစ္စာတွေမပေါများမချမ်းသာစဉ်မှာခင်ပွန်းနဲ့ဇနီးသည်တို့ဟာတစ်ယောက်ကိုတစ်ယောက်အားပေးရင်းဖေးမရင်းဘဝရဲ့တိုက်ပွဲကိုလက်တွဲပြီးစိန်ခေါ်တိုက်ပွဲဝင်ခဲ့ကြတယ်…ဆင်ရဲဒုက္ခကိုကျောချင်ကပ်ပြီးရဲဖော်ရဲဖက်စိတ်အပြည့်နဲ့ရင်ဆိုင်ခဲ့ကြတယ်…တစ်ဦးနှင့်တစ်ဦးငဲ့ညှာပြီးအဖော်ကောင်းတွေအနေနဲ့တည်ရှိခဲ့ကြတယ်…နွမ်းပါးနေတဲ့အချိန်မှာသူတို့မှာငွေကြေးကလွဲလို့အရာရာဟာပြည့်စုံခဲ့တယ်…တစ်ဦးနှင့်တစ်ဦးစိတ်ပိုင်းဆိုင်ရာဖေးမမှုတွေကြောင့်ဘယ်လိုပြဿနာကိုမဆိုလက်တွဲရင်ဆိုင်ဖို့အသင့်ရှိနေကြတယ်…

Saturday 4 February 2012

စိတ်ခြောက်ခြားတဲ့ ..ည


မိုးတစ်ည

စိုးရပါတဲ့ဒီအပူ

တံခါးကိုဘယ်သူခေါက်တယ်

ကြောက်စိတ်ရယ်ဆူ….

ဖေးဘယ်သူ

ကူပါ့မယ်မျှော်ဆဲ

ရောက်မလာကြောက်တာကဲတယ်

လန့်ထိတ်ရင်ထဲ …


အံခဲလို့မာန်ကိုချီ

ကိုယ့်အားသည် ကိုယ်ပင်ဖြစ်တယ်

ညစ်စိတ်ပယ်မည်..

လှမ်းလာပြီ

ဖွင့်ပါသည်ဤတံခါး

တစ်ပါးသူ ဘယ်သူရှိပါဘူး

ထူးလိုက်တာများ …



ပျိုးယုဝသုန်

9:45:10PM

04-02-2012

Saturday (BNE)

Friday 3 February 2012

ရင်ငြိမ်းပန်း



နှင်းဆီတစ်ခင်း
ပန်းတစ်ခင်း
ချစ်ခြင်း..ရင်ခုန်ခြင်း …

ထုံထုံသင်းတဲ့
စံပယ်ဖြူ
ရနံ့မွှေးကြူကြူ

ပွင့်ချင်းတူညီ
စီကာတွဲ
ချစ်သူ့ပန်းလည်ဆွဲ …

ရောင်ချယ်ရောယှက်
အလှပြိုင်
တုယှဉ်နှိုင်း..မနိုင်….

ပြုံးမြကြည်လင်
ရင်မှာအေး
ချစ်သူမျက်နှာလေး ….


ပျိုးယုဝသုန်
01:35:50PM
03-02-2012
Friday (BNE)

Thursday 2 February 2012

ပျောက်နေသောချစ်သူ





မနက်လင်းလာ
သူ့ကိုသာပဲ
အမြဲတွေးမိ
စိတ်မှာရှိတယ်...

နေ့လည်မှာလည်း
စိတ်ထဲသူနေ
ဘယ်တွေသွားလဲ
အတွေးပွားတယ်..

ညနေခင်းခါ
ဘယ်မှာရှိမလဲ
အတွေးထဲစိတ်စော
ရင်မောရတယ်...

ညချမ်းချိန်မှာ
ရောက်မလာမှ
မျှော်ဆဲမောရ
စိတ်ဆိုးရသည်
ချစ်သူဘယ်များရောက်နေသည်..


ပျိုးယုဝသုန်
7:45:29 PM
02-02-2012
Thursday (BNE)