Friday 15 November 2013

အိပ်မက်မဲ့သော ည

ကြည့်လိုက်ပါ..။


မောင်ရင်ဆိုင်းထမ်း ကြယ်ကလေး နှင့် သူ၏ အနီးမဝေးတွင် အနီရောင် ကြယ်တစ်လုံးကလှလှပပ ရှိနေတယ်။  လဆန်းရက်မို့ လ ဟာတစ်ဝက်တပြက်လည်း လင်းနေတယ်။ တစ်ခြမ်းလည်း မဟုတ် သုံးချိုးတစ်ချိုးလည်း မကျ နဲ့ .။ဒါပေမယ့် ည ကတော့ သိသိသာသာ ထင်ထင်ရှားရှား လှပနေပါတယ်။


ကြယ်ဆိုတာ ဂြိုလ် တစ်စင်း ဖြစ်တယ်လို့ ပြောမှာလား။ မြင်နေရတဲ့ အနီရောင်ကြယ်ဟာ ထင်ထင် ရှားရှားရှိနေပြီး ကမ္ဘာနဲ့ အတူ နေကို လှည့်ပတ်နေတဲ့ ဂြိုလ်လို့ သိပ္ဗံ ပညာရှင်တွေကတော့ ပြောကြတာပါပဲ။ ဒါပေမယ့် ကျွန်မ အမြင်မှာတော့ သူဟာ လင်းလက်နေတဲ့ အနီရောင် ကြယ်တစ်လုံးပါပဲ။


မြို့ပြရဲ့ မီးရောင် ထိန်ထိန်တွေရဲ့ အထက်မှာ ညဟာ လှချင်သလောက် အမြင်မှာမလှနိုင်ရှာ ဘူး။ ကြယ်ရောင်တွေတောက်ပစေဖို့ လျပ်စစ်မီးရောင်တွေကို ချုပ်ငြိမ်းစေချင်သလား။ဟင့်အင်း.. ၊ စိတ်ရဲ့ စေစားမှု နောက်မှာ အရာရာဟာ မပြောင်းလဲဘဲ ပြောင်းလဲခဲ့တယ်။ ဒီလိုပဲကျွန်မ နေထိုင်လာခဲ့တဲ့ နေရာတွေမှာလည်း စစ်မှန်ခြင်းဟာ အတုအယောင် တွေရဲ့ ဖုံးကွယ်မှု အောက်မှာ မှိန်ဖျော့ခဲ့တာ ကြာနေခဲ့ပြီ။ မိုင်ထောင်ချီ ဝေးကွာနေတဲ့နေရာဒေသ တစ်ခုဆီက ရရှိခဲ့ဖူးတဲ့ အထီးကျန်ဆန်မှုမှုရဲ့ အငွေ့အသက်ကို  ကျွန်မ နှစ်သက် မြတ်နိုးတဲ့ နေရာတစ်နေရာမှာပြန်လည်ရရှိနေတာကတော့ ကျွန်မ မဖြစ်ချင်ဆုံး ဆန္ဒပါပဲ။  တစ်ခါ တရံမှာ တစ်ဦးတစ်ယောက်တည်းနေပြီး အထီးကျန်ဆန်မှု ကို ရရှိခဲ့တယ်။ တစ်ခါတရံမှာ တော့ လူ အများကြားမှာနေပြီး အထီးကျန်ဆန်မှုကို ရရှိခဲ့ပြန်တယ်။ ယူသူရှိမှ  ပေးသူ  ရှိတယ် ဆိုပေမယ့် အထီးကျန်ဆန်စေခြင်းကို ဘယ်သူကမှ ကျွန်မကိုရရှိစေဆိုပြီး မပေး သလို ကျွန်မကလည်း မယူခဲ့ပါဘူး။ ဒါပမယ့် ခက်တာက ရရှိနေသူဟာ ကျွန်မဖြစ်နေတာ ပါ..။ ဒါဟာ လူ့ဘဝ ဆိုတာရဲ့ သဘောတရား တစ်ခုဆိုရင်တော့ ဘဝဆိုတဲ့ ကျောင်းမှာကျွန်မက အလယ်တန်းတောင် မရောက်သေးဘူး ဆိုတာ သိရှိ ခဲ့ရပြီ..။


တဆစ်ဆစ် ကိုက်ခဲ့နေတဲ့ ပုရွက်ဆိတ် တွေနဲ့ တဝီဝီနဲ့ ပျံရင်း သွေးစုပ်ဖို့ချောင်းနေတဲ့ ခြင်တွေကို ငေးကြည့်နေမိတာ အဓိပ္ဗါယ် မရှိတဲ့ အလုပ်တစ်ခုလို့ ပြောမှာလား။ပုရွက်တွေ က သူတို့ အသိုက်အမြုံကို ဖျက်ဆ်ီးမယ့်သူလို့ ထင်ပြီး အတတ်နိုင်ဆုံးကာကွယ်နေကြ သလို ခြင်တွေလည်း သူတို့ဝမ်းစာအတွက် သူတို့ ရှာဖွေနေကြတာ မဟုတ်လား။ကျွန်မ ကရော..။ ကိုယ့်အိပ်မက်တွေနဲ့ နှလုံးသားကို  ပျက်စီးစေမယ့် အကြောင်းအရာတွေ၊ အတွေးတွေကို မတားဆီးနိုင်ဘူးမဟုတ်လား။


နေ့စဉ် မြင်နေကြ အမြင်တစ်ခုဟာ အနည်ငယ် တိမ်းစောင်းရုံနဲ့ ကျွန်မအတွက်သိသိသာသာ ဖြစ်စေတာကတော့ ကျွန်မ မှတ်ဥာဏ်ရဲ့ အားနည်းချက်ပဲ ဖြစ်မှာပါ။ ရံဖန်ရံခါမှာတော့အမှတ်ထင်ထင် ရှိတတ်တာတွေကို မေ့လျော့ ထားချင်ပါတယ်။ တိတ်တဆိတ်နဲ့ ကြယ်တွေကို ကြည့်ငေးနေတတ်တဲ့အချိန်တွေကို လျော့ပါးစေချင်လို့ပါ။


တကယ်လို့များ မျက်ရည်ကျခြင်းဆိုတာ ဒေါသစိတ်ကြောင့် ဖြစ်ရတယ်ဆိုရင် ကျွန်မဟာဒေါသကြီးသူ တစ်ယောက် ဖြစ်မှန်မသိ ဖြစ်နေရပြီပေါ့။ အသံတိတ် မျက်ရည်ကျနေရတဲ့ အခါပေါင်းများစွာကိုကျွန်မ ပိုင်ဆိုင်ခဲ့ဖူးတာကိုးနော်..။


ချစ်ခြင်းဟာ ဒေါသစိတ်ကို ဖြစ်စေသလား။ ဟင့်အင်း..။ တရားသဘောနဲ့တော့ မချိန်ညှိပါဘူး..။ကိုယ့်ကိုယ်ကိုယ် မပြည့်ဝသူတစ်ယောက်အဖြစ် ခံယူရင်း နားမလည်တဲ့ အကြောင်းအရာတွေကိုနားလည်အောင် ကြိုးစားပေမယ့် လိုက်မမီနိုင်တဲ့ ကျွန်မဟာ နောက်ဆုံးတော့  ကြယ်တွေကို ရေတွက်သူ ဖြစ်မှန်မသိ ဖြစ်ခဲ့တယ်..။


၁.. ၂.. ၃.. .. .. .. .. ၁၉ .. ၂၀..  ၈၈.. ၈၉ .. ၉၀… ..  ..   ..  ..  ..


နံပါတ် ၉  ကတ္တီပါဖိနပ်တစ်ရံ..

သန်စွမ်းတဲ့ ဆံပင်ဖြောင့်ဖြောင့်နက်နက်များ..

မျက်တောင် တိုတိုစင်းစင်းများ..



အိပ်စက်ခြင်းတို့ကို အပြီးတိုင် သိမ်းယူသွားခဲ့တယ်…။




ပျိုးယုဝသုန်
13-11-2013
Wednesday (YGN)

Monday 11 November 2013

စာမျက်နှာ ၃၃


၁။

မြို့ကလေးတစ်မြို့

လှပတယ်၊ သန့်ရှင်းတယ်။ မြက်ခင်းစိမ်းတွေနဲ့ တင့်တယ်ပြီး အိနြေ္ဒကြီးတယ်။  Night Life ကို ည ၁၂ နာရီ လောက်အထိသာ ခွင့်ပြုထားတယ်။

လှပတဲ့ ကမ်းခြေတွေနဲ့ ရေပြင် စိမ်းပြာရောင်တွေ ရှိတယ်။ သွားရလွယ်ကူတဲ့တောင်တန်း နိမ့်နိမ့်တွေ ရှိတယ်။ စိမ်းစိုနေတဲ့ သစ်တောမှိုင်းမှိုင်းတွေ ရှိတယ်..။ထင်းရှူးပင်တွေလည်း ရှင်သန် ပေါများတယ်..။ မြို့ကို ဖြတ်ပြီး ရစ်ခွေစီးဆင်းနေတဲ့ မြစ်တစ်စင်းလည်းရှိတယ်။

ကျွန်းတွေနဲ့လည်း မဝေးလှတဲ့ နေရာမှာတည်ရှိတယ်။ အင်အားပြင်း မုန်တိုင်း  တွေရဲ့ဘေးရန်ကနေ သဘာဝတရားက ကာကွယ်ပေးထားတဲ့ မြို့လည်းဖြစ်တယ်။ မြို့ပြဆန်သလောက် ငြိမ်သက်လှတယ်..။တစ်ပတ်မှာ ၄ရက်ခွဲလောက်သာ အလုပ်လုပ်တဲ့ သူတွေ အများစု နေကြတယ်..။

ပူနွေးတယ်။ မုတ်သုန်ဆန်တဲ့ ရာသီဥတုရှိတယ်။ နှင်းမရှိတဲ့ မြို့လည်း ဖြစ်သေးတယ်။နေရောင်ခြည်ရဲ့  စူးရှမှုကို ခံရပြီးလူတိုင်းနီးပါး မျက်မှန်တပ်တဲ့ မြို့ဖြစ်တယ်။ ဖိနပ်မစီးတဲ့ လူအချို့ ရှိတယ်။ သားပိုက်ကောင်သားကိုဈေးကွက်မှာ ရောင်းချတဲ့ မြို့လည်း ဖြစ်သေးတယ်။

နှေးကွေးတဲ့ ဝန်ဆောင်မှု ရှိတယ်။ အခွန်အတုတ် များတဲ့ မြို့လည်းဖြစ်တယ်။၂၄ နာရီ လျပ်စစ်မီး ရပြီး မီတာခလည်း ဈေးကြီးလှတယ်။ ယဉ်ထိန်းရဲတွေ အလုပ်များကြတယ်။High Way Petrol တွေ အလွန်အလုပ်လုပ် ကြတယ်။

ကောင်းကင်ကြည်လင်တဲ့မြို့ ဖြစ်တယ်။ နွေရာသီမှာ တောမီးမကြာမကြာ လောင်တတ်တယ်။မိုးမကြီးဘဲ ရေလွှမ်းမိုးမှု ဖြစ်တတ်ပြီး ရေစီးရေလာစနစ် အားနည်းတဲ့ မြို့လည်းဖြစ်တယ်..။

အဝလွန်သူ များတဲ့ မြို့ဖြစ်သလို အားကစား လိုက်စားသူများတဲ့ မြို့လည်းဖြစ်တယ်။

အဲ့ဒီမြို့လေးဟာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ရောက်လာတဲ့ မိန်းမရွယ်တစ်ယောက်ကိုနွေးနွေးထွေးတွေး ကြိုဆိုခဲ့တယ်။


၂။

သူမ..။

သူမ အိပ်မက်တွေကို ပိုက်ရင်း မြို့ကလေးဆီကို ရောက်လာခဲ့တယ်။ တစ်ဝမ်းတစ်ခါးအတွက် ရရာအလုပ်ကို လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ သူမ စိတ်ဓါတ်တွေ ကျဆင်းခဲ့တယ်။မျက်ရည်ဆိုတာကို အဖော်ပြုရတဲ့ ရက်တွေများခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးခဲ့တယ်။

အဲ့ဒီမြို့ကလေးကပဲ ကျဉ်းမြောင်းတဲ့ သူမ အယူအဆ တွေကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်။နာကျင်မှုတွေကို ဥပေက္ခာ ပြုတတ်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို ရင့်ကျက် တည်ငြိမ်ခဲ့စေတယ်။အဲ့ဒီမြို့ကလေးမှာ သံတမန် အပြုံး ဆိုတာကို သင်ကြားတတ်မြောက် ခဲ့တယ်။ ပြီးတော့ မျက်လုံးနဲ့ထပ်တူညီမှု မရှိတဲ့ အပြုံးအရယ် သူမ မျက်နှာမှာ ခိုတွယ် လာခဲ့တယ်။

အဲ့ဒီမြို့လေးမှာပဲ ပညာရင်နို့ သောက်သုံးခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲသူမ ပိုမိုကြံ့ခိုင် လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို အမြင်ကျယ်စေခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာနေရင်းသူမ မိတ်ဆွေအစစ်အမှန် ဆိုတာကို ရရှိခဲ့တယ်။ အတုအယောင် မိတ်ဆွေတွေကိုလည်း တွေ့ကြုံခဲ့တယ်။အဲ့ဒီမြို့ ကလေးမှာပဲ ရွေးစရာ လမ်းတွေကို တွေ့မြင်ခဲ့တယ်။ အဲ့ဒီ မြို့ကလေးမှာပဲ သူမပိုမို ရဲရင့်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိ သူမ ရရှိခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ သွေးအေးအေးနဲ့ အရာရာကို အပြုံးမပျက် ကြည့်တတ် လာခဲ့တယ်။

အဲ့ဒီမြို့ကလေးက သူမကို ဆေးရောင်တွေနဲ့ ပြန်လည်ထိတွေ့ခွင့်ပေးခဲ့တယ်။သံစဉ်တွေနဲ့ နီးစပ်လာခဲ့တယ်။ ပန်းပင်တွေ စိုက်တတ်လာသလို မြက်လည်းရိပ်တတ်လာခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ ဓာတုပစ္စည်းတွေနဲ့ရင်းနှီးခဲ့တယ်။

အေးစက်နေတဲ့ နှလုံးသားတစ်ခုနဲ့ ၅နှစ်တိတိ အဲ့ဒီမြို့လေးမှာ သူမ နေထိုင်ခဲ့တယ်။


၃။
နှုတ်ဆက်ခဲ့ပါတယ် မြို့ကလေး။

ဘယ်အချိန် ဘယ်ကာလမှာမှ မြို့ကလေးရဲ့ ရင်ခွင်ကို သူမ ပြန်လည်ရောက်ရှိလာဦးမယ်ဆိုတာ သူမ မသိခဲ့ပါ။ သေချာတာကတော့ ထို လှပတဲ့ မြို့ကလေးမှာ သူမအနာဂါတ်ရဲ့ အချိန်တွေကိုမြှုတ်နှံမထားမှာဖြစ်တယ်။

မြို့ကလေးမှာ နေခဲ့တဲ့ နောက်ဆုံးနေ့ရက်တစ်ရက်မှာ မြက်ခင်းတွေပေါ် သူမ ထိုင်ချလိုက်တယ်။ မြေသားတွေကို လက်နဲ့ ထိတွေ့ရင်း နေထိုင်ခဲ့တဲ့ အချိန်ကာလတွေအတွက် ကျေးဇူးတင်ကြောင်းမြို့ကလေးကို တီးတိုး ပြောခဲ့တယ်။ အဲ့ဒီနေ့က ကောင်းကင်ဟာ သိပ်မကြည်လင်ခဲ့ဘူး။ မိုးစက်လေးတွေတဖွဲဖွဲ စွေရင်း  သူမရဲ့ နှုတ်ဆက်ခြင်းအတွက်စိတ်မကောင်း ဖြစ်နေကြတယ်။

၎။

မကြာခင်မှာ သူမဟာ သူမ ယုံကြည်တဲ့ နွေးထွေမှုရှိတဲ့ နေရာကို သယ်ယူသွားမယ့်လေယာဉ်ကြီးပေါ်ကို တက်ခဲ့တယ်..။

၅။

လှပတဲ့မြို့ကလေးနဲ့ ညရဲ့ အဝါရောင် နီယွန်မီးတွေဟာ တိမ်တိုက်တွေအောက်မှာတဖြည်းဖြည်းနဲ့  ဝေဝါးရင်း..

၆။

တကယ်တော့ သူမဟာ  မြို့ကလေးကိုရောက်လာတဲ့ ဧည့်သည် တယ်ယောက်ပါ။



ပျိုးယုဝသုန်
(YGN)



Sunday 10 November 2013

မနေ့ က စာ



မနေ့က ပို့လိုက်တဲ့  စာလေး ရရဲ့လား။

သစ်တော်သီးတွေ မှည့်တော့မယ်။

ပန်းဆိုတာ အချိန်တန်တော့ ကြွေတာပဲ ဆို..၊

ပန်းပင်တွေကို စိုက်ချင်နေတုန်း ချစ်တုန်းလား။

ဝတ်ရုံလွှာ ပြောင်းဝတ်တတ်တဲ့ မြို့မှာ မီးလင်းဖိုတွေ လင်းနေပြီ၊

အိမ်အပြန် ဇရာကို အပါ ခေါ်မှာလား။

ကျဉ်းကျပ် နေတဲ့မြို့က လွတ်လပ်ပေါ့ပါးသူ

လွတ်လပ်တဲ့ တိုင်းပြည်က စိတ်အကျဉ်း ကျနေသူ

ဘဝရဲ့ ထိုထို ဤဤ စကား .. နောက်နေ့ မနက်မှာ ကြားပါရစေ။

ပေးစရာတွေများ ရစရာတွေ များလွန်းတယ်.. ၊

ကြွေးတင်ရင် ဆပ်ပေးမယ့် ရှင်ဘုရင်လည်း ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီ။

စကားမစပ်..

အပြန်မှာ အာလူး တစ်လုံးလောက် ဝယ်ခဲ့ပါကွယ်..။



ပျိုးယုဝသုန်

Saturday 9 November 2013

A Letter From Yesterday




Have you received a letter sent by yesterday?

Pears are going to ripe soon.

Flower will fall if in time,

Still loving growing flower plants?

Fire-places have light in the Color Changed Town,

Would you bring Aged when you back?

Free Man from narrow and tighten town,

Independent Kingdom and imprisoned soul..

Let me hear some words about life on tomorrow,

Sinking in debt and Sleeping King in History of the Past..

By the way,,

Bring a potato when you back.


Pyo Yu WaThone