Wednesday 24 October 2012

နွေလည် အိပ်မက်





လေတို့သည် ဟူးဟူးရားရားတိုက်ခတ်နေ၏။  အိမ်နောက်ဘက် မျက်စောင်းထိုးခြံမှ ဤနေရာဒေသတွင် ပေါက်ရောက်လေ့ရှိသော သစ်ပင်တို့၏ ခပ်ချွန်ချွန်သစ်ရွက်တို့သည် ခြံအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မဖိတ်ခေါ်ဘဲ လေတို့၏ သယ်ဆောင်လာမှုကြောင့် ရောက်ရှိလာကြသည်။


စောစီးစွာ နိုးထလာပြီး ပြန်အိပ်ရန် အဆင်မပြေတော့သောအခါ ထမင်းစာခန်းထဲရှိ စားပွဲတွင် အသာထိုင်ရင်း လေသံတို့ကိုနားထောင်ကာ မှောင်လျက်သာ ရှိနေသေးသော ပြင်ပလောကကို ငေးကြည့်နေမိသည်။ မကြာမီ အချိန်တွင်ပင် အလင်းရောင်သည် ကောင်းကင်ယံ၌ အစပြုလာသည်။


 မီးဖိုခန်း ပြတင်းမှတဆင့် ကြည့်နေကြအတိုင်း ခြံထဲကို ကြည့်မိချိန်တွင် စိတ်သည်နောက်ကျိသွားသည်။ ရေကူးကန်၏ ရေမျက်နှာတစ်ပြင်လုံးနှင့် ကန်ဘောင်တွင်သာမက မြက်ခင်းပြင်သည် သစ်ရွက်ချွန်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ လေမည်မျှ ပြင်းသနည်း ဆိုလျှင် အုန်းထန်းပင်ပေါ်မှ ငှက်သိုက်ကလေးပင် လွင့်ကျသည်အထိ ဖြစ်သည်။

Monday 22 October 2012

တွဲလက်




မုန်တိုင်းရယ်ထန်
ရေဆန်မှာလူး
ဘောက်တူအိုလှေငယ်လေးနဲ့
အံတင်းကာကူး။

မြစ်ပြင်ရဲ့တစ်နေရာ
ကမ်းဆိုတာ ဘယ်မဝေး
သောင်ကျော်ရင်ဟိုအကွေ့မှာ
ရောက်တော့မယ်လေး။

စိတ်အားဖြင့်လျှော့မယ်ပြင်
မရောက်ခင် သည်ရေလမ်း
ကြမ်းလှတယ်ထင်..။

လျော့ပါနဲ့ရှင်
ပန်းတယ်ထင် အံကိုခဲ
တို့လက်မှာ မာန်ခိုတွဲမယ်
ဘဝရဲ့တိုက်ပွဲ။


ပျိုးယုဝသုန်
05:07:17 PM
22-10-2012
Monday (BNE)

Sunday 21 October 2012

အတိုင်းအတာများ


ကောင်းကင်အဝန်း
ဖွဲ့ဆိုညွှန်းက
တိကျစေရာ
ထု အလွှာကို
ဘယ်အရာနှင့်တိုင်းမည်နည်း။

ခုနစ်လွှာသမုဒ်
ဤပြရုပ်မှ
စီးကျဝင်လာ
ရေ ပမာ ကို
ဘယ်အရာနှုင့်တိုင်းမည်နည်း။

မြေ ကမ္ဘာခြား
စိတ်ခွန်အား၏
သွားသည့်အလျင်
သံယောဇဉ်ကို
ဘယ်လိုအရာနှင့်တိုင်းမည်နည်း။

နှလုံးမခြား
စောင့်တရားနှင့်
နာကြားခါခါ
ထိုသစ္စာကို
ဘယ်အရာနှင့်တိုင်းမည်နည်း။


ပျိုးယုဝသုန်
07:02:12 PM
21-10-2012
Sunday (BNE)

Wednesday 17 October 2012

ကောင်းကင်ရင်ခွင်ထဲကမြို့




၁။
ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေ မြည်လာပြန်ပြီ ဂျူ..။


၂။ 
အိုမင်းနေတဲ့ ကျောင်းတို့ရဲ့ထုံးစံအတိုင်း အင်္ဂတေတွေလည်း ကွာတဲ့နေရာက ကွာနေလေရဲ့ ။ ဖာသာ အင်ဒရူးရဲ့ ထိန်းသိမ်းမှုအားကောင်းလို့သာ ဒီလောက် ကျန်နေတယ်ဆိုတာ နင်ရော၊ ငါရော ငါတို့မြို့ကလေးက လူတွေအားလုံးရော သိထားကြတာပါပဲ။ ငါတို့ဘုရားကျောင်းကြီး ဘယ်လောက်ပဲ အိုမင်းနေပေမယ့် ဘုရားကျောင်းက ခေါင်းလောင်းသံကတော့ သာယာ ချိုမြဆဲပါ။


၃။
ဆန်းဒေးစကူးဆို ငါတို့ပျော်ကြတယ်ဂျူ..။ 

Tuesday 16 October 2012

ကလေးကဗျာများ (၂၆) တီတီတွတ် တစ်တီတူး




တစ်တီတူးလေး
အတွေးခေါင်
မိုးပြိုမှာလားမောင်..။

ပူပင်တွေးကာ
ဟိုသည်ကြည့်
မောင်ငှက် ဖြေမသိ..။

အိပ်ချိန်သိလို့
မှေးမပျော်
မောင်ငှက် အကြံပေါ်..။

မိုးပေါ်ခြေကန်
အိပ်မယ်တွေး
မိုးပြိုမယ့်ရန်ဝေး ..။
စိုးရိမ်တဲ့ ငှက်လေး ..။


ပျိုးယုဝသုန်
6:49:31 PM
16-10-2012
Tuesday (BNE)

Monday 15 October 2012

မိုးကုတ်စက်ဝိုင်းနှင့် တစ်နေရာ




ကောင်းကင်ပြာ
တစ်ဘက်မှာ ဘာတွေရှိ
တွေးကြည့်အဖြေရှာ..။

မြေပြင်လွှာ
တစ်နေရာထိဦး
မိုးတိမ်လွှာ မြေကိုနမ်းလေတဲ့
လမ်းစတွေအဆုံး။

မျှော်ငေးကြည့် အခါခါ
ရန်ဖန်မှာ ပင်လယ်မျက်နှာနှင့်
ပါးအပ်ပြိုင်တာ..။

စည်းဆုံရာ
ဆုံးကမ္ဘာရှာဆဲ
လှမ်းခြေမှာ ခါခါရွေ့ပေမယ့်
ဝေးလျက်နေမြဲ..။


ပျိုးယုဝသုန်
07:24:22 PM
15-10-2012
Monday (BNE)


Monday 8 October 2012

နွေဦးကဗျာ


မနက်ရဲ့လေပြည်
နေခြည်တို့ နွေးနွေး
မြူခိုးဝေပိုက်ကာထွေးတယ်
နွေဦးရဲ့တေး..။

စိန်ပန်းပြာ ပင်ခြေရင်း
နတ်ခင်းတဲ့ကမ္ဗလာ
ကောင်းကင်မှာ တိမ်စင်ကင်းလို့
လင်းလက် တောက်ဖြာ..။

လွမ်းဖွယ်ရာ
ကြင်သက်လျာ ရှာသလော
နွေဦးမှာ အလည်ရောက်လာတဲ့
ငှက်ရွှေဥသြ…။


ပျိုးယုဝသုန်
05:05:00 AM
08-10-2012
Monday (BNE)

Saturday 6 October 2012

ကလေးကဗျာများ (၂၅) - သမီးလေး




လက်အုပ်ကလေး
ရင်မှာချီ
ဘုရားကန်တော့မည်..၊

မေမေသည်မှာ
တိုင်လို့ပေး
လိုက်ဆိုပါ့မယ်လေး…။

ယဉ်ယဉ်ကျေးတဲ့
သမီးငယ်
မိဘဂုဏ်ရောင်ထည်..၊

နှုတ်ရေးချိုတယ်
မျက်နှာလေး
အမြဲ ကြည်လင်အေး...၊
မေ့ ရင်နှစ်ကလေး...။


ပျိုးယုဝသုန်
1:20:24 PM
06-10-2012
Saturday (BNE)

Friday 5 October 2012

အချစ်ဟောင်း


အချစ်ဟောင်း
ပြန်ပြောင်းအောက်မေ့
ထပ်ကာတွေ့စဉ်
ပျော်ရွှင်ယစ်မူး
ကြည်နူးမဝ
သက်အမျှ
မုန်းစမထုံးနိုင်ခဲ့တယ်။

ကြည်လဲ့မျက်နှာ
နှုတ်ခမ်းလွှာတွင်
ယခင်မာန
ပယ်ကွာကျသိမ်း
ရင်ငြိမ်းချမ်းမြ
ပြုံးအလှ
ချစ်စမဆုံးနိုင်ခဲ့တယ်။

ကိုယ့်လမ်းကိုယ်လျှောက်
ခရီးရောက်စေ
မေ့နေမကြာ
တစ်နေရာ၌
တွေ့ခိုက်ဆုံရ
ထိုခဏ
ပြုံးပြနှုတ်ဆက်နိုင်ခဲ့တယ်။

ကြယ်တွေကြွေတိုင်း
မှုန်မှိုင်းကောင်းကင်
ရှိခဲ့လျှင်လည်း
ကြွေဆဲခဏ
မှိုင်းမှုန်ရသား
နောက်များကြယ်သစ်
အစဉ်ဖြစ်သည်
မြဲတည်အလင်းမမဲ့နိုင်…။


ပျိုးယုဝသုန်
11:02:23 PM
05-10-2012
Friday (BNE)

Thursday 4 October 2012

အလှည့်




သေခြင်းတရား
အနီးနားမှာ
မကြာခဏ
ရုပ်လုံးပြ၍
လက်တွေ့ဆွဲခေါ်
ငါ့အဖော်တို့
ငြင်းလို့မရ
ပါကုန်ကြပြီ
ငါ လည်းဘယ်တော့သွားမည်နည်း..။


ပျိုးယုဝသုန်
12:59:49 AM
5-10-2012
Friday ( BNE )

Monday 1 October 2012

လိပ်ပြာ၏လားရာ




အနေမနီးပေမယ့်
အနီးမှာနေခဲ့တယ်..။

အခြေမကြီးပါဘူး
ရေမြေခရီးအကွာက
ယူဇနာ ထောင်ချီခြားသည်မို့
ဤကမ္ဘာမှာ မှောင်ရီသန်းနေလည်း
လှမ်းခွင့်မရ..။

ကမ်းလင့်ပါ့ မယ် ယုံ
ဆုံချင်သူလက်အကမ်း
တကယ်တမ်းမှာပျော်မမွေ့လေဘူး
ဘယ်လှမ်းသော် ယာကိုယိမ်းလေရဲ့
စိမ်းတဲ့ဟန်မြန်း..။

လှမ်းပေမယ့် မငြူစူ
စိတ်မတူသူ သူ့အနား
အရိပ်အတူ ခိုခွင့်ခြားပေလည်း
မြောလွင့်သခင့်အပါး ..။

လိပ်ပြာနှယ်
အရိပ်ပမာလွင့်မြော
စိတ်ယာဉ်ကို အတောင်တပ်ဆင်ခဲ့
လွမ်းရတဲ့ဇော..။



ပျိုးယုဝသုန်
၁၁း၁၄း၄၄ (ည)
၃၀-၀၉-၂၀၁၂
တနင်္ဂနွေ (BNE)