Wednesday, 24 October 2012

နွေလည် အိပ်မက်





လေတို့သည် ဟူးဟူးရားရားတိုက်ခတ်နေ၏။  အိမ်နောက်ဘက် မျက်စောင်းထိုးခြံမှ ဤနေရာဒေသတွင် ပေါက်ရောက်လေ့ရှိသော သစ်ပင်တို့၏ ခပ်ချွန်ချွန်သစ်ရွက်တို့သည် ခြံအတွင်းသို့ မည်သူတစ်ဦးတစ်ယောက်ကမျှ မဖိတ်ခေါ်ဘဲ လေတို့၏ သယ်ဆောင်လာမှုကြောင့် ရောက်ရှိလာကြသည်။


စောစီးစွာ နိုးထလာပြီး ပြန်အိပ်ရန် အဆင်မပြေတော့သောအခါ ထမင်းစာခန်းထဲရှိ စားပွဲတွင် အသာထိုင်ရင်း လေသံတို့ကိုနားထောင်ကာ မှောင်လျက်သာ ရှိနေသေးသော ပြင်ပလောကကို ငေးကြည့်နေမိသည်။ မကြာမီ အချိန်တွင်ပင် အလင်းရောင်သည် ကောင်းကင်ယံ၌ အစပြုလာသည်။


 မီးဖိုခန်း ပြတင်းမှတဆင့် ကြည့်နေကြအတိုင်း ခြံထဲကို ကြည့်မိချိန်တွင် စိတ်သည်နောက်ကျိသွားသည်။ ရေကူးကန်၏ ရေမျက်နှာတစ်ပြင်လုံးနှင့် ကန်ဘောင်တွင်သာမက မြက်ခင်းပြင်သည် သစ်ရွက်ချွန်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ လေမည်မျှ ပြင်းသနည်း ဆိုလျှင် အုန်းထန်းပင်ပေါ်မှ ငှက်သိုက်ကလေးပင် လွင့်ကျသည်အထိ ဖြစ်သည်။



အလင်းရောင် တိတိပပ ရောက်လာချိန်တွင် ရေကူးကန်၏ အမှိုက်များဆယ်သော ဇကာတပ် Scoope  ကို ယူ၍ ပေါလောပေါ်နေသော သစ်ရွက်များနှင့် ရေအောက်သို့ ဆင်းစပြုနေသော သစ်ရွက်များကို လိုက်လံဆယ်ယူရလေသည်။ သစ်ရွက်တို့ မည်မျှ များသနည်းဆိုလျှင် ထို ဇကာအိတ် နှုင့် ၃အိတ်နီးပါးမျှ ရသည်။ မြက်ခင်းပြင်ပေါ်တွင် ကျနေသော သစ်ရွက်ချွန်များနှုင့် အုန်းထန်းရွက်များကို ကောက်သိမ်းပြီးချိန်တွင် အချိန်သည် နံနက် ၇း၀၀ နာရီထိုးရန် အတော်ပင် လိုနေသေးသည်။


အသစ်ထပ်မံစိုက်ထားသော သစ်ပင်တို့ကို ရေဖြန်းရင်း အပူရှိန် မရှိ၊ နေရောင်ခြည် မရှိသေးသည့် အဖြူနှင့် အပြာ ရောစပ်ထားသော ကောင်းကင်ကို ငေးကြည့်နေသည်။ စိတ်တွင် ဝမ်းနည်းနေခြင်း၊ ပျော်ရွှင်နေခြင်း ဘာဆိုဘာမှ မသိနိုင်အောင် လစ်ဟာနေခဲ့သည်။ အချိန်ကာလ မတူသော နေရာဒေသတွင် သူသည် ငြိမ်းချမ်းစွာ အိပ်မောကျနေလောက်ပေပြီ။ 


သစ်ပင်များကို ရေဖြန်ရင်း ရေကူးကန်နံဘေးတွင် ချထားသော ကျောက်တုံးတစ်ခုကို နောက်ပြန်ခုလုတ်တိုက်မိသည်။ လူသည် အထိန်းမဲ့စွာပင် ရေထဲသို့ ကျခဲ့သည်။ လက်ထဲတွင်ကိုင်ထားသော ရေပိုက်ကလေးသာ မရှိလျှင် ရေမကူးတတ်သူအဖို့  စုံးစုံးမြုတ်ရန်သာ ရှိတော့သည်။ သို့ရာတွင် ရေပိုက်၏ ကျေးဇူးဖြင့် ကန်ဘောင်ပေါ်သို့ ရောက်အောင် ပြန်တက်လာနိုင်ခဲ့သည်။ စိုသွားသော အဝတ်များကို လဲလှယ်စဉ်တွင် ဦးခေါင်း တစ်နေရာ၌ စပ်ဖျဉ်းသော ခံစားမှုတစ်ခုကို ရရှိခဲ့သည်။ မည်သည့်အချိန်က မည်သည့်အရာနှင့် ထိခိုက်မိမှန်းမသိပေမင့် ထိုနေရာတွင် အနည်းငယ် ကွဲရှသွားလေပြီ။ အရက်ပျံကို ဝါဂွမ်းတွင် ထည့်ရင်း အနာမယဉ်းနိုင်အောင်ထိရှနာ အပေါ်တွင် ဖိကပ်ထားလိုက်သည်။ နာကျင်မှု မခံစားရသဖြင့်သာ တော်သေးတော့သည်။


ပန်းသီးတစ်ခြမ်းနှင့် ငှက်ပျောသီးတစ်လုံးကို စက်ထဲထည့်ဖျော်ပြီးဖန်ခွက်တစ်ခုနှင့် ယူခဲ့သည်။ ထို့နောက်တွင်တော့ ထမင်းစားပွဲပေါ်တွင် တင်ထားသော ကွန်ပျူတာကလေးကို ဖွင့်ကြည့်သည်။ ထုံစံအတိုင်း Tab သုံးခု မျှ ဖွင့်ပြီး တစ်ခုကို အလုပ်နှုင့်သက်ဆိုင်ရာ စာများကို စစ်ဆေးရန်အသုံးပြုသည်။


Facebook ကိုဖွင့်ပြီးချိန်တွင် မြင်နေကျ သူ၏အရိပ်သည် ပျောက်ရှနေသည်။ အတိတ်က ဖြစ်ခဲ့တာလား၊ ပစ္စုပ္ဗန်မှာ ဖြစ်တာလား ဆိုတာ မသိပါ။ အနာဂတ်ဆိုသည်ကို ရံဖန်ရံခါတွင် မေ့ထားချင်ပါသည်။ Search Bar နေရာတွင် စာလုံးအချို့တို့ကို ရိုက်ကြည့်သောအခါ The Page you requested was not found ဟူ၍သာ ပေါ်လာသည်။ မရှိခြင်းလား၊ ပယ်ဖျက်ခြင်းလား၊ ဖယ်ဖျောက်ခံရခြင်းလားဆိုသည်ကို မစဉ်းစားလိုတော့ပါ။ မရှိတော့ခြင်းသည် မရှိချင်ခြင်းကြောင့်သာ ဖြစ်ပေမည်။


အကြွေးတောင်းစာများကို အကြွေးဆပ်ခြင်း၊ ရစရာများကို တောင်းခံလွှာပို့ခြင်းတို့ ပြီးသော အခါ တစ်နေ့တာ လုပ်စရာတို့ကို စာရွက် အလွတ်တခုပေါ်တွင် ချရေးကြည့်သည်။ အရေးတကြီးလုပ်စရာ  မည်မည်ရရ ဘာမှ မရှိပါ။


လမ်းလျောက်ဖိနပ်လေးကိုစီးပြီး ထွက်ခဲ့သည်။ ဖုန်း၊ ပို်က်ဆံအိတ် ဘာဆိုဘာမှ ကိုယ်နှင့်အတူ ပါမလာပါ။ အရေးတယူ ဖုန်းဆက်လာမည့်သူလည်း မရှိ၊ အရေးတကြီး တခုခု ဝယ်ရန်လည်းမရှိ၊ ထိုအချိန်တခဏတွင် ဘာဆိုဘာမှ မရှိပါ။ စိတ်တွင်လည်း ဗလာ၊ လက်တွင်လည်း ဗလာနှုင့် ခြေဦးနှင့်ဒူးတည့်ရာသို့ လျောက်လာခဲ့သည်။


စိန်ပန်းပြာတို့သည် လမ်းတစ်ဖက်တစ်ချက်တွင် ပင်လုံးကျွတ်မျှ ပွင့်ဝေနေကြသည်။ ပန်းပွင့်ကြွေတို့ဖြင့် လှပနေသော ခရန်းရောင် လမ်းမသည် လူသွားလူလာ နည်းပါးသောကြောင့် ပွင့်ဖတ်တို့သည် ကြွရွလျက်ပင် ရှိနေကြသည်။ ထိုသဘာဝတရားက ခင်းပေးထားသော ပန်းလမ်းတွင် တစ်ဦးတစ်ယောက်နှင့်အတူ တစ်ကြိမ်တစ်ခါလောက်မျှ ပျော်ရွှင်စွာ လျောက်ဖူးချင်သည်။ စိတ်အစဉ်သည် သူဦးတည်ရာဆီသို့ ရောက်သွားပြန်လေသည်။


လမ်းလျောက်လာရင်း တစ်ဆစ်ဆစ်ကိုက်ခဲလာသော ဦးခေါင်းသည် သောက်နေကျ ဆေးတစ်မျိုးကို အလျှင်အမြန် အလိုရှိနေပြီဖြစ်ကြောင်းကို အသိပေးတိုက်တွန်းလာသည်။ အိမ်ပြန်ရောက်ရန် အတော်ပင် လိုနေသေးသည်။ ထိုပန်းလမ်းမရှည်ကြီးမှာလည်း လျောက်နေချင်သေးသည်။ ဘဝသည် အခါတော်တော်များများတွင် ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်တို့  ကို သဟဇာတဖြစ်အောင် ချပေးမထားပါ။ စိတ် သို့မဟုတ် ခန္ဓာ တစ်ခုမဟုတ်တစ်ခု နာကျင်နေရသည်။


ပြန်မှ ဖြစ်တော့မည်ဖြစ်ကြောင်း ကိုယ်ခန္ဓာနှုင့် ဦးနှောက်က အကြိမ်များစွာ တိုက်တွန်းလာသော အခါ အိမ်ပြန်ရာလမ်းဆီသို့ ဦးတည်လာခဲ့သည်။ အပြန်လမ်းတွင် နေသည် အရှေ့တည့်တည့်တွင်ရှိသည်။ နုညံ့နွေးထွေးလှသော နံနက်နေရောင်ကို ကြည့်နိုင်အားသည် မရှိတော့။ အရာရာသည် အပြာရောင်ဘက်ကို ပြောင်းချင်နေပြီ။ ပြာလိုက် ဝါလိုက် ဖြစ်နေသော အမြင်တို့သည် အိမ်ပြန်ရောက်ချိန်တွင် အဖြူရောင် အလွှာတွေကို မြင်နေရပြီဖြစ်သည်။ ဖိနပ်ကို အလျှင်အမြန်ချွတ်ရင်း ဆေးထားရာနေရာသို့ ပြေးလာခဲ့သည်။ ဆေးကိုမတွေ့ပါ။ ကိုက်ခဲမှုကို အပြင်းအထန်ခံစားနေရချိန်တွင် သောက်စရာ ဆေးမရှိသဖြင့် အိပ်နေရန်အိပ်ခန်းတွင်သို့ ဝင်ခဲ့သည်။ ကံကောင်းစွာပင် အိပ်ရာနဘေး မီးအိမ်လေးတင်ထားသော စားပွဲထက်၌ သောက်နေကျ ဆေးကဒ်လေးကို တွေ့သည်။ ဝမ်းသာလှစွာ ၂လုံး ယူသောက်ပြီးနောက် အိပ်ရာထက်တွင် မျက်လုံတို့ကို အသာမှိတ်၍နေလိုက်သည်။


ချစ်လှပါသည်၊ မြတ်နိုးလှပါသည် ဆိုသော သူတို့သည် အလိုမကျတော့သောအခါ သို့မဟုတ် ဖြစ်ချင်သည်တို့ကို မလိုက်လျောသောအခါတို့တွင် လွယ်ကူစွာပင် ကျောခိုင်သွားရန် အဆင်သင့်ဖြစ်နေကြသည်သာတည်း။ ကောက်ရိုးမီးကဲ့သို့သော ပတ်သက် ဆက်နွယ်မှုများကို မလိုချင်တော့ပါ။ မိမိကိုယ်တစ်ခြမ်းကိုလည်း လိုက်မရှာလိုတော့ပါ။ အမှန်တကယ် လိုအပ်လျှင် သို့တည်းမဟုတ် မိမိသည် သူ၏ကိုယ်တစ်ခြမ်းဖြစ်သည်ဟု ယုံကြည်လျှင် ရောက်အောင်လာပါလိမ့်မည်။ ချစ်ခြင်းသည် မည်သို့ဖြစ်သည် ဆိုသည့် အဓိပ္ဗါယ် ဖွင့်ဆိုမှုများဖြင့်လည်း မကန့်သတ်လိုတော့ပါ။


ဖြောင့်ဖြူးချောမွေ့သော လမ်းတစ်ခုထက်တွင် လူတိုင်းလျောက်လှမ်းလိုကြသည်။ ထိုသို့ဖြောင့်ဖြူးသောလမ်းမဖြစ်ခင်တွင် ထိုလမ်းသည် ကြမ်းခဲ့သည်။အချွန်အတက်များဖြင့် ပြည့်ခဲ့သည်။ ပူလောင်ခဲ့သည်။ အဖန်ဖန်အနင်းခံခဲ့ရသည်။ ထိုသို့သော အရာများကို ကျော်ဖြတ်ပြီးမှသာ သိပ်သည်းကျစ်လျစ်သော လမ်းတစ်ခု ဖြစ်လာသည်။ လမ်းခင်းနေချိန် ဖြတ်လျောက်လျှင် ကျောက်သားတို့ စူးရှခြင်းကို ခံရနိုင်သည်။ ကတ္တရာတို့၏အပူကို ခံရနို်င်သည်။


တစ်ကယ်တော့ မြားတစ်စင်း၏ဘဝသည် သူ၏ချစ်သူနှင့်ဝေးရာသို့ ရည်ရွယ်ချက်ရှိရှိ တွန်းလွှတ်ခြင်းကိုခံခဲ့ရသည်သာ။




ပျိုးယုဝသုန်
12:52:35 PM
24-10-2012
Wednesday (BNE)

7 comments:

မိုးငွေ့........ said...

ဖတ်ပြီး မွှန်းကျပ်မှုတစ်ခုခုကိုခံစားနေရတယ်..။

လရိပ်အိမ် said...

စာအသုံးအနှုန်းအရေးအသားလေးတွေ သိပ်ကောင်းတာဘဲ။

လွင်ပြင်လှိုင်းငယ် said...
This comment has been removed by the author.
လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ရဲ့ အက်ဆေးလေး လာရောက်လေ့လာသွားပါတယ်နော် ။
အပေါ်ကော့မက်က စာလုံးပေါင်းမှားနေလို့ပြန်ဖျက်လိုက်တာနော်

san htun said...

အက်ဆေးလေးက ချစ်စရာလေး မမဝသုန်..ကျန်းမာရေး ဂရုစိုက်နော်..

ညီရဲ said...

အက်ဆေးလေးကို ဖတ်ပြီး အတွေးလေးတွေ ပွားသွားမိတယ်...

မိုးနတ်ကြယ်စင် said...

မရဲ့ နွေလည်အိပ်မက် အက်ဆေးလေးလာဖတ်သွားတယ်
မရေ...မိုးနတ်လဲ မအားတာကတစ်မျိုး..နေမကောင်း
တာက တစ်မျိုးမို့ မဆီ အရင်လိုမှန်မှန်မရောက်တာတောင်ကြာပေါ့....
အက်ဆေးလေးက တစ်မျိုးလေးနော်..မ
ထုံးစံအတိုင်း မရဲ့အရေးအဖွဲ့ကတော့ မိုးနတ်ကို
အဆုံးထိဆွဲခေါ်သွားနိုင်တာပါပဲ..