Tuesday 31 May 2011

ကိန္နရာ ချောင်းခြား


တဖက်ကိုမျှော်

တချက်ခေါ်ကြည့်

လှမ်းမမိစေ

သည်မိုးလေကြောင့်

စူးအောင့်နာကျင်

သံယောဇဉ်နှင့်

ပဲ့တင်နှလုံး

သည်းကြွေပြုန်းပြီ

မျက်ရည်မုန်တိုင်းဆင်ရသည် ..။

Monday 30 May 2011

စေတနာ

မခေါ်ပါနဲ့ဟယ်
ဝေးမယ်ကြိုသိ
အဖြေညှိမလား
မကြိုးစားလို
လွမ်းအားပိုလည်း
ကိုယ့်ထိုက် ကိုယ်သာရှိစေ ပါ ။
ရိုးသားစွာတွေး
မင်းလမ်းလေးက
ဖြောင့်ဖြူးညင်သာ
ရှိနှင့်ပါပြီ
ဝမ်းမြောက်ကြည်သာ လျောက်လိုက်ပါ။
မလှမ်းလိုပါ
ကမ်းလက်ယာကို
ညင်သာစွာတွေး
ပြန်ရုတ်ပေးပါ
လျောက်လမ်းတွေက ခြားလို့ပါ ..။

Tuesday 24 May 2011

နေရာ





နေရာ

၁။

မနက်စောစောမှာ ငှက်တစ်ကောင်ရဲ့မြည်သံနဲ့အတူအိပ်ရာကနိုးထခဲ့တယ် ၊ ဗလာဖြစ်နေတဲ့ဦးခေါင်းနဲ့ ငါဘယ်ရောက်နေလဲဆိုတာ ကျွန်မ အချိန်တော်တော်ယူ စဉ်းစားခဲ့ရတယ် ၊ မိုးတွေအုံ့ဆိုင်းပြီး မှုံမှိုင်းနေတဲ့ ရာသီဥတုရှိတဲ့ ဒီနေရာဟာ ဘယ်နေရာလဲ ၊ ကျွန်မနေတဲ့နေရာဟာ နေရောင်လင်းလက်တယ် ကောင်းကင်ပြာရှိတယ် ပကျိပကျိ မည်နေတဲ့ ငှက်စာကလေး တွေရှိတယ် ၊ ဒါဆို ခုနေတဲ့နေရာကရော ဘယ်နေရာလဲ ၊

Sunday 22 May 2011

ကလေးကဗျာများ - ၆





ABCD  EFG
ငါတို့ စာသင်မည် ၊
၁၂၃၄  ၆၇၅
ပေါင်း  နှုတ် မြှောက် အစား ၊
ကြိုးစားပါလို့ သင်မည်နော်
ငါ တို့  စာတွေတော် ၊
နောင်တစ်ခေတ် မှာ
ခေါင်းဆောင်များ
ဖြစ်စေ ရစေ သား ။  ။

Tuesday 17 May 2011

ကလေးကဗျာများ - ၅

ရွှေငါးလူလည်

ခြေတဖက်ကယ်ဆင်းပါလို့
ငွေဗျိုင်းမင်းအစာရှာ
ကွင်းစပ်လယ်မှာ
ရှာသာရှာ လာပါကွယ့်ရွှေငါး
ကွင်းတကာ လှည့်လည်သွားတယ်
ဝေးရာမှရှား  ။   ။

ကလေးကဗျာများ - ၎

ညချမ်းပုံပြင်


လမင်းဝါ၀ါ
ထိန်ထိန်သာ
ညချမ်းသည်ချိန်ခါ ၊
ဘိုးတွေ ဘွားတွေ
ဆိုစကား
မြေးလေးတွေနာကြား ၊
သူရဲကောင်းများ   ရဲ့ပုံပြင်
မြေးလေးတွေနားဆင် ၊
ဗဟုသုတ
ဆင့်ကာပွား
လိုက်နာကြစေသား ။   ။

Monday 16 May 2011

သိပါစေ ...


အထင်မလွဲပါနဲ့
ရင်ကွဲစရာ စကားကို
တစ်သက်တာ အရှင်မပြောပါနဲ့
တစ်မနက်စာ ဒီခဏလေးကိုမှ
လွမ်းရတဲ့ပျို ..
ညနေဆို ..  
ကြိုပါရသည်လမ်း
အရှင်မလှမ်းရင်တော့
သည်လမ်းဟာကြယ်မလင်းနိုင်ဘူး.. 
လက်ကမ်းကာအကြိုခက်တယ် 
နွမ်း လျက်သာ နွမ်း ..

ကလေးကဗျာများ - ၃

မေမေ့ဥယျာဉ်

ဗူးသီးကလေး
ပုတိုတို
စင်မှာ တွဲလို့ခို ၊
ခရမ်းသီးလေး
လုံးတုံးတုံး
ပင်ခြေနားမှာ ပြုံး ၊
ကန်စွန်းရွက်ရယ်
စိမ်းစိုစို
ငရုပ်သီးညိုညို ၊
သားသားမောင်ငယ်
ကူညီပေး
မေမေ့ဥယျာဉ်လေး ။  ။

ကလေးကဗျာများ - ၂

စမ်းရေ


မိုးရေ သက်လေ
သည်ချောင်းလေး
ဂဏန်း ပုစွန် ပြေး ၊
သမီးငယ်လေး
ပျော်ပျော်ရွှင်
ချိုတေးသံသာလွင် ၊
ကြာပုတီးတွေ
သူဆင်မြန်း 
မေမေ့ ရင်မှ စမ်း ။  ။

Sunday 15 May 2011

ဝေး

မနှောင်တည်းပါဘူး
မှောင်ထဲမှာ ယောင်တောင်တောင်မင့်
ချင့်တွေးကာ ရင်မှာ တား ပါရဲ့
အရှင့် ဘေးမှာ နေရာမထားပါနဲ့
ပန်ခဲ့တာ သစ္စာတိမ်းပြီမို့
မောင်ရေ .. 
ခပ်စိမ်းစိမ်းသာ နေကြစို့ ..

Saturday 14 May 2011

တစ်ရံတစ်ခါဆီသို့








မောင် ” ..ဆိုတဲ့ စကားလုံးတစ်ခွန်းကို လှလှပပ ခေါ်ဆိုဖို့ ဘ၀မှာ တစ်ကြိမ်တခါ က အိပ်မက်မက်ခဲ့ဖူးပါတယ် အိပ်မက် မက် ရမှာကို ကြောက်တတ်တဲ့ ကျွန်မဟာ ဒီအိပ်မက်ကို ကာလရှည်အိပ်မက်အဖြစ် မက်ဖို့ တိတ်တဆိတ် ဆုတောင်း ခဲ့ဖူးပေမယ့် ကံအကြောင်းမလှစွာဘဲ ကျွန်မရဲ့ ဆုတောင်းတွေက မပြည့်ခဲ့ပါဘူးမောင် အပြစ်ရယ်လို့ ဘယ်သူ့ ကိုမှ တိတိကျကျ တင်လို့မရပေမယ့် ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကိုတော့ မကျေနပ်ဘူး ထို့အတူဘဲ ကျေးဇူးလည်း တင်ခဲ့ပါတယ်..

Thursday 12 May 2011

Beyond The Dream

Give Me My Sleep
Keep Me Be Warm
Come To My Dream
Streaming The Love 
But .......
It Is Dark   ....

တံခါး ခေါက်သံ


တဒေါက်ဒေါက်နှင့်
ခေါက်သည့်အသံ
ရင်ကိုမှန်သည်
ဖွင့်ရန် ဖွင့်သင့် .. မဖွင့်သင့် 

Tuesday 10 May 2011

ငြင်းဆိုခြင်း

အလွမ်းလား
သွားစမ်းပါကွယ်
မခမ်းနားချင်ထား
မဆန်းပြားချင်နေ
အလွမ်းဖျားတော့ မဖျားလိုဘူး ..
အရမ်းမှားမှာစိုးလို့ပါ  ..

Thursday 5 May 2011

ကလေးကဗျာများ - ၁

ငှက်ကဗျာ

သစ်ပင်ထက်က
ကိုဇရက်
အပြုံးသူမပျက် ။
ဒေါသထွက်တဲ့
ရွှေစွန်ညို
မျက်စောင်းထိုးတယ်ဆို   ။
ရွှေချိုးဖြူ
ကူပါဗျ
သားသားဝဝ
သဘောကျ ..။

ပဋ္ဋိပက္ခများ

ကြယ်ကြွေချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်သတဲ့
ဆုတောင်းပြည့်ဖို့ကြယ်တွေကို ကြွေစေချင်ခဲ့ရင် ရော ကြယ်တွေရဲ့အပေါ်မှာတရားပါ့မလား
အပြောင်းအလဲမရှိတဲ့ကောင်းကင်ဟာ အိနြေ္ဒ ၀တ်ရုံကို ခြုံထားဆဲဘဲ ..
အရှိန်နဲ့ပြေးနေတဲ့ကားတွေဟာဘာလို့များနောက်ပြန်သွားနေကြတာလဲ 
ကာလယန္တရား ဟာ နောက်ပြန်လည်နေလား .. အရင်အတိုင်းသွားနေဆဲလားဆိုတာ ငါ မဝေခွဲတတ်တော့ဘူး
အသက်တွေတဖြည်းဖြည်းကြီးလာပြီး စိတ်တွေတဖြည်းဖြည်းငယ်လာကြတာ ဘာကြောင့်များလဲ..
နွေပြီးမိုး ..မိုးပြီးဆောင်း ..ဆောင်းပြီးနွေ ဆိုတာ သဘာဝလား ပညတ်လား
မှန်ထဲမှာမြင်လိုက်တဲ့ ခေါင်းထက်က ဆံပင်ဖြူ နှစ်ချောင်းကို အလန့်တကြားကြည့်မိတယ် 
အဲဒီအချိန်မှာဘဲငှက်တစ်ကောင်ရဲ့တဟားဟားရယ်သံကိုကြားလိုက်တယ်.. သြော် .. ငှက်တွေတောင် မှ ရယ်တတ်နေကြပြီ ..
ဗလာကျင်းနေတဲ့ နှလုံးသားကွက်လပ်ဟာ ဘာဖြည့်ဖြည့် မပြည့်နိုင်တာ ဘာကြောင့်လဲ
ကိုယ့်ရင်ဘတ်ကို ကျောခိုင်းရတာလောက် ရင်နာစရာကောင်းတာ ရှိနိုင်ဦးမှာလား
မလုပ်ချင်တဲ့ လုပ်သင့်တာတွေကို လုပ်ခဲ့တယ် .. လုပ်ချင်တဲ့ မလုပ်သင့်တာတွေကို မလုပ်ခဲ့ဘူး .. မလုပ်သင့်တာတွေကိုလုပ်ချင်တယ် ..လုပ်သင့်တာတွေကို မလုပ်ချင်ဘူး ..
ဒိလိုနဲ့ ဖြစ်နေတာရယ် ..ဖြစ်ချင်တာရယ် ..ဖြစ်သင့်တာတွေရဲ့ကြားမှာ စိတ်ဟာ တဖြည်းဖြည်းနဲ့ အကျဉ်းကျခဲ့တယ် .. 
Jailbreak လုပ်လို့ရမယ်ဆိုရင်တောင်မှ break လုပ်စရာ  jail ကိုရှာရတာ သက်တမ်းထက်ဝက်ကြာခဲ့ပြီ ..
အစိမ်းရောင်တွေ ၀ါလာကြတယ် ..  အပြာရောင်တွေပျောက်ဆုံးလာတဲ့သဘောတွေလား
အဖြူရောင်တွေကို မတွေ့ရတာ တော်တော်တောင်ကြာခဲ့ပြီ ..
ပတ်ဝန်းကျင်ကိုကြည့်လိုက်စမ်းပါ .. ရက်စက်ခြင်းအရောင်တွေနဲ့ပြည့်နေကြတယ်
မျက်ရည်ဆိုတာ အရောင်မဲ့သတဲ့ .. ဒါ ယုံတမ်းပုံပြင်ပဲ ..
တကယ်ကျခဲ့ဖူးတဲ့ မျက်ရည်တွေကတော့ တကယ့်အနီရောင်စစ်စစ်တွေပါ
ကြည့်ရင်းကြည့်ရင်း အမိုးမဲ့တဲ့ အိမ်တွေ များများလာကြတယ် 
မုတ်သုန်ရာသီမှာ မိုးကိုမမြင်ရတာတော့ ရင်နာစရာ..
ဆိုလိုက်တုန်းကတော့ သီချင်းဘဲ .. ဒါပေမယ့် ထွက်လာတော့ ငိုချင်းရှည် ဖြစ်နေတယ် ..
အပြုံးတွေရဲ့နောက်ကွယ်က အစွယ်တွေကိုကြောက်တယ်
နေကြာပန်းတွေ ရောင်းသွားတဲ့ လူကြီးကို လွမ်းတယ်
ပန်းသီးကြွေ ကျတာကိုကောက်မစားဘဲ နိယာမ တွေရှာထုတ်ခဲ့တဲ့ လူကြီးကို မုန်းတယ်
E=mc2 ဆိုတဲ့ ညီမျှခြင်းကို ရှာခဲ့တဲ့ လူကြီးကိုတော့ ဆံပင်စိုက်ပေး ..ဆေးဆိုးပေးရမယ်
Formalဆိုတဲ့စကားကို ဘယ်သူစသုံးခဲ့တာပါလိမ့် .. မ Formal ချင်တဲ့ငါကတော့  Formal ကြားမှာ နစ်နေတာ ကြာခဲ့ပြီ ..

လွမ်းတတ်သူ ... သို့

အလွမ်း ဇတ်ကိုရှာ
အလွမ်းကို ဇာတာဖွဲ့
လွမ်းရတဲ့ ရက်ကိုရေ(ရီ)
အလွမ်းစာစီလို့
လွမ်းကဗျာ သူသီဖွဲ့လေတော့
လွမ်းဋ္ဋီကာ ဖွင့်ကာပြောကွယ် 
လွမ်းမယ် တဲ့လား ... 

စိုးစိတ်

စိတ်အထွေ     
အတိတ်တစေအခြောက်ခံရလို့       
ကမောက်ကမသည်ရင်    
ကြည်မရွှင်သက်လုံး   
ပြုံးရယ်ကာမနေခဲ့       
ချစ်လျက်နဲ့ပုန်း

Tuesday 3 May 2011

ပျောက်ဆုံးခြင်း - ည

လမလင်းတဲ့
ညခင်းတစ်ခုမှာ
ကြယ်အလင်းနဲ့အတူ ရှိခဲ့တယ် ..
ပိုးပုရစ်တို့ရဲ့
တကျီကျီ မြည်သံအဆုံး
ငါလည်းညကို မုန်းသွားတယ် ..
နတ်သျှင်နောင်ရဲ့
ရတုတွေနဲ့အိပ်စက်
အိပ်မက်ဖို့အခွင့်ရေး
ငါနဲ့ဝေးသည်ထက်ဝေးခဲ့တယ် ..
မဟတ္တမဂန္ဒီ ရဲ့မေတ္တာ
အီမယ်လ်ဒါမားကို့စ် ရဲ့ဖိနပ်တွေကြား
စိတ်ကူးနဲ့ခရီးသွားရင်း
အရှေ့အလယ်ပိုင်းလည်းရောက်ခဲ့တယ် ..
ကွဲကြေရတဲ့စိတ်အစဉ်ကို
ပြန်လှည့်မယ်ပြင်တုန်း
ဗြုန်းကနဲ ဆို
အသံဆိုးတစ်ခုကြောင့် နိုးခဲ့တယ် ..

“............................. ”





ဆန္ဒမွန်

မနက်လင်းစ သည်ချိန်ခါ
နေမင်းရောင်ခြည်ဖြာ
ငှက်ကလေးတွေတေးသံကြား
ပျော်ရွှင်ကြစေသား  ..
စကားလုံးတွေ ပန်းလိုစီ
ချစ်ခြင်းလရာသီ
ရင်ခုန်ခြင်းတွေ တို့တွေကြား
ရှည်ကြာရစေသား ..
ရွှေလက်တွဲလို့ တူပျော်ပျော်
ခရီးနှင်စို့နော်
မင်းရယ် ကိုယ်ရယ် သစ္စာထား
နေနိုင်ရစေသား ..

Sunday 1 May 2011

မျှော်လင့်ခြင်းကွင်းပြင်

တခါက
မျှော်လင့်ခြင်းကွင်းပြင်မှာ
ပန်းရောင်စုံတွေပွင့်ဖူးတယ် ..
ဖြူဖြူလွလွ
မွှေးမြမြ နဲ့
စံပါယ်ပန်းလေး ပွင့်ဖူးတယ် ..
ရဲရဲရင့်ရင့်
ပွဲလယ်တင့်သည့်
ဆူးနှင့်နှင်းဆီ လည်းပွင့်ဖူးတယ် ..
မယိမ်းမယိုင်
ကျောက်စာတိုင်ပေါ့
သစ္စာပန်းခိုင် လည်းပွင့်ဖူးတယ် ..
ဟန်ပန်အဆင်း
မာန်ကိုတင်းတဲ့
သစ်ခွမင်းလည်း ပွင့်ဖူးတယ် ..
ယခုတော့လည်း
ရနံ့ကွယ်မှောက်
ပန်းတွေပျောက်လို့
ထီးတည်းကမ္ဘာ
ကိုယ်သာကျန်သည်
ထပ်မံမျှော်လင့်နေဦးမည် ...