Wednesday 18 December 2013

သြော် .. မိန်းမ မိန်းမ (၂)



Treadmill..
ဒီ လမ်းလျောက်စက်၊ အပြေးလေ့ကျင့်စက်ကို သူမ အမြင်ကပ်လှသည်။ ဤစက်ပေါ်တွင်လမ်းလျှောက်လျှင်သော်လည်းကောင်း၊ ပြေးလျှင်သော်လည်ကောင်း အရွေ့မရှိပဲ ချွေးတွေသာ တောက်တောက်ကျ၍လျှာသာ အလျားလိုက်ထွက်လာသည်မဟုတ်လား။ သူမက အားကစားဝတ်စုံကလေးဝတ်ကာ ဦးထုတ်လေးဆောင်းပြီးလှလှပပ လေ့ကျင့်ခန်း လုပ်လိုသည်လေ။ ဒါကို သိသော မောင် သည် ညစ်ကျယ်ကျယ်စိတ်ဖြင့်ထို Treadmill ကြီးကို ဈေးကြီးပေးကာ ဝယ်လာတော့သည်။ သူ၏ အကြောင်းပြချက်ကား မိုးရွာရွာနေပူပူ မလေး လမ်းလျောက်ချင်တဲ့ အချိန် ပြေးချင်တဲ့အချိန် ပြေးနိုင်ရန် .. ဟူ၏။

၂။

ညသည် သန်းခေါင်ယံကို အတော်ပင် ကျော်လာခဲ့ပြီ။ သူမကတော့ မီးပူတိုက်ပြီးသားအဝတ်များကို ခရီးဆောင်အိတ်အတွင်း စီထည့်ကာ အရီးစဉ်တစ်လျောက် လိုအပ်မည့် ပစ္စည်းများကိုစဉ်းစားလိုက် ထည့်လိုက်နှင့် ရှိနေသည်။ သူကတော့ သူမ နဘေးတွင် ထိုင်လိုက် မှောက်လိုက်နှင့်သူ၏ ဖုန်းထဲတွင်ရှိသော game များကို တစ်ခုပြီး တစ်ခု တတီတီ တတိန်တိန် နှုင့် ကစားနေသည်။သူမ မျက်စောင်းလှည့်ထိုးသည်ကိုပင် သူက မသိချေ။ နှုတ်မှလည်း သိလား မလေးရဲ့ .. ဒီgame က ဒီလို.. ဟိုလိုနှင့် ပေါက်ပေါက်ဖောက်သလို ပြောနေ သေးသည်။ မောင်သည် တစ်ခါတရံတွင်ကလေးလေးတစ်ယောက်လိုပင်။ သူမမှာတော့ တစ်ခါမှ မခွဲစဖူး ခွဲရမည်မို့  ရင်ထဲတွင် ဆို့နင့်နင့် နှင့် ဖြစ်နေသည်။သူကတော့ မည်ကဲ့သို့မျှ ခံစားရပုံ မပေါ်ပါ။ ခရီးသွားရမည်ကို တက်ကြွနေသလိုပင်။  ပွစိပွစိ ပူညံပူညံဒဏ်မှ တစ်ပတ်တာမျှ ကင်းလွတ်ကာနား နိဗ္ဗာန် ရောက်ပြီ ဟုလည်း ထင်ကောင်းထင်နေနိုင် သည် မဟုတ်လား။  သည်လိုတွေးမိတော့ သူမ မျက်နှာက စူပုပ်ပုပ်ဖြစ်လာသည်။ ဒါကို သတိထားမိတော့ သူက သူ့ပခုံးတွင် မှီခိုစေကာ ရယ်စရာများကို ပြောပြနေသည်။ဘာပဲဖြစ်ဖြစ် သူလည်း သူမကို လွမ်းဆွတ်နေမှာပါ ဟု သူမဘာသာ သူမ ယူဆလိုက်သည်။

နောက်တစ်နေ့တွင် ကွင်းချိန်း ချိန်ရောက်သည်အထိ မောင်သည် အလုပ်များမပြီးပြတ်သေးပါ။  နောက်ဆုံးတော့ လက်စသတ်ကာ လေယာဉ်ကွင်းသို့နှစ်ယောက်သား နောက်က ကျားလိုက်သကဲ့သို့ ပြေးကြရသည်။  လမ်းတွင်လည်း “မခွဲစဖူး ခွဲရမှာဆိုတော့ စိတ်မကောင်းဖြစ်နေမှာပဲနော်..  မျက်ရည်လေးတွေတောင်  ဝဲနေတယ်..” ဟုဆိုကာ စနောက်နေသေးသည်။ ဘာဖြစ်ဖြစ်သူမ ဝမ်းနည်းနေသည်ကို သိမြင်ခြင်းအတွက်တော့ ကျေနပ်နေမိသည်။ သူသည် ထိုခရီးစဉ်တွင်နောက်ဆုံးဝင်သော ခရီးသည်သာ ဖြစ်တော့သည်။

အပြန်လမ်းတစ်လျောက်သည် ခြောက်ကပ်ကပ်နှင့် အရာရာသည် မလှပသကဲ့သို့ စိတ်မှာထင်မိသည်။ချစ်ရသူနှင့် တစ်ခဏတာကလေး ဝေးကွာရခြင်းပင်လျှင် ဤမျှ ဖြစ်ရသည်ဆိုလျှင် ကာလတာရှည်စွာဝေးကွာနေရမည် ဆိုခြင်းကို သူမ မတွေးရဲတော့ပါ။ တရားမရှိဘူးဟု ဆိုချင်ဆို သူမကတော့ဤမီးရောင်ကလေးနားတွင်သာ တဝဲလည်လည် လည်နေချင်တော့သည်။

အိမ်ပြန်ရောက်သော် ကားထဲတွင် သူမေ့ကျန်ခဲ့သော ပေါင်မုန့်ကြက်ဥကြော်ကိုကတ်ကြေးနှုင့် အတုံးကလေးများတုံးကာ တစ်ခုချင်း စားလိုက်သည်။ သူမ စားလေ့စားထ မရှိသောပေါင်မုန့်ကြက်ဥကြော်သည် ယခုအခါတွင် နှစ်သက်ဖွယ်ရာ ဖြစ်နေသည်။ ဤသည်မှာ သူချန်ခဲ့သောပေါင်မုန့်ကြက်ဥကြော် ဖြစ်ခြင်း ဟူသည့် အကြောင်းတစ်ခုတည်း ကြောင့်သာ ဖြစ်သည်။

ညနေပိုင်းတွင်မူ သူက ရောက်ရှိရာ မြို့မှ ဖုန်းဆက်လာသည်။ အစားမစားဘဲ နေမည်ကိုစိုးရိမ်ကာ အစားစားရန်၊ စောစောအိပ်ရန်၊ ရေကို အကြာကြီးမချိုးရန်၊ ခေါင်းကိုအကြာကြီးမလျော်ရန်နှင့် နေမကောင်းဖြစ်တာ၊ ဗိုက်နာတာ၊ ချောင်ဆိုးတာ ၊ နှာစေးတာ မဖြစ်စေလိုကြောင်းမှာကြားနေသော မောင့်စကားများကို နားထောင်နေရင်း မောင်သည် သူမကို ချစ်သည်ဟု ယုံကြည်မှုများတိုးတိုးလာကာ သူမ မျက်နှာသည် ထိမ်းမရအောင် ချိုမြနေပြီး တစိမ့်စိမ့် လွမ်းဆွတ်လာကာမျက်ရည်များလည်း တတွေတွေ စီးကျလာသည်။ ဤသို့ မျက်ရည်ကျနေသည်ကို မောင်သိစရာ မလိုပါ။သူမှာကြားနေသည်များကို အင်းပါတလှည့်၊ ဟုတ်ကဲ့တစ်လှည့်နှင့် ပြန်ဖြေနေရင်း ကျေနပ်နေသည်မှာသူမ သာဖြစ်သည်။

၃။

နောက်တစ်နေ့မနက်သည် တိတ်ဆိတ်လွန်းလှသည်။ အအိပ်မက်သော မောင့်ကို နှိုးစရာမလိုသောအခါသူမ ယောင်တောင်တောင်နှုင့် အိမ်ရှေ့ထွက်လိုက် ဧည့်ခန်းတွင်ထိုင်လိုက်၊ မီးဖိုထဲဝင်လိုက်ဖြစ်နေသည်။ ဘာကိုမှလည်း မည်မည်ရရ လုပ်သည်မရှိဘဲ အလုပ်များကာ အလိုလိုပင် ပင်ပန်းနေတော့သည်။သူကြိုက်တတ်သော ပဲပြုတ်နှုင့်ထမင်းကိုနယ်ကာ ကော်ဖီ တစ်ခွက်ဖြင့် အလွမ်းပြေစားလိုက်မှအနည်းငယ် နေသာသွားသည်။

နေ့လည်ပိုင်းတွင် သူငယ်ချင်းမ မဗိုက်ရောက်လာသည်။
“ဟဲ့ နုထွေးရယ်.. ကိုယ်ဝန်ကြီးနဲ့ ကားမောင်းရလား..” ဟူသော အမေးကို“နိုင်ငံတကာမှာ ကိုယ်ဝန်ဆောင်မိန်းမတွေ ကားမောင်းနေတာမှ အများကြီး။ ငါက ဘာလို့မမောင်းရမှာလဲ..ငါက ခုမှ ၄လကျော်လေး ရှိသေးတာ..” ဟု နိုင်ငံတကာနင့်ချီကာ ပြန်ပြောလာသည်။ ဟုတ်ပါသည်လေ..အဲ့ဒီမိန်းမက နိုင်ငံတကာ ပတ်နေသူမို့ ပြောအားရှိမှာပေါ့ ဟု စိတ်ထဲကနေ မဲ့ရွဲ့ပစ်လိုက်သည်။

“ငါ မုန့်သွားစားချင်လို့ လိုက်ခဲ့ပါဟယ်.. နင်လည်း အားတယ် မဟုတ်လား..” ဆိုသော သူမ၏စကားကို မငြင်းပယ်ဘဲ လိုက်ခဲ့လိုက်သည်။ ဖက်ဖူးရောင်ဟု အမည်ရသော ဆိုင်သို့အရောက်တွင် နုထွေးသည် မုန့်များကို တစ်ခုပြီး တစ်ခု မှာသည်။ ဘယ်ဟာကိုမှလည်း ကုန်အောင်မစားပါ။ ကော်ပြန့်စိမ်း၊ ပဲနံပြား၊ ပလာတာ၊ မြီးရှည် အစရှိသည်တို့ကို ဟိုတို့တို့သည်တို့တို့နှင့် ..။ သူမကတော့ ယောင်ယောင်မှားမှားနှင့် မောင်နှုင့်အတူ မှာနေကျအတိုင်း ကျဆိမ့်တစ်ခွက် ချိုကျ တစ်ခွက်မှာကာ နှစ်ခွက်လုံးကို သောက်ပစ်လိုက်သည်။ပြီးနောက် အားလူးပူရီ တစ်ပွဲမှာစားကာ မဗိုက် ကိုလည်း
“ဟဲ့.. ဘာလို့ တခုခုကို ကုန်အောင် မစားဘဲ အကုန်လျှောက်မှာ နေတာလဲ”ဟု မေးတော့ ဂုဏ်ယူဝင့်ကြွားသော မျက်နှာကြီးနှင့် သူမဗိုက်ကို လက်နှုင့် သာသာလေးပုတ်လျက်
“ဗိုက်ထဲက သားလေးက ဘာစားချင်မှန်းမသိဘူးဖြစ်နေလို့ ကောင်းနိုးရာရာလေးတွေကျွေးနေတာ” ဟုဆိုကာ မာန်တက်စွာ ပြန်ပြောသည် ။ 
 အနှီမိန်းမ ကို မျက်စောင်းကြိတ်ထိုးရင်းငါကလေးမွေးလျှင် အမွှာပူး မိန်းကလေးလေး မွေးမယ်.. အဲ့ဒီတော့မှ သူ့သားက လာကြိုက်တယ်ဆိုရင်ခပ်တင်းတင်းနေပလိုက်မယ် ဟုလည်း စိတ်ထဲမှ မဲ့ရွဲ့လိုက်သေးသည်။ သူမအကြောင်းကို သိသောနုထွေးက 

“ဒီမယ် မလေး.. နင်သမီးကလေးမွေးလို့ ငါ့သားက ကြိုက်တယ်ဆိုရင် နင် သဘောတူတူမတူတူ ကိုမောင့်ကိုပြောပြီး အတင်းကို ပေးစားပစ်မယ်..” ဟု အနိုင်ပိုင်းပြောကာတဟားဟားရယ်နေသည်မှာ မုန်းစရာပင် ကောင်းသေးတော့သည်။

၎။

“မလေးရေ .. မောင်လေ ဒီမှာ ကလေးမလေးတစ်ယောက်ကို မုန့်သွားစားရင်း တွေ့တယ်ကွ၊ချစ်စရာလေး.. မောင့်လို မျက်လုံးမျိုးလေးနဲ့  မလေးလို နှတ်ခမ်းချွန်ချွန်လေး.. အသက်ကလည်း နှစ်နှစ်ကျော်ကျော်လောက်ပဲရှိဦးမယ်.. စကားကလည်း တတ်ပါ့ .. ” ဟု ချစ်စဖွယ် ပြောလာသောအခါ ထိုကလေးမလေးကို မြင်ဖူးချင်စိတ်ကအထွတ်အထိပ်သို့ ရောက်ရှိပြန်သည်။ မောင်၏ ချစ်မြတ်နိုးခြင်းကို ခံစားရသောအခါ သူမသည်မာန်မာန တဝင့်ဝင့်နှုင့် သူမ၏ သူငယ်ချင်းကိုပင် စိတ်ထဲမှ လှမ်း၍ ကြွားဝါလိုက်သေးသည်..။မောင် ငါ့ကို ချစ်သလောက် နင့် ဘော်တကဲကြီးက နင့်ကို ချစ်ရဲ့လားဟု..။ အတွေးများနှင့်ပင်သူမ တခိခိ ရယ်နေရသည်လေ..။

၅။

၂ရက်၊ ၃ရက်၊ ၄ရက်၊ ၅ရက်..။
ဘာလိုလိုနှင့် သူမဘေးတွင် မောင် မရှိသော နေရက်တို့ကို ဖြတ်ကျော်လာရသည်မှာ၅ရက်ပင် ရှိပြီ။ ထိုရက်တို့သည် သူမကို ပင်ပန်းစေသည် ဟုတ်လား။ မောင်ကြိုက်တတ်သောအစားအစားများကို ချက်ပြုတ်စားသောက်ရင် အလွမ်းဖြေရ သည်မှာလည်း တမျိုးတော့ဖြင့် စိတ်ချမ်းသာစရာပင်။

နေ့လည်တွင်  မင်္ဂလာဆောင်တစ်ခုဖိတ်ထားသည်ကို သွားရန် အလှပြင်သောအခါ သိသိသာသာ ဖောင်းလာသော မျက်နှာကို အလှပိုသည်ဟုပင်ထင်မိသေးသည်။ထိုသည်မှာလည်း တစ်ခဏသာပင်။ အဝတ်အစားလဲသောအခါတွင် သူမ တစ်ယောက် မျက်လုံးပြူးရတော့သည်။အင်္ကျီသည် ရင်ဘတ်တွင် စေ့မရတော့ပေ။ ခါးနေရာတွင်လည်း လက် သုံးလုံးစာမျှ ဟနေသည်။ မည်သို့မျှဆွဲစေ့၍ မရပေ။ စကတ်မှာလည်း ဇစ်ဆွဲ၍ မရ။ မရမက ဆွဲသော် ဗိုက်ကလေးက လုံးထွက်ကာ မှန်ထဲတွင်မြင်နေရသော သူမ ပုံသည် အတစ်တစ်၊ အရစ်ရစ် ဖြစ်ကာ ပဲခူးဘုးရားဈေးတွင် ရောင်းသော ကောက်ညှင်ထုပ်များနှင့်အတော်ပင် တူလှသည်။ အသစ်စက်စက်ချုပ်ထားသော ထို ဝတ်စုံကလေးသည် ချုပ်ကာစက သူမကိုယ်နှင့်အတိဖြစ်ကာ အင်မတန်ကြည့်ကောင်း လှသည် ဟု မောင်ကပင် ပြောသေးသည်။ တစ်ခါမျှပင် မဝတ်ရပါဘဲသေးသွား ကျုံ့သွားသည်တော့ မဖြစ်နိုင်ပါ။ အထိတ်ထိတ် အလန့်လန့်နှင့် digital bathroom scale ပေါ်သို့ ခုန်တက်တော့ ကီလို၆၀မျှ ရှိသော သူမသည် မယုံကြည်စရာကောင်းကောင် ၆၄ကီလို ဖြစ်နေတော့သည်။

ဘုရား ..ဘုရား..  နှင့် ဘုရားပေါင်းစုံတကာ သူမစားခဲ့သော အစားအစာများကို ပြန်လည် သုံသပ်ကြည့်မိသည်။

မောင်ကြိုက်တတ်သော အစားအစာများကို မနက်ဆိုမနက်၊ နေ့လည် ဆို နေ့လည်၊ညနေဆိုညနေ၊ ညဆိုည မောင့် ကိုလွမ်းစိတ်နှုင့် မောင်စားသကဲ့သို့ စာမိခြင်းသည် သူမကိုဤသို့ ဝဖီးစေလာသည်လား။

ဘုရားရေ..။ မောင်ပြန်လာရန် ၂ရက်သာလိုတော့သည်။ ရက်သတ္တ တစ်ပတ်တာအတွင်းဤမျှ ဝဖီးလာခြင်းကို မောင် မြင်တွေ့လျှင် သူမကို အချစ်လျော့သွားနိုင်သည် ဟု တွေးကာစိတ်အဆင်းရဲကြီး ဆင်းရဲနေတော့သည်။ ဘာလုပ်ရမည်နည်းဟု အသည်းအသန် စဉ်းစားကာ အင်တာနက်စာမျက်နှာများ၌ကိုယ်အလေးချိန် အမြန်ကျနည်းများကို ရှာဖွေဖတ်ရသည်မှာလည်း ခေါင်းပင်ချာချာလည်နေပြီ။

နောက်တော့ သူမသည် အကောင်းဆုံးနည်းကို ရှာဖွေ တွေ့ရှိသွားသည်။

၆။

ဤ  Treadmill ကလေးကို အမြင်ကပ်စရာဟု သူမ မမြင်တော့ပါ။  ထို့အပြင် အမြော်အမြင်ရှိသောမောင့်ကိုလည်း တိုး၍ တိုး၍သာ ချစ်မြတ်နိုးရပါတော့သည်။



ပျိုးယုဝသုန်
28-11-2013
Thursday (YGN)

2 comments:

Cameron said...

နောက်ဆုံးတော့ လမ်းလျှောက်စက်ပေါ်ပြန်ရောက်သွားတယ်မဟုတ်လား...း)

NSA said...

အဟောင်းရီး ပြန်တင်တယ်.. ဟင်းဟင်းဟင်း