ဆောင်းခိုငှက်တွေ ပြန်လာကြပြန်ပြီ .. နေဝါ။
“သူတို့ ထွက်သွားစဉ်ကအတိုင်းပြန်လာကြရဲ့လား၊ လျော့နည်းသွာသလား၊ တိုးပွားလာသလား။
အသစ်ရောက်ရှိလာသူတွေကို လက်ကမ်းကြိုဆိုကြရဲ့လား။ ကျန်ရစ်ခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲနေကြလား…”
ဆောင်းခိုငှက်တွေ ပြန်လာတိုင်း ကြားနေကျစကားတစ်ခွန်း မကြားရတာကြာနေခဲ့ပေမယ့်
ဒီအချိန် ဒီလိုနေရာရောက်တိုင်း ပြောသူမရှိဘဲ
ထပ်ခါတလဲလဲ ပြန်လည်ကြားနေဆဲ..။
x x x
x x
ငါတို့ စက္ကူလှေလေးတွေ လွှတ်နေတဲ့ ချောင်းငယ်လေးဆီကိုရောက်ဖို့ သွားနေကျ
လမ်းကလေးဟာ အရင်အတိုင်း ဝါညိုရောင်မြက်ရိုင်းရှည်တွေ တစ်ဖက်စီမှာ အပြိုင်းအရိုင်း
မပျက်မကွက် ပေါက်နေဆဲပါ နေဝါ။ စက္ကူလှေတွေကို လွှတ်ရင်း၊ မြက်ရိုင်းပန်းတွေကို ခူးရင်း
ငါကတော့ လမ်းရဲ့အကွေ့ထောင့်ကလေးကနေ ဘယ်အချိန်မှာများ မင်း ထွက်လာပြီး ခြောက်လှန့်လိမ့်မလဲလို့
မျှော်လင့်နေဆဲပါ..။ ရက်တွေ လတွေ အတော်တောင် ကြာခဲ့ပြီပဲ နေဝါ..။
“ကိုယ်ရှိတဲ့နေရာကိုပဲ ဥသြတွေက ရောက်လာတာလား၊ ဥသြသံတွေ ကြားနေရတဲ့ နေရာကိုပဲ
ကိုယ်က ရောက်နေတာလား မသိဘူး..။ ဒါပေမယ့် ကိုယ်ရှိတဲ့နေရာမှာ ဥသြသံတွေ ရှိနေတယ်
.. ရီ..”