Friday, 26 April 2013

ကျွန်မ နှင့် အနုပညာများ




ကျွန်မ ငယ်စတည်းက သီချင်းဆိုရတာကို နှစ်သက်လှတယ်။ သီချင်းသံကြားရရင် တိတ်တိတ်လေး နားထောင်နေပြီး လိုက်မှတ်နေတတ်တယ်။ သီချင်းတွေကို ကျွန်မ မွေးကာစ ကတည်းက ရင်းနှီးခဲ့တယ် လို့ပြောရင်တောင် ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ အစ်မဝမ်းကွဲတွေက အဆိုဝါသနာရှင်တွေဖြစ်ပြီး မကြာခဏ ပိတ်ရက် တွေမှာ တူရိယာအစုံနဲ့ သီချင်းတိုက် နေကြလို့ပါ။ Drum Set တွေ Guitar တွေ နဲ့ စုံပလုံစီ နေတဲ့ တီးဝိုင်းတစ်ခုစာ အပြင်အဆင်ဟာ ငယ်ကတည်းက ကျွန်မ အတွက် မစိမ်းခဲ့ပါဘူး။


မေမေကလည်း အဆိုကောင်းတဲ့ သီချင်းဆိုတတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သလို ဖေဖေကလည်း ကြိုးတပ်တူရိယာ တော်တော်များများကို တီးမှုတ်တတ်သူဖြစ်လေတော့ မေမေ့သီချင်းသံ..၊ ဖေဖေ့တယောသံ မယ်ဒလင်သံ ဂီတာသံ တွေကြားမှာ ကြီးပြင်း လာရင်း ဒီသမီးတစ်ယောက်ဟာ သီချင်းတွေကို ချစ်တာ ဆန်းမယ် မထင်တော့ပါဘူး။ ငယ်ကတည်းက သီချင်းလေး တအေးအေး တညီးညီး နဲ့ နေတတ်တဲ့ ကျွန်မဟာ သီချင်းကိုတော့ မှန်ကန်အောင် လုံးဝနီးပါးကို မဆိုတတ်ပါဘူး။
အသံထွက်တာကလည်း မိခင်၊ မောင်လေးတို့နဲ့ ဆန့်ကျင်စွာ တိုးတိမ် သေးမျှင်နေလေရဲ့။ သီချင်း တစ်ပုဒ်ကနေ နှစ်ပုဒ် သုံးပုဒ် ဖြစ်လာပြီဆိုရင် လူကြီးတွေက “ဟဲ့ တိတ်တိတ် နေစမ်း ..နားညည်းရတဲ့ အထဲ .. ဒေါ်မြလေးအသံနဲ့ ဆိုနေတယ်” ဆိုပြီး ဟိန်းဟောက်တာ အမြဲလိုလို ခံခဲ့ရတယ်။ သို့သော်လည်း ဝါသနာနဲ့ဗီဇ ဆိုတာက တားရခက်သားလား။ အသံထွက်ပြီး ဆိုလို့မရရင် လက်နဲ့ ရေးပြီး ဆိုတာပေါ့..။ ဒါကြောင့်  “ကျွန်မ ယခုဆိုမယ့် သီချင်းလေးကတော့ ဒဿလိုမိန်းမဖြစ်ပါတယ်ရှင်..  ပုဇွန်ဆိတ်လေး ဖြစ်ပါတယ်ရှင် ..” ဆိုတဲ့ စာကြောင်းတွေကို အရပ်နဲ့ လက်လှမ်းမီတဲ့ အိမ်ရဲ့ အုတ်နံရံတွေမှာ မွစိတက်နေအောင်ကို ခဲတံနဲ့ ရေးတော့တာပါပဲ..။ ကံကောင်းတာ တစ်ခုက ကျွန်မတို့ရဲ့အိမ်ဟာ အောက်ထပ်မှာ မော်တော်ကားပြင်တဲ့ အလုပ်ရုံ တစ်ခုဖြစ်နေတာပါပဲ။ စနေနေ့ နေ့လည်ပိုင်းတွေနဲ့ တနင်္ဂနွေ နေ့မှာအောက်ထပ်ဟာ ကျွန်မရဲ့  ဂီတဖျော်ဖြေရာ နေရာတစ်ခုဖြစ်ခဲ့တယ်။


ကျွန်မက သီချင်းတွေကို ချစ်သလို ပန်းချီကားတွေကိုလည်း ချစ်သေးတယ်။ ခဲတံကိုင်တတ်စ အရွယ်ကတည်းက ပန်းပွင့်တွေ ကို ဝလုံးတွေ ဆက်ပြီး ဆွဲရတာ သိပ်သဘောကျတာပေါ့။ နောက်ပိုင်း လူပုံ၊ အကောင်ဗလောင်တွေပုံ..။ ကားပုံ ရထားပုံ၊ သစ်ပင်ပုံ မျက်လုံးထဲ မြင်သမျှကို စာရွက်အလွတ်ရှိတဲ့နေရာတိုင်မှာ ဆွဲခဲ့တယ်။ နောက်ဆုံး သတင်းစာစောင်တွေရဲ့ ဘေးသား အဖြူတွေကိုတောင် အလွတ်မပေးခဲ့ဘူး။ နောက်ဆုံ ဆွဲစရာ နေရာမရှိတော့ရင် ကျွန်မရဲ့ ပန်းချီကားတွေဟာ ထုံးစံအတိုင်း အိမ်နံရံပေါ် ရောက်ကုန်တော့တာပေါ့။ အသန့်အပြန့်ကြိုက်တဲ့ မေမေဟာ အိမ်နံရံမှာ ခဲတံ၊ မင်တံနဲ့ ပုံဆွဲတာ စာရေးတာကို လုံးဝ ခွင့်မပြုပါဘူး။ ကျွန်မကလည်း အဆူ အရိုက်ခံပြီး ဆွဲခဲ့ ရေးခဲ့တယ်။ ကျွန်မ အိပ်ရာရဲ့ ဘေးနံရံနဲ့ ခေါင်းရင်းပိုင်းတွေဟာ ပုံတွေ၊ ကဗျာတိုတွေ၊ သီချင်းစာသားတွေနဲ့ ပြည့်နေခဲ့တယ်။  နောက်ဆုံး ဆွဲစရာ နံရံမှာ နေရာမကျန်တော့ရင် ဖယောင်းတိုင်ကို မီးညှိပြီး မျက်နှာကျက်မှာ မီးတောက်က ထွက်တဲ့ မှိုင်းနဲ့ ပုံတွေဆွဲတဲ့ အထိ ထင်ရာမြင်ရာ လုပ်ခဲ့တယ်။ ပြောလို့ပြောတာ မဟုတ်ပါဘူးရှင်..။ မီးတောက်ကရတဲ့ မှိုင်းငွေ့တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ပုံတွေဟာ တစ်မူထူးဆန်းတာတော့ အမှန်ပါပဲ။


ကျောင်းတက်ချိန်ကာလတွေမှာတော့ ကျွန်မ အင်မတန်ပျော်ရပါတယ်။ ကျောင်းစာအုပ်ရဲ့ နောက်ပိုင်းစာမျက်နှာတွေဟာ သီချင်းစာသားတွေ၊ မတောက်တခေါက်ရေးထားတဲ့ ကဗျာအတိုတွေ၊ ပန်းချီပုံတွေနဲ့ ပြည့်နေခဲ့တယ်။ ဆရာမရဲ့ ဆူပူမှုခံရရင်လည်း ခေါင်းငုံ့ခံနေ ပေမယ့် မပြင်နိုင်ခဲ့လောက်အောင် ဝါသနာက ကြီးခဲ့တယ်။ ကျောင်းရဲ့ ကာယအချိန်တွေမှာ ကျွန်မကတော့ အမြဲနီးနီး ကာယအခန်းထဲမှာမရှိဘဲ ကျောင်းရဲ့ ပန်ချီခန်းထဲ ရောက်နေတာ များပါတယ်။ မေမေကတော့ စာသင်ချိန်မှာ ပန်ချီဆွဲတာ၊ စာရေးတာ ကဗျာရေးတာ မကြိုက်လေတော့ ရရင် ရတဲ့နေရာမှာ ရသလို ရေးတတ်တဲ့ အကျင့်လည်း ရခဲ့တာပေါ့။ အလယ်တန်းလောက်ရောက်တော့ ကဗျာတွေတင်မက ဝတ္တုပေါက်စနတွေလည်း ရေးတော့တာပါပဲ။ မေမေမသိအောင်တော့ ဝှက်ရတာပေါ့လေ။


အိမ်အောက်ထပ် အလုပ်ရုံမှာတော့ ညဘက်တွေဆိုရင် ညအိပ်ကားတွေ လက်ခံတာက ၁၂နှစ် ၁၃နှစ်အရွယ် ကျွန်မအတွက် ဂီတဟင်းလေးအိုးပါပဲ။ ညဘက်တွေဆို Radio ကလာတဲ့ သီချင်းတွေကို နားထောင်ရင်း ကားထဲက ကက်ဆက်ခွေတွေကိုလည်း နားထောင်ခွင့်ရခဲ့တာကိုး။ တစ်နေ့တော့ ကံများ မကောင်းချင်တာပြောပါတယ်။ ထုံးစံအတိုင်း သီချင်းဖွင့်မယ်လုပ်တော့ ရပ်ချိန်မှာ ဂီယာဖြုတ်မထားတာကြောင့် သော့လည်း ဖွင့်လိုက်ရော ကားဟာ ထခုန်တော့တာပါပဲ။ ကျွန်မလည်း ကြောက်ကြောက် လန့်နဲ့ သော့ကို ကောက်ပိတ်အပြီး လုလည်း ကတုန်ကယင်ဖြစ်နေတာ တော်တော်နဲ့ မပျောက်ပါဘူး။ အဲ့ဒီနောက်မှာတော့ ကားထဲဝင်ပြီး သီချင်းနားထာင်ခွင့်က ပိတ်သွားတော့တာပါပဲ။


တက္ကသိုလ်ဝင်တန်းအောင်ပြီးချိန်မှာတော့ ကျွန်မစီးပွားရေးလောကထဲ အလိုအလျောက် ရောက်ခဲ့တယ်။ ဝန်ထမ်းဘဝမှာ ဝန်ထမ်းတာဝန်ကျေအောင် ကြိုးစားရသလို အတတ်ပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တစ်ခုပြီးတစ်ခု တက်နေရတော့ ကျွန်မရဲ့  မြတ်နိုးဖွယ်ရာ ဝါသနာဟာ အရောင်တင်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် အချိန်ရရင် ရသလို ကဗျာရေးဆဲ၊ စာရေးဆဲ၊ ပုံဆွဲဆဲပါပဲ။ သီချင်းကတော့ မနက်မိုးလင်းလို့ မျက်နှာမသစ်ရသေးရင်သာနေမယ်.. သီချင်းက ၃ပုဒ်လောက် အော်ဆိုပြီးပြီပေါ့။ ရေချိုးရင်း သီချင်းဆိုသလို ရေအိမ်ဝင်ရင်း သီချင်းကျက်တဲ့ ကိုယ့်အကြောင်းကိုယ် တွေးမိတိုင်း ပြုံးရသေးတယ်။


ဒီလိုနဲ့ အသက်၂၀ ကျော်လောက်အချိန်မှာတော့ ကိုယ့်ကိုယ်ပိုင်အလုပ်လေးနဲ့ကိုယ် ဖြစ်လာခဲ့တယ်။ ဒီအချိန်မှပဲ ရူးသွပ်ခဲ့တဲ့ ဘာသာရပ်တွေကိုလေ့လာတော့တာပေါ့။ သူငယ်ချင်းမတစ်ယောက်နဲ့ တိုင်ပင်ပြီး ဆရာကိုပေါက်ဆီမှာ ဂစ်တာသင်တန်းတက် ဖြစ်ခဲ့တယ်။ ထုံးစံအတိုင်း ဘယ်သန်ဖြစ်တဲ့ ကျွန်မအတွက် ပုံမှန်ဂစ်တာကို တီးရတာမှာ တခြား ညာသန်သူတွေထက် တော်တော်ကလေး အဆင်မပြေခဲ့ဘူး။ ဒါပေမယ့် ဆန္ဒက များနေတော့ C Am Dm G လောက်နဲ့ တီးလို့ရတဲ့ သီချင်းလေးတွေတော့ တီိးလို့ ရလာခဲ့တယ်။ ဒါတောင် ဘယ်လက်နဲ့ ညာလက် စည်းချက်ညီဖို့ တော်တော်ကို အချိန်ယူခဲ့ရတယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း ကြိုးတပ်တူရိယာတွေ၊ စုတ်တံတွေ၊ ကဗျာတွေကို ၁၀ နှစ်နီးပါး ကျောခိုင်းခဲ့ရတယ်။ သီချင်းတွေကတော့ ကြားရင်ဆိုတုန်း၊ ဆိုတတ်သလို ဆိုတုန်းပါပဲ။


အသက်တွေ တဖြည်းဖြည်း ၃၀ ကျော်လို့ ၃၃ ၃၄ လာတော့ တည်ငြိမ်တဲ့ အခြေလေး တစ်ခု ပေါ်မှာ ရပ်တည်လာနိုင်တယ်။ ဒီအခါမှာတော့ အကောင်အထည် မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်တွေကို စပြီး ရုပ်လုံးသွင်းခဲ့တယ်။ ဒီအသက်ဒီအရွယ်မှတော့ ကလေးကတည်းက လေ့လာခဲ့သူတွေလို Pro တစ်ယောက်တော့ ဘယ်လိုမှ ဖြစ်နိုင်တော့မယ် မထင်ပါဘူးရှင်။


ဂစ်တာ၊ စန္ဒယား၊ တယော စတာတွေကို လေ့လာခဲ့ပြန်တယ်။ ငယ်ကတည်းက တတွီတွီနဲ့ တီးမှုတ်ခဲ့တဲ့ ပလွေလေးကိုလည်း ကျွန်မ မမေ့ပါဘူး။ ချွဲနွဲ့တဲ့ တယောသံကို နှစ်သက်မိတာ ကြောင့် သင်ယူခဲ့ပေမယ့် သူများတွေတီးသလို သာယာနာပျော်တဲ့ အသံကတော့ဖြင့် ထွက်မလာပါဘူးရှင်။ G D A E ရအောင် ကြိုးညှိရင်း ဒိုရေမီ ရင်း တကျွီကျွီနဲ့ ကိုယ့်တယောသံဟာ ကိုယ့်အတွက်တော့ သာယာနာပျော်ဖွယ်ပါပဲ။ စန္ဒယားဆရာမရဲ့  များပြားလှတဲ့ အိမ်စာတွေဟာ ကျွန်မကို တော်တော်လေး ပင်ပန်းစေခဲ့တယ်။ ကျီပွေ့အတက်ပေါက်လာမယ် မပေါက်လာမယ်တော့ မပြောတတ်ဘူး.. လက်ပုံစံမမှန်လို့ ဆရာမရိုက်တာတော့ ခံခဲ့ရသေးတယ်။ ဆရာမရဲ့ ပဲပင်ပေါက်နုတ်စ် တွေဟာ ပဲပင်ပေါက်ကြော် သိပ်ကြိုက်တဲ့ ကျွန်မကို ပဲပင်ပေါက်တောင် မစားချင်အောင် နှိပ်စက် ပါတော့တယ်။


တစ်ရက်မှာတော့ ရန်ကုန်အိမ်ကိုအရောက် ပီတာဖခင်ရဲ့ လက်စွဲတော် တယောလေးကို တွေ့တော့ တတ်သည့်ပညာ မနေသာဆိုသလို မတောက်တခေါက်နဲ့ တီးမယ်ကြံပါတယ်။ စတီးကာစမှာပဲ မာတာမိခင်နဲ့ ပီတာဖခင်က အိမ်အနောက်ကို ဝင်သွားပါတော့တယ်..။ မကြာခင်မှာ မာတာမိခင်က  နားအေးရာအေးကြောင်း အောက်ကိုဆင်းသွားတော့တယ်။ ကျွန်မကလည်း အခုမှ အသံစမ်းတုန်း၊ အသံညှိတုန်း..။ သီချင်းတစ်ပုဒ်မပြောနဲ့ ဒိုရေတောင် မမီခင်မှာအင်မတန် စကားနည်းတဲ့  ဖခင်ဖားသားက “သမီး .. တခြားဟာတီးပါလား..”လို့ ပြောလာပါတယ်။  အဲ့သည်မှာပဲ ကိုယ့်လက်ရာကို ကိုယ် ကောင်းကောင်းကြီး နားလည် လိုက်ပါတော့တယ်။


ဒီလိုအားပေးတတ်တဲ့ မိခင်၊ ဖခင်နဲ့ မောင်လေးတို့ကို နားထောင်ချင်ချင် နားမထောင် ချင်ချင် တီးထား ဆိုထားသမျှကို ဝေးနေတာတောင် mail ပို့ပြီး နားထောင်စေခဲ့တာ ကတော့ ကျွန်မပါ။ နားထောင်လား မထောင်လားဆိုတာလည်း ပြန်ပြီး မေးရသေးတယ် လေ။ မတော် နားမထောင်ရင် ဘယ့်နှယ်လုပ်မလဲ။ ထို့အတူ ချစ်ခင်လှတဲ့ သူငယ်ချင်းတွေ ကိုလည်း နားထောင်ချင်ချင် မထောင်ချင်ချင် အသံသေး၊ အသံကြောင်၊ အသံတိမ်၊  အသံမှိန် နဲ့ ဆိုထားသမျှကို အတင်းနားထောင်ခိုင်တာပါပဲ..။ ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်းကလေးတွေကတော့ ကျွန်မပေးတဲ့ နားဒုက္ခကို ယခုချိန်အထိ ခံနေကြရတုန်းပါပဲ။


နှစ်လုံးတစ်ကီး..။ တစ်လုံး နှစ်ကီး လို့ အမည်ကင်ပွန်းတပ်တာကလွဲလို့ပေါ့ …။


မည်သို့ဆိုစေကာမူ ကျွန်မကတော့ ရုပ်ဝါဒဆန်တဲ့လမ်းပေါ်မှာ လျောက်နေတုန်းပါပဲ။ မောပန်းနွမ်းလျလာရင် ကျွန်မမြတ်နိုးတဲ့ ဂီတသံစဉ်တွေ၊ ကဗျာတွေ၊ ကာရံတွေ၊ စုတ်တံတွေကို ပွေ့ပိုက် နမ်းရှိုက်ရင်း ... ...။




ပျိုးယုဝသုန်
24-04-2013 (Wednesday)

3 comments:

မိုးငွေ့........ said...

မမ၀သုန်ကတော့ August Rush ကားကလေးထဲကလိုဖြစ်နေပြီ

Goldfish Lay said...

Please carry on with your hobby. Hobby won't go away regardless of how badly we do in our hobby. We might need to take a break from hobby due to life situation. But it will come back when we get a chance.. :)

သစ်နက်ဆူး said...

မ၀သုန်
ကျနော် စာလာဖတ်ပါတယ်...
မ၀သုန် သီချင်းဆိုတာကိုလဲ အားပေးချင်ပါတယ်..
စာလဲ ရေး....
ပန်းချီလဲ ဆွဲပေါ့...။