Wednesday 20 June 2012

ညမိုက်




ငှက်ကျေးသံတိတ်
မီးမှိန်မှိတ်လို့
ကိုယ့်ရဲ့ကမ္ဘာ
လမသာဘူး
မိုက်တဲ့ညတို့လာခဲ့ပြီ။

ရှာသည်အလင်း
ကြယ်မင်းပုန်းခို
တိမ်ရိပ်ညိုမှာ
ပိုသာအုံ့ဆိုင်း
မှုန်မှိုင်းမိုးနက်စွေခဲ့ပြီ။

နေခြည်တစ်ပေါက်
အလင်းသောက်မှ
တောက်မယ့်ရောင်ပြန်
ကျောခိုင်းပြန်ပြီ
လမိုက်ညတို့ ရှည်ခဲ့သည်။



ပျိုးယုဝသုန်
8:08:18 PM
20-06-2012
Wednesday ( BNE )



Tuesday 19 June 2012

ပဟေဠိ




အေးမြတဲ့လေပြည်ဟာ ညင်ညင်သာသာလေး တိုက်ခတ်နေခဲ့တယ်။ လတ်ဆတ်သန့်ရှင်းတဲ့ လေအေးအေးကို ရှိုက်သွင်းမိချိန်မှာ နဂိုက နောက်ကျိနေတဲ့ စိတ်ဟာ အနည်းငယ် ကြည်လင်သွားခဲ့တယ်။ ဆောင်းရာသီ တောင်ပေါ်နေရာတို့ရဲ့ ထုံးစံအတိုင်း နားထဲမှာ အနည်းငယ် ကိုက်ခဲလာတာကလွဲလို့ အရာရာဟာ ကျေနပ်စရာကောင်းခဲ့တယ်။


တောင်ပေါ်ကနေ ဆီးပြီးမြင်နေရတဲ့ လှုပ်ရှားနေတဲ့ မြို့ကလေးရဲ့ ညနေ နေဝင်ချိန်ဟာ မြူခိုးတွေ တောင်ငွေ့တွေကြားမှာ နီယွန်မီးရောင်တွေနဲ့ပေါ့။ ကွေ့ကောက်စွာ စီးဆင်းနေတဲ့မြစ်တစ်စင်းကတော့ တစ်ချက် တစ်ချက် မှာ ဖြတ်ကနဲ ဖြတ်ကနဲ လင်းလက်သွားခဲ့တယ်။ မြင်ကွင်းထဲမှာ ရှိသမျှ အရာရာတို့ဟာ မှုန်မှုန်ဝါးဝါးနဲ့ လှပနေခဲ့တယ်။


တောင်ပေါ်မှာရှိနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်၊ ကော်ဖီဆိုင်တစ်ဆိုင်နဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ကလေးတွေမှာလည်း လာရောက်စားသောက်သူ အနည်းငယ်ရယ် လက်ဆောင်ပစ္စည်းဝယ်ယူနေကြတဲ့သူ အနည်းငယ်ရယ် နဲ့ သက်ဝင်လှုပ်ရှား နေခဲ့တယ်။ အများစုကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး ဒေသထွက် အရုပ်ကလေးတွေနဲ့ အမှတ်တရ ပစ္စည်းလေးတွေကို ဝယ်ယူနေကြတယ်။

Friday 15 June 2012

အား

မျှော်မြဲသာမျှော်
ခေါ်မြဲမခေါ်သမို့
ရင်ထဲနော်တကယ်မကောင်းပေဘု
ကြွေလုလု မျက်ရည်၊

ပင်မပန်းပါဘူး
သင်လှမ်းကာ ကြိုဆိုပေးလျှင်တော့
သည်လမ်းတွင် ကိုယ်ဖြတ်ရဲမယ်ပ
မီးမရ ပွိုင့်ကြား .. ။

:P  :P  :P


ပျိုးယုဝသုန်
( BNE )

Wednesday 13 June 2012

ခရီးဖော်




အားပေးသူနဲ့
ဖေးကူမဲ့တဲ့
ဘဝရဲ့ခရီး
လမ်းကြမ်းကြီးမှာ
ဆက်ကာလျှောက်သွား
ဆူးတွေများလည်း
အရွေ့ရှိဖို့ ဆက်ရတယ်။

ခလုတ်ကန်သင်း
ချိုင့်ခွက်ချဉ်းက
ထိရှအနာ
ငါဝေးကွာဖို့
ပါးလွှာခြေနင်း
ကာကွယ်ရင်းနဲ့
သူပဲ ပွန်းပဲ့ခံခဲ့တယ်။

လမ်းဆုံးပန်းတိုင်
ရောက်ခဲ့နိုင်တော့
မေ့လျော့မတွေး
ပျော်ရေးဆက်ဆက်
ငါခုံမက်စဉ်
မညိုညင်သား
ချောင်ကြားတိတ်တိတ်ခိုခဲ့တယ်။

ဖျတ်ကနဲကြည့်
ဝမ်းနည်းမိသား
အမှားကျူးမိ
ဖြေမချိပြီ၊
ငါ၏အဖော်
ကောက်ယူခေါ်မည်
သင့်အား ငါသို့ တင့်စေမည်။



ပျိုးယုဝသုန်
09-01-28 AM
13-06-2012
Wednesday (BNE)










Thursday 7 June 2012

လမ်းလွှဲချိန်




မျက်နှာမူရာတည့်တည့်ကို ဦးတည်ပြီး လျှောက်ခဲ့ကြတာပါပဲ။ ဘေးချင်ယှဉ်လျှောက်နေရင်း သတိထားမိတဲ့အချိန်မှာ စောင်းငဲ့ကြည့်မိတော့ လက်တစ်ကမ်းမကတဲ့ အကွာအဝေးတစ်ခုက ငါတို့ကြားမှာ ရောက်ရှိခဲ့ပြီးဖြစ်နေခဲ့တယ်။ ဒီလမ်းကလေးပေါ်ကနေ နင်က ဖယ်ကျဉ်သွားတာလား၊ ငါဖယ်ကျဉ်သွားတာလား၊ နင်လည်း မသိဘူး၊ ငါလည်းမသိဘူး။ သေချာတာက တိတ်ဆိတ်ခြင်းတွေသာကြီးစိုးနေခဲ့ပြီ။


၁။
ဝေးကွာခြင်းတွေဟာ တိတ်တဆိတ်နဲ့ မျက်ရိပ်ပြနေခဲ့ပေမယ့် မမြင်နိုင်ခဲ့တဲ့တာက ငါပါ။ ဝါသနာမတူ၊ စရိုက်ချင်းမတူ၊ ယုံကြည်မှုခြင်းမတူ၊ အမြင်ချင်းမတူတာတွေကို သိနေသားနဲ့  ခရီးရှည်ကို နင်နဲ့အတူတူလျှောက်ဖို့ ရူးသွပ်မိခဲ့တာကလည်းငါ ပါပဲ ဖိုးကို။ ဘဝဆိုတာကို လက်တွေ့ကျကျ ပုံစံချ အကောင်အထည်ဖော်တတ်တဲ့သူနဲ့ စိတ်ကူးနဲ့ အကောင်အထည်ဖော်နေတဲ့သူ နှစ်ယောက်ရဲ့ကြားဟာ တစ်ဖြည်းဖြည်း ကွာဟလာတာ တစ်ကယ်တော့ မဆန်းလှပါဘူးလေ။

Wednesday 6 June 2012

မှားခြင်းများ




ဟမ်မူရာဘီရဲ့ကိုဓ
လက်တွေ့ကျင့်သုံးကြမလို့လား။

ဗုဒ္ဓရဲ့သြဝါဒတရား
ပြန့်ပွားထွန်းကားတဲ့ရွှေပြည်ကြီး
သွေးချောင်းသွင်သွင်စီးတော့မလား။

သွေးချင်းအတူတူ
ကိုယ့်သွေးမှပိုနီတယ်လား။

သူလည်းလူသား ကိုယ်လည်းလူသား
အမှားကင်းသူရော ရှိမှာလား။

ဝမ်းနည်းနေတဲ့ကောင်းကင်
ငိုကြွေးနေတဲ့တိမ်လွှာပြင်အောက်
မှောက်ချသမျှနဲ့
ပေါက်ကရမှန်သမျှ
လက်ခံပေးရမယ်ဆို…
အစ်ကို ရေ ..
မြေသားမှာ အင်အားရှိပါ့မလား။


ပျိုးယုဝသုန်
3:46:52 PM
06-06-2012
Wednesday (BNE)

Tuesday 5 June 2012

လူမှုကွန်ယက်သုံးစွဲမှုနှင့် အမြင်များ






People with low income and low-educated individuals spend more time on Facebook  ဆိုသည့်စာသားကို ဆွီဒင်နိုင်ငံ University of Gotherburg ၏ သတင်းထဲတွင် ဖတ်ရှုခဲ့ရသည်။ စိတ်ပညာကျောင်းသားများဖြစ်ကြသော Lief Denti  နှင့် Isak Barbopoulos တို့က Facebook သုံးစွဲသူ ဆွီဒင်လူမျိုး အယောက် ၁၀၀၀ အပေါ်မှာအခြေခံပြီး ခြုံငုံလေ့လာစာရင်းပြုစုထားကာ ရရှိလာသော ရလဒ်များမှတဆင့် ကောက်ချက်ချထားတာကို လေ့လာဖတ်ရှုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။


ဤသို့သောသတင်းတွေအပေါ်တွင် သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ ဖြစ်နိုင်ခြေ များနေသည်ကိုလည်း သတိပြုမိခဲ့သည်။ High Income ရနေသူများ၊  Good Income ရှိသူများ၊  Well Educated ဖြစ်ပြီး နေရာတစ်နေရာတွင် တာဝန်ကြီးကြီးတစ်ခုကို ယူထားရသူအများစုသည် ၎င်းတို့၏ လုပ်ငန်းဝန်တာများ ပိနေသည့်အတွက် Facebook နှင့်Social network  များပေါ်တွင် သူတို့၏ အချိန်တော်တော်များများကို မသုံးနိုင်ကြပေ။


အွန်လိုင်းပေါ်တွင် အချိန်တော်တော်များများ ရှိနေကြသူများသည်...

Monday 4 June 2012

ဟိုက္ကူကဗျာ (၃)



မိုးပွင့်တွေကြွေတဲ့
မိုးလခါရဲ့ဒီရာသီ
ပန်းတွေကြွေခဲ့ပြီ..။




ပျိုးယုဝသုန်
06-03-2012

ဟိုက္ကူကဗျာ (၄)



နေရောင်ခြည်တွေကြား
ငှက်ကလေးတွေဝဲပျံသွား
စိမ်းလဲ့မြက်ခင်းများ...။





ပျိုးယုဝသုန်
6-03-2012
(BNE)

ဟိုက္ကူကဗျာ (၅)



ဟိုပင်ဒီပင်ကူး
ငှက်ကလေးလိုငါပျော်မြူး
မထင်ပါနဲ့ဦး။




ပျိုးယုဝသုန်
17-04-2012
Tuesday (BNE)

ဟိုက္ကူကဗျာ (၆) - အိပ်ပျက်မနက်



နဘေးခြံကငှက်
တဂီးဂီးနဲ့လာနှိပ်စက်
အိပ်စက်ခြင်းတွေပျက် ။




ပျိုးယုဝသုန်
21-03-2012
(BNE)



ဟိုက္ကူကဗျာ (၇) - ဆောင်း ကဗျာ


မြောက်ပြန်လေကညင်း
ငွေနှင်းမှုန်တို့မြေပေါ်ဆင်း
ပုလဲ စိန် သို့ လင်း



ပျိုးယုဝသုန်
01-06-2012
Friday (BNE)

ဟိုက္ကူကဗျာ (၈) - မိုးကဗျာ



မိုးစက်တွေလည်းစွေ
မိုးစွေငှက်တွေဘယ်ဆီပြေး
ရှာသူမောတယ်လေး



ပျိုးယုဝသုန်
01-06-2012
Friday (BNE)

ဟိုက္ကူကဗျာ (၉) - နွေ

နွေလဂိမ္မန္တ
ရော်ရွက်ကြွေကျလေပြန်ခ
ဥသြသံသာစွ





ပျိုးယုဝသုန်
1-06-2012
Friday (BNE)