Thursday, 7 June 2012

လမ်းလွှဲချိန်




မျက်နှာမူရာတည့်တည့်ကို ဦးတည်ပြီး လျှောက်ခဲ့ကြတာပါပဲ။ ဘေးချင်ယှဉ်လျှောက်နေရင်း သတိထားမိတဲ့အချိန်မှာ စောင်းငဲ့ကြည့်မိတော့ လက်တစ်ကမ်းမကတဲ့ အကွာအဝေးတစ်ခုက ငါတို့ကြားမှာ ရောက်ရှိခဲ့ပြီးဖြစ်နေခဲ့တယ်။ ဒီလမ်းကလေးပေါ်ကနေ နင်က ဖယ်ကျဉ်သွားတာလား၊ ငါဖယ်ကျဉ်သွားတာလား၊ နင်လည်း မသိဘူး၊ ငါလည်းမသိဘူး။ သေချာတာက တိတ်ဆိတ်ခြင်းတွေသာကြီးစိုးနေခဲ့ပြီ။


၁။
ဝေးကွာခြင်းတွေဟာ တိတ်တဆိတ်နဲ့ မျက်ရိပ်ပြနေခဲ့ပေမယ့် မမြင်နိုင်ခဲ့တဲ့တာက ငါပါ။ ဝါသနာမတူ၊ စရိုက်ချင်းမတူ၊ ယုံကြည်မှုခြင်းမတူ၊ အမြင်ချင်းမတူတာတွေကို သိနေသားနဲ့  ခရီးရှည်ကို နင်နဲ့အတူတူလျှောက်ဖို့ ရူးသွပ်မိခဲ့တာကလည်းငါ ပါပဲ ဖိုးကို။ ဘဝဆိုတာကို လက်တွေ့ကျကျ ပုံစံချ အကောင်အထည်ဖော်တတ်တဲ့သူနဲ့ စိတ်ကူးနဲ့ အကောင်အထည်ဖော်နေတဲ့သူ နှစ်ယောက်ရဲ့ကြားဟာ တစ်ဖြည်းဖြည်း ကွာဟလာတာ တစ်ကယ်တော့ မဆန်းလှပါဘူးလေ။



၂။
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူငယ်ချင်းဆိုတဲ့အဆင့်ထက်ကျော်လွန်တဲ့ ဂရုတစ်စိုက်ရှိမှုတွေကြား ငါ နစ်မွန်းခဲ့တာလည်း ကြာခဲ့ပြီ။ သူငယ်ချင်းလည်း မက၊ သမီးရည်းစားလည်းမကျတဲ့ အခြေအနေတစ်ခုမှာ နားလည်ပေးနိုင်ခြင်းဆိုတာကို အတိုင်းအတာတွေအားလုံးထက် ကျော်လွန်ပြီးတော့လည်း ငါထားပေးခဲ့ပြီးပြီ။ နင်မကြိုက်တာ၊ မနှစ်သက်တာ မှန်သမျှကိုရှောင်ရှားရင်း ငါ ကိုယ်ငါ ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကိုတောင်မှ သေချာမသိနိုင်တော့အောင်ဖြစ်ခဲ့ရတယ်။


“ လက်ထပ်ခွင့်ပေးပါ ” ဆိုတဲ့စကားကို ဘယ်တော့များမှ ကြားရမှာလဲဆိုပြီး အိပ်မက်တွေကြားမှာ နစ်မြောခဲ့တာလည်း ငါပါပဲ။  မိန်းကလေးမို့ သိက္ခာတရားကို စောင့်ရှောက်ရင်း စောင့်မျှော်နေခဲ့တဲ့ ကာလတွေဟာ ငါ့ကို နာကျင်စေခဲ့တယ်။ နင်စိတ်ဆိုးတိုင်း၊ စိတ်ကောက်တိုင်း  မီးမှိတ်ထားတဲ့ နင့်ရဲ့ Gtalk Account လေးကို တိတ်တိတ်ကလေး မျက်ရည်တွေဝဲပြီးထိုင်ကြည့်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ကို နင်ကတော့ ဘယ်သိနိုင်မှာလဲ။ ရှားရှားပါးပါးတင်ထားတဲ့ Facebook က နင့်ရဲ့ပြုံးရယ်နေတဲ့ ပုံလေးတွေကို ငေးကြည့်ရင်း ငါ့ရဲ့ညတာအချို့လည်း အိုမင်းခဲ့ဖူးပါတယ်။


နင့်ရဲ့ချစ်သူဟောင်းတွေအကြောင်းကို နားထောင်ရင်း ချစ်သူအသစ်ရရှိလာမှာကို သွေးပျက်မတတ် ကြောက်လန့်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ဟာ ငါဆိုတာ နင်တကယ်မသိတာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာတော့ နင်ပဲအသိဆုံးဖြစ်မှာပေါ့လေ။ ငါ့ကို နင်ပေးတဲ့ ကြင်နာခြင်းတွေ၊ ဂရုတစိုက်ရှိခြင်းတွေဟာ အမှန်တကယ်ဖြူစင်ပါတယ်လို့ နင်သေချာပြောရဲပါသလား ဖိုးကို။


အနာဂတ်ဆိုတာကို အသေအချာ ချပြလို့မရတဲ့ ငါတို့ရဲ့ဆက်နွယ်မှုတွေဟာ ငါနဲ့ငါ့ရဲ့သူငယ်ချင်းတွေကြားမှာ ရယ်စရာတစ်ခုလိုဖြစ်ခဲ့ရတယ်။

 “ဘယ်လိုလဲ ပုလဲ၊ ဘယ်တော့စားရမှာလဲ”

ဆိုတဲ့မေးခွန်းတွေကို ကြားလာရတိုင်း ငါ့ရဲ့ရင်ဘတ်ထဲက နှလုံးသားတစ်ခုဟာ တဆစ်ဆစ် နာကျင်ကိုက်ခဲ ခဲ့ရတယ်။ နာနာကျင်ကျင်ပြုံးရင်း

“တစ်နေ့နေ့ပေါ့ကွယ်”

ဆိုတဲ့စကားကို မရောရာမှုတွေနဲ့ ငါပြန်ပြောခဲ့ရတာလည်း တကယ်တော့ များခဲ့ပါပြီ ဖိုးကို။


ငါနဲ့ပတ်သက်ပြီး နင်ဘယ်လောက်အထိရည်ရွယ်ထားတယ်၊ ရည်မှန်းထားတယ်ဆိုတာကို ငါတကယ်မသိခဲ့ရိုးအမှန်ပါ။ ပုံသေအခြေအနေတစ်ခုမှာထားပြီး တစ်ဖဝါးစာလောက်ကလေးတောင် လှမ်းတက်မလာတဲ့ နင့်ကို ကြည့်ပြီး တဖြည်းဖြည်းနဲ့ ငါ နားလည်ခဲ့ပါတယ်။ နင့်ရဲ့ဘဝအတွက် အဖော်အဖြစ် ငါ့ကိုတွဲခေါ်ဖို့ နင်လက်မကမ်းရဲခဲ့သလို လှမ်းလာတဲ့ ငါ့လက်ကိုလည်း ဥပေက္ခာမျက်စိတွေနဲ့ နင်ကြည့်နေခဲ့တယ်။ စကားအရာမှာ ကျွမ်းကျင်စွာ ရှောင်ဖယ်ကွေ့ဝိုက်သွားတဲ့ နင့်ကိုကြည့်ပြီး ဘာဆိုဘာနဲ့မှ နင့်ကို ငါ မချည်နှောင်ချင်တော့ပါဘူး ဖိုးကို။ ဒီလိုနဲ့ အမည်တပ်ရခက်တဲ့ ဆက်နွယ်မှုတွေနဲ့ ရှေ့ကိုငါတို့ဆက်ကြတယ်။ ငါ့မှာလည်း မသေချာမရေရာတဲ့ မျှော်လင့်ချက်သေးသေးကလေးနဲ့၊ နင့်မှာလည်း ငါမသိနိုင်တဲ့ အကြောင်းအရာတွေနဲ့ပေါ့။


ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေဟာ ရပ်တန့်မနေခဲ့ပါဘူး ဖိုးကို။ အရွယ်တော် တဆိတ်ဟိုင်း ဆိုတဲ့ နှစ်ဆယ်ကျော်အစိတ်ပိုင်းကို တော်တော်လေး ကျော်လာခဲ့တဲ့အခါမှာ အခြေကျ တည်တံ့တဲ့ ဘဝတစ်ခုကို ငါပိုင်ဆိုင်ချင်ခဲ့တယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ငါဖန်တီးချင်ခဲ့တယ်။ နင်ကတော့ မသိနိုးနား နဲ့ ဥပေက္ခာပြုဆဲပေါ့။ ငါဟာ နင့်အတွက် မထိုက်တန်တဲ့သူလား။ ဟင့်အင်း.. ဒီလို မေးခွန်းမျိုး နင့်ကို မမေးချင်ခဲ့ပါဘူးဖိုးကို။ ငါ့ရဲ့ နိမိတ်ပြစကားတွေကို ရှောင်ဖယ်ရင်း ငါ့အတွက်နေရာတစ်ခု နင့်ဆီမှာ သေသေချာချာ ရှိမနေဘူးဆိုတာ သိခဲ့ရတဲ့တစ်နေ့မှာတော့ ငါ ကြေကွဲငိုရှိုက်ခဲ့ရတယ်။ သေချာတာကတော့ ငါ့ဆီမှာ နင်အတွက် နာကျည်းခြင်းတွေ ရှိမနေတာပါပဲ ဖိုးကို။  ဒီလိုနဲ့ အေးစက်ခြင်းတွေဟာ တဖြည်းဖြည်း ငါတို့ဆီကိုရောက်လာခဲ့တယ်။


“ငါ လူတစ်ယောက်ကို လက်ထပ်ဖို့ သဘောတူလိုက်တော့မယ် ဖိုးကို” 

ဆိုတဲ့ ငါ့စကားအဆုံးမှာ

“ဘာ .. ဘာပြောတယ်..  အဓိပ္ဗါယ်မရှိတာ .. တော်တော်” 

ဆိုပြီး ဖုန်းကို ဆောင့်ချသွားတဲ့ နင့်ရဲ့ တုံ့ပြန်မှုဟာ ငါမျှော်လင့်ထားသလို တုံ့ပြန်မှုမျိုး ဖြစ်မနေခဲ့ပါဘူး ဖိုးကို။ ဖုန်းကို အတန်တန် ပြန်ခေါ်ပေမယ့် ပိတ်လိုက်တဲ့ နင့်ရဲ့အပြုအမူကိုလည်း ငါနားမလည်နိုင်ခဲ့ဘူး။


တကယ်တော့ ငါ့ကို လက်ထပ်ခွင့်တောင်တဲ့သူဟာ ငါ့မိဘတွေရဲ့ မိတ်ဆွေတစ်ဦးရဲ့ သားတစ်ယောက်ပါ။ ငါ့ကို ချစ်မြတ်နိုးပါတယ်လို့လည်း ကိုယ်တိုင်ကိုယ်ကျ ဝန်ခံသလို ငါ့ကို လက်ထပ်ခွင့်ပေးပါလို့လည်း သူကတောင်ခံခဲ့တယ်။ အမှန်အတိုင်းဝန်ခံရရင် သူ့နေရာမှာနင် ဖြစ်မယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲလို့ ငါ စိတ်ကူးယဉ်မိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ စိတ်ကူးသက်သက်သာဖြစ်ပါတယ် ဖိုးကို။ ငါတို့မိန်းကလေးတွေဟာ ကိုယ့်ကို ဖွင့်ပြောလာသူအပေါ်မှာပဲ ရွေးချယ်ခွင့်ရှိခဲ့ပါတယ်။  ခေတ်တွေဘယ်လိုပဲ ပြောင်းပြောင်း ကိုယ့်ကို ဖွင့်ဟမလာတဲ့သူတစ်ယောက်ကို “ကျွန်မကို လက်ထပ်နိုင်မလား” ဆိုတဲ့မေးခွန်းမျိုးမေးဖို့ ဘယ်တုန်းကမှ သတ္တိရှိမနေခဲ့ပါဘူး ဖိုးကို။


နင့်ကိုဒီစကားပြောမိတာကလည်း ငါ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးကို အသက်ဝင်လာမလားလို့ပါ။ အကယ်၍သာ  “နင်ဘယ်သူ့ကိုမှလက်မထပ်ရဘူးပုလဲ၊ ငါ့ကိုစောင့်ပါ” ဆိုတဲ့ စကားလေး တစ်ခွန်းလောက်သာ နင့်ဆီက ကြားခဲ့ရမယ်ဆို အရာရာကို ငြင်းပယ်ဖို့အင်အားတွေ ငါ့မှာရှိပါတယ်။ ဒါပေမယ့် ဖိုးကို၊ စိမ်းကားစွာပဲ နင်က အဆက်အသွယ်ကို ဖြတ်တောက်သွားခဲ့တယ်။


နောက်ဆုံးတော့လည်း ဖြစ်သင့်တာကို ငါ ဦးစားပေးခဲ့တယ်ဖိုးကို။ ငါ့တစ်ဘဝစာကို သူ့လက်ထဲကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်ဖို့ ငါဆုံးဖြတ်လိုက်တယ်။ ကိုယ့်ကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်နဲ့ အတူနေခွင့်ရတာက ပိုပြီး လှပတဲ့ဘဝတစ်ခုဖြစ်နိုင်မယ်လို့ ငါ ယုံကြည်ခဲ့တယ်။


၃။
ဒီလိုနဲ့ပဲ အရာအားလုံးဟာ တဖြည်းဖြည်းနဲ့ မှုန်ဝါးသွားမှာပါဖိုးကို။ ကျောခိုင်းဖို့မလိုပဲ အလိုလို ဝေးကွာသွားကြတဲ့ နင်နဲ့ငါ ဟာ အနားချင်းထိကပ်နေတဲ့စက်ဝိုင်းနှစ်ခုပေါ်မှာ လျှောက်နေကြသူတွေပါ။ ကို်ယ့်လမ်းကြောင်းပေါ်ကိုယ်လျှောက်ရင်း ထိစပ်နေတဲ့အနားတွေအပေါ်မှာ အတူတူ လျှောက်ခဲ့မိကြတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ ပြန်လည်းဝေးကွားခဲ့ပြန်တယ်။ ဒါပေမယ့် ဖိုးကို ..၊ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိတော့ ငါတို့ခြေရာအချို့က တစ်ထပ်တည်း ကျနေခဲ့ဖူးပါတယ်။



ပျိုးယုဝသုန်
01:15:25PM
07:06:2012
Thursdy (BNE)

16 comments:

ဝေမိုးနိုင်(မုံရွာ) said...

အစ်မက အက်ဆေးလို့ ကဏ္ဍအမည်တပ်ပေးထားပေမယ့် ကျွန်တော်ကတော့ ၀တ္ထုတစ်ပုဒ်လိုပဲ ဖတ်ရှုစီးမျောသွားခဲ့တယ်အစ်မရေ.....

မဒမ်ကိုး said...

မပွင့်လင်းတဲ့ လူတစ်ယောက်ကိုဘယ်တော့မှ ဘ၀ကိုအပ်နှံဖို့ မကြိုးစားမိတာအကောင်းဆုံးဘဲ

စိတ်ကူးယဉ်မှု့တစ်ခုဘဲဖြစ်သွားမှာ တကယ့်လက်တွေ့ဘ၀မှာစီးမျောဖို့ကပိုအရေးကြီးတယ်လေ

ကောင်းတယ် မမရေ

ချစ်တဲ့

ဂျာရစ်

မိုးငွေ့........ said...

ဖတ်ပြီးသွားတော့ စိတ်ထဲမှာတခုခုစွန်းထင်ကျန်ရစ်ခဲ့တယ်...။

စံပယ်ချို said...

အင်းလေ
မိန်းကလေးတယောက်ကတော့ဒီလိုပဲဆုံးဖြတ်သင့်ပါတယ်
သူဆုံးဖြတ်ချက်မှန်ကန်နေမှာပါ

အပါ said...

အစ်မအရေးအသားက ဖတ်ရတာ ဟတ်ထိပါတယ်။ အဲ့လို ဇာတ်လမ်းမျိုးတွေဆို ကျွန်တော် ခံစားရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖွင့်မပြောဖြစ်ခဲ့တဲ့ ချစ်ရသူကို စွန့်လွှတ်ခဲ့ရတာမို့ပါ။

နွေတေးရှင် (မင်းဧရာ) said...

ဒီလို ပိုစ့်လေးတွေကို တွေ့ရတော့ သိပ်စိတ်မကောင်းဘူး
ကျွန်တော်ကိုယ်တိုင်လည်း အဲသည်လိုအဖြစ်မျိုး တိုးခဲ့ဖူးသူတစ်ယောက်ပေါ့ မ၀သုန်...။

ဒါပေမယ့် မ၀သုန်ရဲ့ ဖိုးကို ကတော့ မြင်သာပါတယ် သူစိတ်မ၀င်စားဘူး ဆိုတာပေါ့။

Yan said...

မွှေးဝတ္ထုလေးထဲမှာ အတွတ်က မွှေးကို တစ်ခြားတစ်ယောက်နဲ့လက်ထပ်ဖို့ နားချတဲ့အခန်းလေးထဲက စကားပြောခန်းလေးကို သွားမြင်ယောင်မိတယ်.

"ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရပေမယ့် စိတ်မချမ်းသာစရာ အကြောင်းတရားတွေ ဖြစ်ပေါ်လာတတ်သလို ကိုယ်မလုပ်ချင်တာကို လုပ်လိုက်ရပေမယ့်လည်း ရေရှည်မှာ စိတ်ချမ်းသာစရာ အကျိုးတရားတွေ ဖြစ်ပေါ်လာတတ်တာလည်း ရှိတယ်"

အဲဒီ့လိုပါပဲ. ဖိုးကိုနဲ့ လက်မတွဲဖြစ်လိုက်တာ ပိုကောင်းပါတယ်. ဘာလို့လဲဆိုတော့ သူက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုလွန်ကဲနေတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်နေတယ်လို့ ခံစားမိလို့ပါပဲ.

အရေးအသားကောင်းတယ်ဗျာ. ပထမဦးဆုံးအကြိမ်လာလည်ပြီး ပထမဦးဆုံးအကြိမ် ကော်မန့်မန့်သွားခဲ့တယ်.း)

ခင်မင်လျက်

Y.

မိုးသူ(တောင်ကြီး) said...

ရှားရှားပါးပါးတင်ထားတဲ့ Facebook က နင့်ရဲ့ပြုံးရယ်နေတဲ့ ပုံလေးတွေကို ငေးကြည့်ရင်း ငါ့ရဲ့ညတာအချို့လည်း အိုမင်းခဲ့ဖူးပါတယ်။

မိုးသူလဲ မမ၀သုန်လို့ အက်ဆေး ၀ထ္ထုတွေရေးတတ်ချင်လိုက်တာ

လွင်ပြင်လှိုင်းငယ် said...

ကဗျာရေးလဲကောင်း ဘာရေးရေးကောင်းနေတယ်။အားကျလိုက်တာ

မြတ်ပန်းနွယ် said...

ဝသုန်ရေ.. ဒီဇာတ်လမ်းလေးကို သဘောကျတယ်။ ဒါပေမယ့် အပြင်လောကမှာပါ ရှိနေတတ်တဲ့ ဖိုးကိုလိုလူစားမျိုးကို မြတ်မုန်းတယ်ကွယ်။

ချစ်တဲ့
မြတ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာ စိတ်မကောင်းစရာ
တူနှစ်ကိုယ်ချစ်ခဲ့ပြီးမှ တစ်စုံတစ်ယောက်က လမ်းခွဲပြီး ထားသွားခံရတာ ရင်နာဖို့ကောင်းပါတယ်။

ဖြိုးဇာနည် said...

ဂျာရစ်ပြောတာမှန်တယ်
ပွင့်လင်းမူမရှိတဲ့လူတယောက်ဟာ
ကိုယ့်လက်ထဲေ၇ာက်တဲ့အထိ အဲ့အတိုင်းပဲဆိုရင်
နောင်တချိန်မှာကိုယ့်အတွက် နစ်နာမူတွေကြုံလာဖို့
၅၀ရာခိုင်နှုန်းသေချာနေတယ်။

ပျိုးယုဝသုန် said...

ဟုတ်ပါတယ်.. တကယ်တော့ အတွေးလွန်တဲ့သူ တွေဝေတတ်တဲ့သူကို ဆက်ပြီးမျှော်လင့်မနေတော့ပဲ လုပ်သင့်တာကိုလုပ်သွားတဲ့ ပုလဲကို မမဝသုန်လည်း သဘောကျတယ်။

ကေပိုး said...

ပုလဲ ရင်ထဲတော့ တစ်ခုခု ကျန်နေခဲ့တယ်ဆိုတာ... ဖတ်ရင်း သိလာတယ်.. ဒါမယ့် ပုလဲ ရွေးချယ်မှု မှန်တယ်.. ပျိုး.. မိုက်တယ်.. ပေါ်လွင်တယ်.. နီ ပြချင်တဲ့ မတ်ဆေ့ဖ်

san htun said...

ကမ်းလင့်ဖို့  သတ္တိရှိတဲ့ လက်တစုံဟာ အားကိုးထိုက်တယ်..

ရိုးမြေကျ said...

ကိုယ့်ကို ချစ်မြတ်နိုးတဲ့သူနဲ့ပဲ လက်တွဲလိုက်တာကောင်းပါတယ်။မမရဲ့ အရေးအသားအရမ်းကောင်းတယ်။