Friday 29 March 2013

မယ်ဥဒေါင်းများ .. သို့




ပြည်တွင်းပြခွင့်
သူငံ့လင့်လည်း
မချင့် ရင်နာ
ပြစ်တင်တာကြောင့်
မှာမှာဤဤ
ဒင်း ကြံစည်ပြီ
သင့်သည် မချင့်ပါတကား။


သြတပ်ဟီရိ
ပေတွင်ရှိလည်း
ကိုယ်၏အင်္ဂါ
သားအလွှာကို
လှစ်ကာပြချင်
လှသည်ထင်ပြီ
အသိတွင် အမိုက်ဝင်တကား။


ထိုရပ်ဌာနေ
ဗုဒ္ဓမြေတွင်
လှစေ ဖော် ချွတ်
လောကဝတ်ဖြင့်
ကင်းလွတ်တရား
တဏှာ ပွားအောင်
မယ်များဆောင်ယူ
ပြုကာမူလျှင်
နတ်လူ သာဓု ခေါ်မည်လား။





ပျိုးယုဝသုန်
7:25:00 AM
29-03-2013
Friday (BNE)




*** မှတ်ချက် - အစ်ကိုဟယ်ရီ၏ ဗုဒ္ဓဂယာခရီးသွားဆောင်းပါးကို ဖတ်ပြီးချိန် နှင့် အမျိုးသမီးအချို့တို့၏ ဂယာခရီးစဉ် အလှပုံတို့ကို မြင်တွေ့ပြီးချိန်၌ ဖြစ်ပေါ်လာသည့် ဒေါမနဿတည်းဟူသော အကုသိုလ် စိတ်ကို အရင်းခံ၍ ရေးပါသည်။ ***

Thursday 28 March 2013

စုန်းတောက်ထားသော ပဲ





မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၏ ဝန်ဆောင်မှုသည် တစ်နှစ်ထက် တစ်နှစ် ပို၍ ပို၍ တိုးတက်လာခဲ့သည်။ ပြည်ပနိုင်ငံခြားသားဧည့်သည်များကိုလည်း ဆိုက်ရောက်ပြည်ဝင်ခွင့်ကို ဆောင်ရွက်ပေးနေပြီဖြစ်သည်။  ယခင်နှစ်များက မိမိနိုင်ငံသို့ ပြန်လာလျှင် ရောက်ရှိနေရာနိုင်ငံ၊ တိုင်းပြည်များတွင် ရှိနေသော သံရုံးများမှ  ထောက်ခံချက်များ၊ အခွန်ငွေ ပေးဆောင်ပြီးသော လက်ခံစာရွက်များကို ကိုယ်နှင့် တပါတည်း ယူဆောင်လာရသော်လည်း ယခုအခါတွင်မူ မည်သည့် စာရွက် စာတမ်းမျှ ပေးရန်၊ တင်ပြရန်မလိုအပ်တော့ဘဲ မိမိတိုင်ပြည်သို့ အချိန်မရွေး စိတ်သက်သာစွာဖြင့်  ပြန်လာနိုင်ပြီ ဖြစ်သည်။ 


အပြန်ခရီး လေယာဉ်လက်မှတ်ထုတ်ရာ Counter တွင် သယ်ယူလာသော ခရီးဆောင် အိတ်တို့ကို အလေးချိန် ချိန်တွယ်၍ အပ်သောအခါတွင်လည်း  ဝန်ထမ်းကလေးတစ်ဦးမှ ဝိုင်းဝန်းသယ်ယူပေးသည်။ ချိန်တွယ်ပေးသည်။  ကျေးဇူး တင်သောကြောင့် လည်းကောင်း၊ ဝန်ဆောင်မှုကို ကျေနပ်သောကြောင့် လည်းကောင်း လက်ကိုင်အိတ် ထဲတွင် ဆောင်ထားသော ၅၀၀၀ကျပ်တန်ကို ထို အထွေထွေဝန်ထမ်းအမျိုးသားငယ်အား ပေးသော်လည်း လက်မခံပါ။

Wednesday 27 March 2013

သားချော့ တေးသံ





ကလေးငို
တေးဆိုလို့ သူချော့ ၊
မော့ကာရယ် သည်လူလေးက
ပြေးလို့ကွယ် ဆော့..။

သူချော့တဲ့တေးသံချို
ငှက်ပျိုပင် မယှဉ်အား
ပျား ဝတ်ရည်လို..။

ဟော … ဟိုမှာ ဆို
ပန်းခိုတဲ့ လေညင်း
မေ့သံစဉ် သယ်သူနှင်းတယ်
သားချော့သီချင်း။



ပျိုးယုဝသုန်
11:55 PM
26-03-2013
Tuesday (BNE)

Monday 25 March 2013

သဝဏ်လွှာ




ချစ်တယ်ဆို

မုန့်ပေါင်းကို အစ်ကိုပို့ကွယ်လို့

မခို့တယို့ မယ် ဆို..။


မကြားနားလို

ခါးပါသကို ရင်ဆို့...၊

ပို့ခကို စိတ်မှာတေးတယ်

စေးနဲသူမို့..။



မမဝသုန်
4:49:00PM
25-03-2013
Monday (BNE)

Wednesday 20 March 2013

တစ်စင်းတည်းသော လ




ညကဗျာ
မရ ဘယ်ခါရှိမတုန်း
လှရာရာ သီကာကုံးပါကွယ့်
မယ့်အချစ်ဆုံး။

ပြုံးကြည်သာ
ပုန်း မရည်ပါ ရှုဦး (အုံး)
လကမ္ဗလာ လွှာကာဖုံးပေလျက်
လှချက်မဆုံး။

မုန်းရက်လို့ မောင်ရှင်မြင်
မယ့်အပြင် သည်ရင်ထဲ
စွဲမက်မထင်…၊
ကြည့်ပါရှင်
ကြယ်စင်တို့   ရာချီလည်း
လကြာခြည် သည်တစ်စင်းက
ထွန်းပ စဉ်အမြဲ။



ပျိုးယုဝသုန်
05:25:00 AM
20-03-2013
Wednesday (YGN)

Tuesday 19 March 2013

မျဉ်းကြား နှင့် ယာဉ်မောင်းများ





မျဉ်းကြား..။


မျဉ်းကြားကို လမ်းမကြီးတိုင်းတွင် တွေ့နိုင်သည်။


ထိုမျဉ်းကြားတို့၏ အဝိပ္ဗါယ်သည် မည်ကဲ့သို့ ရှိသည်ကို ကလေး၊ လူကြီး မဟူ သိတတ်သည့် အရွယ်မှစ၍ သိရှိကြပြီးဖြစ်သည်။


အနက်ရောင် လမ်းမကြီးများတွင် အဖြူရောင်မျဉ်းများကို ကန်လန့်ဖြတ်၍ ရေးဆွဲထားသော မျဉ်းများတွင် အနက်အဓိပ္ဗါယ်များ၊ စည်းမျဉ်းများ၊ ဥပဒေသများ ရှိပြီးဖြစ်သည်။ လှပစေရန်၊ ကြည့်ကောင်းစေရန် အချိန်ကုန်ခံ၊ ဘဏ္ဏာငွေ အကုန်ခံ၍ ဆွဲထားခြင်းမျိုး မဟုတ်သည်မှာ သေချာလှပါသည်။ မျဉ်းကြားသည် လုပ်သားပြည်သူတို့ လမ်းဖြတ်ကူးရာတွင် ယာဉ်တိုက်ခြင်းအန္တရယ်မှ ကင်းရှင်းစေရန် အဓိကအားဖြင့် ရည်ရွယ်ထားပါသည်။

Sunday 17 March 2013

မာနရှင်




ပန်းတစ်ခက်
လှမ်းလက်ရယ်တဲ့ ဘယ်မမီ
လရာသီအခါလင့်ပေလျက်
ပွင့်ခက်ဝေစီ..။
ပွင့်ရွှေရည်
နေခြည်ငွေ့ ခိုရင်း
ပွေ့လိုသူ မျှော်သူ တိမ်းအောင်
စိမ်းရက်လေခြင်း။


ပျိုးယုဝသုန်
11:12:40 PM
17-03-2013
Sunday (YGN)

Friday 15 March 2013

မန်းရွှေမြို့သို့ တစ်ခေါက်





၂၆ဘီ လမ်းမကြီး တစ်လျောက် ကားများကကင်းရှင်းနေသည်။ နံနက် စောစော ၅နာရီခွဲ ကျော်ကျော် အချိန်သည် မန္တလေးမြို့၏  အသာယာဆုံးအချိန်ဟုပင်ပြောရမည်ကဲ့သို့ပင်။ ဆောင်းကုန်ခါစနှင့် နွေဦးသို့ဝင်ကာစ မန်းရွှေမြို့၏ ရာသီဥတုသည် အေးမြမြနှင့်ပင်ရှိသည်။ ကျုံးနဘေး လူသွားလမ်းတစ်လျှောက်တွင်မူ ကိုယ်လက်လှုပ်ရှား အားကစား လုပ်နေကြသူများ၊ လမ်းလျှောက်နေကြသူများနှင့် စည်ကားနေသည်။ မန်းမြို့၏ အေးမြသော နံနက်ခင်းသည် မန်းသူ မန်းသားတို့၏ စိတ်နှလုံးကို ညှို့ယူနေသကဲ့သို့ပင်။


ကျုံးရေပြင်သည် အမှိုက်သရိုက်များ ကင်းရှင်နေသည်။ စိမ်းမြမြဖြင့် တည်ငြိမ်နေသော ကျုံးရေပြင်တွင် ဝန်းကျင်၏ အရိပ်သည် ထင်ဟပ်လျက်ရှိသည်။ နန်းမြို့ရိုး၏အရိပ်များ၊ နန်းမြို့ရိုးအတွင်းတွင်ကပ်လျက်ပေါက်နေသော ထန်းပင်တို့၏အရိပ်များ၊ ဖျော့တော့သော အပြာရောင် ကောင်းကင်နှင့် ပျံသန်းနေသော ငှက်ငယ်တို့၏ အရိပ်များသည် အသက်ဝင်နေသော ပန်းချီကားတစ်ချပ်နှယ်ပင်။ တစ်ဘက်ကို ငေးမျှော်ကြည့်လိုက်လျှင်မူ မြူငွ့များကြားတွင် ခပ်မှိုင်းမှိုင်းဖြစ်နေသော မန္တလေးတောင်တော်ကို မြင်တွေ့နေရသည်မှာ လွမ်းမောစရာပင် ကောင်းလှပါသေးသည်။

Tuesday 12 March 2013

မမနှင့် သွားခဲ့သော ခရီးများ(၁)






ရန်ကုန်ရောက်နေသော မမ တစ်ယောက် သုဝဏ္ဏဘူမိမြို့ဟောင်းဘက်သို့ သွားရန် အကြောင်းပေါ်ပေါက်လာခဲ့တယ်။ ဒီလိုနဲ့ သွားရမယ်ဆိုတော့လည်း တစ်ယောက်ထဲလည်း မသွားလို၊ အဖော်လေးအပေါင်းလေးလည်း ပါစေချင်တာကြောင့် လိုက်နိုင်မည့် ကျေးဇူးရှင်တွေကို လိုက်ခေါ်ရတော့တာပေါ့။ ဒီလိုနဲ့ ရှားရှားပါးပါး လိုက်မယ်လို့ ပြောတဲ့ ကိုးပေ နဲ့ နိုဝယ် လို့ခေါ်တဲ့ ကျေးဇူးရှင်လေး နှစ်ပါးကို ရခဲ့တယ်။


ကံအကြောင်းက မလှချင်တော့ သွားခါနီးမှာမှ နိုဝယ်ကလေးရဲ့ မွေးမေမေ မားသား မာမီက ရန်ကုန်ကို ရောက်လာခဲ့တယ်။ ဒီလိုနဲ့ လူအင်အားက နည်းသည်ထက် နည်းသွားပါလေရောကွယ်။


သွားမယ့်နေ့ရောက်တော့ မမရဲ့မားသားမာမီရယ် မမရယ်ကို မမရဲ့ချစ်လှစွာသော မောင်ကလေး ဂျာဂျာဘီက ဘူတာကြီးကို လိုက်ပို့ပါရဲ့ ။ မမတို့ ဘူတာကြီးကိုရောက်ပြီး မကြာခင်မှာ ကိုးပေလည်း ရောက်လာခဲ့တယ်။ ဒီအထိ အခက်အခဲမရှိ အေးအေးဆေးဆေး ရထားပေါ်တက်ခဲ့ကြတာပေါ့။ ထိုင်ခုံတွေကတော့  မြန်မာ့ မီးရထားရဲ့ ထုံးစံအတိုင်း တစ်ဆက်တည်းမရဘဲ ကိုးပေနဲ့မမက တစ်ဆက်တည်းရပြီး မေမေကတော့ နောက်ဘက်၃ခုံကျော်လောက်မှာ ရခဲ့တယ်။ ထိုင်ခုံမှာထိုင်လိုက်တယ်ဆိုရင်ပဲ မမ မှာ ဒုက္ခ များရပါတော့တယ်။ ကြီးမားလှတဲ့ ထိုင်ခုံဟာ ပက်လက်ကုလားထိုင်တစ်ခုလိုဖြစ်နေတာက မမရဲ့ ကံလို့ပြောရပေတော့မယ်။ ရှေ့ကိုလည်း မတ်မရ၊ နောက်ကိုလည်း လှဲမရနဲ့ ကို့ယို့ကားယား အူကြောင်ကြားတော့တယ်။ ဒါမင့် ရွေးစရာလည်းမရှိတဲ့အဖြစ်မို့ ဖြစ်သလိုပဲ စီးရတော့တာပေါ့။ ကြင်နာတတ်တဲ့ ကိုးပေကလေးကတော့ နေရာလဲပေးရမလား ပြောပါရဲ့ ။ ဒါပေမယ့်လည်း လူချင်းတူတူ အခွင့်ထူးခံ ဆိုတဲ့အဖြစ်ကို မုန်းတီးလှတာကြောင့် ကိုယ်ရရာ နေရာမှာပဲ ဖြစ်သလိုလိုက်ခဲ့တယ်။ ဒါပေမယ့် စိတ်တော့မပျက်မိပါဘူး။


ဒီလိုနဲ့ လက်ဖက်စားလိုက်၊ ချဉ်ပေါင်ကြော်စားလိုက်၊ အတင်းတုတ်လိုက်၊ မလိုက်ဖြစ်တဲ့ နိုဝယ်လေးကိုစလိုက်၊ ရှုခင်းလေးကြည့်လိုက်၊ ဓါတ်ပုံလေးရိုက်လိုက်၊ ငိုက်မျည်းလိုက်နဲ့ ပဲခူးအလွန် အထိ သာသာယာယာ အေးအေးဆေးဆေးပါပဲ။ ရထားကြီးကလည်း ပုံမှန်ခုတ်လို့။ ညီညာလှတဲ့ လမ်းတွေကြောင့် လူကတော့ လေထဲမှာ လွင့်နေတာပါပဲ။ တကယ့် မိုးပျံရထားအလား ထင်ရတယ်။ ခုန်၍ခုန်၍လည်းခုတ်၏၊ ယိမ်း၍ယိမ်း၍လည်း ခုတ်၏။ ယိုင်၍ယိုင်၍လည်းခုတ်၏။ ရှေ့တိုးနောက်ငင်၍လည်းခုတ်၏။ ဒီလို ခုတ်မောင်းတဲ့ ရထားကို မြန်မာနိုင်ငံမှာသာ စီးခွင့်ရမယ်လို့ မမကတော့ ထင်ပါတယ်။ ခုန်လိုက်ရယ်လိုက်၊ ယိမ်းလိုက်ရယ်လိုက်၊ ယိုင်လိုက်ရယ်လိုက်နဲ့ ရယ်ပြီးရင်း ရယ်နေရတော့ ရုပ်ရည်တွေလည်း ၁၅နှစ်စာလောက်တောင် နုပျိုသွားသလားထင်ရသေးတယ်။


စစ်တောင်းအလွန် သိမ်ဇရပ်ကိုရောက်တဲ့အချိန်မှာတော့ မမတို့ မရယ်နိုင်တော့ပါဘူး။ သိမ်ဇရပ်ဘူတာမှာ ရထားရပ်တော့ ခဏတစ်ဖြုတ်ရပ်တယ် ထင်မိပေမယ့် ကျိုက်ထိုမှာ ရထားတစ်စီး လမ်းချော်နေလို့ အချိန်၁နာရီ ၂နာရီလောက်ကြာမယ်လို့ ဆိုလာပါတယ်။ ဒီတော့ ကိုးပေက သိမ်ဇရပ်ဘူတာရှေ့က တပ်မှာ တာဝန်ထမ်းနေတဲ့ သူ့အစ်ကိုကို ဖုန်းဆက်ပြီး လာတွေ့ဖို့ လှမ်းခေါ်လိုက်တယ်။ မမတို့လည်း ရထားကို ဆက်ပြီး စောင့်မနေချင်တာနဲ့ သိမ်ဇရပ်ကနေ ကားငှားသွားမယ်ဆိုပြီး ရထားပေါ်က ဆင်းလာကြတာပေါ့။


တပ်ရှေ့လည်းရောက်ရော ကိုးပေရဲ့အစ်ကိုနဲ့ ကိုးပေရဲ့မေမေရောက်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကိုးပေအစ်ကိုရဲ့အိမ်မှာ ခဏလိုက်လည်ရင်း စကားစမြည် ပြောဖြစ်ကြတယ်။ အဲ့ဒီအခါမှ ကိုးပေကို ထုချင်နှက်ချင်စိတ် ပေါက်သွား တော့တာပေါ့။ ကိုးပေရယ်လေ.. သူ့အစ်ကိုက ရထားလမ်းချော်နေတဲ့အကြောင်း သူ့ကို ပြောတာကို မမတို့ကို မပြောဘူးလေ။ ပြောရင်တော့ ကားလမ်းကသွားလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံသစ်တော့ ရတာပေါ့။


ကံကောင်းတဲ့သူတွေဆိုတော့လည်း သွားလေရာ အခက်အခဲက မရှိပေဘူး။ စိတ်သဘော ကောင်းလှတဲ့ ကိုးပေရဲ့မေမေက မမ တို့ကို ကားငှားမသွားစေဘဲ ကိုးပေရဲ့ ကေပိုးလို့ အမည်ပေးထားတဲ့ စီးတော်ယာဉ်နဲ့ မမတို့ကို ခရီးဆုံးတဲ့အထိလိုက်ပို့ပေးတယ်။ ကိုးပေရဲ့မေမေ၊ အစ်ကို၊ ယောက်မနဲ့ ကိုးပေတစ်ယောက် သွားလေရာဘဝခရီး ပြေပြစ်ချောမွေ့ပါစေလို့ ဆုတောင်းပေးမိသေးတယ်။ ဒီမှာကိုးပေတစ်ယောက် လှို့ဝှက်ထားတာကို တွေ့ရပါသေးတယ်။ ကိုးပေရယ်လေ.. သူ့မှာ အင်မတန် ချောမောလှပတဲ့ ယောက်မကလေး ရှိတာကို မပြောဘူးရှင်။


ပြီးတော့ ကံကောင်းတဲ့အချက်တစ်နောက်တစ်ခုက မမတို့စီးလာတဲ့ မီးရထားကြီးဟာ ညရောက်တဲ့အထိ ရပ်နေတဲ့နေရာကနေ ရွေ့ခွင့်မရသေးဘူးဆိုတဲ့အကြောင်းကို သိလိုက်ရတာပါပဲ။ အကယ်၍များ ယုံကြည်ပြီး ဆက်စောင့်နေမယ်ဆိုရင် မမတို့တော့ ရထားပေါ်မှာ တစ်ဝါများဆိုရမလား မသိပါဘူးရှင်။


ကျုံကမိစုကိုရောက်တဲ့အခါမှာတော့ ဆွေတော်မျိုးတော်တွေက မမ အကြောင်းသိစွာနဲ့ အုန်းသီးတွေချ၊ အုန်းရေတွေဖောက်ပေးထားကြတယ်။ အေးမြတဲ့အုန်းရေချိုချိုက လူကို လန်းဆန်းသွားစေတာ အမှန်ပါပဲရှင်။


နောက်တစ်ရက်မှာတော့ ညီမဝမ်းကွဲကလေးတွေက ဘီလင်းမှာရှိတဲ့ ဆံတော်ရှင်တည်ရာ ကုသိနာရုံကို လိုက်ပို့တယ်။ ဒီလိုနဲ့ ကျုံကမိစုကနေ ကုသိနာရုံအထိ တစ်နာရီခွဲလောက် ဆိုင်ကယ်ကိုယ်စီနဲ့ ရောက်ခဲ့တယ်။ ကုသိနာရုံတောင်ခြေရောက်တော့ တောင်ပေါ်ကို ဆိုင်ကယ်နဲ့ တက်လို့ရကြောင်း တောင်ခြေမှာရှိတဲ့ သီလရှင်ကျောင်းက ဆရာကြီးတွေက ပြောပါတယ်။ မမတို့တစ်တွေကလည်း ဆိုင်ကယ်စီးတာ အင်မတန် တော်လှတယ် ဆိုတော့ကာ လမ်းလျှောက်တက်ဖို့ကိုပဲ ရွေးလိုက်ကြပါတယ်။


တောင်ကမမြင့်ပေမယ့် မတ်လှတာကြောင့် တောင်တစ်ဝက်မှာတင် အသက် ထွက်တော့မလားထင်ရပါတယ်။ ဖိနပ်ကိုလည်း လူက မစီးနိုင်တော့ပါဘူး။ နောက်ဆုံးမှာ လူသွားလမ်းက ဆက်ပြီး မတက်နိုင်တော့တဲ့အတွက် ကားလမ်းကသာ လိပ်လို၊ ခရုလို ကုန်းရုန်း တက်ကြပါတယ်။ ဝတ်ထားတဲ့ အဝတ်တွေလည်း ရေလောင်းထားသလို ချွေးတွေ စိုလို့ရွှဲလို့ပေါ့။ တစ်နာရီခွဲလောက်အကြာမှာ တောင်ပေါ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့တယ်လေ။ ကုသိနာရုံထဲရောက်တော့ လေးယောက်သား တုတ်တုတ်ကလေးမျှ မလှုပ်နိုင်ကြတော့ပါဘူး။ နေပူပူမှာ ချွေးထွက်ကလည်း များထားတာမို့ လူတွေလည်း မူးနောက်ရီဝေစွာနဲ့ လဲကုန်တော့တာပါပဲ။ တောင်ပေါ်ကျောင်းရဲ့ ကြင်နာတတ်တဲ့ ဆရာကြီးတွေ ဆရာလေးတွေကတော့ သူတို့ကျောင်းမှာ အဖန်ရည် အခါးရည်သောက်ရင်း မုန့်လာစားဖို့ခေါ်ပါတယ်။ မမတို့ကတော့ နေရာသေးသေးကလေးကိုတောင်မှ မရွေ့နိုင်ကြတော့ပါဘူး။ ကျောင်းကြီးရဲ့ အေးမြတဲ့ ကျောက်ပြားတွေထက်မှာ နာရီဝက် လောက် အိပ်စက်ပြီတော့မှ လူတွေလည်း အနည်ငယ် လန်းဆန်းလာပါတော့တယ်။ ဒီတော့မှာ ဆံတော်ရှင်တည်ရာ ကို ဖူးရင်း အနီးတစ်ဝိုက်မှာရှိတဲ့ ထူးဆန်းတဲ့ နေရာတွေကို လိုက်ပြီး ကြည့်ကြ ရှုကြပါတယ်။  နှစ်ဖက်ပေါက်တယ်ဆိုတဲ့ ဂူပေါက်တွေကို ဝင်ကြည့်ချင်ပေမယ့် ဖယောင်းတိုင်မီး  မရှိတဲ့အတွက် မဝင်ရဲခဲ့ကြပါဘူး။


ဒီလိုနဲ့ အပြင်ဘက်က ပတ်ကြည့်ပြီး ဆရာလေးတို့ကျောင်းကို ခပ်တည်တည်နဲ့ ဝင်လည်ကြပါတယ်။ ဧည့်ဝတ်ကျေလှတဲ့ ဆရာကြီးဆရာလေးတို့က အင်မတန်ချိုလှတဲ့ ပိန္နဲသီးတွေ၊ အင်မတန် အရသာရှိတဲ့ သုံးခွရွက်ဆိုတဲ့ ရှာပါးတဲ့ သစ်ရွက်ကြော်တွေကို ရေနွေးတစ်ဗူးနဲ့ချပေးပြီး ဧည့်ဝတ်ပြုကြပါတယ်။ ပိန္နဲသီးတစ်ပန်းကန်ကြီးဟာ တစ်ခဏအတွင်းမှာပဲ အနိစ္စသဘောကို ပြသသွားပါတော့တယ်။ သုံးခွရွက်ဆိုတာလည်း ဒီတစ်ကြိမ်မှသာ ကြားဖူးပေမယ့် စားလို့ရတဲ့အရွက်ဖြစ်မှာပဲဆိုပြီး လေးယောက်သား တစ်ခုစီကို ခပ်ရွံ့ရွံ့ကလေး စားကြည့်ကြပါတယ်။ တစ်ခုစီ စားလို့အပြီးမှာတော့ သုံခွရွက်ကြော်သည်လည်း “မောင်ကျန်တစ်တို့” အဖြစ်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ စားပြီးသောက်ပြီး နောက်မှာ ဆရာလေးတို့ကို ဝတ်ပြုလှူဒါန်းပြီး တောင်အောက်ကို ပြန်ဆင်းလာကြပါတယ်။ အဆင်းမှာတော့ တွန်းချသလားထင်ရအောင်ကို မြန်လှတယ်။ ပြေးဆင်နေသလိုကို ဖြစ်နေတော့တာပါပဲ။ တောင်ခြေကိုရောက်လို့ နာရီကိုကြည့်လိုက်တော့ အဆင်းဟာ ၃၅မိနစ်ပဲ ကြာတာကိုတွေ့ရတယ်။ ဒါတောင် လမ်းမှာ ခဏခဏ နားသေးလို့။


ဆိုင်ကယ်တွေထားတဲ့နားကိုရောက်တော့ ဆိုင်ကယ်ခုံတွေဟာ မီးကျီးခဲတွေလို ခြစ်ခြစ်တောက် ပူလောင်နေတယ်။ ဒီတော့ တောင်ခြေကျောင်းက ဆရာကြီးဆီက ရေတစ်ခွက် အလှုခံပြီး ခုံတွေကို လောင်းပစ်မှ စီးလို့ရတဲ့ အခြေအနေကို ရောက်ပါတော့တယ်။ တောင်ပေါ်က စားသောက်လာသမျှဟာလည်း တောင်ခြေ အရောက်မှာ ဘာမှ မကျန်တော့အောင် ဝမ်းဗိုက်တွေလည်း ဟာလာကြတာပေါ့။ ဒီလိုနဲ့ ဘီးလင်းရောက်ရင် ကောင်းတဲ့ဆိုင်မှာ ဝင်စားမဟဲ့လို့ လေးယောက်သား အားခဲပြီး ပြန်လာကြတာပေါ့။ နယ်မြေကျွမ်းကျင်တယ်ဆိုတဲ့ ညီမလေးကဦးဆောင်ပြီး ဆိုင်တစ်ဆိုင်ရှေ့ကို ဦးတည်ပြီးရပ်လိုက်ကြတယ်။ အစားအသောက် တယ်ပြီးတော့ ကောင်းတယ်ဆိုပဲ။ ဆိုင်ထဲဝင်မယ်အကြံမှာ ပြဿနာက စပေါ်တော့တယ်။ ဆိုင်ထဲမှာ အမျိုးသမီးနဲ့ တူတာဆိုလို့ မမတို့ လေးယောက်ပဲ ရှိတာကလား။ မဟာပုရိသတို့လည်း အူကြောင်ကြောင်နဲ့ လှည့်ကြည့်လို့ပေါ့။  ဘုရားဘုရား.. မဖြစ်ခြေဘူးဆိုပြီး အမြန်ပြန်ထွက်ခဲ့ရတယ်..။ လားလား… နောက်မှသေချာပြန်ကြည့်တော့ ဘီယာဆိုင်ကြီးဖြစ်နေတာကိုး..။


ဤသို့နှင့် မမတို့လေးယောက် ကြုံရာ ထမင်းဆိုင်တွင် ဝင်စားကာ အိမ်သို့ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ မည်သို့မျှ မတတ်နိုင်တော့ပဲ နေ့လည်နေ့ခင်း နွေနေပူပူမှာ မသိမသာ တိုက်နေတဲ့ လေကလေးကိုအားပြုပြီး လဲလျောင်းပြီး အိပ်စက် အနားယူလိုက်ကြပါ တော့တယ်။




မမဝသုန်
03-03-2013
Sunday ( Taung Soon)

Monday 11 March 2013

ရင်တွင်းမိုး




မိုးရိပ်မှိုင်းညို
တိမ်လှိုင်းပြိုလို့
ညို့ ညို့ ရှစ်ခွင်
ထိုဝန်းကျင်ကား
မျက်သားမိုးခို
တိတ်တိတ်ငိုသည့်
ရင်ရိပ်ပြိုဆိုင်း
ထိုမုန်တိုင်းကို
နှိုင်းယှဉ်မတုနိုင်သည်ကား။




ပျိုးယုဝသုန်
02:45:32AM
10-03-2013
Sunday (YGN)


Saturday 9 March 2013

ဂျာဂျာဘီ နှင့် အပ်ချုပ်စက်





မောင်ဂျာဂျာဘီသည် ဟိုစပ်စပ် သည်စပ်စပ်နှင့် အကုန် သိချင်သော သူ ဖြစ်သည်။


တစ်နေ့တွင် မည်ကဲ့သို့ စိတ်ကူးရသည် မသိ၊ အစ်မဖြစ်သူ၏ အသုံးမပြုဘဲ သိမ်းထားသည်မှာ ကြာပြီ ဖြစ်သော အပ်ချုပ်စက်ကို စစ်ဆေးကာ ပြန်ဆင်မည်ဟု သိမ်းထားရာမှ ထုတ်ယူလာသည်။ ထို့နောက် ကပ်ညိနေသော ဖုန်များကို ရှင်းလင်းကာ စက်ကို စမ်းသည်။ သို့သော် စက်သည် မည်သို့မျှချုပ်၍ မရပါ။ ထို့ကြောင့် ဖခင်ဖြစ်သူကို အကူအညီတောင်းကာ သားအဖ နှစ်ယောက် စက်ပြင်ပွဲကို ကျင်းပကြလေသည်။


အချိန်အတော်ကြာခဲ့ပြီ။ ထိုအပ်ချုပ်စက်ကား ချုပ်၍ မရသေးပါ။ ဂျာဂျာဘီ စိတ်ညစ်သွားသည်။ ထို့ကြောင့် အစ်မဖြစ်သူ ရန်ကုန်တွင် အလုပ်လုပ်စဉ်က အတူတကွ အလုပ်လုပ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို ဖုန်းဆက်ကာ အကူအညီတောင်းသည်။ ထိုမိန်းကလေးကလည်း သူမ၏ အလုပ်ပြီးချိန် ညနေပိုင်းတွင် အိမ်သို့ ရောက်လာသည်။ ထို့နောက် ထို အပ်ချုပ်စက်ကို ထပ်၍ ပြင်ကြပြန်သည်။ သို့သော် အပ်ချုပ်စက်ကား ခေါင်းမာလှစွာပင် ချုပ်၍မရပါ။ အချိန်အတော်ကြာ ကြိုးစားပြီးသည့်တိုင် သူတို့ပြင်၍ မရတော့သောအခါ အစ်မဖြစ်သူ ရှိစဉ်က အမြဲခေါ်ဖြစ်ခဲ့သော စက်ပြင်ဆရာကို ဖုန်းဆက်ခေါ်ကြသည်။


စက်ပြင်ဆရာ ရောက်လာသောအခါ  စက်ကို စစ်ဆေးသည်။ ထိုအခါတွင် မှားယွင်းနေသည့် အကြောင်းအရာကို စက်ပြင်ဆရာက ရှာဖွေတွေ့ရှိသွားသည်။ ၁၀မိနစ်မျှ အကြာတွင် အပ်ချုပ်စက်သည် ချုပ်၍ ရသွားပြီ ဖြစ်သည်။  ထို့နောက် ဝန်ဆောင်ခ ၄၀၀၀ ရယူကာ ပြန်သွားလေသည်။


ချုပ်၍မရသော အကြောင်းရင်းမှာကား ဂျာဂျာဘီသည် အပ်ချုပ်စက်တွင် အပ်ကို ပြောင်းပြန်တပ်ထားသောကြောင့်သာတည်း။


မောင်ဂျာဂျာဘီသည် ဤသို့ တော်သော စက်ပြင်ဆရာ တစ်ယောက်လည်းဖြစ်သည်။


တစ်ရက်တွင် အစ်မဖြစ်သူ ရန်ကုန်သို့ ရောက်လာသည်။ ထိုအခါ ဂျာဂျာဘီသည် အစ်မဖြစ်သူအား ဘောင်းဘီအရှည်၊ အတို ချုပ်နည်းကို သင်ပေးရန်ပြောလေသည်။ အစ်မဖြစ်သူလည်း သင်ပေးမည်ဟု ကတိပြုကာ သူ့အား စက်ကိုနင်းခိုင်းလေသည်။ ဤတွင် မောင်ဂျာဂျာဘီသည် အဆင်ပြေစွာ စက်ကို ဖြောင့်အောင် နင်းနိုင်နေပြီ ဖြစ်သည်။ ထို့နောက် အစ်မဖြစ်သူက လွန်းအိမ်နှင့် အပ်ချည်များကို ဖြုတ်ကာ လွန်းအိမ်ပြန်ထည့်ခြင်း၊ အပ်ချည်သွင်းခြင်းတို့ကို ပြပေးလေသည်။ မောင်ဂျာဂျာဘီလည်း လိုက်မှတ်လေသည်။


ထို့နောက်တွင် အစ်မက အပ်ချည်နှုင့် လွန်းအိမ်ကို ဖြုတ်ကာ မိမိဘာသာ ပြန်တပ်ရန် ပေးလေသည်။ အေးအေးဆေးဆေးပင် လွန်းအိမ်တပ်ခြင်း၊ အပ်ချည်သွင်းခြင်းတို့ကို မှန်ကန်စွာ ပြုလုပ်နိုင်သည်။ ထို့နောက် ချည်စမ်းသည့်အနေဖြင့် အဝတ်တစ်စပေါ်တွင် အပ်ချည်ကြောင်း တင်ကြည့်သည်။ ချည်ကြောင်းသည် မလှပပါ။ အပေါ်ချည်လျော့သည် လား အောက်ချည်တင်းသည်လားမသိ၊ အပေါ်ချည်ကြောင်း လျော့ကာ အောက်ချည်ကား ပြတ်မတတ် တင်းနေသည်။ ထို့နောက် အပေါ်ချည်ကို အရင်ညှိ၏။ ချည်ကြောင်းကာ လှမလာပါ။ ထို့နောက်အောက်ချည်ရှိရာ လွန်းအိမ်ကိုညှိပြန်သည်။ သို့သော် ထူးမလာပေ။


ဂျာဂျာဘီ စိတ်ညစ်သွားသည်။ အဘယ်ကြောင့် အပ်ချည်ကြောင်းတွေမလှသည်ကို သူရှာမရပေ။ အတန်ကြာ ကြိုးစားပြီးနောက် မရတော့သောအခါ အစ်မဖြစ်သူကို ပြောပြလေသည်။ အစ်မက သူတပ်ဆင်ထားသည်များကို စစ်ဆေးကြည့်သောအခါ လွဲချော်မှုကို တွေ့ခဲ့သည်။  ချည်များ တပ်ဆင်ထားသည်မှာ မှန်သော်လည်း ချည်အတင်း၊ အလျော့ ပြုသော ဘားကလေးအတွင်း အပ်ချည်အဖြတ်တွင် အပ်ချည်သည် ဘားအတွင်း မဝင်ဘဲ အနောက်ဘက်မှ ချော်ကာ တပ်ဆင်ထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မမြင်ရသော အခြေအနေတွင် ချိန်ဆ၍ တပ်ဆင်ရသောကြောင့် ဂျာဂျာဘီ၏ အမှားမဟုတ်၊ အစကနဦး သုံးသူများ မကြာခဏ ဖြစ်တတ်သော အမှားဖြစ်သည်ဟု အစ်မက ဆို၏။


ထို့နောက်တွင်မူ မောင်ဂျာဂျာဘီကလေးသည် ထိုအမှားများကို ထပ်မံ မဖြစ်တော့ပေ။ မကြာမီ အချိန်တွင် မိမိ ဝတ်ဆင်သော ဘောင်းဘီတို။ ဘောင်းဘီရှည်များကို ကိုယ်တိုင်ချုပ်ကာ ဝတ်ဆင်နိုင်တော့မည်ဖြစ်သည်။


နောင်တစ်ချိန်တွင် ဤသို့ လွဲတတ် ချော်တတ်သော အနှီမောင်ဂျာဂျာဘီသည် အဝတ်အထည်ပုံစံများကို ထုတ်လုပ် နိုင်မည့်သူ မဖြစ်နိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။



မမဝသုန်
11:45:00PM
02-03-2013
Saturday (Taung Soon)