Saturday 20 September 2014

ပဟေဠိများနှင့်


တကယ်တော့ သူဟာ ကိုယ်မရေးတဲ့ ကဗျာတစ်ပုဒ်
သိပ်သည်းတဲ့ အနက်နဲ့လည်း ပြည့်စုံတယ်။
လှပတဲ့ ဖွဲ့စည်းမှုလည်းရှိတယ်။
နူးညံ့တဲ့ အသံလည်းပါတယ်။
သွယ်ဝိုက်တဲ့ ရည်ညွှန်းရာ တွေနဲ့ ..ပေါ့..။


တကယ်တော့ သူဟာ ကိုယ်မဆွဲတဲ့ ပန်ချီကားတစ်ချပ်
လှို့ဝှက်တဲ့ အဓိပ္ဗါယ်နဲ့ ပြည့်စုံတယ်
တောက်ပတဲ့အရောင်တွေနဲ့ ဖွဲ့စည်းတယ်
ပြည့်ဝတဲ့ စကားတွေလည်း ပါတယ်
ခံ့ငြားနဲ့ ဘောင်ခတ်ခြင်းတွေနဲ့ပေါ့..။


တကယ်တော့သူဟာ ကိုယ်မစပ်တဲ့ ကော့တေးလ် တစ်ခွက်
ရီဝေတဲ့ အသိကိုပေးတယ်
ချိုမြတဲ့ ရသကို ဝှက်ထားတယ်
ဂန္ဓဝင်ဆန်တဲ့ လှပခြင်းနဲ့ ညှို့ယူတယ်
နောက်ဆုံးတော့
အကြိမ်ကြိမ် ပြိုလဲရင်း ………။


မမဝသုန်
၂၀၁၄/ စက်တင်ဘာ

Friday 19 September 2014

အဇ္ဈတ္တနှင့်အတူ


တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်မှုဆိုလို့  တူရိယာ ပစ္စည်းတချို့ရယ်၊စုတ်တံတွေနဲ့ ဆေးတချို့ရယ်၊စက္ကူတချို့ရယ်၊ ကင်းဗတ်စ် တချို့ရယ်၊ ငွေကြေးအနည်းငယ်နဲ့ အတတ်ပညာတစ်ခုရယ်ပဲ ရှိတာပါ။မင်းမပါပါဘူး။


တကယ်တော့ မင်းဟာ ကိုယ်မပိုင်ဆိုင်တဲ့ ပန်းချီကားတစ်ချပ်၊ ဒါမှမဟုတ်တယောတစ်လက်ပါ။ အဲ့ဒီပန်းချီကားကို ကိုယ်ငေးနေခွင့်ရှိပေမယ့်  အချိန်ပြည့် ကြည့်ရှုခွင့် မရနိုင်သလို  တယောသံကို ကိုယ်နားထောင်ခွင့်ရှိပေမယ့် အချိန်တိုင်းနားဆင်ပိုင်ခွင့် မရှိပါဘူး။


ဂီတာကော့ဒ်တွေ ပြန်ကိုင်နိုင်ဖို့ လှပတယ်လို့ ပြောတာခံရတဲ့ အနည်းငယ်ရှည်လျားတဲ့ လက်သည်းတွေကိုဖြတ်လိုက်တာဟာ ကိုယ့်ရွေးချယ်မှုတစ်ခုပါ။ တစ်ခု လိုချင်ရင်တခုခုကို စွန့်ရမယ် မဟုတ်လား။ ဒါပေမယ့် တခါတရံမှာ ရွေးခြယ်မှု မှားသွားတာလည်း ရှိမှာပေါ့။  ရုတ္တိဗေဒအရမှားနိုင်ပေမယ့် စိတ္တဗေဒအရမှန်တာတွေလည်းရှိတာပဲ။ ကိုယ်ကတော့ အကောင်းမြင်ဝါဒီ တစ်ယောက်ပီပီ အရာရာကို ကောင်းတဲ့ဘက်ကပဲ မြင်ကြည့်လိုက်တယ်။ဥပမာ မင်း ဖုန်းမကိုင်တာ အိပ်ပျော်နေလို့တို့ ဘာတို့ ..။


၆ကြိုသံနဲ့ ၄ ကြိုးသံကြားမှာသွားနေတဲ့ အသံတွေကို နှစ်သက်တဲ့ ကိုယ်ဟာအဲ့ဒီ အသံတွေကို အသစ်အသစ်တွေနဲ့ အသက်ဝင်စေဖို့တော့ ပါရမီအင်အား နည်းပါး လှတယ်။ ဒီလိုနဲ့မင်းအတွက် ဖန်တီးပေးချင်တဲ့ သီချင်းတွေဟာ ကဗျာ ဖြစ်ဖြစ်သွားခဲ့ရတယ်။  တကယ်တော့ ကဗျာမှာလည်း အသံတွေ ရှိတယ် မဟုတ်လား..။


နားထောင်ခြင်းနဲ့ ပြောခြင်းမှာ နားထောင်ခြင်းကို ကိုယ်က အလိုရှိပေမယ့်ပြောခြင်းကိုသာ လက်ခံထားရတဲ့ကိုယ့်ကမ္ဘာဟာ အနည်းငယ် တိမ်းချော်မှုတွေနဲ့ ဖွဲ့စည်းတယ်။ကျဉ်းကြပ်လာတဲ့ စိတ်ရဲ့ ထွက်ပေါက်ဟာ ဝရံတာနဲ့ပြတင်းပေါက်မှာရှိတယ်ဆို မင်းပြုံးကောင်းပြုံးနိုင်ပါတယ်။ ကိုယ့် ပြတင်းပေါက်မှာချိတ်ထားတဲ့ ငှက်အိမ်ကလေးမှာ ငှက်ကလေးတွေမရှိတာ အတော်တောင်ကြာပြီပဲ။


စကားမစပ်ပေါ့..။ ကိုယ် သံစဉ်လေးတွေရှာထားတယ်..။ တနေ့နေ့ အချိန်ရရင်ဖြစ်ဖြစ်၊နားထောင်ချင်ရင်ဖြစ်ဖြစ် ကိုယ့်ကို လက်တို့လိုက်ပါ။ သီချင်းတစ်ပုဒ် မဟုတ်ရင်တောင်ကဗျာတစ်ပုဒ်တော့ မင်းနားထောင်ရမှာပေါ့..။ စိတ်နဲ့ ဆိုတဲ့ သီချင်း ဆိုတော့ စိတ်နဲ့နားထောင်ဖို့တော့လိုလိမ့်မယ်။


တကယ်တော့ ကိုယ်က စိတ္တဇနာမ်တွေကို ဖက်တွယ်ထားသူပါ..။


ဥပမာ .. သတိရခြင်း..


ပျိုးယုဝသုန်

Wednesday 17 September 2014

စာမျက်နှာများ အကြောင်း ( ၅ )




မျှော်လင့်ခြင်း ကောင်းကင်ဟာ အရောင်အသွေးစုံတဲ့တိမ်တိုက်တွေနဲ့ လှပနေတယ်။

မနက်ဖြန်တွေ ရှိလာတဲ့ ပစ္စုပ္ဗန်ကို ရရှိပြီးတဲ့နောက်မှာ ဘဝဟာ နေပျော်စရာဖြစ်လာတယ်။

စာကြည့်စာပွဲလို့ အမည်တပ်ထားပေမယ့် တကယ်ကြည့်ဖြစ်တာက စာမဟုတ်ပဲ တိတ်တဆိတ်ထောင်ထားတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နေခဲ့တယ်။

သိဖို့မလို ပြောဖို့မလိုတဲ့ အကြောင်းအရာ အချို့ရဲ့အနောက်မှာ သိနေခြင်းတစ်ချို့ရှိနေခြင်းဟာ ကူးလူးဆက်သွယ်နေတဲ့ စိတ်တံခါး ဖွင့်ထားလို့ဖြစ်မယ်..။

တစ်နေဝင်သွားတိုင်း အားအင်အသစ်အချို့ ရရှိလာခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှထင်မှတ်မျှော်လင့် မထားဖူးခဲ့ဘူး။ မျှော်လင့်ခြင်းဟာ မနက်ဖြန်တွေကို လင်းလက်စေသလားပဲ။

ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေဟာ တကယ်တော့ မျှော်လင့်ခြင်းဆိုတာကနေအစပြုလာတာမဟုတ်လား။ အေးစက်ပေမယ့် နွေးထွေးတဲ့နေ့ရက်တွေဖြစ်လာလိမ့်မယ်လို့ မထင်ဘူးလားဟင်။

နေ့တာ အတိုအရှည်တွေထက် နာရီတွေ တိုမနေစေချင်တာက ဖြစ်ချင်မှု တစ်ခုပါ။အချိန်ဆိုတာကို လိုသလို ရပ်တန့်နိုင်၊ ကျော်ဖြတ်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိတယ်။

တဆိတ် ..

စကားမစပ်  မျက်လုံးမှိတ်ပြီးခေါင်းကိုမော့ထားပေးပါ..။

နောက်ကျောဘက်က ပခုံး .. ခဏလောက်မှီအုံးပါရစေ..။

ပျိုးယုဝသုန်

Monday 15 September 2014

စာမျက်နှာများ အကြောင်း (၄)



လက်ဖမိုးပေါ် ကျလာသော ရေတစ်စက် နှစ်စက်သည် မျက်ရည်များဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားဖူးခဲ့ပါ..။

နာကျင်ခြင်းဆေးရောင်များ ထင်နေသော သူ၏ မျက်လုံးများ၊စိတ်၏ ကျဉ်းကြပ်မှုကို ဖော်ပြနေသည့် သူ၏ နှုတ်ခမ်းရွေ့လျားပုံ..။ မျက်နှာပြင်တွင်မြင်နေရသော သက်သောင့်သက်သာ မရှိမှုတို့ကို မမြင်လိုဘဲ မြင်တွေ့ရသောအခါ စိတ်သည်တဆစ်ဆစ် နာလာသည်။ မကြည့်မမြင်ရက်သဖြင့် မျက်နှာလွှဲလိုက်သော်ငြား စိုးရိမ်ပူပန်မိသောစိတ်သည် သူ့ထံတွင် ကျန်ခဲ့သည်။  ဘယ်အချိန်အထိထိုနာကျင်မှုများနှင့် အတူရှိနေမည် ကို မသိသော်လည်း တာရှည်စွာ အတူရှိမနေစေလိုသည်မှာစေတနာ စစ်စစ်သာ ဖြစ်သည်။

သူသည် ကျွန်မအတွက် စာအုပ်တစ်အုပ်ဖြစ်သည်။ ကျွန်မနားလည်သော ဘာသာစကားများဖြင့် ဖွဲ့စည်းထားသည်။ ဝမ်းနည်းစရာ၊ ကျေနပ်စရာ၊ ဂုဏ်ယူစရာ၊အားကျစရာ စသော ရသများနှင့် အခန်းဖွဲ့ တည်ဆောက်ထားသည်။  ဖွဲ့စည်းပြီးသော စာမျက်နှာများကို ပြင်ဆင်ရန် နှင့် တည်းဖြတ်ရန်ကိုကျွန်မ မတတ်နိုင်ခဲ့ပါ။ သို့သော် ထိုစာအုပ်၏ နောက်တွင် နောက်တိုးစာမျက်နှာများအဖြစ် ကျွန်မ ထပ်မံဖြည့်စွက်ချင်သည့် အကြောင်းအရာသည် ပျော်ရွှင်ခြင်းမှ အပ မည်သည့်အရာမှမဖြစ်နိုင်။Happy Ending သည် သူ့အတွက် ဖြစ်ရမည်။

သူ၏ စာမျက်နှာ အတော်များများကို ရယ်မောစရာ၊ ပျော်ရွှင်စရာများနှင့်သာဖြစ်နေ စေချင်ခြင်းသည် အတ္တစိတ် တစ်ခုသာ ဖြစ်သည်။ မျက်ရည်စက်တို့၏ ဘာသာစကားကို သိသောအခါသူ့ကို တစ်ဦးတစ်ယောက်ထဲ မထားရန် ဆုံးဖြတ်နိုင်ခဲ့သည်။  သူ့ကို နာမကျန်း မဖြစ်စေလိုပါ။ အထူးသဖြင့်သူ၏စိတ်ကို နာမကျန်း မဖြစ်စေလိုပါ။ တစ်ဦးတစ်ယောက်တည်း ရပ်တည်ရခြင်း၏ ဆင်ရဲမှုမျိုး သူ့အား မရစေချင်..။ အလွန်ပင်စိတ်ပင်ပန်းလှသည် မဟုတ်ပါလား။

သူ၏ဘဝတွင် လျောက်လှမ်းစရာ လမ်းသည် အရှည်ကြီး ကျန်သေးသည်။ထိုလမ်းကို နာကျင် မောလျစိတ်များနှင့် မလျှောက်စေချင်ပါ။ စိတ်ဓာတ်ခွန်အားပြည့်ပြည့်နှင့်အောင်မြင်စွာ ပြီးတော့ ပျော်ရွှင်စွာ ဖြတ်ကျော် စေချင်သည်။ နာကျင်ခြင်းများနှင့် အားနာစွာသူထွက်သွားချိန်တွင် ထားရှိမိသော စိတ်သည် နားလည်ခြင်းပေးခြင်း တစ်ခုသာ။ သူ့အတွက် အရေးကြီးသည့်အကြောင်းအရာကို သူရွေးခြယ်ခြင်းအတွက် သူ့ကို အပြစ်တင်စရာစကား ကျွန်မတွင် မရှိပါ။တခါတရံတွင် လူတို့သည် ရွေးခြယ်ခြင်းတခုခုကို လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ မဖြစ်မနေလုပ်ရသည် မဟုတ်လား။

မျက်ရည်တို့သည် နှလုံးသွေးမှလာသော အသွင်ပြောင်ထားသည့်အရည်တစ်မျိုးဖြစ်သည် ဟု ကျွန်မ၏ အဘိဓာန်တွင် ရေးသွင်းခဲ့သည်။ စိတ်နှလုံးကို မထိခိုက်သေးသ၍မျက်ရည်စစ်စစ်ဆိုတာ မရနိုင်ဘူးဟု ကျွန်မ ယုံကြည်ခဲ့သည် မဟုတ်လား။

သူသည် သူ့ကိုယ်သူ သိသူ ဖြစ်ကောင်းဖြစ်လိမ့်မည်။ကျွန်မသည်လည်း ကျွန်မကိုယ်ကျွန်မ သိသော သူဖြစ်သည်။ အရေးကြီးသည်မှာ ကိုယ့်ကို ကိုယ်သိပြီး ထိုအသိကို အမှန်ဖြစ်ကြောင်း လက်ခံနိုင်ခြင်းပင်ဖြစ်သည်။ 

သူနှင့် ကျွန်မအကြားတွင် ခရီးတာ အကွာအဝေး မရှိပါ။စိတ်နှင့်လူ တစ်သားတည်း ဖြစ်နေခဲ့ဖူးသည်။ သူနှင့် ကျွန်မတွင် အထိအတွေ့ကင်းသည့် ချစ်ခြင်းတစ်ခုရှိသည်။ထိုချစ်ခြင်းကို Platonic Love ဟု အဘိဓာန်တို့တွင် အဓိပ္ဗါယ် ဖွင့်ဆိုကြသည်။ စေတနာ၊မေတ္တာတရားနှင့် သံယောဇဉ် တို့ဖြင့် ဖွဲ့စည်းသည်။ ထို့ကြောင့် သူ၏ နာကျင်ခြင်းသည်ကျွန်မ၏ နာကျင်ခြင်း ဖြစ်သကဲ့သို့ သူ၏ ပျော်ရွှင်ခြင်းသည် ကျွန်မ၏ ပျော်ရွင်ခြင်း ဖြစ်သည်။ထို့အတွက် ကျွန်မ ကျေနပ်နေခဲ့သည်။

ကြိုးကလေးသည် သေးမျှင်လှသည်။ ထိုကြိးကလေး၏တစ်ဘက်တွင်သူရှိ၍နောက်တစ်ဘက်တွင် ကျွန်မရှိသည်။  ထိုကြိုးကလေးသည်နွေးထွေးသော မေတ္တာတရားဖြင့် ကျစ်လျစ်ထားသည်။

နွေးထွေးခြင်းများဖြင့် အိပ်စက်နိုင်ပါစေ..။

ပျိုးယုဝသုန်

စာမျက်နှာများ အကြောင်း (၃)

တကယ်ပဲ ဒါဟာ အမှတ်တရပါ။

သတိရခြင်းရဲ့ တစ်ဖက် ကမ်းပါးမှာ သူရှိကောင်းရှိနေမယ်။ ဒါမှမဟုတ် နွေးထွေးနဲ့အိပ်ရာတစ်ခုပေါ်မှာ သက်သောင့်သက်သာနဲ့ လဲလျောင်းနေမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ကြားမှာခြားနားခြင်း ကမ်းပါးတစ်ခု ရှိနေတယ်။

နေရာဒေသတွေခြားနားတယ်။ လူတွေခြားနားတယ်၊ အချိန်တွေခြားနားတယ်၊ ဘာသာစကားတွေခြားနားတယ်။ ဒီလိုခြားနားခြင်းတွေထဲက မခြားနားခြင်းတွေကို လိုက်ရှာရတာဟာ အမှတ်တရဖြစ်ပါတယ်။

ပုံရိပ်ယောင်တွေနဲ့ မွေ့လျော်ရင်း အပြင်လောကရဲ့ အပြင်ဘက်မှာ ရပ်တည်ရင်းမွေ့လျော်နေတဲ့ စိတ်ဟာ နတ်သမီးအိပ်မက်တွေကို ဆက်ဆက်ပြီး မက်ချင်နေမှာပေါ့။ အချိန်အတိုင်းအတာတစ်ခုအထိ ဒါမှ မဟုတ် တစ်သက်လုံးလည်း ဖြစ်နိုင်တယ် မဟုတ်လား..။

 ကြယ်ကြွေချိန် ဆုတောင်းရင်ဆုတောင်းပြည့်တယ်ဆိုလို့ ကြယ်ကြွေချိန်ကို စောင့်စားရင်း အိပ်စက်ခြင်းတွေ ဆုံးရှုံးသွားတဲ့ညတွေလည်း ရှိကောင်းရှိမှာပါ။ ဒါဟာ တကယ်တော့ အပေးအယူတစ်ခုပါပဲ။ ညကို အပြစ်ပုံချစရာလည်းမလိုပါဘူး..။ တခါတရံမှာ ကိုယ်ကသာ ကြယ်တွေကို ရူးသွပ်စွာနဲ့ ရေတွက်မိသူ..။ ဒါကလည်းအမှတ်တရ ပဲပေါ့။

အမြဲပြုံးပါလို့ သူတပါးကို အားပေနေသူတစ်ယောက်မှာ ကိုယ်တိုင်ပြုံးမနေနိုင်တဲ့အကြောင်းအရာတွေ ရှိခဲ့တယ်။ လူတစ်ဦးတစ်ယောက်နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့ အရာတွေပျောက်ရှသွားရင် ပုထုဇဉ်ပီပီ လက်လျော့လိုက်တာဟာ  ဇွဲလုံ့လ မရှိလို့ မဟုတ်ပဲ သူတပါးရဲ့ လွတ်လပ်ခွင့်ကို နားလည်ပေးလိုက်ခြင်းသာဖြစ်တယ်ဆိုရင် လှောင်ပြောင်ခြင်း နွံထဲမှာ ကိုယ်နစ်နေဦးမှာပေါ့။ တခါတရံမှာ စေတနာဟာခါးတတ်တယ် မဟုတ်လား။

ရာသီဥတု ပူနေလား။ အနွေးထည် ဝတ်ထားရဲ့လား၊ မီးလင်းဖို မီးလင်းနေချိန်မှာ တောင်အလယ်နားမှာ နှင်းမိုးတွေရွာနေခဲ့တယ်..။ တကယ်တော့ ဒါဟာလည်း အမှတ်တရပါပဲ..။ပြုံးရယ်နေတဲ့နှုတ်ခမ်းနောက်က ဝမ်းနည်းမှုဟာ ပိုပြီး နာကျင်တယ်ဆိုရင် သူကတော့ ရယ်ကောင်းရယ်နေနိုင်ပါတယ်..။

တကယ်ပါ..။ ချစ်ခြင်းမေတ္တာတိုင်းရဲ့ နောက်မှာ ဝန်တိုမှုဆိုတာ အနည်းနဲ့အများ ရှိကြတယ်..။ မည်သည့် ချစ်ခြင်းမေတ္တာမျိုးပဲ ဖြစ်ဖြစ်ပေါ့..။


ပျိုးယုဝသုန်

စာမျက်နှာများ အကြောင်း (၂)

1st September

မြန်မာပြည် ပြန်ရောက်တဲ့ တစ်နှစ်တာ ကာလ အတွင်းမှာ သုံးနေကျ ကွန်ပျူတာလေးနဲ့ အင်တာနက်ကို အချိန်ပြည့် ပြန်လည်ချိန်ဆက် သုံးစွဲတာ ဒါ ပထမဆုံး အကြိမ်ပါပဲ.. ။ သူလည်း တစ်နှစ်စာခေတ် အနောက်မှာ ကျန်ခဲ့သလို ကိုယ်လည်း တစ်နှစ်တာ လူမှုဝန်းကျင် နောက်မှာ ကျန်ခဲ့တယ်။တစ်နှစ်တာလုံး ကိုယ့်စိတ်ကို ကိုယ် တန်ချိန်များစွာလေးတဲ့ အလေးချိန်နဲ့ ခိုင်းနှိုင်းလို့ရတဲ့စိတ်နဲ့ ပြန်ဖိထားခဲ့ပြီး စားဝတ်နေရေးအတွက် စီးပွားရေးဆိုတဲ့ နွံထဲမှာ ကိုယ့်ကိုယ်ကိုယ်နှစ်ခဲ့တယ်…။ 

မိတ်ဆွေသူငယ်ချင်းတွေရဲ့ ပြင်ပကို ရောက်နေခဲ့တယ်..။ မိဘ ညီအကို မောင်နှမတွေအပေါ်မှာလည်းထားသင့်တဲ့ ဂရုစိုက်မှုထက် လျော့နည်းခဲ့တယ်..။ အားလုံး အပေါ်မှာ ပျက်ကွက်မှု များစွာနဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်.။

ဘဝဆိုတာ လမ်းတစ်ခု လို့ သတ်မှတ်မယ်ဆိုရင် ဒီလမ်းကို ချောမွေ့စွာ ဖြတ်နိုင်ဖို့ခရီးမစခင်ကတည်းက ပြင်ဆင်နေရတဲ့ အချိန်တွေဟာ တော်တော်လေး ပင်ပန်း ခက်ခဲခဲ့တယ်။  တကယ့်လမ်းမှာလည်း မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ရင်ဆိုင်လာရတိုင်းကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဆက်လျောက်ခဲ့ရတယ်..။အရာရာဟာ ကိုယ်နဲ့အတူ အမြဲ မရှိနိုင်ဘူးဆိုတာသိနေပေမယ့် ပုထုဇဉ်ပီပီ ကိုယ့် အလှည့်မှာများ ရှိနေနိုင်မလားလို့ မဝံ့မရဲ စိတ်နဲ့မျှော်လင့်မိတာတွေလည်း ရှိခဲ့တယ်..။

ဒီနေ့တွေမှာပဲ ချစ်ခင်ရသူတစ်ယောက် ပျောက်ရှ ခဲ့တယ်။ ဒီနေ့တွေမှာပဲ ချစ်ခင်ဖွယ်ရာသူတစ်ယောက် ကောက်ရခဲ့တယ်..။ လက်နှစ်ဖက်စာလောက်သာ ကျန်ရှိတော့တဲ့ ကိုယ်ကချစ်တဲ့ ကိုယ့်ကိုလည်းချစ်ခင်ကြမယ်လို့ထင်ရတဲ့ သူတွေကတော့ ကိုယ့်ရဲ့ အားနည်းချက်တွေကို နားလည်ခွင့်လွှတ်ပြီး နေမဝင်ခင် အချိန်ကာလအထိအတူတူ ရှိနေကြပါစေလို့ မျှော်လင့် ဆုတောင်းရတယ်..။ ကိုယ်လည်း လူသားတစ်ယောက် မဟုတ်လား..။ကိုယ်ချစ်တဲ့သူတွေအနားမှာ နေချင်တာပေါ့။

တကယ်တော့ ဘဝခရီးလမ်းဟာ မရှည်ပေမယ့် သိပ်အတိုကြီးလည်းမှ မဟုတ်တာ..။

ပျိုးယုဝသုန်

Wednesday 10 September 2014

စာမျက်နှာများ အကြောင်း (၁)




တကယ်တော့ ထိုအကြောင်းအရာသည် အတ္တတစ်ခုသာ ဟုပြောလာလျှင် ငြင်းပယ်ဖို့ သူ မစဉ်းစားပါ။

သူတပါးကို ပျော်ရွှင်စေခြင်းဖြင့် ကိုယ့်အတ္တကို ကိုယ်အရောင်တင်ရလိမ့်မည်ဟု ဘာသာပြောမိသော စကားကို သူ တိတ်တဆိတ် ရုပ်သိမ်းပြီးဖြစ်သည်။ တစ်နေ့ထက် တစ်နေ့ ဝန်တိုမှုနှင့် မစ္ဆရိယသည် သူ၏နှလုံးသားအတွင်းသို့ တစိမ့်စိမ့် စီးဝင်နေသည်။ သို့သော် ထိုဝန်တိုမှုနှင့် မစ္ဆရိယကို ဖွင့်ဟပြောဆိုရန် သူမဝံ့ရဲပါ။ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများကို လက်မခံချင်သော်လည်း သူသည် ရှေးရိုးစွဲနေသည့် အတွေးအခေါ်များကို မဖျောက်ပစ်နိုင်သေးဘူး မဟုတ်လား..။ ခေတ်မီခြင်း၊ ခေတ်ဆန်ခြင်းနှင့် ခေတ်လွန်ခြင်းတို့တွင် သူ လက်နိုင်သည်က ခေတ်မီခြင်း တစ်ခုသာ..။

မောင်သည်  သူတိတ်တဆိတ် ပျော်ဝင်နေသော မြစ်တစင်းဖြစ်သည်။ ထိုမြစ်ထဲတွင် အခြား မည်သူတစ်ဦး တစ်ယောက်မျှ မပျော်ဝင်နေစေလိုသည်မှာ သူ၏ ဆန္ဒသာဖြစ်သည်။ မောင် သိပ်ပြီး ချစ်ခဲ့ဖူးသည့်သူကို သိရပြီး မောင့်စိတ် ထိုမိန်းကလေးထံတွင် အတော်ကြီးကို နစ်ဝင်ခဲ့ကြောင်းသိရသည့် အချိန်တွင် သူ့အနားတွင်ရှိသော အရာများအားလုံး အသက်မဲ့သွားသကဲ့သို့ ခံစားခဲ့ရသည်။  ထိုအကြောင်းကို သိခဲ့လျှင် မောင် မည်ကဲ့သို့ တုံ့ပြန်မည်နည်း..။ တကယ်တော့ ထိုအဖြေကို သူ မသိချင်ခဲ့ပါ။ မောင် သိစေဖို့ မောင့်ကို ပြောပြရန်လည်း မလိုပါ။ မောင်လည်းသိရန် မလိုပါ..။

မောင်သည် သူ့အတွက် လေပြေလေညင်းကလေးလည်း ဖြစ်သည်။ အချိန်တိုင်းအတွက် မောင်ရှိနေရန် လိုအပ်သည်။ မောင့်စကားသံများကို မက်မောသည်၊ မောင့်ရယ်မောသံများကို မြတ်နိုးသည်။ မောင်ရှိသော အရပ်တွင် နေချင်ပြီး မောင့်လှုပ်ရှားမှု တို့ကို တနေရာတွင် ငြိမ်ငြိမ်ကလေးထိုင်ပြီး ကြည့်နေချင်သည်..။ အဆုံးစွန် မောင့် ဓါတ်ပုံကလေး မြင်နေရလျှင်ပင် သူ ကျေနပ်သည်။ 

မောင့် ကို ချစ်သလားဟု မမေးစေလိုပါ။ မေးလာသောသူ၏ မေးခွန်းသည် မည်မျှ နက်နဲမည်ကို သူမသိနိုင်..။ ပေါ့တန်သော စကားများဖြင့် သူ တန်ဆာမဆင်ချင်ပါ။ မောင့်အပေါ်တွင်ထားသော သူ၏စိတ်သည် ချစ်သလား ဆိုသည့် စကားများထက် အဆပေါင်းများစွာ လေးနက်ခိုင်မြဲသည်။

မောင်ပြန်မလာသေးပါ။ မောင့်အခန်းမီးကလေး မှိန်နေသမျှ ပူပန်ကြောင့်ကြသော စိတ်သည် သူ့အား ဖိစီးနှိပ်စက်နေသည်။ မျက်လုံးမှိတ်စဉ် ဝင်ရောက်လာသော ပုံရိပ်ပါးပါးသည် သူ့ကို လှောင်ပြောင်နေသည်။ မောင်ကတော့ ထိုကဲ့သို့ လှောင်ပြောင်မည် မဟုတ်ပါ။

သူ့အတွက် အရာရာတိုင်း သည် မောင်ဖြစ်လာသောအခါ …

အိပ်စက်ခြင်းသည် သူ၏ အဝေးဆုံး ထွက်သွားတော့သည်။

မောင်သည် သူ၏ အိပ်စက်ခြင်း လည်း ဖြစ်သည်။



ပျိုးယုဝသုန်