Wednesday 16 May 2012

တူး အင် ဝမ်း




ကုန်းတန်းကလေးလို့ ခေါ်တဲ့ရွာကလေးမှာပေါ့။


အဲ့ဒီရွာကလေးဟာ ကျုံကမိစု၊ ပေါက်တော အစရှိတဲ့ရွာတွေနဲ့တစ်ဆက်တည်းဖြစ်တဲ့ ရွာတန်းရှည်ကလေးထဲက ရွာလေးတစ်ရွာဖြစ်ပါတယ်..။


ကုန်းတန်းကလေးက အမေကြီးဒေါ်ကြိုင်ဟာ အင်မတန်မှ ခေတ်မီလိုသူလည်းဖြစ်တယ်။ သူမရဲ့ သားသမီးတွေကလည်း မလေးရှားတို့ ဘန်ကောက်တို့ မှာသွားရောက် အလုပ်လုပ်ကိုင်နေကြတယ် ဆိုတော့ သူမကရွာမှ မျက်နှာလည်းပွင့်လှတယ်။ ၀မ်း၊ တူး၊ သရီး အစရှိသည်ကိုလည်း တစ်၊နှစ်၊သုံး စသည်ဖြင့် ရေတွက်တာကို သူမက သိထားပြီးဖြစ်တယ်..။



သူမရဲ့သားသမီးကလေးတွေကလည်း သူမအတွက် ကော်ဖီမစ်၊ တီးမစ် မှအစ ယိုးဒယားမုန့်တွေကို လူကြုံရှိလျှင် ရှိသလို သူမထံကိုပို့ပေးတယ်။ သူမက ဒါကို အစ်ကိုတော်စပ်သူ ဘုန်းတော်ကြီးကိုလည်း လှူ သူမလည်းစားသောက်နဲ့ ရွာကလေးမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်တဲ့သူပေါ့။


တစ်နေ့မှာ မြို့က တူမနှင့်မြေးတွေ ရွာကိုအလည်းရောက်လာကြတယ်။ မြို့ကဧည့်သည်တွေ ဆိုတော့ကာ အမေကြီးက သူ့မှာရှိတဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံချင်တာလေ။ ဒါနဲ့ သူ့တူမနဲ့ မြို့ကဧည့်သည်တွေကို သူမရဲ့ အိမ်ကို အလည်လာခဲ့ဖို့ သွားခေါ်ခဲ့တယ်။ နေ့လည် ထမင်းစားပြီးချိန်ကျတော့ ဧည့်သည်တွေသူမရဲ့အိမ်ကိုေ၇ာက်လာတယ်။ သူမကလည်း ဝမ်းသာစွာနဲ့ ဧည့်ခံစကားပြောတယ်။ တစ်ဖက်နိုင်ငံကို ရောက်နေကြတဲ့ သူမရဲ့သားသမီးလေးတွေအကြောင်းလည်းပါတာပေါ့။  များမကြာမီမှာ ဧည့်သည်တွေကို ကော်ဖီနဲ့ မုန့်ကျွေးမယ်ဆိုပြီး ပြင်ဆင်ပါတော့တယ်။


ရေနွေးအိုးတည်ပြီးတဲ့နာက် ကော်ဖီဖျော်တာပေါ့.. ကော်ဖီဖျော်တဲ့အခါမှာလည်း ကော်ဖီမစ်တစ်ထုတ်ကို ရေခွက်နဲ့ ၂ခွက်နှုန်းနဲ့ဖျော်နေတာကို တူမရဲ့သမီးဖြစ်သူက မြင်တဲ့အခါ အသာထသွားပြီး

“ဖွားလေး.. ဘာလို့ ရေတွေအများကြီးထည့်တာလဲ..၊ ကျဲတောက်ပြီး သောက်လို့ဘယ်ကကောင်းတော့မှာလဲ..၊ ကော်ဖီမစ် မလောက်လို့လား၊ သမီးသွားဝယ်လိုက်မယ်”  

လို့ တီးတိုးလေးပြောတော့ ဒေါ်ကြိုင်က မြေးဖြစ်သူကို မျက်စောင်းနဲ့ကြည့်လိုက်တယ်.. ပြီးတော့ ခပ်တည်တည်နဲ့ ကော်ဖီမစ်အထုတ်ကြီးကို မေးထိုးပြတယ်..၊  သဘောကတော့ အများကြီးရှိတယ်ပေါ့.. ပြီးတော့


“ညည်းအေ .. မြို့မှ ဘိုစာသင်တယ်လည်းဆိုသေး..ဒါလေးတောင်မဖတ်တတ်ဘူးလား.. တူးအင်ဝမ်းလို့ရေးထားတယ်လေ..၊ တစ်ထုတ်ကို ရေနှစ်ခွက် ရော ဆိုတဲ့ အဓိပ္ဗါယ်ဆိုတာကလေးကိုတောင်မှ ညည်းက မသိဘူးလား .. ညံ့ရောအေ.. ကျုပ်တို့လို ငယ်ကတည်းကသာ ဘိုစာမသင်ခဲ့ရရင် ဘယ်လောက်များ ထူထိုင်းနေမယ်ဆိုတာ မတွေးတတ်ဘူး”  ဆိုပဲ..


ဖွားကြိုင်ပြောလိုက်တဲ့ စကားကြောင့် မြေးဖြစ်သူလည်း ဘာပြောလို့ ပြောရမှန်းမသိဘူး ဖြစ်သွားတယ်..။  သရီးအင်ဝမ်း ဆို ရင်တော့ …. ဟုစဉ်းစားရင် ပြုံးစိစိဖြင့်……။



ပျိုးယုဝသုန်
3:24:32 PM
16-05-2012

Wednesday (BNE)

4 comments:

Cameron said...

ဟ ဟ ရွာက အလွဲတွေကတော့ တနေ့တမျိုး မရိုးအောင်ရှိတယ်...။ ရေးထားတာလေးက ချစ်စရာလေး...။

Unknown said...

ဖြစ်တတ်ပါတယ် အမရေ...
တူမလေးကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားမှာနော်....:)))

စံပယ်ချို said...

သရီးအင်ဝမ်း တို့ ဖိုးအင်ဝမ်းတို့ဆိုရင်တော့
မတွေးတတ်တော့ဘူးကွယ်
ဖြစ်မှဖြစ်ရတယ်

San San Htun said...

ဖတ်ပြီးတော့ ပြုံးစိစိ ဖြစ်သွာတယ်..