Thursday, 17 May 2012

အပြုံး




တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြုံးပြတတ်ကြတယ်..။ ပြီးတော့ အပြုံးကို အပြုံးနဲ့သာတုံ့ပြန်တတ်ကြတယ်။ နှစ်သက်လို့ပြုံးကြတယ်၊ နာကျင်လို့ပြုံးကြတယ်၊ နာကျည်းလို့ပြုံးကြတယ်၊ ဒေါသနဲ့ပြုံးကြတယ်။ အပြုံးပေါင်းများစွာကိုမြင်ဖူးခဲ့ပေမယ့်  ကြုံခဲ့ဖူးတဲ့ အပြုံးတစ်ခုကိုတော့ ယနေ့တိုင်မေ့လို့မရနိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ အိပ်မက်တွေထဲမှာပါ လိုက်လံနှောက်ယှက်နေခဲ့တယ်။


အဲ့သည်နေ့မှပဲ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်မယ့် ကားတွေဟာ ထင်မှတ်ထားတာထက်ပိုပြီး များနေခဲ့တယ်။ ဆီဆိုင်မှာ ဆီလာဖြည့်တဲ့ ဆီဘောက်ဆာကားကြီးက ဓါတ်ဆီဆိုင်ရဲ့ ဆီတိုင် တစ်ခြင်းကို နေရာယူထားတဲ့အတွက် ကြာသင့်တဲ့အချိန်ထက် ပိုမိုကြာနေခဲ့တယ်။ ရောက်ပြီးမှတော့ မထူးပါဘူး ဆိုတဲ့စိတ်နဲ့ပဲ စိတ်ရှည်လက်ရှည် စောင့်ရင်း တစ်ဖြည်းဖြည်းရွေ့နေတဲ့ကားတန်းနောက်မှာလိုက်ပါရင်း ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေခဲ့တယ်။ ပြီးတော့ အဲ့သည်နေ့ဟာလည်း ရက်သတ္တပတ်ရဲ့ ဆီဈေးအသက်သာဆုံး နေ့တစ်နေ့လည်းဖြစ်နေခဲ့တယ်။


ဒီလို တန်းစီနေတဲ့အချိန်မှာပဲ ဆဌအာရုံရဲ့လှုံ့ဆော်မှုကြောင့် တစ်စုံတစ်ဦးဦးက စိုက်ကြည့်နေတယ်လို့ခံစားလာရတယ်။ ဒါနဲ့ဘေးဘီကိုလှည့်ကြည့်တော့လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်ကို အာရုံထားပြီးကြည့်နေတာကို မတွေ့ရဘူး။ ဒီလိုနဲ့ ခေါင်းပြန်အလှည့်မှာ ဓါတ်ဆီဆိုင်ရဲ့ကာပါကင်မှာ ရပ်ထားတဲ့ကားတစ်စီးရဲ့ဘေးမှာ ရပ်နေတဲ့လူတစ်ယောက်ကို တွေ့လိုက်တယ်။ ထူးဆန်းစွာပဲ ထိုလူက စူးစူးစိုက်စိုက်နဲ့ ကျွန်မကိုစိုက်ကြည့်နေတာတွေ့ရတယ်။ သူ့ကိုကြည့်ရတာ အခုမှ တွေ့လို့မြင်လို့ကြည့်တဲ့ပုံမျိုးမဟုတ်ပဲ အချိန်တော်တော်ကြာကြာကတည်းကပင် ကြည့်နေတဲ့အကြည့်မျိုးဖြစ်နေတယ်။ ကျွန်မရဲ့အကြည့်တွေ သူ့ဆီကိုရောက်သွားတဲ့အချိန်မှာ သူ့ရဲ့နှုတ်ခမ်းတွေရုတ်တရက် ကွေးညွတ်သွားတယ်။


သူကျွန်မကို ပြုံးပြလိုက်တာလား၊ သူ့ဘာသာသူပြုံးလိုက်တာလားဆိုတာ ကျွန်မ ဝေခွဲမရခဲ့ဘူး။ ပြီးတော့ သူ့ကို တစ်ခါမှလည်း မမြင်ဖူးမသိဖူးသလို ပြုံးပြရလောက်အောင် မျက်မှန်းတန်းမိတဲ့အထဲမှာလည်း မပါခဲ့ဘူး။


သူ့ရဲ့ပုံပန်သဏ္ဍန်ဟာ တစ်ခါတွေ့ရုံနဲ့ မှတ်မိလွယ်တဲ့ပုံသဏ္ဍန်မျိုးသာဖြစ်တယ်။ သမင်ရောင်ဘောင်းဘီရှည်ကို အသားရောင် အင်္ကျီလက်ရှည်နဲ့တွဲဝတ်ထားတာဟာ သူ့ရဲ့မြင့်မားတဲ့အရပ်နဲ့ တကယ်ပဲလိုက်ဖက်ညီလှပါတယ်။ နက်မှောင်ပြီး အနည်းငယ်ရှည်လျားတဲ့ဆံပင်တွေကို နောက်ဘက်ကို လှန်ဖြီးထားတာကလည်း သူ့ရဲ့မျက်နှာကို ပိုပြီးကြည့်လို့ကောင်းစေခဲ့တယ်။ ခက်တာတစ်ခုက သူပြုံးလိုက်တဲ့အပြုံး။ သူ့အပြုံးကို မြင်လိုက်ရတဲ့ တစ်ခဏဟာ ရင်ခုန်ရတာလည်းမဟုတ်ဘူး၊ လှိုက်မောရတာလည်းမဟုတ်ဘူး။ နောက်ကျောဘက်ကနေ အေးစက်နေတဲ့ ရေခဲရေအေးအေးတစ်ခွက်ကို တစ်ဖြည်းဖြည်းချင်းလောင်းချလိုက်သလိုပါပဲ။  တုန်လှုပ်ခြင်းနဲ့ ထိတ်လန့်ခြင်းကို တစ်ပြိုင်နက်တည်းမှာ ဖြစ်ပေါ်လာခဲ့တယ်။ တကယ်တော့ အဲ့ဒီ အချိန်ကာကလေးဟာ တစ်ခဏကလေးပါပဲ စက္ကန့်သုံးဆယ်၊ တစ်မိနစ်ထက် မပိုပါဘူး။ နောက်တော့ရွေ့လျားသွားတဲ့ ရှေ့ကကားနောက်ကိုလိုက်ရင်း သူ့ကို မကြညိ့မိတော့ဘူး။ အာရုံကို ရှေ့တည့်တည်မှာစုစည်းထားပေမယ့် ခေါင်းထဲမှာ မေးခွန်းတစ်ခုက ထပ်ခါတလဲလဲဝင်နေတယ်..။သူဘယ်သူလဲ….။


ကိုယ့်အလှည့်ရောက်လို့ ကားထဲကို ဆီအပြည့်ထည့်ပြီး ကောင်တာမှာငွေသွားရှင်းခဲ့တယ်။ ပြန်ထွက်အလာမှာ မျက်လုံးက ဖြတ်ကနဲဆိုသူ့ဆီကို ရောက်သွားခဲ့တယ်..။ထူးဆန်းစွာပဲ သူက ကျွန်မကို စူးစိုက်ကြည့်နေဆဲ..။ ဒါနဲ့ သူ့ကိုကြည့်ရင်း သူရှိရာကို တည့်တည့်လျောက်လာခဲ့တယ်..။ တခုခုမေးလိုက်မယ်လို့လည်း စိတ်ကူးမိတယ်..။ ဒါပေမယ့် ကိုယ့်ကားနား အရောက်မှာ ဘာမှမမေးလိုတော့ပဲ မျက်နှာလွှဲပြီး ကားထဲဝင်ထိုင် စက်နှိုးပြီး ထွက်ခဲ့တယ်။  ဘုရားရေ..၊ သူက ကျွန်မကားကိုကြည့်ပြီး သူ့ကားထဲဝင်လိုက်တာတွေ့လိုက်တယ်..။ အဲ့ဒီနောက်မှာတော့ လိုက်လာမှာ ကြောက်တဲ့စိတ်နဲ့ အိမ်ကိုမပြန်ပဲ ရုံးခန်းဘက်ရှိရာကိုဦးတည်လိုက်တယ်။ ပြီးတော့ ကားကို လည်း မြန်နိုင်သမျှ မြန်အောင်မောင်းခဲ့လိုက်တယ်..။ ရုံးခန်းထဲရောက်တော့ ကောင်တာမှ ထိုင်နေတဲ့ ပိတ်ခ်ျ က

“ဟယ်.. ခုနကပဲထွက်သွားတယ်.. အခုပြန်ရောက်လာ ပြန်ပြီ..၊ ဘာကျန်ခဲ့လို့လဲ..” တဲ့

“အိမ်တစ်လုံးသွားကြည့်စရာရှိတာမေ့နေလို့ပိတ်ခ်ျ ရေ.. ကိုယ့်ကို သော့နံပါတ် ၅၈၂လေး ပေးပါဦး” လို့ပြောလိုက်တယ်.. ပြီးတော့ ပိတ်ခ်ျ ပေးလာတဲ့ သော့ကိုယူရင်း ရုံးထဲက ပြန်ထွက်လာခဲ့တယ်။ ဘေးဘီကို ကြည့်တော့ ဘယ်သူ့ကိုမှ မတွေ့ရတာနဲ့ သက်မကို အသာချပြီး အိမ်ကိုပြန်ခဲ့တယ်။ အိမ်ပြန်လမ်းမှာလည်း နောက်ကြည့်မှန်ကနေတစ်ဆင့် ဘယ်သူတွေများပါလာသေးလဲလို့ ကြည့်ကြည့်နေမိသေးတယ်..။ တစ်လမ်းလုံးမှာလည်း အေးစက်စက်နဲ့ ကျေချမ်းစရာကောင်းတဲ့ အပြုံးတစ်ခုကို မြင်ယောင်နေမိခဲ့တယ်..။


အိမ်ပြန်ရောက်တော့ စားရင်းသောက်ရင်း၊ သူငယ်ချင်းတွေနဲ့ဖုန်းပြောရင်း၊ စာအုပ်ဖတ်ရင်း၊ အင်တာနက်မှာ ကြည့်ချင်တာတွေလျှောက်ကြည့်ရင်းနဲ့ သူ့ ကိုမေ့လျော့သွားခဲ့တယ်။ ဒီလိုနဲ့ နိစ္စဓူဝ အလုပ်တွေလုပ်နေရင်း အလုပ်ခွင်ထဲပြေးရင်းလွှားရင်းနဲ့ ထိုသူရဲ့ အေးစက်စက်အပြုံးတစ်ခုဟာ မကြာခဏ မဆီမဆိုင် အတွေးထဲကို ဝင်ဝင်လာခဲ့တယ်။ဘာဖြစ်လို့ အဲ့ဒီအပြုံးတစ်ခုဟာ ပျောက်ပျက်မသွားတာလဲ ဆိုတာကို နားမလည်နိုင်လောက်အောင်လည်း ကိုယ့်ကိုယ်ကိုယ်ဖြစ်မိတယ်။ တစ်ခါတစ်ရံ ညဘက် အိပ်စက်တဲ့အခါမှာ အိပ်မက်အဖြစ်နဲ့လည်း အိပ်စက်ခြင်းကလန့်နိုးအောင် ခြောက်ခြားစေခဲ့တယ်..။ ဇောချွေးတွေ ပြန်လာပြီး ပြန်လည်အိပ်စက်လို့မရအောင်ကို အဲ့ဒီအပြုံးကို ကြောက်လန့်နေခဲ့တယ်..။ သွားလေရာမှာလည်း ထိုအပြုံးပိုင်ရှင်ကို တွေ့လေမလားလို့ ကျီးကန်းတောင်းမှောက်ကြည့်မိတဲ့အထိကို ဖြစ်ခဲ့ရတယ်။ ဒီနောက်မှာတော့ အပြုံးပိုင်ရှင်ကိုတွေ့ခဲ့တဲ့ ဓါတ်ဆီဆိုင်ကို ကျွန်မလုံးဝမသွားတော့ပါဘူး..။


ရက်သတ္တနှစ်ပတ်ကျော်လို့ သုံးပတ်လောက်ကြာတဲ့အခါမှာတော့ ကြောက်လန့်စိတ်က အနည်းငယ် ပြေပျောက်လာခဲ့တယ်..။ အေးစက်စက်အပြုံးတစ်ခုဟာလည်း အတွေးထဲကို မကြာခဏ ဝင်လာခြင်းမရှိတော့ပေမယ့် ရံဖန်ရံခါတော့ ဝင်ဝင်လာသေးတယ်..။


တစ်ရက်သောညနေပိုင်းမှာတော့  ချန်နယ်ပေါင်းစုံက လာနေတဲ့ အစီအစဉ်တွေကို ပြောင်းပြောင်းကြည့်ရင်းညနေစာကိုစားနေခဲ့တယ်..။ ဟာသတွေ၊ သတင်းအမြည်းတွေ၊ အကပြိုင်ပွဲတွေကိုကြည့်ရင်း တစ်ခုသော သတင်းအမြည်းမှာ သူ့ကို ဖြတ်ကနဲတွေ့လိုက်ရတယ်..။ ချန်နယ်လ် ဆဲဗင်းကလာတဲ့ ညရှစ်နာရီသတင်းမှာ အပြည့်အစုံဖော်ပြမယ်လို့ကြားလိုက်တဲ့အတွက် ည ရှစ်နာရီသတင်းကို စောင့်ကြည့်ဖို့ကျွန်မ ဆုံးဖြတ်လိုက်တယ်။ စိတ်ထဲမှာလည်း သူဘယ်သူလဲ ဆိုတာကို ပြင်းပြင်းပြပြ သိချင်နေခဲ့တယ်။ ပြီးတော့ သူ့ရဲ့အပြုံးတစ်ခုကိုလည်း ပြန်မြင်ယောင်လာခဲ့တယ်..။တချိန်တည်းမှာပဲ မနှစ်မြို့ခြင်း၊ အေးစက်ခြင်းတွေဟာ ကျွန်မရဲ့ကိုယ်ကိုခြုံလွှမ်းသွားခဲ့တယ်။


ဒီလိုနဲ့ညရှစ်နာရီရောက်တော့ သတင်းတွေကို မျက်တောင်မခတ် ကြည့်နေမိတယ်။ မကြာခင်အချိန်မှာပဲ သူ့ကိုတွေ့လိုက်ရတယ်..။


“ယနေ့ညနေ ၄နာရီ ၄၅မိနစ်အချိန်တွင် ဂိုးလ်ကို့ကမ်းခြေရှိ အခန်းတစ်ခုတွင် တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ စိတ္တဇလူသတ်သမားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်… …   …    ….   ….”


သတင်းကြေညာတဲ့အမျိုးသမီးရဲ့စကားသံနဲ့အတူ ရဲတွေခေါ်ဆောင်ရာကို မရုန်မကန်ပဲလိုက်ပါသွားတဲ့သူ့ကိုတွေ့လိုက်ရတယ်။ အဲ့ဒီအချိန်ကလေးမှာပဲ ကင်မရာဘက်ကို လှည့်ကြည့်ရင်း သူ ပြုံးလိုက်တယ်..။ဖြတ်ကနဲ နှုတ်ခမ်းတွေကို ကွေးပြီးပြုံးလိုက်တဲ့ အပြုံးဟာ ကျွန်မကို အိပ်ပျက်စေခဲ့သော ခြောက်ခြားစေခဲ့သော အေးစက်စက်အပြုံးနဲ့ ထပ်တူထပ်မျှတူညီသော အပြုံးတစ်ခုသာ ဖြစ်ပါတယ်..။




ပျိုးယုဝသုန်
8:38:32 PM
17-05-2012
Thursday (BNE)

6 comments:

မိုးသူ(တောင်ကြီး) said...

အမလေး မမ၀သုန်ရယ်ကြောက်တာဗျာ
smile analysis လုပ်နေတယ်ထင်နေတာ
လူသတ်သမားမဖြစ်လို့ ကံကောင်းတယ်
ဖတ်ပြီးတော့ ကြက်သီးတွေတောင်ထတယ်ဗျ :P

စံပယ်ချို said...

စိတ္တဇလူသတ်သမားတစ်ဦးနဲ့ ထပ်တူတဲ့အပြုံးပေါ့လေ
ဖတ်ရင်းနဲ့လန့်လာတယ်
ပျိုးရေးတဲ့စာလေးတွေက အဲလိုစိတ်ဝင်စားမှုတွေကိုဖြစ်စေတယ်

နေမင်း said...

ဖတ်ရင်းနဲ့ မျက်လုံးထဲမှာ ဇာတ်ကားကြည့်နေရသလို မြင်ယောင်လာတယ် အမရေ....:)))

ဖြိုးဇာနည် said...

ဗုဒ္ဒေါ့အမ်မယေးးးးးး

သြကာသ သြကာသ့

သူ့ပစ်ကွင်းထဲဝင်သွားလို့ကတော့
လွယ်ဝူ့း့ :)

မိုးငွေ့........ said...

ဟယ် သယ်ရင်းရယ် ငါသာဆုံးနင့်ထက်ပိုဆိုးတယ် ငါ့ အရူးဆိုသိပ်ကြောက်တာ....။

san htun said...

ဘုရားရေ..နောက်ဆို အေးစက်တဲ့ အပြုံးပိုင်ရှင်တွေကို ဝှောင်ဝှောင်ရှေးမှ...