Tuesday 8 May 2012

တစ်ချောင်း





မောင်ညီ့လက်ဖက်ရည်ဆိုင်ကလေးသည် ကျုံကမိစုရွာကလေး၏ အ၀င်လမ်းနဘေးတွင် တည်ရှိသည်။ ဆက်ဆံရေးကောင်းမွန်သဖြင့် ဆိုင်ကလေးသည် လူစည်ကားလှသည်။

မနက်ပိုင်းနှင့် ညနေပိုင်းတွင် လာရောက်စားသောက်သူများ အလွန်များရကား ဆိုင်ရှိဝန်ထမ်းများနှင့် မောင်ညီရောသူ၏မိန်းမဖြစ်သူ မအေး ပါမကျန် ဇယ်ဆက်သကဲ့သို့ အလုပ်လုပ်ကြရသည်။

တစ်ရက်တွင် မောင်ညီ၏ယောက္ခထီးဖြစ်သူ ဦးလှ သည်သူ၏သမီးကလေးကို လွန်စွာသတိရသဖြင့် သမီးကို တွေ့ရန်သမီးနှင့် သားမက်ရှိရာ ကျုံကမိစုရွာကလေးသို့ အလည်ရောက်လာသည်။ မအေး၏ဖခင်သည် အလွန်ရိုးလွန်းလှသူဖြစ်ရကား စကားပြောလျှင်လည်း တုတ်ထိုးအိုးပေါက်ပြောတတ်သည်..။

သူရောက်ရှိပြီး နောက်တစ်နေ့မနက်တွင် သမီးနှင့် သားမက်ရှိရာလက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည်ချိုရောက်ရန်ရောက်ရှိလာသည်။ ဆိုင်တွင်းဝင်လိုက်သည်နှင့် များပြားလှသော စားသောက်ရန်ရောက်ရှိလာသော သူများကို မြင်သောအခါ သမီးနှင့်သားမက်ကို ကူညီရန် ဦးလှစဉ်းစားလိုက်သည်။ ဦးလှဝင်ရောက်ကူညီသဖြင့် အနည်းငယ် ပို၍ အဆင်ပြေသွားသည်ကို မြင်ရသောအခါ ဦးလှ၏ရင်တွင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသည်..။

“ဟုတ်တယ်..ငါကူရမယ်..ဒါမှ ငါ့သမီးနဲ့သားမက်လည်း နဲနဲသက်သာမယ်”

တီးတိုးရေရွတ်ရင်း လက်ဖက်ရည်ခွက်များကိုချပေးခြင်း၊ မုန့်ပန်ကန်များကိုချပေးခြင်းဖြင့် ကျေနပ်နေလေသည်။

“မလုပ်ပါနဲ့ အဖေ..၊ ပင်ပန်းနေပါ့မယ်” ဆိုသည့် သမီးဖြစ်သူ မအေး၏အသံကိုပင်သူ့မှာ မကြားနိုင်..။

ထိုအချိန်တွင် ဆိုင်တွင်းသို့ကလေးငယ်တစ်ဦးဝင်လာသည်။ ပွဖောင်း၍ကြွပ်ရွနေသော အီကြာကွေးများကိုဝေ့ဝဲကြည့်လိုက်သည်။ ထိုအချင်းအရာကို ဦးလှ မြင်သောအခါ

“ဘာလိုချင်လဲ ကလေး”

“အီကြာကွေးတစ်ချောင်းပေးပါ ဘဘ”

ထိုအခါ ဦးလှသည် အီကြာကွေး များထားရာခြင်းထဲမှာ အီကြာကွေးကိုယူ၍ နှစ်ခြမ်းခွဲလိုက်ပြီးလျှင် ကလေးအားပေးလိုက်သည်။

“ရော့..ဒီမှာ အီကြာကွေးတစ်ချောင်း”

ကလေးက မယူပေ။

“မဟုတ်ဘူး..ဒါကတစ်ခြမ်း”

“ဟေ့ရောင်.. မင်းဝယ်တာ တစ်ချောင်းလေ.. ဒီမှာတစ်ချောင်း”

“အာ..မဟုတ်ဘူး..ကျွန်တော်ဝယ်တာတစ်ချောင်း၊ အဲ့လို ၂ခုပူးနေတာကို တစ်ချောင်းလို့ခေါ်တာ”

“ဟမ်..မင်းက ငါ့ကို လအ များထင်နေလား ..မင်းတစ်ချောင်းဝယ်လို့ငါတစ်ချောင်းပေးတာလေ”

ကလေးကလည်း ဦးလှဘယ်လိုပေးပေး မယူပေ။ ဦးလှနှင့်ကလေး အပြန်အလှန် မကျေမလည်ဖြစ်နေသည်ကို မောင်ညီမြင်သောအခါအနီးသို့ရောက်လာသည်..။

“ဘာဖြစ်လို့လဲ အဖေ”

“ဒီကောင်ကွာ..အီကြာကွေးတစ်ချောင်းဝယ်ပြီး ၂ချောင်းတောင်းနေလို့”

“မဟုတ်ဘူး ဦးညီ..ကျွန်တော်အီကြာကွေးတစ်ချောင်းဝယ်တာကို ဒီအဘကြီးက တစ်ခြမ်းခွဲပြီးပေးနေတယ်”

ထိုအခါမောင်ညီသည် သူတို့နှစ်ဦး၏ပြဿနာကို သဘောပေါက်သွားလေသည်။ ထို့နောက် ကလေးကို အီကြာကွေးအသစ်တစ်ချောင်းပေးလိုက်လေသည်။ ထို့နောက် ဦးလှဘက်သို့လှည့်ကာ

“အဖေ..အီကြာကွေးက ဒီလို၂ခုပူးကိုမှ တစ်ချောင်းခေါ်တာလေ”

ထိုအခါ ဦးလှပြန်ပြောသည်ကား…

“ခွီးတဲ့မှကွာ .. မင်းတို့တစ်ချောင်းကလည်း နှစ်ချောင်ပူးကြီးကိုး”  ဟူသတည်း..။


ပျိုးယုဝသုန်
2:31:36 AM
09-05-2012
Wednesday (BNE)



3 comments:

ကိုရင် said...

ပိုးနှံကောင်ကို လအ ထင်နေလို့လား :D

လွင်ပြင်လှိုင်းငယ် said...

ဟား ဟား တွေးလဲတွေးတတ်ပါ့ ရီသွားပါတယ်

ရင်ဆူး said...

ဟဟ မကြီးဝသုန်ရေ ရေးလည်းရေတတ်ပါ့... တွေ့ခဲ့တာကို ပြန်ရေးတာလား....တွေးပြီးရေးတာလားဗျ...
သဘောကျတယ်....