Monday, 15 September 2014

စာမျက်နှာများ အကြောင်း (၄)



လက်ဖမိုးပေါ် ကျလာသော ရေတစ်စက် နှစ်စက်သည် မျက်ရည်များဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားဖူးခဲ့ပါ..။

နာကျင်ခြင်းဆေးရောင်များ ထင်နေသော သူ၏ မျက်လုံးများ၊စိတ်၏ ကျဉ်းကြပ်မှုကို ဖော်ပြနေသည့် သူ၏ နှုတ်ခမ်းရွေ့လျားပုံ..။ မျက်နှာပြင်တွင်မြင်နေရသော သက်သောင့်သက်သာ မရှိမှုတို့ကို မမြင်လိုဘဲ မြင်တွေ့ရသောအခါ စိတ်သည်တဆစ်ဆစ် နာလာသည်။ မကြည့်မမြင်ရက်သဖြင့် မျက်နှာလွှဲလိုက်သော်ငြား စိုးရိမ်ပူပန်မိသောစိတ်သည် သူ့ထံတွင် ကျန်ခဲ့သည်။  ဘယ်အချိန်အထိထိုနာကျင်မှုများနှင့် အတူရှိနေမည် ကို မသိသော်လည်း တာရှည်စွာ အတူရှိမနေစေလိုသည်မှာစေတနာ စစ်စစ်သာ ဖြစ်သည်။

သူသည် ကျွန်မအတွက် စာအုပ်တစ်အုပ်ဖြစ်သည်။ ကျွန်မနားလည်သော ဘာသာစကားများဖြင့် ဖွဲ့စည်းထားသည်။ ဝမ်းနည်းစရာ၊ ကျေနပ်စရာ၊ ဂုဏ်ယူစရာ၊အားကျစရာ စသော ရသများနှင့် အခန်းဖွဲ့ တည်ဆောက်ထားသည်။  ဖွဲ့စည်းပြီးသော စာမျက်နှာများကို ပြင်ဆင်ရန် နှင့် တည်းဖြတ်ရန်ကိုကျွန်မ မတတ်နိုင်ခဲ့ပါ။ သို့သော် ထိုစာအုပ်၏ နောက်တွင် နောက်တိုးစာမျက်နှာများအဖြစ် ကျွန်မ ထပ်မံဖြည့်စွက်ချင်သည့် အကြောင်းအရာသည် ပျော်ရွှင်ခြင်းမှ အပ မည်သည့်အရာမှမဖြစ်နိုင်။Happy Ending သည် သူ့အတွက် ဖြစ်ရမည်။

သူ၏ စာမျက်နှာ အတော်များများကို ရယ်မောစရာ၊ ပျော်ရွှင်စရာများနှင့်သာဖြစ်နေ စေချင်ခြင်းသည် အတ္တစိတ် တစ်ခုသာ ဖြစ်သည်။ မျက်ရည်စက်တို့၏ ဘာသာစကားကို သိသောအခါသူ့ကို တစ်ဦးတစ်ယောက်ထဲ မထားရန် ဆုံးဖြတ်နိုင်ခဲ့သည်။  သူ့ကို နာမကျန်း မဖြစ်စေလိုပါ။ အထူးသဖြင့်သူ၏စိတ်ကို နာမကျန်း မဖြစ်စေလိုပါ။ တစ်ဦးတစ်ယောက်တည်း ရပ်တည်ရခြင်း၏ ဆင်ရဲမှုမျိုး သူ့အား မရစေချင်..။ အလွန်ပင်စိတ်ပင်ပန်းလှသည် မဟုတ်ပါလား။

သူ၏ဘဝတွင် လျောက်လှမ်းစရာ လမ်းသည် အရှည်ကြီး ကျန်သေးသည်။ထိုလမ်းကို နာကျင် မောလျစိတ်များနှင့် မလျှောက်စေချင်ပါ။ စိတ်ဓာတ်ခွန်အားပြည့်ပြည့်နှင့်အောင်မြင်စွာ ပြီးတော့ ပျော်ရွှင်စွာ ဖြတ်ကျော် စေချင်သည်။ နာကျင်ခြင်းများနှင့် အားနာစွာသူထွက်သွားချိန်တွင် ထားရှိမိသော စိတ်သည် နားလည်ခြင်းပေးခြင်း တစ်ခုသာ။ သူ့အတွက် အရေးကြီးသည့်အကြောင်းအရာကို သူရွေးခြယ်ခြင်းအတွက် သူ့ကို အပြစ်တင်စရာစကား ကျွန်မတွင် မရှိပါ။တခါတရံတွင် လူတို့သည် ရွေးခြယ်ခြင်းတခုခုကို လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ မဖြစ်မနေလုပ်ရသည် မဟုတ်လား။

မျက်ရည်တို့သည် နှလုံးသွေးမှလာသော အသွင်ပြောင်ထားသည့်အရည်တစ်မျိုးဖြစ်သည် ဟု ကျွန်မ၏ အဘိဓာန်တွင် ရေးသွင်းခဲ့သည်။ စိတ်နှလုံးကို မထိခိုက်သေးသ၍မျက်ရည်စစ်စစ်ဆိုတာ မရနိုင်ဘူးဟု ကျွန်မ ယုံကြည်ခဲ့သည် မဟုတ်လား။

သူသည် သူ့ကိုယ်သူ သိသူ ဖြစ်ကောင်းဖြစ်လိမ့်မည်။ကျွန်မသည်လည်း ကျွန်မကိုယ်ကျွန်မ သိသော သူဖြစ်သည်။ အရေးကြီးသည်မှာ ကိုယ့်ကို ကိုယ်သိပြီး ထိုအသိကို အမှန်ဖြစ်ကြောင်း လက်ခံနိုင်ခြင်းပင်ဖြစ်သည်။ 

သူနှင့် ကျွန်မအကြားတွင် ခရီးတာ အကွာအဝေး မရှိပါ။စိတ်နှင့်လူ တစ်သားတည်း ဖြစ်နေခဲ့ဖူးသည်။ သူနှင့် ကျွန်မတွင် အထိအတွေ့ကင်းသည့် ချစ်ခြင်းတစ်ခုရှိသည်။ထိုချစ်ခြင်းကို Platonic Love ဟု အဘိဓာန်တို့တွင် အဓိပ္ဗါယ် ဖွင့်ဆိုကြသည်။ စေတနာ၊မေတ္တာတရားနှင့် သံယောဇဉ် တို့ဖြင့် ဖွဲ့စည်းသည်။ ထို့ကြောင့် သူ၏ နာကျင်ခြင်းသည်ကျွန်မ၏ နာကျင်ခြင်း ဖြစ်သကဲ့သို့ သူ၏ ပျော်ရွှင်ခြင်းသည် ကျွန်မ၏ ပျော်ရွင်ခြင်း ဖြစ်သည်။ထို့အတွက် ကျွန်မ ကျေနပ်နေခဲ့သည်။

ကြိုးကလေးသည် သေးမျှင်လှသည်။ ထိုကြိးကလေး၏တစ်ဘက်တွင်သူရှိ၍နောက်တစ်ဘက်တွင် ကျွန်မရှိသည်။  ထိုကြိုးကလေးသည်နွေးထွေးသော မေတ္တာတရားဖြင့် ကျစ်လျစ်ထားသည်။

နွေးထွေးခြင်းများဖြင့် အိပ်စက်နိုင်ပါစေ..။

ပျိုးယုဝသုန်

2 comments:

သူကြီးမင်း (တုံးဖလား) said...

စိတ်နှလုံးကို မထိခိုက်သေးသ၍မျက်ရည်စစ်စစ်ဆိုတာ မရနိုင်ဘူး

အဲဒီစကားလေး သဘောကျတယ်။

Ma Tint said...

စကားလုံးလေးတွေ သိတ်လှတယ် ၀သုန်ရေ... ♥♥♥