Friday 15 March 2013

မန်းရွှေမြို့သို့ တစ်ခေါက်





၂၆ဘီ လမ်းမကြီး တစ်လျောက် ကားများကကင်းရှင်းနေသည်။ နံနက် စောစော ၅နာရီခွဲ ကျော်ကျော် အချိန်သည် မန္တလေးမြို့၏  အသာယာဆုံးအချိန်ဟုပင်ပြောရမည်ကဲ့သို့ပင်။ ဆောင်းကုန်ခါစနှင့် နွေဦးသို့ဝင်ကာစ မန်းရွှေမြို့၏ ရာသီဥတုသည် အေးမြမြနှင့်ပင်ရှိသည်။ ကျုံးနဘေး လူသွားလမ်းတစ်လျှောက်တွင်မူ ကိုယ်လက်လှုပ်ရှား အားကစား လုပ်နေကြသူများ၊ လမ်းလျှောက်နေကြသူများနှင့် စည်ကားနေသည်။ မန်းမြို့၏ အေးမြသော နံနက်ခင်းသည် မန်းသူ မန်းသားတို့၏ စိတ်နှလုံးကို ညှို့ယူနေသကဲ့သို့ပင်။


ကျုံးရေပြင်သည် အမှိုက်သရိုက်များ ကင်းရှင်နေသည်။ စိမ်းမြမြဖြင့် တည်ငြိမ်နေသော ကျုံးရေပြင်တွင် ဝန်းကျင်၏ အရိပ်သည် ထင်ဟပ်လျက်ရှိသည်။ နန်းမြို့ရိုး၏အရိပ်များ၊ နန်းမြို့ရိုးအတွင်းတွင်ကပ်လျက်ပေါက်နေသော ထန်းပင်တို့၏အရိပ်များ၊ ဖျော့တော့သော အပြာရောင် ကောင်းကင်နှင့် ပျံသန်းနေသော ငှက်ငယ်တို့၏ အရိပ်များသည် အသက်ဝင်နေသော ပန်းချီကားတစ်ချပ်နှယ်ပင်။ တစ်ဘက်ကို ငေးမျှော်ကြည့်လိုက်လျှင်မူ မြူငွ့များကြားတွင် ခပ်မှိုင်းမှိုင်းဖြစ်နေသော မန္တလေးတောင်တော်ကို မြင်တွေ့နေရသည်မှာ လွမ်းမောစရာပင် ကောင်းလှပါသေးသည်။



ယခင်ကာလများးကဲ့သို့ ကားနှင့်ဆိုင်ကယ်များ တိုးခွေ့ကာ အလုအယက် လမ်းလုနေစရာ မလိုတော့ဘဲ ဆိုင်ကယ်များအတွက် လမ်းသစ်များကို လမ်း၏ယာဘက်တွင် သီးသန့် ဖောက်လုပ်ပေးထားသည်မှာ ကျေနပ်စရာကောင်းလှသည်။ စည်းကမ်းလိုက်နာသော ဆိုင်ကယ်မောင်းသူများ အများအပြားရှိသော်လည်း ဖောက်ဖျက်ကာ တားမြစ်လမ်းပ်ါသို့ တက်ရောက်မောင်းနှင်နေကြသော ဆိုင်ကယ်မောင်းနှင်သူများကိုလည်း အတော်အတန် ပင် တွေ့မြင်နေရသေးသည်။ မီးပျက်ရာတွင် သတင်းကြီးလှသော၊ မီးစက်သံတို့ဖြင့် အမြဲ ဖုံးလွှမ်းနေသော မန်းရွှေမြို့တော်သည် ယခုအခါတွင် မီးစက်သံ တို့ကင်းရှင်းကာ ထိန်ထိန်လင်းနေသော မြို့တော်တစ်ခုဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် အချိန်ပြည့် လျပ်စစ်ဓါတ်အားကို ပြည့်ပြည့်ဝဝတော့ဖြင့် မရသေးပါ။ အနည်းငယ်တော့ ပြတ်တောက် နေသေးသည်သာ။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သော ဆယ်စုနှစ်ထက်ဝက်ဖြစ်သော အချိန်နှင့် နှိုင်းယှဉ်လျှင်ပင် သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။


လကမ္ဘာနှင့်တူသော၊ ဖုန်ထူ၍ခြင်ပေါသော မြို့ဟု တိတ်တဆိတ် အမည်တပ်ခံခဲ့ရသော မြို့တော်သည် ယခုတွင် ပေါက်နေသော ပျက်နေသော လမ်းများ ရှားပါးသွားကာ မြို့တော်အင်္ဂါရပ်နှုင့် အတော်ပင် ညီနေခဲ့ပြီ။ လမ်းများ၊ တံတားများကို ပြုပြင်နေသော လုပ်ငန်းများကိုလည်း နေရာ အတော်များများတွင် မြင်တွေ့နေရသည်။ ရေစီးရေလာ ကောင်းမွန်သော ရေဆိုးထုတ်စနစ်မရှိသည့်အတွက်တော့ မန္တလေးသည် ခြင်အန္တရာယ်မှ သော်လည်းကောင်း၊ မိုးများ၍ ရေလျံသောဒုက္ခမှလည်းကောင်း မည်သို့မျှ မကင်းဝေး နိုင်သေးပါ။


ရှေးမြန်မာကြီးတို့၏ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ မန္တလေးမြို့သည် ယခုအခါတွင် မန်ဒရင်းစကားသံ၊ ကွမ်တုန်နိစ်တို့၏ စကားသံများဖြင့် ဝေဝေစီနေသည်။ မန္တလေးမြို့၏ အထိန်းအမှတ်ဖြင်သော နန်းကြီးသုတ်ဆိုင်များ၊ ကောက်ညှင်းပေါင်းနှင့် အကြော်စုံ ရောင်းသော ဆိုင်ကလေးများကို ယခင်ကကဲ့သို့ ပေါပေါများများ မတွေ့ရတော့သော်လည်း ဒင်မ်ဆမ်းမ် ဟုခေါ်သော နံနက်စာအပါအဝင် အဆီအနှစ်ပြည့်ဝသော နံနက်စာများကို ရောင်းချသည် လက်ဖက်ရည်ဆိုင်များမှာမူ ပေါများလှသည်။


နံနက်တိုင်းအရုဏ်ဆွမ်းခံထွက်လာသော ရဟန်းသံဃာတို့၏ အရိပ်အယောင်မှာ မမြင်ရတော့သလောက်ပင် ပါးရှားလာကာ ဘွန္ဓော ဟု အစချီသည့် နိဗ္ဗာန်ဆော်တို့၏ အသံကို နေရာအနှံ့တွင် မကြားရသည်မှာ အချိန်ကာလ အတော်ပင်ကြာခဲ့လှပါပြီ။


အမရပူရ၏  အချိတ်အဆင်လုံချည်များသည် နိုင်ငံကျော်ရုံမျှ မက ကမ္ဘာကပါသိသော အထည်မျိုးဖြစ်သည်။ ပိုးချိတ်များ၊ လွန်းချိတ်များ၊ ကြိုးကြီးချိတ်များသည် မည်သည့် အချိန်ခါတွင်ပင် ကြည့်ကြည့် ရိုးအီသွားသည် မရှိဘဲ အမြဲတစေ မင်္ဂလာရှိလှသော အဆင်များဖြစ်သည်။ သို့ရာတွင်မူ ယခုအခါတွင် အချိတ်များကို ခပ်ကျဲကျဲသာ ထည့်သွင်းပြီး နိုင်ငံခြားဖြစ် ရွှေမင်ငွေမင်များ၊ ရွှေမှုန်ငွေမှုန်များ ထည့်သွင်းကာ ဓါတုဗေဒနည်းဖြင့် ပြုလုပ်ထားသော စိန်ကျောက်များကို ကပ်၍ ချည်၍ တီထွင်ကာ စီစဉ်ကြသည်မှာ ခေတ်၏ လိုအပ်ချက်ဟု နားလည်စေကာမူ နဂိုမူလ နည်းပညာနှင့် မြန်မာတို့၏ အနုလက်ရာများ တိမ်ကောသွားမည်မှာ စိုးရိမ်စရာပင် ဖြစ်ပါသည်။ အချိတ်ပုံစံများကို ပုံစံအမျိုးမျိုးတို့ကို အခက် အလက်အမျိုးမျိုး၊ ကနုတ်အမျိုးမျိုးနှင့် ရောစပ်ကာ ချည်များဖြင့်သာ ယက်လုပ်၍ မရသလောဟုလည်း အတွေးများမိပါသည်။ တဖိတ်ဖိတ်လက်နေသာ ရွှေရောင် ငွေရောင်နှင့် ဓါတုဗေဒနည်းဖြင့် ပြုလုပ်ထားသော စိန်ကျောက်များ ထည့်သွင်းထားမှ လှပသည်ဟု ကျွန်မကဖြင့် မမြင်ပါ၊ ယခင်ကကဲ့သို့ ချည်ရောင်စုံများဖြင့် ဆန်းသစ်သော အသွင်များက ပြည်တွင်းမှာသာမက နိုင်ငံတကာ ဧည့်သည်တို့ကို ပို၍ သာ၍ လှပကာ ဆွဲဆောင်မှု ရှိသည်ဟု ကျွန်မမြင်ပါသည်။


ဧရာဝတီမြစ်၏ မြစ်ကမ်းနဖူးတွင် ရပ်၍ သဲတင်နေသော လှေကြီးများ၊ ငှက် ဟုခေါ်သော လှေကလေးများနှင့် တစ်ဖက်ကမ်းတွင် မှိုင်းပျပျ မြင်နေရသော တောင်တန်းများကို ငေးကြည့်ရင်း ရှေးယခင်က ကုန်တင်လှေကြီးများနှုင့် လှေသားများ မည်သို့မည်ပုံ ခရီးထွက်ကြသည်၊ ရွက်လွှင့်ကြသည်၊ လှေထိုးသားများ မည်သို့မည်ပုံ လှေထိုးကြသည်ကို တွေးတော မြင်ယောင်ကြည့်မိသေးသည်။ မြစ်ကမ်းတစ်လျောက် ဖောက်လုပ်ထားသော လမ်းများသည် ယခင်ကဲ့သို့ ချိုင့်များ ခွက်များ ပေါများရာမှ နည်းပါးကာ လမ်းတစ်လျောက် အပေါက်များကို ဖာထေးခြင်း၊ ပြုပြင်နေခြင်းများကို တွေ့မြင်ရသည်။ စိမ်းစို၍ မိုးများသော ဒေသမဟုတ်သောကြောင့် ဖုန်မှုန်များသည် လေဝေ့တိုင်း၊ ကားတစ်စီးစီး ဖြတ်သွားတိုင်း မြူခိုးမြူငွေ့များအလား အမြင်ကို ဝေဝါးစေသည်။


မည်သို့ဆိုဆို မန္တလေးမြို့သည် ခေတ်နှင့်အညီ အလျားလိုက် တိုးတက်လာခဲ့သည်ပင်။ ကောင်းခြင်းများရှိလာသလို မနှစ်သက်စရာများ ပါဝင်လာသည်မှာ လက်မခံ၍ မရသော အမှန်တရားများသာ ဖြစ်တော့မည်။


မန္တလေးသည် နှစ်သက်စရာကောင်းဆဲ၊ မြတ်နိုးစရာကောင်းဆဲသာ..။


ပျိုးယုဝသုန်
13-03-2013
Wednesday (YGN)

2 comments:

Cameron said...

မန်းလေးတစ်မြို့လုံးကို အနှံ့ရောက်သွားလိုက်သလိုပဲ တခုပဲကျန်ခဲ့တယ် မန်းရောက်ရင် မသွားမဖြစ်သွားဖူးကြတဲ့ ဘုရားကြီးကို ထည့်မရေးထားဘူး သယ်ရင်း

နွေတေးရှင် (မင်းဧရာ) said...

စွန့်ခွါခဲ့တာ ကြာပြီဖြစ်နေသော မန်းရွှေမြို့တော်ကြီးရဲ့ အကြောင်းကို ဖတ်သွားတယ်ဗျာ....။
မီးစက်သံတွေ သိပ်မကြားရတော့တာရယ် လမ်းမတွေမှာ ချိုင့်ခွက် သိပ်မရှိတော့တာရယ်သိရလို့ ၀မ်းသာလှတယ်ဗျာ
ကျန်တာတွေတော့ ဖြေးဖြေးပေါ့။