Tuesday, 19 June 2012

ပဟေဠိ




အေးမြတဲ့လေပြည်ဟာ ညင်ညင်သာသာလေး တိုက်ခတ်နေခဲ့တယ်။ လတ်ဆတ်သန့်ရှင်းတဲ့ လေအေးအေးကို ရှိုက်သွင်းမိချိန်မှာ နဂိုက နောက်ကျိနေတဲ့ စိတ်ဟာ အနည်းငယ် ကြည်လင်သွားခဲ့တယ်။ ဆောင်းရာသီ တောင်ပေါ်နေရာတို့ရဲ့ ထုံးစံအတိုင်း နားထဲမှာ အနည်းငယ် ကိုက်ခဲလာတာကလွဲလို့ အရာရာဟာ ကျေနပ်စရာကောင်းခဲ့တယ်။


တောင်ပေါ်ကနေ ဆီးပြီးမြင်နေရတဲ့ လှုပ်ရှားနေတဲ့ မြို့ကလေးရဲ့ ညနေ နေဝင်ချိန်ဟာ မြူခိုးတွေ တောင်ငွေ့တွေကြားမှာ နီယွန်မီးရောင်တွေနဲ့ပေါ့။ ကွေ့ကောက်စွာ စီးဆင်းနေတဲ့မြစ်တစ်စင်းကတော့ တစ်ချက် တစ်ချက် မှာ ဖြတ်ကနဲ ဖြတ်ကနဲ လင်းလက်သွားခဲ့တယ်။ မြင်ကွင်းထဲမှာ ရှိသမျှ အရာရာတို့ဟာ မှုန်မှုန်ဝါးဝါးနဲ့ လှပနေခဲ့တယ်။


တောင်ပေါ်မှာရှိနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်၊ ကော်ဖီဆိုင်တစ်ဆိုင်နဲ့ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ကလေးတွေမှာလည်း လာရောက်စားသောက်သူ အနည်းငယ်ရယ် လက်ဆောင်ပစ္စည်းဝယ်ယူနေကြတဲ့သူ အနည်းငယ်ရယ် နဲ့ သက်ဝင်လှုပ်ရှား နေခဲ့တယ်။ အများစုကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး ဒေသထွက် အရုပ်ကလေးတွေနဲ့ အမှတ်တရ ပစ္စည်းလေးတွေကို ဝယ်ယူနေကြတယ်။


ကော်ဖီဆိုင်ကလေးထဲမှာတော့ ချစ်သူစုံတွဲအချို့တို့ဟာ ဘာသာဘာဝ တီးတိုးပြောဆိုရင်း ကြည်နူးနေကြပုံရတယ်။ တောင်ပေါ်ရဲ့ထိပ်ဆုံးအပိုင်းကလေးမှာတော့ ဝန်းခတ်ထားတဲ့ နေရာကလေးရှိတယ်။ အဲ့ဒီနေရာကလေးက ကြည့်လိုက်ရင် ပတ်ပတ်လည်မှာ ရှိနေတဲ့ စိမ်းလန်းနေတဲ့ သစ်ပင်တွေနဲ့ ဖုံးအုပ်ထားတဲ့ အခြားတောင်တန်းတွေကိုလည်း မြင်ရမှာဖြစ်တယ်။


နွေးထွေးကြည်လင်တဲ့ နွေဦးရာသီနဲ့ နွေရာသီတွေမှာတော့ ဒီတောင်ပေါ်ကို အပန်းဖြေလာကြသူတွေဟာ တိုးမပေါက်နိုင်အောင်ရှိပေမယ့် ချမ်းအေးလှတဲ့ ဆောင်းတွင်းခါတွေမှာတော့ လာရောက် လည်ပတ်သူက နည်းပါးလှပါတယ်။ $2 အကြွေစေ့လေးကို ထည့်ပြီးကြည့်ရတဲ့ ၃၆၀ ဒီဂရီ လှည့်လို့ရတဲ့ မှန်ဘီလူးနားကို လျှောက်သွားရင်း အကြွေစေ့ကလေးကိုထည့်ပြီး ဝါးတားတားနဲ့ လှပနေတဲ့ မြို့ကလေးကို အပေါ်စီးကနေ ကြည့်နေမိခဲ့တယ်။


သင်းပျံ့လာတဲ့ ကော်ဖီရနံ့ဟာ တစ်ခွက်လောက်သောက်ချင်စိတ်ကို အကြိမ်ကြိမ်  လှုပ်နှိုးနေခဲ့တယ်။ နေရာကမရွှေ့ချင်တဲ့စိတ်ကြောင့် ကော်ဖီဆိုင်လေးထဲကို မရောက်နိုင်ခဲ့ဘူး။ မွန်းကျပ်နေတဲ့ စိတ်တွေနဲ့ နောက်ကျိနေတဲ့ ဦးခေါင်းဟာ အရာရာကိုလည်း မေ့စေနိုင်ခဲ့တယ်။ ဆောင်းတွင်းတစ်ခုရဲ့ ညနေခင်းမှာ ဝတ်ထားတဲ့ လက်ရှည်အင်္ကျီလေးကလွဲလို့ အပေါ်ဝတ်အင်္ကျီ ပါမလာနိုင်အောင်ကို သတိလစ်ဟင်းခဲ့တယ်။ တောင်ပေါ်မှာတိုက်ခတ်တဲ့ အေးမြတဲ့ လေတွေဟာ နား၊ မျက်နှာနဲ့ လက်ဖျားတွေကို အေးစက်လာစေပေမယ့် အဲ့ဒီ အေးမြမှုကိုပဲ နှစ်သက်စွာနဲ့ ခံယူမိတယ်။ စကားတစ်ခွန်းလောက်ကို စိတ်ရှိလက်ရှိ ဟစ်အော်လိုက်ချင်ပေမယ့် မသင့်လျော်ပါဘူးဆိုတဲ့ အသိစိတ်ကြောင့် တိတ်ဆိတ်စွာပဲ မြင်ကွင်းထဲမှာ ပေါ်လာသမျှကို ငေးကြည့်နေခဲ့တယ်။  


ဝမ်းနည်းလည်းလာ ပျော်ရွှင်နေလည်း ရောက်လာဖြစ်ခဲ့တဲ့ ဒီတောင်ပေါ်နေရာလေးကတော့ ဘယ်အချိန်မှာမဆို အေးမြခြင်းတွေနဲ့ အမြဲ ကြိုဆိုနေခဲ့တယ်။ ဆုံးရှုံးမှုတွေနဲ့ နာကျင်စွာရောက်လာပြီး တိတ်တဆိတ် မျက်ရည်ကျနေတတ်တဲ့ သူတစ်ယောက်ကို သူပြန်ပေးတာက အေးမြတဲ့ လေပြည်လေညင်းကလေးတွေသာဖြစ်တယ်။ ချစ်ခြင်း၊ မုန်းခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေအတွက် တစ်သမတ်တည်းသော လက်ဆောင်ကို ပေးတတ်တဲ့ နေရာကလေးမို့လည်း နှစ်သက်စွာ ရောက်ရှိခဲ့တယ်။


ခုလည်းရောက်ရှိခဲ့ရပြန်တယ်။ အရာရာဟာ ကိုယ့်ဘက်မှာ ရှိမနေခဲ့ဘူးလို့ ခံစားနေရတဲ့ အချိန်မှာ တိတ်ဆိတ်ငြိမ်သက်စွာ ငေးမောရင်း တဆစ်ဆစ် ဖြစ်နေတဲ့ ဝေဒနာကို သက်သာရာ သက်သာကြောင်းလည်း ရှာနေမိတယ်။ တော်တော်ကြာကြာ ရပ်နေမိတဲ့ အခါမှာ ခြေထောက်တွေဟာ ကိုက်ခဲလာခဲ့တယ်။  နေလည်းတဖြည်းဖြည်း ဝင်သွားခဲ့ပြီ။ အမှောင်ရိပ်လည်း သိသိသာသာေ၇ာက်ရှိလာခဲ့ပြီ။ ဆာလောင်တယ်လို့ ထင်ရပေမယ့် တကယ့်တကယ်စားသောက်ကြည့်တဲ့အခါမှာ ဘာကိုမှဟုတ်တိပတ်တိစားမရခဲ့ဘူး။


ကော်ဖီဆိုင်လေးထဲ ဝင်လာတဲ့အချိန်မှာ မိုးပေါက်ကလေးတွေအနည်းဟာ တဖြည်းဖြည်း ကျလာခဲ့တယ်။ Flat White တစ်ခွက်မှာရင်း ဒီနေ့သောက်ခဲ့တဲ့ ကော်ဖီအရေအတွက် မနည်းတော့ဘူးဆိုတာ သတိထားမိခဲ့တယ်။ ၉  ခွက်မြောက်ကော်ဖီကို စောင့်နေရင်း ဒီနေ့တော့ ဒီတစ်ခွက်ဟာ နောက်ဆုံးဖြစ်သင့်ပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးမိခဲ့တယ်။  


မကြာခင်မှာပဲ စားပွဲထိုး ကောင်းလေး ကော်ဖီခွက်ကို လာချပေးရင်း ပလပ်စတစ်အိတ်နဲ့ထည့်ထားတဲ့ အထုတ်တစ်ထုတ်ကိုပါ ပေးလာခဲ့တယ်။

“What  is that ?”


“Someone ask me to give you this one”


“Who is it?”


“I don’t know,  but he said he is your friend”  လို့ပြန်ပြောလာတဲ့ ကောင်လေးကို


“Thank You” လို့ပြန်ပြောရင်း ပေးလာတဲ့ အထုတ်ကလေးကို ဖွင့်ကြည့်လိုက်တယ်။


အနွေးထည် တစ်တည်နှင့်အတူ စာကြောင်းလေး အနည်းငယ်ရေးထားတဲ့ စာရွက်ခေါက်လေးတစ်ခု..။


လက်မှတ်လည်းထိုးမထား၊ နာမည်လည်းရေးမထား တဲ့ စာရွက်ကလေးမှာ ရေးထားတာကတော့


Take warm Jacket
Break down Sadness …  
ပျော်ရွှင်ပါစေ     ..      တဲ့


မည်သူတစ်ဦးတစ်ယောက်ကပေးသွားခဲ့သည်လဲ မသိပါ။ သို့သော်လည်း ပြင်ပအပူချိန် ၁၄-ဒီဂရီ လောက်ရှိတဲ့ အချိန်မှာ တောင်ထိပ်ကော်ဖီဆိုင်ကလေးမှသည် ကားရပ်ထားရာ နေရာအထိ အကွာအဝေးကို ချမ်းတုန်ခြင်းမရှိပဲ အနှီအနွေးထည်ကလေးရဲ့တန်ခိုးနဲ့ ဖြတ်သန်းခဲ့တယ်။


အရာရာဟာ ပုံမှန်အတိုင်း လည်ပတ်နေခဲ့တယ်။ အိမ်ပြန်ရောက်လာတဲ့အထိ ထူးခြားမှုဆိုတာ ဘာမှ မရှိခဲ့ပါဘူး။ မွန်းကျပ်မှုနဲ့ မောပန်းနေဆဲပါပဲ။ ဒါပေမယ့် ဖြစ်ချင်တာလေးတစ်ခုနဲ့ သိချင်တာလေးတစ်ခုတော့ တိုးလာခဲ့တယ်။


အခွင့်ရှိခဲ့မယ်ဆိုရင် အနှီ အနွေးထည် ပိုင်ရှင်ကို အင်္ကျီပြန်ပေးရင်း ကျေးဇူးတင်စကားလေး ပြောချင်ပါသေးတယ်။




ပျိုးယုဝသုန်
9:47:27PM
19-06-2012
Tuesday (BNE)



8 comments:

လွင်ပြင်လှိုင်းငယ် said...

ဘယ်သူပေးသွားလဲ သိချင်လိုက်တာ

နွေတေးရှင်(မင်းဧရာ) said...

ကျေးဇူးတင်စကားလေးပြန်ပြောနိုင်ပါစေဗျာ။

စံပယ်ချို said...

ဘယ်သူပေးတာလဲ
အဲတာလေးကိုသိချင်မိတယ်

မြတ်ပန်းနွယ် said...

အစပိုင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဆွဲခေါ်သွားတယ်။ ပြီးတော့ ကြည်နူးစဖွယ်လေး ဇာတ်သိမ်းပေးတယ်။ ဖတ်ပြီးတော့ ကျေနပ်လိုက်တာ..း)

ချစ်တဲ့
မြတ်

မိုးသူ(တောင်ကြီး) said...

အနီရောင် အနွေးထည် ဘယ်သူပေးသွားတာလဲ

သိချင်တယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

ကြယ်ပြာ said...

အဲ့ဒီနေရာကို ဓါတ်ပုံလေးရိုက်ပြီးတင်ပေးရင် သိပ်ကောင်းမှာပဲနော် ...း)

တကယ်တော့ ဓါတ်ပုံမပါတာတောင် စကားလုံးတွေက နေရာလေးကို ပုံဖော်ပြီးသားပါ။ ဒီစကားလုံးတွေ ကြောင့်ပဲ ဒီနေရာလေးကို မြင်ဖူးချင်သွားတာ။

မိုးငွေ့........ said...

အနွေးထည်လေးကြည့်ချင်တယ်....း)

san htun said...

အနွေးထည်လေးက နွေးထွေးနေမှာ သေချာတယ်..