Tuesday 30 April 2013

ဆောင်းခိုငှက်တို့ အိမ်ပြန်ချိန်





ဆောင်းခိုငှက်တွေ ပြန်လာကြပြန်ပြီ  .. နေဝါ။


“သူတို့ ထွက်သွားစဉ်ကအတိုင်းပြန်လာကြရဲ့လား၊ လျော့နည်းသွာသလား၊ တိုးပွားလာသလား။ အသစ်ရောက်ရှိလာသူတွေကို လက်ကမ်းကြိုဆိုကြရဲ့လား။ ကျန်ရစ်ခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲနေကြလား…”


ဆောင်းခိုငှက်တွေ ပြန်လာတိုင်း ကြားနေကျစကားတစ်ခွန်း မကြားရတာကြာနေခဲ့ပေမယ့် ဒီအချိန် ဒီလိုနေရာရောက်တိုင်း  ပြောသူမရှိဘဲ ထပ်ခါတလဲလဲ  ပြန်လည်ကြားနေဆဲ..။

x  x  x  x  x

ငါတို့ စက္ကူလှေလေးတွေ လွှတ်နေတဲ့ ချောင်းငယ်လေးဆီကိုရောက်ဖို့ သွားနေကျ လမ်းကလေးဟာ အရင်အတိုင်း ဝါညိုရောင်မြက်ရိုင်းရှည်တွေ တစ်ဖက်စီမှာ အပြိုင်းအရိုင်း မပျက်မကွက် ပေါက်နေဆဲပါ နေဝါ။ စက္ကူလှေတွေကို လွှတ်ရင်း၊ မြက်ရိုင်းပန်းတွေကို ခူးရင်း ငါကတော့ လမ်းရဲ့အကွေ့ထောင့်ကလေးကနေ ဘယ်အချိန်မှာများ မင်း ထွက်လာပြီး ခြောက်လှန့်လိမ့်မလဲလို့ မျှော်လင့်နေဆဲပါ..။ ရက်တွေ လတွေ အတော်တောင် ကြာခဲ့ပြီပဲ နေဝါ..။


“ကိုယ်ရှိတဲ့နေရာကိုပဲ ဥသြတွေက ရောက်လာတာလား၊ ဥသြသံတွေ ကြားနေရတဲ့ နေရာကိုပဲ ကိုယ်က ရောက်နေတာလား မသိဘူး..။ ဒါပေမယ့် ကိုယ်ရှိတဲ့နေရာမှာ ဥသြသံတွေ ရှိနေတယ် .. ရီ..”


ဥသြသံတွေ ရှိတဲ့နေရာမှာ မင်းရှိတယ်လို့ ဆိုလိုချင်တာလား..နေဝါ..။ ဒါဆို ဥသြသံတွေ ကြားရတဲ့ နောက်ကို ငါ့ဝိဥာဉ်က တကောက်ကောက် လိုက်နေမိမှာပဲ။ ရုတ်တရက် ပျောက်ရှသွားတာ တကယ်တော့ ဂန္ဓဝင် မဆန်ပါဘူး နေဝါ။

x  x  x  x  x

မင်း အဖေရဲ့ Saxophone ကို တိတ်တဆိတ်ယူလာပြီး ဒီချောင်းလေးဘေးမှာ ငါတို့ တဂေါ်ဂေါ် တဂွီဂွီ နဲ့ ဂီတပွဲကြီး ကျင်းပဖူးတယ်။ မင်းနှစ်သက်လှတဲ့ Branford Marsalls လို ဟန်ပန်ကျကျ ယိမ်းနွဲ့တီးမှုတ်ကောင်းလို့ ချောင်းထဲပြုတ်ကျပြီး ရေနစ်သွားတဲ့ Saxophone နဲ့ ကြွက်စုတ်လိုဖြစ်နေတဲ့မင်း၊ အိမ်အပြန်လမ်းဟာ ရင်ခုန်စရာထက် ရင်တုန်စရာ ကောင်းလှတယ်။ မင်းရဲ့အပြစ်ကို စည်းကမ်းကြီးတဲ့ Saxophonist တစ်ယောက်ဖြစ်တဲ့ မင်းဖေဖေ ရှေ့မှာ ဝန်ခံတော့ ထူးဆန်းစွာ အပြစ်မပေးပဲ နောက် ရက်သတ္တပတ် အကြာမှာ မင်းအတွက် သင့်လျော်မယ့် Saxophone တစ်ခုကို ဝယ်ပေးခဲ့တာ ငါ့အတွက်တော့ ရှေးခေတ် တရုတ်ကဗျာတွေ ဖတ်နေရသလိုပါပဲ နေဝါ..။


“ရဲရင့်ခြင်းနဲ့ ကိုယ့်အမှားကို ကိုယ်သိခြင်းက ဘယ်တော့မှ အရှုံးတရားကို မဖြစ်စေဘူး ဆိုတာ မင်း ဦးနှောက်သေးသေးလေးထဲ ထည့်ထားလိုက်စမ်း ..ရီ”  လို့ ငါ့ခေါင်းကို လက်ညှိုးနဲ့ တွန်းထိုးရင်း ပြောတုန်းက ငါ စိတ်ဆိုးလိုက်ရတာ..။ ဒါပေမယ့် ဒီစကားကို ငါ ခုချိန်ထိ ထင်ထင်မှတ်မှတ် ရှိနေဆဲပါ နေဝါ။


ပြီးတော့ မင်း Saxophone ကို တစ်ဖက်ကမ်းခတ် နားလည်ချင်တာ ငါသိပါတယ် နေဝါ။  မင်းလက်ထဲ သူကလေးရှိနေရင် ဘာမှ မလိုတော့အောင်ပြီးပြည့်စုံတယ် လို့ ခံစားရတာ လည်း ငါသိပါတယ်။ ထမင်းစားဖို့မေ့နေလောက်အောင် ရူးသွပ်တဲ့ မင်းကို အမြဲတမ်း ပရိတ်သတ် အဖြစ် ရှိနေပေးတာ ငါပါ နေဝါ။  ချောင်းလေးနဘေးမှာ မင်း လေ့ကျင့်နေရင် ဒါမှမဟုတ် ငါနားမလည်းတဲ့ ပဲတီပင်ပေါက်လို အတွန့်တွေပါတဲ့ ဂီတ အသုံးအနှုံးတွေနဲ့ မင်း နပန်းလုံးနေချိန်မှာ  ကာတွန်းစာအုပ်ဖတ်ပြီး သစ်ပင်အောက်မှာ ငိုက်နေတဲ့ ငါ့ကို မင်းက တော့ စိတ်ပျက်လက်ပျက် ရှိမှာပါပဲ..။ တကယ်ပါ နေဝါ ..။ ငါက လောကကို အေးအေး ဆေးဆေးနဲ့ ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်ကျော်ချင်သူလေ။  ဂီတ ဆိုတာကို ရေချိုးနေချိန်နဲ့ လုပ်ငန်းခွင်ဝင်နေချိန် အော်စရာတစ်ခုထက် ပို မမြင်နိုင်တာ ငါ့ရဲ့ အားနည်းချက်ပါ။

x  x  x  x  x

တစ်မြို့တစ်နယ်ကို ထွက်ခွါသွားတာတောင် ငါ့ကို အသိမပေးခဲ့တဲ့ မင်း အပြုအမူဟာ ရက်စက်လွန်းတယ်လို့ မင်း မထင်ဘူးလားနေဝါ..။ အောင်မြင်မှု အတွက်ဖြစ်စေ၊ ကျော်ကြားမှုအတွက်ဖြစ်စေ၊ ပညာရပ်တစ်ခုကို ဆုံးခန်းတိုင်အောင် လေ့လာလိုခြင်း ကြောင့်ဖြစ်စေ ဘယ်လိုအကြောင်းကြောင်းတွေကြောင့် မင်း ငါတို့မြို့လေးက ထွက်သွား ထွက်သွား..၊ ငယ်ကတည်းက ကစားဖော် ကစားဘက် ငါ့ကိုတော့ အသိပေးသင့်ပါတယ်။ ငါက ဟန်မဆောင်တတ်ပါဘူး နေဝါ။ မင်းကို မတွေ့လို့ အိမ်ကို သွားမေးမှ မင်းမရှိတော့ဘူး ဆိုတာ သိရတဲ့ အခိုက်အတန့်မှာ ချုန်းပွဲချ ငိုခဲ့မိပါတယ်။ ငါက သာမန် မိန်းကလေးပါ။ ဝမ်းနည်းတတ်ပါတယ်။ မင်းထွက်သွားကာစကတော့ ဆက်သွယ်လာမလားဆိုတဲ့ စိတ်ကလေးနဲ့ စာပို့သမားလာတိုင်း မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ကြည့်မိတယ်။ ကြာလာတော့ ငါ့မျှော်လင့်ချက်တွေကို ငါ ပြန်ရှက်လာခဲ့တယ် နေဝါ။ မိန်းကလေးပီပီ မိန်းကလေးမာနတော့ ငါ့မှာ ရှိပါသေးတယ်။


မင်းကို သတိရတိုင်း စက္ကူလှေလေးတွေသွားသွား လွှတ်နေရင်း၊ အပြန်မှာ မြက်ရိုင်းပန်း ခရမ်းရောင်လေးတွေကို ခူးရင်း..၊ မြက်ရိုင်တွေနဲ့ ဖျာလေးတွေ၊ ဗူးလေးတွေ ယက်လုပ်ရင်း အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်..။မင်းအိမ်ကိုလည်း မင်းအကြောင်း သွားမမေးသလို ငါ့ကိုလည်း ဘယ်သူကမှ မင်းအကြောင်း အရေးတယူနဲ့ လာမပြောပါဘူး။ ဒါကလည်း သဘာဝ ကျပါတယ်။ အားလုံးဟာ ကိုယ့်အလုပ်နဲ့ကိုယ် အချိန်တွေကို စီးနင်းနေချိန်မှာ ငါကတော့ သတိရခြင်းတွေကိုပါ ထမ်းပိုးခဲ့တယ်။ နေဝါ .. သံယောဇဉ် ဆိုတာ တိကနဲ ဖြတ်လို့ ရနိုင်ကောင်းတယ်လား။ နူးညံ့တဲ့ နှလုံးသားပိုင်ရှင် ဆိုတဲ့ မင်းက အဲ့ဒီလောက်တောင် ပြတ်သား ရဲရင့်တယ်လား..။

x  x  x  x  x

မြို့ဆိုတာကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မသွားဖူးတဲ့ငါဟာ မင်းကို သတိရတိုင်း မျက်ရည်ကျဖို့နဲ့ ချောင်းဘေးနား သွားထိုင်ဖို့ပဲ နားလည်ခဲ့သူပါ နေဝါ။ ဘယ်လိုစုံစမ်းရမယ် ဆိုတာကို မသိသလို အရဲစွန့်ပြီးလည်း ဒီနေရာကနေ ဘယ်ကိုမှ မသွားရဲခဲ့ပါဘူး။ ဒါပေမယ့် နေဝါ.. ချောင်းကမ်းနဘေးမှာ မင်းကို သတိရနေတဲ့ မင်းသူငယ်ချင်းတစ်ယောက် ကိုတော့ တစ်ခါတစ်လေ လေးလောက်မှ မင်း သတိမရမိဘူးလားဟင်..။


အောင်မြင်မှုတွေကြားမှာ နစ်နေပြီလား နေဝါ ..။ ဒါမှမဟုတ် မရရှိတဲ့အောင်မြင်မှုအတွက် ရှက်ဒေါသတွေနဲ့ အိမ်ပြန်ရခက်နေသလား။ ဘာဖြစ်ဖြစ် နင့်ရဲ့မွေးရပ်မြေမှာ အေးချမ်းတဲ့၊ လောဘ ဒေါသ နည်းတဲ့၊ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ သားချင်းဆွေမျိုးတွေ ရှိနေပါသေးတယ်။ ပြီးတော့ စိမ်းလန်းတဲ့သစ်ပင်တွေ၊ ညိုဝါရောင်မြက်ရိုင်းတွေ၊ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ အညိုရောင် မြေသားတွေ..၊ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ.. မျက်စိတစ်ဆုံး ရှိနေပါသေး တယ်။ သေချာတာကတော့ ကဲ့ရဲ့ရှုံ့ချမယ့်သူကတော့ မရှိပါဘူးနေဝါ..။ ပြီးတော့ မင်းအပေါ် သံယောဇဉ်ကြီးတဲ့  ရီ  ဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိနေပါသေးတယ် လေ..။

x  x  x  x  x

ဆောင်းခိုငှက်တွေတောင် အချိန်တန်တော့ အိမ်ပြန်လာကြတယ် နေဝါ..။ ဒါပေမယ့် မင်းကတော့ ပြန်ရောက်မလာခဲ့ဘူး။ သူတို့အထဲမှာ ကျန်ရစ်ခဲ့သူတွေလည်း ရှိပါရဲ့..။ ထပ်တိုးတဲ့ သူတွေလည်း ရှိပါရဲ့..။ တကယ်တော့ မင်းလည်း ဆောင်းခိုငှက်တစ်ကောင် လိုပါပဲ နေဝါ..။  အချိန်တန်ပေမယ့် အိမ်မပြန်တာလား၊ အိမ်ပြန်ချိန်မတန်လို့ မပြန်တာလား တော့ ငါမသိပါဘူး..။ ဒါပေမယ့် မင်းကို ကျန်ရစ်ခဲ့သူတော့ မဖြစ်စေချင်ဘူး .. မဖြစ်ပါစေနဲ့ လို့လည်း အခါခါ ဆုတောင်းမိပါရဲ့  နေဝါ။


ငှက်တွေ အိမ်ပြန်လာတာ လှလိုက်တာ နေဝါ..။ ဒီတခါ ငှက်တွေ အိမ်ပြန်လာတာတွေ့ရင် မင်း ဘာပြောမှာလဲလို့ ငါ သိချင်လိုက်တာ..။ ဘာဖြစ်ဖြစ် အညိုရောင်မြက်ရိုင်းတွေကို နင်မမေ့သေးဘူးဆိုရင် ငါ ကျေနပ်ပါတယ် နေဝါ..။

x  x  x  x  x

ဆောင်းခိုငှက်တွေ ပြန်လာချိန်ရောက်တိုင်း အိမ်ပြန်မရောက်နိုင်သူတစ်ဦး ကို တိတ်တိတ် စောင့်နေရင်း စက္ကူလှေလေးတွေပေါ် ခရမ်းရောင် မြက်ရိုင်းပန်းကလေးတွေတင်ပြီး  ငါမျှောနေဖြစ်ဦးမှာပါ..၊ ငါ အသက်ရှင်နေသ၍ သို့မဟုတ် မင်းကိုငါ မေ့သွားတဲ့ နေ့အထိ…။


ပျိုးယုဝသုန်
30-04-2012
Tuesday (BNE)

No comments: