Tuesday 24 May 2011

နေရာ





နေရာ

၁။

မနက်စောစောမှာ ငှက်တစ်ကောင်ရဲ့မြည်သံနဲ့အတူအိပ်ရာကနိုးထခဲ့တယ် ၊ ဗလာဖြစ်နေတဲ့ဦးခေါင်းနဲ့ ငါဘယ်ရောက်နေလဲဆိုတာ ကျွန်မ အချိန်တော်တော်ယူ စဉ်းစားခဲ့ရတယ် ၊ မိုးတွေအုံ့ဆိုင်းပြီး မှုံမှိုင်းနေတဲ့ ရာသီဥတုရှိတဲ့ ဒီနေရာဟာ ဘယ်နေရာလဲ ၊ ကျွန်မနေတဲ့နေရာဟာ နေရောင်လင်းလက်တယ် ကောင်းကင်ပြာရှိတယ် ပကျိပကျိ မည်နေတဲ့ ငှက်စာကလေး တွေရှိတယ် ၊ ဒါဆို ခုနေတဲ့နေရာကရော ဘယ်နေရာလဲ ၊


ပြတင်းပေါက်ကလှမ်းကြည့်လိုက်လို့မြင်လိုက်ရတဲ့ မြင်ကွင်းက သိပ်ပြီးစိမ်းလွန်းတယ် ၊ ခပ်လှမ်းလှမ်းမှာတောင်တန်းတချို့ ကိုမြင်နေရတယ် ၊ မြက်ခင်းစိမ်းကျယ်ကြီးတွေနဲ့ သစ်ပင်ကြီးတွေရှိတယ် ၊ တကယ်ဆို ကျွန်မ ချစ်တဲ့ တောင်တန်းတွေ နဲ့သစ်ပင်တွေကိုမြင်နေရတဲ့ အတွက် ကျွန်မပျော်ရွှင်နေသင့်တယ် ၊ ဒါပေမယ့် တဆို့ဆို့ တနင့်နင့်နဲ့ ပြောပြမရနိုင်တဲ့ ဝေဒနာတွေ ရင်ဘတ်ထဲမှာပြည့်အင့်နေတယ် ၊ ဦးနှောက်ကို ခပ်မြန်မြန်အလုပ်ပေးတော့မှ ငါဟာ ငါနေတဲ့နေရာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာတစ်ခုကိုရောက်နေတာပါလားဆိုတာ သတိပြုမိတယ်၊ ရင်ဘတ်တွေ ကွဲကြေသွားတယ်၊ ဖေဖေ ၊မေမေ၊မောင်လေး ပြီးတော့ မင်းဇံ ၊ လွမ်းတဲ့စိတ်ကြောင့်ဝဲတက်လာတဲ့ မျက်ရည်ကိုခေါင်းမော့ ခါထုတ်ရင်း နေ့တစ်နေ့ရဲ့အစတစ်ခုကို ရင်ဆိုင်ဖို့ပြင်ဆင်လိုက်တယ်၊

၂။

လုပ်ငန်းခွင် အသစ်တခုရဲ့ ပထမဆုံးစတင်မိတ်ဆက်တဲ့နေ့မှာ ကျွန်မဟာ တက်ကြွနေသင့်တယ်၊ ဒါပေမယ့် နှလုံးသားတွေဟာ တက်ကြွမှု ကင်းပြီးအေးခဲနေခဲ့တယ်၊ ဘာသာဗေဒမတူတဲ့ နေရာစိမ်းတစ်ခုကို ရောက်နေရသလိုပါဘဲ၊ အလိုက်သင့် စကားပြန်ပြောရင်း စိတ်နဲ့နေရာဟာ အံဝင်ခွင်ကျ ဖြစ်မနေခဲ့ဘူး ၊ စိတ်မပါဘဲကွေးညွှတ်ထားတဲ့ နှုတ်ခမ်းတွေကြောင့် ပါးတွေညောင်းကိုက်လာခဲ့တယ်၊ ခုချိန်မှာမှန်ပြေးကြည့် ရင်တော့ ဆိုးဝါးစွာလိန်တွန့်နေတဲ့ မျက်နှာတစ်ခုကိုမြင်ရမှာ အသေအချာပါဘဲ ၊ “ မစ်စ် မေ ကို ကြိုဆိုပါတယ် ” ဆိုတဲ့ နှုတ်ဆက်စကား တွေကို အေးစက်စက်တွန့်ကွေးထားတဲ့နှုတ်ခမ်းတွေနဲ့ အလိုက်သင့်ပြန်ပြောနေရတာ ကို အလိုလို စိတ်ထဲက နာလာတယ်၊ တဆက်တည်းမှာဘဲ ဒီလိုအခြေအနေမျိုးဟာဘယ်လောက်ကြာကြာဆက်ဖြစ်နေဦးမှာလဲဆိုတဲ့ မေခွန်းခေါင်းထဲဝင်လာတယ်၊ အဖြေမရှိတဲ့ ပုစ္ဆာကို မရ ရအောင် အဖြေရှာနေသလိုမျိုး ခံစားလိုက်ရတယ်၊ ဘာတွေလဲ ၊ ဘာကြောင့် ဒီလိုတွေဖြစ်နေခဲ့ရတာလဲ ၊

လုပ်ငန်းခွင်မှာ စကားကို လိုတာထက်ပိုမပြောဘဲ ကိုယ့်ကိုယ်ကို အလုပ်ထဲမှာ နှစ်ထားလိုက်ပြီး တစ်နေ့တာ ရက်တစ်ခုရဲ့အချိန်တွေ ကို ကုန်အောင်ကြိုးစားခဲ့ရတယ် ၊ ကော်ဖီတစ်ခွက်နဲ့ပေါင်မုန့်တစ်ချပ်ကိုသာ နေ့လည်စာအဖြစ်စားသောက်ခဲ့ပေမယ့် ဝမ်းဗိုက်တစ်ခုလုံး ပြည့်နင့်နေခဲ့တာ ဘာကြောင့်လဲဆိုတာကို အဖြေမရှာချင်တော့ဘူး .. ကိုယ့် ကိုကိုယ်ပြန်မေးရတဲ့မေးခွန်းတွေကိုမုန်းသလို အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို ရှာရမှာလည်းမုန်းတယ် ၊ ဘုရားရေ  .. တကယ်ဘဲငါဟာ အဆိုးမြင်တစ်ယောက်ဖြစ်နေပြီလား ၊  ဟင့်အင်း .. ငါဟာအကောင်းမြင်ဝါဒီ တစ်ယောက်ဖြစ်နေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်၊

၃။

အိမ်အပြန်လမ်းဟာ သာသာယာယာနဲ့ဖြောင့်ဖြူးနေခဲ့တယ်၊ ဘေးတစ်ဘက်စီမှာ သစ်ပင်တန်းတွေနဲ့ မြက်ခင်းစိမ်းတွေနဲ့ ပြီးတော့ အဖုအထစ်ချိုင့် ကင်းတဲ့ နိုင်လွန်ကတ္တရာလမ်းချောချောက ကိုယ့်ကားလေးကို အိမ်ကိုအမြန်ရောက်အောင် ကူညီပံ့ပိုးခဲ့တယ် ၊ တဆက်တည်း မှာဘဲ ချိုင့်ခွက်နဲ့ဖုန်တွေရှိတဲ့ ကျွန်မနေတဲ့နေရာ ကလမ်းကလေးကို သတိရမိတယ် ၊ အဲဒီတုန်းက ကျွန်မတကယ်ပျော်ခဲ့တာဘဲ ၊ အတွေးကို မောင်းထုတ်ရင်း ပစ္စုပ္ဗန် ဆိုတာကို တည့်တည့်ကြည့်လိုက်တယ် ၊ ဘာတွေရှိမလဲ ၊ ဘာတွေဖြစ်လာမလဲ ၊ အရာအားလုံးဟာဝိုးတဝါးပါဘဲ ၊

နေအိမ်ပြန်ရောက်တော့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ခုံတစ်လုံးချပြီးကိုယ့်ပုံရိပ်ကိုကိုယ်ကြည့်နေမိတယ်၊ ငါဟာငါမဟုတ်သလိုပါဘဲ၊ အရောင်မှိန်နေတဲ့ မျက်ဝန်းတွေဟာ ဒါမေမိုးခေါင်လို့ ကြိမ်တွယ်ပြီးပြောရင်တောင်ယုံစရာမရှိခဲ့ဘူး ၊ ဘယ်တုန်းကမှ ဒီလိုမှိန်ဖျော့တဲ့မျက်လုံး မျိုးငါမပိုင်ဆိုင်ခဲ့ဖူးဘူး၊ စုတ်တံရယ် ဆေးတွေရယ် ဘောင်ကြတ်ထားတဲ့ ကင်းဗတ်တစ်ခုဆီကိုရောက်သွားတယ် ၊ မီးခိုးရောင် အနီရောင် အနက်ရောင်တွေနဲ့ပြည့်နှက်နေတဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ပန်းချီကားတစ်ချပ်ဟာ ဘယ်လိုမှကြည့်ရှုချင်စရာမကောင်းတာ ကိုယ်ဘာကိုယ် သိပါတယ်၊ ၀မ်းနည်ခြင်းမီးတောင်များလို့ နာမည်ပေးလိုက်ပြီး နာရီကိုလှမ်းကြည့်မိချိန်မှာ အိပ်သင့်တဲ့အချိန်ထက်များစွာနောက်ကျ ကျော်လွန်နေတာကို သတိထားမိတယ်၊ ဖြတ်ကနဲ တစ်ယောက်သောသူကို သတိရမိတယ်၊ အတွေးတွေကို ခါရမ်းမောင်ထုတ်ရင်းအိပ်ပျော်ဖို့ အကူအညီပေးနေတဲ့ပုလင်းလေးဆီ လက်လှမ်းလိုက်တယ်
မကြာခင်မှာဘဲ အိပ်စက်ခြင်းအတု တစ်ခုကို ပိုင်ဆိုင်ရလိုက်တယ်

လှပတဲ့ရေကန်တစ်ခုပေါ်က ဆိုင်ကလေးတစ်ခုရဲ့ထောင့်စားပွဲလေးမှာ ချစ်သူနှစ်ဦးထိုင်နေကြတယ် ..

“ မိုးခေါင် ကို  ကိုယ် အရမ်းချစ်တယ် ”

“ခေါင်ကတော့ မချစ်ပေါင် ..”

“ခေါင် နော် .. ကိုယ့်ကို အသည်းယားအောင် မစနဲ့…  ”

“ ခစ်ခစ် …  ”   “ အဟားဟား…”

ချိုမြတဲ့ ရယ်သံတွေအဆုံးမှာ ဖြတ်ကနဲနိုးသွားခဲ့တယ် ၊ ကြည်ျနူးခြင်းတွေကိုသယ်ယူလာတဲ့ လက်မခံနိုင်တဲ့အိပ်မက်ကို မျက်နှာသစ်ရင်း ဆေးကြောချလိုက်တယ် ၊ အိပ်စက်ဖို့ခက်ခဲတဲ့ညတွေကို ခေါင် ပိုင်ဆိုင်နေရပြီ မင်းဇံ ရေ၊ ပျံ့လွင့်နေတဲ့ကိုယ့်စိတ်ကို မပျံ့လွင့်အောင်ထိန်း ကြည့်တယ်

ဝင်တယ် .. ထွက်တယ် ..၀င်တယ် ..ထွက်တယ် ….  မင်းဇံ နေကောင်းရဲ့လား

ရှူရှိုက်တယ် .. ရှူထုတ်တယ် .. ရှူရှိုက်တယ် .. ရှူထုတ်တယ် ….  မင်းဇံ အဆင်ပြေရဲ့လား

ဗုဒံသရဏံ ဂစ္ဆာမိ  .. သူလည်းငါ့လိုဘဲခံစားနေရမှာလား ..

ဓမ္မံသရဏံ ဂစ္ဆာမိ  ..  သူကျေနပ်နေမှာပါလေ ..

သံဃံသရဏံဂစ္ဆာမိ  .. မင်းဇံ ..ရေ …

စိတ်ပင်ပန်းကြီးစွာနဲ့ပျံ့လွင့်နေတဲ့စိတ်တွေကို ထိန်းချုပ်ဖို့ မကြိုးစားတော့ဘူး ၊ စိတ်တွေဟာ အတိတ်တစ်နေရာဆီကို တရိပ်ရိပ်ပြေးနေတယ်၊

၎။

၅နှစ်ဆိုတဲ့ ချစ်သူသက်တမ်း တစ်လျောက်မှာ တစ်ယောက်နဲ့တစ်ယောက် မကြာမကြာ တွေ့ဖို့ ဆိုတာ ကျွန်မ တို့ နှစ်ယောက် အတွက် မဖြစ် နိုင်ခဲ့တာကို ကျွန်မ ဘယ်တုန်းကမှ မင်းဇံ  ကို အပြစ်မတင်ခဲ့ပါဘူး ၊ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ ဘ၀ တစ်ခုကို လှလှ ပပ တည်ဆောက် ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တစ်ယောက်တစ်မြို့စီမှာနေပြီး ကြိုးစားခဲ့ကြတယ်၊ လက်ထပ်ခြင်းဆိုတာကျွန်မ အတွက်ချစ်ခြင်းမေတ္တာတွေ မြှုတ်နှံခြင်း ဆိုတာကို သိခဲ့ရင် လက်ထပ်ခြင်း ဆိုတာကို မရွေးခြယ်ဘဲ ချစ်သူဆိုတဲ့ ခေါင်းစဉ် အောက်မှာတစ်သက်လုံးနေသွားဖို့ ကျွန်မ ဆုံးဖြတ်မိမှာပါ ၊ ဒါပေမယ့် ဘယ်အရာကိုမှကြိုတင် မသိနိုင် ခဲ့သူတစ်ယောက်မို့ လည်း ကိုယ်ချစ်သူနဲ့ အတူနေခွင့် ရတယ် ဆိုတဲ့ ဒီ လက်ထပ်ခြင်း ဆိုတာကို ကျွန်မ လက်ခံခဲ့မိပါတယ် ၊ 

တကယ့်ကိုဘဲ ကံတရားဟာ လှပပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ကျွန်မအတွက် မပေးဘူးဆိုတာ များမကြာမီ အချိန်မှာဘဲ သိလိုက်ရပါတယ် ၊ အကြောင်းအရာ ခြေခြေ မြစ်မြစ်မရှိပါဘဲ နွေးတွေးတဲ့ ချစ်ခြင်းမေတ္တာဟာ ကျွန်မတို့အကြားမှာ တဖြည်းဖြည်းနဲ့ ပျောက်ရှခဲ့တယ် ၊ တနေ့တခြား အေးခဲလာတဲ့ မင်းဇံ ရဲ့အပြုအမူ ဆက်ဆံရေး ကို လုပ်ငန်းခွင်ရဲ့ စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှုတွေရယ်ကြောင့် လို့ထင်ခဲ့ရပေမယ့် တကယ်က ကိုယ်တစ်ယောက်ထဲအတွက် ကွက်ကြားအေးခဲ နေခဲ့တယ်ဆိုတာကို သိရတော့ အထိတ်တလန့် ကူကယ်ရာမဲ့ ဖြစ်ခဲ့ရတယ် ၊ အိမ်နဲ့ အလုပ်ကြား မျက်ရည်တွေနဲ့ဖြတ်လျှောက်ခဲ့ရတဲ့ ရက်တွေမှာ ကိုယ့်ဘက်က တတ်နိုင်သလောက် အလျော့ပေးလိုက်လျောရင်းနဲ့  အေးခဲလာခြင်းရဲ့ အကြောင်းရင်း ကို ရှာဖွေခဲ့ပေမယ့် မရခဲ့ပါဘူး ၊ ဘာဖြစ်နေတာလဲဟင် ဆိုတဲ့ ကျွန်မရဲ့မေးခွန်းတွေအတွက် ဘာမှမဖြစ်ပါဘူးဆိုတဲ့ အဖြေတစ်ခွန်းသာ ရရှိခဲ့ပါတယ် ၊

တဖြည်းဖြည်းနဲ့မင်းဇံဟာ အလုပ်ပြီးရင် သူ့ရဲ့ စာဖတ်ခန်းထဲမှာသာ တံခါးပိတ်ရင်းအချိန်ကုန်ခဲ့တယ်၊ ဘာကြောင့်မှန်းမသိတဲ့ အကြောင်း အရာတစ်ခုအောက်မှာ ၀မ်းနည်းအားငယ်ရင်း ဗေဒင် ယတြာ ဆိုတာကိုလည်း ကောက်ရိုးတစ်မျှင်အဖြစ် အားကိုးတတ်လာခဲ့ပါတယ်၊ ထိတ်လန့်စိုးရွံ့မှုတွေနဲ့နေနေရတဲ့ အချိန်ကာလတွေကို မနှစ်သက်ပေမယ့်လည်း ချစ်တဲ့သူ အတွက် အောက်ခြေသိမ်းအလုပ်တွေကို လုပ်ပေး နေရတာကို ကျေနပ်နေခဲ့တာကတော့ ကျွန်မရဲ့ မင်းဇံ အပေါ်မှာထားတဲ့မေတ္တာပေါ့ ၊ မိဝေး ဘဝေး နဲ့ အခြားတပါးတိုင်းပြည်မှာ ကိုယ်အားကိုး အားထားရသူကပစ်ပယ်တာကိုခံနေရတဲ့အချိန် ကျွန်မမှာ ဘုရားကလွဲလို့ အခြားအားကိုးစရာလည်း မရှိခဲ့ပါဘူး၊

၅ ။

နှစ်ယောက်အတူတူတက်ဖို့ဖိတ်တဲ့ပွဲတွေကို တက်ဖို့ငြင်းဆန်နေတဲ့သူကို ကြည့်ရင်း တဖြည်းဖြည်းနဲ့နားလည်လာခဲ့တယ် ၊ သာမန်ဘွဲ့တစ်ခု သာရှိပြီး သာမန် အလုပ်ကြမ်း လုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေတဲ့ မိန်းမတစ်ယောက်ဟာ သူလိုဘွဲ့ထူးဂုဏ်ထူးတွေအများကြီး ရှိထားတဲ့သူတစ်ယောက် အတွက် ပွဲအတူတူတက်ဖို့ သိမ်ငယ်စရာဖြစ်များဖြစ်နေပြီလား၊ အဲဒီလို နားလည်းပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်မဟာ မင်းဇံ မခေါ်ဘဲ ဘယ်နေရာကိုမှ လိုက်ချင်တယ် လို့ မပြောဖြစ်ခဲ့တော့ပါဘူး ၊

တနေ့မှာတော့ မင်းဇံဟာ လှပတဲ့အကောင်းစားဝိုင်တစ်ပုလင်းကို ၀ယ်လာတာတွေ့ရပါတယ် ၊ သူသောက်ဖို့ ၀ယ်လာတာလို့ ထင်မိပေမယ့် တကယ်ကတော့ ကျွန်မ ရဲ့ ရင်ဘတ်တခုလုံး ကြေပြုန်းဖို့ဖြစ်နေတာပါ၊ ကျွန်မမဟုတ်တဲ့မိန်းကလေးတစ်ယောက်နဲ့ အတူတူသောက်ဖို့   ၀ိုင်ပုလင်းကိုယူပြီး ကျွန်မရှေ့မှာဘဲကျွန်မကို ကျောခိုင်းထွက်သွားတဲ့ ခင်ပွန်းကို နာကျင်နေတဲ့ရင်နဲ့ကြည့်နေဖို့ကလွဲပြီး ကျွန်မ ဘာမှမတတ် နိုင်ခဲ့ပါဘူးလေ ၊ ထူးဆန်းစွာဘဲ အဲဒီအချိန်မှာကျွန်မမျက်ရည်ကျမနေခဲ့ဘူး ၊

မမျှော်လင့်ပါဘဲ နတ်ဆိုးတစ်ကောင်ဟာ စေတန်ရဲ့ဥယျာဉ် ထဲက ဒုက္ခသစ်သီးတွေနဲ့ကျွန်မကို အဆက်မပြတ် ပစ်ပေါက်နေခဲ့တယ် ၊ “မင်း ရန်ကုန်ပြန်နေပါလား” ဆိုတဲ့စကားတခွန်းအတွက် အဖြေကို ရှာမရသေးခင်မှာဘဲ “ကိုယ်တို့ကွာရှင်းလိုက်ကြရအောင်” ဆိုတဲ့ နောက်ထပ် စကားမြားတစ်စင်း ကျွန်မရဲ့ ဘယ်ဘက်ရင်ကိုထုတ်ချင်းခတ်ခဲ့တယ် ၊ ရုပ်ဝတ္ထုတွေပြည့်စုံလာတာနဲ့ အတူ ရဲဘော်ရဲဘက်စိတ်တွေပျောက် သွားကြတာကတော့ နှမြောစရာကောင်းလွန်းလှပါတယ် ၊ ပိုင်ဆိုင်တဲ့ရုပ်ဝတ္ထုတွေကို တစ်ယောက်တစ်ဝက်ခွဲဝေယူကြမတဲ့လေ၊ ထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ရင်ဘတ်ထဲက နှလုံးသားတစ်ခုဟာ ထက်ဝက်ခွဲလို့မရဘူးဆိုတာ သူ မသိခဲ့တာလား မသိတော့ တာလားဆိုတာ အဖြေရှာမရခဲ့ပါဘူး၊ ကျွန်မအတွက် နေရာတစ်ခု သူ့ရင်ထဲမှာ မရှိတော့ပြီလား ၊ ဆယ်စုနှစ်တစ်ခုရဲ့ တစ်ဝက်တာ ကာလအတွင်းမှာရုပ်ဝတ္တု ဆန်လွန်းသွားတာကတော့ မြန်လွန်းလှပါတယ် ။

မြန်မာယဉ်ကျေးမှုနဲ့ထုံးတမ်းဓလေ့တွေကို လေးစားမြတ်နိုးတဲ့ကျွန်မဟာ တခုလပ် ဆိုတဲ့ အမည်နာမ တစ်ခုကို မပိုင်ဆိုင်လိုခဲ့တာ အမှန်ပါ ၊ မိဘ ညီအစ်ကို မောင်နှမ ကြားမှာလည်း ဒီလို အခြေအနေမျိုးနဲ့ မရပ်တည်ချင်တာ လည်းအမှန်ပါ၊ ဒါပေမယ့်လည်းကိုယ့် အပေါ်မေတ္တာမထား နိုင်တော့တဲ့ သူကို ဆက်လက်ပြီး အကျဉ်းချထားသလိုဖြစ်မှာကိုတော့ ကျွန်မ အင်မတန် စိုးရိမ်ခဲ့ပါတယ် ၊ “ မင်းနားမှာနေရတာ ကိုယ် မပျော်ဘူး .. စိတ်လည်းအရမ်းကျဉ်းကျပ်တယ် .. ” ဆိုတဲ့စကားတစ်ခွန်း နဲ့တင် ကျွန်မ မင်းဇံကို သူ ပျော်မယ့် လမ်းကို ဆက်လျှောက်ခွင့် ပြုလိုက်ပါတယ်၊ တစ်ယောက်ပျော်ရွှင်မှုအတွက် နောက်တစ်ယောက်ရဲ့ ရင်ဘတ်ကိုချနင်းမှရမယ်ဆိုရင် အနင်းခံမယ့် ရင်ဘတ်ဟာ ကျွန်မဘဲဖြစ်သင့်ပါတယ်၊ သူ့ကိုကျွန်မက ချစ်ခဲ့တာကိုးလေ၊ ပြီးတော့ မိန်းမ တစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို စွန့်လွှတ်ဖို့စဉ်းစား တဲ့အချိန်ဟာ အဲဒီယောက်ျား သူမ အပေါ်မှာ မချစ်တော့ဘူးဆိုတာ သေချာတဲ့အချိန်သာဖြစ်တယ်။

၆ ။

တကယ်ဘဲ ကျွန်မအနားက မင်းဇံ ထွက်ခွါသွားချိန်မှာ ဟင်းလင်းပြင်ဖြစ်နေတဲ့ ရင်ဘတ် တစ်ခုနဲ့ ကျန်နေခဲ့တာကတော့ ကျွန်မ မေမိုးခေါင်ပါ၊ ကျွန်မမိဘ ၊ သူ့မိဘ တွေကို အသိပေးတာကလွဲလို့ ကျန်တာ ကြိုက်သလို အဆင်ပြေသလို လုပ်ပါဆိုတဲ့ ကျွန်မရဲ့တောင်းဆိုချက်အတိုင်း မင်းဇံဟာ ကျွန်မတို့ ရဲ့ခွဲခွါမှုကို မပြောဘဲ နေပေးတဲ့ အတွက် သူ့ကိုကျေးဇူးတင်ရပါတယ်၊ ဒီအကြောင်းတွေကို မိဘတွေကိုပြောပြဖို့ ကျွန်မ အဆင်သင့်မဖြစ်သေးလို့ပါ၊  တစ်ခါတစ်ရံ မိဘတွေဆီ ဖုန်းဆက်လို့ “ မင်းဇံ ရော ” လို့မေးလာရင် အလုပ်ကိစ္စ နဲ့ ခရီးသွားနေတယ် ဆိုတဲ့ အဖြေ မျိုးကို ၀ါကျကွဲပေါင်းမြောက်များစွာနဲ့ ဖြေခဲ့ရတယ် ၊

ကျွန်မချစ်တဲ့ နေရတာကိုပျော်တဲ့ မြန်မာနိုင်ငံ နဲ့ ရန်ကုန်ကို ကာလ အတော်ကြာ ကျွန်မမရောက်ဖြစ်ခဲ့ဘူး ၊ စိတ်နဲ့ အကြိမ်ကြိမ်ရောက်နေပေ မယ့် မေးလာမယ့် မေးခွန်းတွေ ၊ ကြည့်လာမယ့် အကြည့်တွေကို ရင်ဆိုင်ဖို့ကျွန်မ မပြင်ဆင်ရသေးဘူးလေ၊ ကိုယ်ပျော်ရွှင်တဲ့ နေရာတစ်ခုမှာ နေခွင့်ရဖို့ ဆိုတာ ခက်ခဲတဲ့ အကြောင်းအရာတစ်ခုဖြစ်မှန်း ရင်ဘတ်တစ်ခုကို ရင်းပြီးမှ သိရှိလိုက်ရတာကတော့ တန်ဖိုးကြီးလွန်းပါတယ်၊

ဒီလိုခြောက်ခြားစရာနေ့ရက်တွေကို ရင်ဆိုင်ဖို့ ကျွန်မတစ်ခုခု လုပ်မှရတော့မယ် ဆိုတာကို သိလာချိန်မှာ ကျွန်မဟာ ကိုယ့်ကိုယ်ကို ကိုယ် ကိုယ်ရော စိတ်ပါ အလုပ်ထဲမှာနှစ်မြှုတ်ထားလိုက်တယ်၊ မေမိုးခေါင် ဟာ workoholic တစ်ယောက်လို့ အပြောခံရတဲ့ အထိ ကျွန်မ အလုပ်တွေကိုလုပ်ခဲ့တယ် ၊ စိတ်ဝင်စားတဲ့သင်တန်းပေါင်းများစွာကို တက်ခဲ့ပြီးတဲ့ နောက်မှာ တော့ ကြိုးစားမှုရဲ့အသီးအပွင့်တွေကို စတင်မြင် တွေ့ခဲ့ရပါတယ်၊

May Property Maintenance and Management Services ဆိုတဲ့ ကျွန်မထူထောင်ခဲ့တဲ့ လုပ်ငန်းကလေးဟာ မင်းဇံ ကျွန်မကို ထားခဲ့ပြီးတဲ့ နောက်ပိုင်း လုပ်ငန်းခွဲ ၃ ခု ရှိလာတဲ့အထိ တိုးချဲ့လာနိုင်ခဲ့ပါတယ် ၊ တကယ်တော့ အိမ်တွင်းပြုပြင်ရေး ထိန်းသိမ်းရေး လုပ်ငန်းဆိုတာ ယောက်ျားလေးတွေ အများစုလုပ်တဲ့ လုပ်ငန်းအမျိုးအစားထဲမှာပါ ပါတယ် ၊ ကျွန်မကတော့ First World Countries တွေထဲက နိုင်ငံ တစ်နိုင်ငံမှာ မြန်မာလူမျိုးတစ်ဦး အနေနဲ့ လုပ်ငန်း တစ်ခုကို အောင်မြင်စွာထုထောင်နိုင်ခဲ့တာကို ကျေနပ်မိပါတယ် ၊ ဗလာကျင်းနေတဲ့ နှလုံးသားတစ်ခု ရရှိထားတဲ့ မိန်းမ တစ်ယောက်ဟာ ကျရှုံးမသွားဘဲ အလုပ်တစ်ခုကိုအောင်မြင်အောင်လုပ်နိုင် သေးတယ် ဆိုပြီးတော့ပေါ့၊

ဒီလိုနဲ့ အထက်ပိုင်းမြို့လေးတစ်မြို့မှာ လုပ်ငန်းခွဲတစ်ခုကို လုပ်ကိုင်ခွင့်ကမ်းလှမ်းလာခဲ့တဲ့အတွက် လုပ်ငန်းခွင် နေရာအသစ်ကို လေ့လာဖို့ ခရီးထွက်ခဲ့ရတယ် ၊

၇ ။

တီတီ .. တီတီ ..တီတီ

မြည်လာတဲ့ လက်ကိုင်ဖုန်း အသံကြောင့်အတိတ်ကိုပျံ့လွင့်နေတဲ့ ကျွန်မရဲ့စိတ်တွေ ပစ္စုပ္ဗန် ကိုပြန်ရောက်လာခဲ့တယ် ၊

အစည်းအဝေးတစ်ခုအတွက် လှမ်းသတိပေးတဲ့ ဖုန်း ကို ပြန်ဖြေရင်း အလုပ်သွာဖို့ပြင်ဆင်ရတော့တယ်၊ နေ့သစ်တစ်နေ့ကို ရင်ဆိုင်ဖို့ အတွက်ပါပြင်ဆင်ရင်းနဲ့ပေါ့ ။

၈ ။

နေချင်တဲ့နေရာရယ် ၊ မနေချင်တဲ့ နေရာရယ် ၊ နေသင့်တဲ့နေရာရယ် ၊ မနေသင့်တဲ့ နေရာရယ် တွေထဲမှာ ခု ကျွန်မရောက်နေတဲ့နေရာဟာ ဘယ် နေရာမှာ ပါတယ်ဆိုတာကို မဆန်းစစ်ချင်တော့ပါဘူး၊

တကယ်တမ်းကျတော့လည်း လောကကြီးမှာ ကျွန်မအတွက်နေရာတစ်ချို့ရှိနေပါသေးတယ် ။  ။



ပျိုးယုဝသုန်

No comments: