Thursday 5 May 2011

ပဋ္ဋိပက္ခများ

ကြယ်ကြွေချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်သတဲ့
ဆုတောင်းပြည့်ဖို့ကြယ်တွေကို ကြွေစေချင်ခဲ့ရင် ရော ကြယ်တွေရဲ့အပေါ်မှာတရားပါ့မလား
အပြောင်းအလဲမရှိတဲ့ကောင်းကင်ဟာ အိနြေ္ဒ ၀တ်ရုံကို ခြုံထားဆဲဘဲ ..
အရှိန်နဲ့ပြေးနေတဲ့ကားတွေဟာဘာလို့များနောက်ပြန်သွားနေကြတာလဲ 
ကာလယန္တရား ဟာ နောက်ပြန်လည်နေလား .. အရင်အတိုင်းသွားနေဆဲလားဆိုတာ ငါ မဝေခွဲတတ်တော့ဘူး
အသက်တွေတဖြည်းဖြည်းကြီးလာပြီး စိတ်တွေတဖြည်းဖြည်းငယ်လာကြတာ ဘာကြောင့်များလဲ..
နွေပြီးမိုး ..မိုးပြီးဆောင်း ..ဆောင်းပြီးနွေ ဆိုတာ သဘာဝလား ပညတ်လား
မှန်ထဲမှာမြင်လိုက်တဲ့ ခေါင်းထက်က ဆံပင်ဖြူ နှစ်ချောင်းကို အလန့်တကြားကြည့်မိတယ် 
အဲဒီအချိန်မှာဘဲငှက်တစ်ကောင်ရဲ့တဟားဟားရယ်သံကိုကြားလိုက်တယ်.. သြော် .. ငှက်တွေတောင် မှ ရယ်တတ်နေကြပြီ ..
ဗလာကျင်းနေတဲ့ နှလုံးသားကွက်လပ်ဟာ ဘာဖြည့်ဖြည့် မပြည့်နိုင်တာ ဘာကြောင့်လဲ
ကိုယ့်ရင်ဘတ်ကို ကျောခိုင်းရတာလောက် ရင်နာစရာကောင်းတာ ရှိနိုင်ဦးမှာလား
မလုပ်ချင်တဲ့ လုပ်သင့်တာတွေကို လုပ်ခဲ့တယ် .. လုပ်ချင်တဲ့ မလုပ်သင့်တာတွေကို မလုပ်ခဲ့ဘူး .. မလုပ်သင့်တာတွေကိုလုပ်ချင်တယ် ..လုပ်သင့်တာတွေကို မလုပ်ချင်ဘူး ..
ဒိလိုနဲ့ ဖြစ်နေတာရယ် ..ဖြစ်ချင်တာရယ် ..ဖြစ်သင့်တာတွေရဲ့ကြားမှာ စိတ်ဟာ တဖြည်းဖြည်းနဲ့ အကျဉ်းကျခဲ့တယ် .. 
Jailbreak လုပ်လို့ရမယ်ဆိုရင်တောင်မှ break လုပ်စရာ  jail ကိုရှာရတာ သက်တမ်းထက်ဝက်ကြာခဲ့ပြီ ..
အစိမ်းရောင်တွေ ၀ါလာကြတယ် ..  အပြာရောင်တွေပျောက်ဆုံးလာတဲ့သဘောတွေလား
အဖြူရောင်တွေကို မတွေ့ရတာ တော်တော်တောင်ကြာခဲ့ပြီ ..
ပတ်ဝန်းကျင်ကိုကြည့်လိုက်စမ်းပါ .. ရက်စက်ခြင်းအရောင်တွေနဲ့ပြည့်နေကြတယ်
မျက်ရည်ဆိုတာ အရောင်မဲ့သတဲ့ .. ဒါ ယုံတမ်းပုံပြင်ပဲ ..
တကယ်ကျခဲ့ဖူးတဲ့ မျက်ရည်တွေကတော့ တကယ့်အနီရောင်စစ်စစ်တွေပါ
ကြည့်ရင်းကြည့်ရင်း အမိုးမဲ့တဲ့ အိမ်တွေ များများလာကြတယ် 
မုတ်သုန်ရာသီမှာ မိုးကိုမမြင်ရတာတော့ ရင်နာစရာ..
ဆိုလိုက်တုန်းကတော့ သီချင်းဘဲ .. ဒါပေမယ့် ထွက်လာတော့ ငိုချင်းရှည် ဖြစ်နေတယ် ..
အပြုံးတွေရဲ့နောက်ကွယ်က အစွယ်တွေကိုကြောက်တယ်
နေကြာပန်းတွေ ရောင်းသွားတဲ့ လူကြီးကို လွမ်းတယ်
ပန်းသီးကြွေ ကျတာကိုကောက်မစားဘဲ နိယာမ တွေရှာထုတ်ခဲ့တဲ့ လူကြီးကို မုန်းတယ်
E=mc2 ဆိုတဲ့ ညီမျှခြင်းကို ရှာခဲ့တဲ့ လူကြီးကိုတော့ ဆံပင်စိုက်ပေး ..ဆေးဆိုးပေးရမယ်
Formalဆိုတဲ့စကားကို ဘယ်သူစသုံးခဲ့တာပါလိမ့် .. မ Formal ချင်တဲ့ငါကတော့  Formal ကြားမှာ နစ်နေတာ ကြာခဲ့ပြီ ..

No comments: