Wednesday, 17 October 2012

ကောင်းကင်ရင်ခွင်ထဲကမြို့




၁။
ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေ မြည်လာပြန်ပြီ ဂျူ..။


၂။ 
အိုမင်းနေတဲ့ ကျောင်းတို့ရဲ့ထုံးစံအတိုင်း အင်္ဂတေတွေလည်း ကွာတဲ့နေရာက ကွာနေလေရဲ့ ။ ဖာသာ အင်ဒရူးရဲ့ ထိန်းသိမ်းမှုအားကောင်းလို့သာ ဒီလောက် ကျန်နေတယ်ဆိုတာ နင်ရော၊ ငါရော ငါတို့မြို့ကလေးက လူတွေအားလုံးရော သိထားကြတာပါပဲ။ ငါတို့ဘုရားကျောင်းကြီး ဘယ်လောက်ပဲ အိုမင်းနေပေမယ့် ဘုရားကျောင်းက ခေါင်းလောင်းသံကတော့ သာယာ ချိုမြဆဲပါ။


၃။
ဆန်းဒေးစကူးဆို ငါတို့ပျော်ကြတယ်ဂျူ..။ 



၎။
ငါတို့မြို့လေးထဲက လူနှစ်ယောက် ဘဝတစ်ခုကို အတူရင်ဆိုင်ဖို့ လက်တွဲကြရင် ဒီဘုရားကျောင်းလေးထဲက ဖာသာအင်ဒရူးရှေ့မှာ ပျော်ရွှင်စွာနဲ့ ကတိသစ္စာပြုခဲ့ကြသလို ငါတို့မြို့လေးထဲကနေ တစ်စုံတစ်ယောက် ထာဝရ ထွက်ခွါသွားကြရင် ငါတို့ ဒီဘုရားကျောင်းထဲမှာပဲ တိတ်တဆိတ် ဝမ်းနည်းကြပြန်တယ်။ ဘုရားကျောင်းကလေးကတော့ အေးချမ်း တိတ်ဆိတ်နေမြဲပေါ့ဂျူ..။

အနီရောင်ဂါဝန်ကလေးနဲ့ ဇာပုဝါ အဖြူလေးဆောင်းပြီးသမ္မာကျမ်းစာကိုဖတ်နေတဲ့နင်ဟာ သိပ်ကို အေးချမ်းပြီးလှလိုက်တာ ဂျူ..။ ရင်ငြိမ်းပန်းဆိုတဲ့ နာမည်ကလေးကို တိတ်တဆိတ် ပေးရင်း ကြည်နူးနေရတာကို ငါ ကျေနပ်နေခဲ့တယ်။ နောက်နှစ် ကောက်သစ်စားပွဲအပြီးမှာ ငါတို့ လက်ထပ်ရအောင်လို့ တိတ်တဆိတ် ငါတောင်းဆိုတော့ ရှက်ပြုံးကလေးနဲ့ ခေါင်းကလေး အသာ ညိတ်ပြတဲ့ နင့်ကို ငါ အရမ်းချစ်တာပဲဂျူ..။

ဓမ္မတေးတွေကို သံပြိုင်ဆိုကြတဲ့အခါ စန္ဒရား အဟောင်းကြီးပေါ်မှာ လှလှပပ ပြေးနေတဲ့နင့်လက်ကလေးတွေက နုပျိုသစ်လွင်လှချည်ရဲ့..။ ဂစ်တာကို အသာအယာလိုက်တီးရင်း ရံဖန်ရံခါ နင့်လက်ကလေးတွေကို ခိုးကြည့်တတ်တဲ့ငါ့ကို ငါ့သူငယ်ချင်းတွေက အိမ်အပြန်မှာ လက်သီးနဲ့ ခပ်ဖွဖွ ထိုးတတ်စမြဲပေါ့..။ ဘာပဲဖြစ်ဖြစ် ငါတို့ဘဝက အေးချမ်းလှတယ်နော် ..ဂျူ..။ ငွေကြေးတွေအများကြီး မရှိတဲ့ဘဝ၊ ပိုင်ဆိုင်မှုတွေ အများကြီးမရှိတဲ့ဘဝပေမယ့် ဘုရားသခင်ရဲ့ မေတ္တာတော်ကြောင့် ငါတို့မြို့ကလေးဟာ အေးချမ်းစွာနဲ့ လှုပ်ရှားနေကြတယ်။


၅။
တကယ်တော့ ငါတို့မြို့ကလေးဟာ မြို့တစ်မြို့မှမဟုတ်တာပဲဂျူ။ ဆေးရုံမရှိဘူး၊ ရဲစခန်းမရှိဘူး။ တစ်ရက်နဲ့တစ်မွန်းတည့်လောက်သွားမှ ဆေးရုံရှိရာနေရာကိုရောက်နိုင်တဲ့ နေရာမှာ ငါတို့ရဲ့ မြို့ကလေး တည်ရှိခဲ့တယ် ဂျူ..။ အမှုကိစ္စကြီးကြီးမားမားတွေမရှိတဲ့ ငါတို့မြို့ကလေး ရဲ့ သေးသေးကွေးကွေး အမှုကလေးတွေကိုတော့ ငါတို့မြို့ရဲ့ လူကြီးတွေက သမာသမတ်ကျစွာနဲ့ စီရင်ပေးလေ့ရှိတယ်ဂျူ။ ဆက်သွယ်ရေးအားနည်းတဲ့မြို့၊ စာပို့သမားဟာ တစ်လမှ နှစ်ခါလောက်လာဖြစ်တဲ့ မြို့၊ စာသင်ကျောင်းရြှိပီး ဆရာ ဆရာမ မမြဲနိုင်တဲ့မြို့ကလေးပေါ့။ 

မြို့ကလေးမှာ နေထိုင်ကြတဲ့ သူတွေရဲ့ ကျန်းမာရေးအတွက်ကတော့ စစ်စတာ နိုရင်းရဲ့ ဆေးပေးခန်းကလေးရှိတာပေါ့..။ တစ်နှစ်နေလို့တစ်ယောက်လည်း ငါတို့မြို့ကလေးမှာ အသည်းအသန်း မဖြစ်ကြပါဘူး ဂျူ..။ တစ်ဦးတစ်ယောက် နေထိုင်မကောင်းလို့ အသည်းအသန်ဖြစ်ပြီး ဆေးရုံပို့ဖို့ လိုအပ်လာရင်လည်း တစ်ယောက်တစ်လက်အားနဲ့ ငါတို့ဝိုင်းဝန်း ဖေးမကူညီခဲ့ကြတာပဲပေါ့။ ဂျူ .. ဘာပဲဖြစ်ဖြစ် ဒီမြို့ကလေးမှာ လူသားတစ်ဦးအဖြစ် ရောက်ရှိလာရတာကို ငါ ကျေနပ်ဂုဏ်ယူတယ်။ 

စစ်စတာရဲ့ ဆေးပေးခန်းကလေးနဲ့ တွဲဖွင့်ထားတဲ့ ကျောင်းကလေးကို ဆရာမလေးအဖြစ် လွန်ခဲ့တဲ့ သုံးနှစ်လောက်က နင်ရောက်လာတော့ ငါတို့ အံ့သြခဲ့ကြတယ်။ မကြာခင်မှာပဲ နင်လည်း ငါတို့ရဲ့ မြို့ကလေးက ထွက်ပြေးသွားမှာပဲလို့ ငါတို့ ထင်မှတ်ခဲ့တယ်။ ဒါပေမယ့် မယုံနိုင်လောက်အောင် ဘုရားသခင်ဟာ ငါတို့မြို့ကလေးအပေါ်မှာ မေတ္တာတော် ထားခဲ့တယ်။ နင့်ကို ငါတို့မြို့ကလေးအတွက် လက်ဆောင်အဖြစ် ပေးခဲ့တယ်။  အထူးသဖြင့် ငါ့အတွက်ပေါ့ ဂျူ..။ ငါ့အချစ်ကို လက်ခံပေးပါလို့ ငါ့ရဲ့နှလုံးသားဆန္ဒကို မတွန်းလှန်နိုင်ပဲ နင့်ကိုပြောခဲ့တုန်းက နင်မုန်းတီးပြီး ထွက်ပြေးသွားမှာကိုလည်း ငါ ကြောက်ရွံ့ခဲ့ပါတယ်။ ငါ့ကို ချစ်သူအဖြစ် လက်ခံပေးလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှာ မျှော်မလင့်ရဲခဲ့ပါဘူးဂျူ..။ ဒါပေမယ့် ဘုရားသခင်က ကောင်းချီးပေးတော်မူခဲ့တယ်။ ဘယ်လိုဖြစ်ပါစေ နင့်ကို ငါ အရိပ်တကြည့်ကြည့် ကြည့်နေချင်လောက်အောင်ကို မြတ်နိုးလှတယ် ဂျူ..။  မြတ်လှ ဆိုတဲ့  မြန်မာနာမည်ထက် ဂျူလီယာ ဆိုတဲ့ နင့်ရဲ့Christian Name က ငါတို့ကို ပိုပြီးရင်နှီးစေခဲ့တယ်။ တီချယ် ဂျူ .. တီချယ် ဂျူ နဲ့ ကလေးတွေရဲ့ နှုတ်ဖျားမှာ တဖွဖွ ရွတ်ဆိုခဲ့ကြသလို ကလေးမိဘတွေ မြို့မိမြို့ဖတွေရဲ့ စိတ်နှလုံးမှာလည်း တီချယ်ဂျူ ဆိုတဲ့ အမည်နာမဟာ ကျောက်စာတစ်ချပ်လို မပျက်ယွင်းနိုင်တော့ပါဘူး။ 

“တီချယ်ဂျူနဲ့ မင်းက သိပ်ပြီး လိုက်ဖက်တာပဲ အန်ဒရီရယ်” လို့ သူငယ်ချင်းတွေက အားကျစွာပြောလာတိုင်း ခေါင်းမော့ ရင်ကော့ပြီး ကြည်နူးရတာ ငါ့ကိုယ်ငါ အသိဆုံးပါ ဂျူ..။ တစ်မြို့လုံးကလည်း နင် ငါတို့မြို့ကလေးကိုခွဲခွါသွားမှာကို အရမ်းကြောက်နေခဲ့ကြတာပေါ့။ ငါကတော့ အဆိုးဆုံးပါ ဂျူ..။ အတွေးအနေနဲ့တောင် ငါ မတွေးရဲခဲ့ပါဘူး။ 

“အန်ဒရီရယ်.. တီချယ်ဂျူနဲ့ အမြန်ဆုံးလက်ထပ်တော့လေ..။ ငါတို့ အိမ်က ဝက်နဲ့ စပါးတွေလက်ဖွဲ့မယ်..”ဆိုတဲ့ ခပ်ရိုးရိုး အတွေးတွေနဲ့ မြို့သူ မိန်းမကြီးတွေရဲ့ တိုက်တွန်းမှုကို “ဟုတ်ကဲ့ခင်ဗျ”လို့ ပြန်ပြောရင်း နင်နဲ့ အတူတူ ရှိနေနိုင်မယ့်ရက်တွေကို လက်ချိုးရေတွက်နေခဲ့သူက ငါပါ ဂျူ..။


၆။
ဒါပေမယ့် တစ်နေ့မှာတော့ ငါတို့မြို့ကလေးဟာ ဘုရားသခင်ရဲ့ မျက်ကွယ်ကိုရောက်ခဲ့တယ်..။ ရက်ပေါင်းများစွာ နောက်ကျပြီးမှ ရောက်လာတဲ့ စာတစ်စောင်ကို ကိုင်ရင်း နင်ငေးငေးငိုင်ငိုင် ဖြစ်နေကတည်းက ရောက်ရှိလာမယ့် ကံကြမ္မာဟာ သိပ်ပြီး မလှပမှန်း ငါ ရိပ်မိခဲ့ပါတယ်။ တောင်းပြီးဖတ်ကြည့်လို့ မသင့်လျော်တဲ့ အဖြစ်ကို ကြိတ်မှိတ်ခံစားရင်း မမြင်နိုင်တဲ့ မနက်ဖြန်တွေကို ငါ စိုးကြောက်တတ်လာခဲ့တယ်။ 

“အန်ဒရီရယ်.. ကျွန်မ မြို့ကို ခဏ ပြန်ရမယ်..။ မပြန်လို့မဖြစ်ဘူး။ ဒီတစ်ခါ ပြန်ပြီးရင် ဘယ်တော့မှ အန်ဒရီရယ့်အနားက ခွဲမသွားတော့ဘူးလို့ ကျွန်မ ကတိပေးတယ်..” ဆိုတဲ့ နင့်စကားရဲ့ အနောက်မှာ နင် မြို့ ပြန်ကို ပြန်မှာ ဆိုတဲ့ အကြောင်းအရာကို တွေ့ရတော့ ငါ ကြေကွဲဆို့နင့်ရတယ်ဂျူ..။ “ ငါလိုက်ခဲ့လို့ မရဘူးလား ဂျူ.. ”လို့ တိုးတိတ်စွာမေးတော့ ကြင်နာစွာကြည့်ပြီး ငါ့နဖူးကို ညင်သာစွာ နင်နမ်းခဲ့တယ်။ “ကျွန်မကို မယုံဘူးလား အန်ဒရီရယ်.. ရှင်ရှိရာကို သေချာကို ပြန်လာမှာပါ..” ဆိုတဲ့ နင့်ရဲ့စကားနောက်မှာ ငါ ဘာကိုမှ ဆက်ပြီး မတောင်းဆိုရက်တော့ပါဘူး..။ ဒါတွေဟာ နင့်ကို သိပ်ချစ်လွန်းလို့ပါဂျူ..။

နင့်ရဲ့ မမျှော်လင့်တဲ့ အပြန်ခရီးမှာ ငါတို့မြို့ကလူတွေရဲ့ ဝမ်းနည်းခြင်းတွေနဲ့ နင့်ရဲ့စာသင်သား ကလေးတွေရဲ့ မျက်ရည်တွေ စီးဆင်းနေခဲ့တယ် ဂျူ..။ “ကျွန်မ ဒီမြို့ကို အမြန်ဆုံး ပြန်လာပါ့မယ်” ဆိုတဲ့ အထပ်ထပ် ပြောကြားတဲ့ နင့်ရဲ့စကားတွေကို ငါတို့ယုံချင်ပေမယ့် မမျှော်လင့်ရဲကြတာကတော့ ငါတို့မြို့ကလေးရဲ့ အားနည်းချက်တွေကြောင့်ပါ ဂျူ..။

နင့်မျက်ဝန်းမှာ မျက်ရည်စတွေနဲ့..။ ငါတို့မျက်ဝန်းတွေမှာလည်း မျက်ရည်စတွေနဲ့...။


၇။
လွမ်းဆွတ်ရခြင်းရဲ့ အရသာဟာ ဘယ်လောက် ခါးသီးနာကျင်တယ်ဆိုတာ ငါအခုတော့ ကောင်းကောင်းသိရပြီ ဂျူ..။ နင်ထွက်သွားပြီး ပြန်လာမယ့်ရက်တွေကို ငါတို့မြို့ကလူတွေလက်ချိုးရေတွက်ရင်း စောင့်စားနေကြတယ်။ “နင်လိုက်သွားပါလား အန်ဒရီရယ် ” ဆိုတဲ့ စကားကို နားမထောင်နိုင်ခဲ့တာ နင့်ကိုချစ်တဲ့ စိတ်တစ်ခုထဲအတွက်နဲ့ပါ ဂျူ..။ ငါ နင် မနေချင်တဲ့ နေရာမှာ အတင်းပိတ်လှောင်ပြီး ခေါ်ထားလိုတဲ့ ဆန္ဒ မရှိခဲ့ရိုး အမှန်ပါ။ 

ကောက်သစ်စားပွဲလည်း ပြီးခဲ့ပြီဂျူ..။ ငါတို့မင်္ဂလာပွဲအတွက် တိတ်တဆိတ်စုဆောင်းထားတာလေးတွေကိုလည်း နင့်ကို ပြသခွင့်မရတော့ပဲ ငါ့အိမ်မှာ ဒီအတိုင်း ရှိနေခဲ့တယ်။ 

နင်ထွက်သွားခဲ့တာလည်း ၆လကျော်လို့ ၇လ နီးခဲ့ပြီ။ ငါတို့ရဲ့ နင့်အပေါ်ထားတဲ့ မျှော်လင့်ချက်လေးလည်း တဖြည်းဖြည်း မှေးမှိန်ခဲ့ပြီ။ 

အထူးသဖြင့် ငါတို့ရဲ့ စာသင်ကျောင်းလေးအတွက် ဆရာတစ်ယောက် ရောက်ရှိလာတဲ့အချိန်မှာတော့ ငါတို့ရဲ့ မျှော်လင့်ချက်တွေဟာ ဆပ်ပြာပူဖောင်းကလေးလို ဖြတ်ကနဲပါပဲ..၊ လေထဲမှာပဲ ကွဲပျက်လွင့်စင်သွားခဲ့တယ်။ 

ယောက်ျားကြီးဖြစ်ပေမယ့် တောင်ယာခုတ်ရင်း လွမ်းဆွတ်ရင်းနဲ့ မျက်ရည်တွေတွေကျနေမိတဲ့အချိန်တွေဟာ များသည်ထက်များလာတော့ ငါ မြို့လေးထဲကို မပြန်တော့ဘဲ တောင်ယာထဲမှာသာ အချိန်တွေကို ကုန်ဆုံးသွားအောင် နေခဲ့တယ်။ နင့်ရဲ့ အရိပ်အယောင်တွေဟာ မြို့ကလေးအတွင်းမှာ လွင့်မြော ရယ်မောနေခဲ့တယ်လေ။ နင်နောက်ဆုံး ထာခဲ့တဲ့ ငါ့နဖူးပြင်ဆီက အနမ်းတစ်ပွင့်ဟာ အခုချိန်အထိ ငါ့ကို နွေးမြနေစေဆဲပါ ဂျူ..။

ငါ့ရဲ့အိပ်မက်တွေ ကျေပျက်ခဲ့ရပြီ.. ငါ့ရဲ့ကောင်းကင်မှာ အလင်းတွေ လျော့နည်း ပျောက်ကွယ်ခဲ့တာ ကြာခဲ့ပြီပေါ့ ဂျူ..။


၈။
မနက်အိပ်ရာနိုးလာတော့ နှင်းမိုးတွေ ဖွဲဖွဲကျနေတယ်ဂျူ..။

တောင်ယာတဲရဲ့အပြင်ကိုမထွက်ဘဲ တဲအလယ်မှာ ရှိတဲ့ မီးဖိုကြီးထဲကို ထင်းကြီးကြီးတစ်ခု ထည့်ရင်း အအေးဒဏ်ကို အံတုနေခဲ့တယ်။ ငါ့ရင်ဘတ်ထဲက အပူကို နှင်းမိုးတွေက အေးချမ်းသွားအောင် လုပ်ပေးနိုင်မယ်ဆို သိပ်ကောင်းမှာပဲလို့လည်း တွေးမိပါရဲ့။ 

“အဖ ဘုရာသခင်။ ကိုယ်တော်၏ ကြီးမားသော မေတ္တာတော်ကြောင့်လည်းကောင်း၊ သားတော်၏ သူမအပေါ်ထားခဲ့သော စစ်မှန်တဲ့ ချစ်ခြင်းကြောင့်လည်းကောင်း သူမ မြို့ကလေးကို ပြန်လာနိုင်ပါစေ.. အာမင်” 

နှင်းမိုးတွေ တဖြည်းဖြည်းသည်းလာခဲ့တယ်။ နှင်းမိုးတွေကို ငေးကြည့်ရင်း နူးညံ့တဲ့ သွေးကြောလေးတွေပြေးနေတဲ့ ပါးပြင်ဝါနှစ်နှစ်ကလေးကိုလည်းသတိရမိတယ်။ ဂျူ.. ငါ့ ဆီ နင် ပြန်မလာတော့ဘူးလား..။

“အန်ဒရီရယ်.. အန်ဒရီရယ်..ရေ..”

အဝေးကအော်သံ လိုလို .. ခေါ်သံလိုလို ကို ကြားယောင်မိလာခဲ့တယ်။ ထိုအသံကလည်း သူမရဲ့ အသံနှင့် တူနေခဲ့တယ်။ 

လေသံမိုးသံတွေရဲ့ လှည့်စားမှုက ငါ့ကို နှိပ်စက်နေခဲ့တယ် ဂျူ။ 

“ အန်ဒရီရယ်ရေ... အန်ဒရီရယ်.... ”

ဒီတခါ ကြားရတဲ့ အသံတွေက သူမအသံသာမဟုတ်တော့ပဲ သူငယ်ချင်းတွေရဲ့အသံပါ ပါလာသလို ပိုပြီးတော့လည်း ပီပြင်လာသလိုလို..။ ဒါပမယ့် ဒီလို နှင်းမိုးတွေထဲမှာ မဖြစ်နိုင်ပါဘူးလို့ စဉ်းစားရင်း ရှေ့မှာရှိတဲ့ မီးတောက် ဝါဝါတွေကို ငေးနေခဲတယ်..။ ပြီးတော့မှ မထားရဲ ထားရဲ မျှော်လင့်ချက်ကလေးနဲ့ တဲတံခါးကိုဖွင့်ပြီး အသံလာရာဆီကို ငေးမျှော်ကြည့်လိုက်တော့ နှင်းမိုးတွေကြားထဲမှာ ပြေးလာနေတဲ့ ချစ်သူကိုတွေ့လိုက်ရတယ်။ သူ့နောက်မှာတော့ သူငယ်ချင်း ၃ယောက် ပါလာလေရဲ့..။

“ဘုရားသခင်.. ”

ဘုရားသခင်ဟာ ငါတို့မြို့ကလေးကို မျက်ကွယ်ပြုမထားဘူးပဲ ဂျူ..။ နင်ရှိရာကိုပြေးသွားရင်း ငါ့ရင်ခွင်ထဲတိုးဝင်လာတဲ့ နင့်ကို ပွေ့ချီ ထွေးပိုက်ရင်း အရူးတစ်ယောက်လို ငါ အော်နေမိတယ်။ ဂျူ.. နင်တကယ်ပြန်လာခဲ့တယ်နော်..။ 

“မနေ့ညနေကတည်းက ရောက်တာ အန်ဒရီရယ် ရဲ့ .. တောင်ယာထဲကိုသွားရင် မှောင်သွားမှာစိုးလို့ မနက်မှ သွားဆိုတာနဲ့  မနက်စောစော ထွက်လာတာ.. လွမ်းလိုက်တာ အန်ဒရီရယ်..”

ရင်ခွင်ရိပ်ခိုရင်း တီးတိုးပြောဆိုနေတဲ့ ချစ်သူကလေးကို မြတ်နိုးစွာ ထွေးပိုက်ရင်း မီးဖိုထဲကို ထင်းတစ်ချို့ ထပ်ထည့်လိုက်တယ်။ သူငယ်ချင်းသုံးယောက်ကတော့ စိုနေတဲ့ အဝတ်တွေကို လဲလှယ်ရင်း တစ်ယောက် တစ်ခွန်း စနောက်နေကြတယ်။ 

နှင်းမိုးတွေ စဲရင် မြို့ကလေးကို ပြန်ဖို့ ငါလည်း ပြင်ဆင်ရတာပေါ့ ဂျူ။ ဒီတောင်ယာတဲမှာ နင့်ကို ငါ မနေစေချင်ဘူးလေ။ 

“ နင်တို့အမောပြေရင် မွန်းတည့်ပြီးတာနဲ့ ငါတို့ ပြန်ကြရအောင် ဒွန်..  ဂျူ့ကို ဒီမှာ မအိပ်စေချင်ဘူး.. သိပ်ပင်ပန်းမယ်” လို့ ငါပြောတော့ ငါ့သူငယ်ချင်းတွေက ဝိုင်းရယ်ကြပြန်တယ်။ နင့်လက်ကလေးကို တင်းတင်း ဆုတ်ကိုင်ရင်း သွေးကြောစိမ်းကလေးတွေ၊ သွေးကြောနီကလေးတွေယှက်ဖြာနေတဲ့ ပါးပြင်လေးနဲ့ နင့်မျက်နှာလေးကို ငေးကြည့်နေရတာ ရင်ထဲမှာ အေးချမ်းလိုက်တာဂျူ..။


၉ ။
နှင်းမိုးတွေ အပြင်မှာ ကျနေလေရဲ့..။

ငါ့ရင်ထဲမှာတော့ အေးစိမ့်မနေဘဲ နွေးမြနေခဲ့တယ် ဂျူ..။

ငါ့ရဲ့မြို့ကလေးဟာ နွေးထွေးတဲ့ ကောင်းကင်ရဲ့ ရင်ခွင်မှာ ထာဝရ နေခွင့်ရတော့မှာပေါ့..။

ဂျူ...၊ ငါတို့ တစ်သက် မခွဲကြကြေးနော်..။



ပျိုးယုဝသုန်
9:54:30 PM
17-10-2012
Wednesday (BNE)

4 comments:

စံပယ်ချို said...

အိုမင်းနေတဲ့ဘုရားကျောင်းကိုမျက်စိထဲ မြင်မိတယ်
ဘုရားကျောင်းက ခေါင်းလောင်းသံကိုလဲ ကြားနေရတယ်
တို့တွေလဲ ဘယ်တော့မှမခွဲဘူး
ချစ်တဲ့ jasmine

ကေပိုး said...

ရုပ်ရှင်ဇာတ်ကွက်ကလေးတွေလို မျက်လုံးထဲ တစ်စ တစ်စချင်း ပေါ်လာတယ်.. ဇာတ်လမ်းလေးက..

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရဲ့ အရေးအသားတွေကို

အရမ်းအားကျမိပါတယ်

အဲသလိုမျိုး မိုးသူမရေးတတ်ဘူးဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)

san htun said...

တော်ပါသေးရဲ့  ..:P..မြဲမြံတဲ့သစ္စာနဲ့  ပေါင်းဖက်ရလို့ ..