Monday 11 November 2013

စာမျက်နှာ ၃၃


၁။

မြို့ကလေးတစ်မြို့

လှပတယ်၊ သန့်ရှင်းတယ်။ မြက်ခင်းစိမ်းတွေနဲ့ တင့်တယ်ပြီး အိနြေ္ဒကြီးတယ်။  Night Life ကို ည ၁၂ နာရီ လောက်အထိသာ ခွင့်ပြုထားတယ်။

လှပတဲ့ ကမ်းခြေတွေနဲ့ ရေပြင် စိမ်းပြာရောင်တွေ ရှိတယ်။ သွားရလွယ်ကူတဲ့တောင်တန်း နိမ့်နိမ့်တွေ ရှိတယ်။ စိမ်းစိုနေတဲ့ သစ်တောမှိုင်းမှိုင်းတွေ ရှိတယ်..။ထင်းရှူးပင်တွေလည်း ရှင်သန် ပေါများတယ်..။ မြို့ကို ဖြတ်ပြီး ရစ်ခွေစီးဆင်းနေတဲ့ မြစ်တစ်စင်းလည်းရှိတယ်။

ကျွန်းတွေနဲ့လည်း မဝေးလှတဲ့ နေရာမှာတည်ရှိတယ်။ အင်အားပြင်း မုန်တိုင်း  တွေရဲ့ဘေးရန်ကနေ သဘာဝတရားက ကာကွယ်ပေးထားတဲ့ မြို့လည်းဖြစ်တယ်။ မြို့ပြဆန်သလောက် ငြိမ်သက်လှတယ်..။တစ်ပတ်မှာ ၄ရက်ခွဲလောက်သာ အလုပ်လုပ်တဲ့ သူတွေ အများစု နေကြတယ်..။

ပူနွေးတယ်။ မုတ်သုန်ဆန်တဲ့ ရာသီဥတုရှိတယ်။ နှင်းမရှိတဲ့ မြို့လည်း ဖြစ်သေးတယ်။နေရောင်ခြည်ရဲ့  စူးရှမှုကို ခံရပြီးလူတိုင်းနီးပါး မျက်မှန်တပ်တဲ့ မြို့ဖြစ်တယ်။ ဖိနပ်မစီးတဲ့ လူအချို့ ရှိတယ်။ သားပိုက်ကောင်သားကိုဈေးကွက်မှာ ရောင်းချတဲ့ မြို့လည်း ဖြစ်သေးတယ်။

နှေးကွေးတဲ့ ဝန်ဆောင်မှု ရှိတယ်။ အခွန်အတုတ် များတဲ့ မြို့လည်းဖြစ်တယ်။၂၄ နာရီ လျပ်စစ်မီး ရပြီး မီတာခလည်း ဈေးကြီးလှတယ်။ ယဉ်ထိန်းရဲတွေ အလုပ်များကြတယ်။High Way Petrol တွေ အလွန်အလုပ်လုပ် ကြတယ်။

ကောင်းကင်ကြည်လင်တဲ့မြို့ ဖြစ်တယ်။ နွေရာသီမှာ တောမီးမကြာမကြာ လောင်တတ်တယ်။မိုးမကြီးဘဲ ရေလွှမ်းမိုးမှု ဖြစ်တတ်ပြီး ရေစီးရေလာစနစ် အားနည်းတဲ့ မြို့လည်းဖြစ်တယ်..။

အဝလွန်သူ များတဲ့ မြို့ဖြစ်သလို အားကစား လိုက်စားသူများတဲ့ မြို့လည်းဖြစ်တယ်။

အဲ့ဒီမြို့လေးဟာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ရောက်လာတဲ့ မိန်းမရွယ်တစ်ယောက်ကိုနွေးနွေးထွေးတွေး ကြိုဆိုခဲ့တယ်။


၂။

သူမ..။

သူမ အိပ်မက်တွေကို ပိုက်ရင်း မြို့ကလေးဆီကို ရောက်လာခဲ့တယ်။ တစ်ဝမ်းတစ်ခါးအတွက် ရရာအလုပ်ကို လုပ်ကိုင်ခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ သူမ စိတ်ဓါတ်တွေ ကျဆင်းခဲ့တယ်။မျက်ရည်ဆိုတာကို အဖော်ပြုရတဲ့ ရက်တွေများခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးခဲ့တယ်။

အဲ့ဒီမြို့ကလေးကပဲ ကျဉ်းမြောင်းတဲ့ သူမ အယူအဆ တွေကို ပြုပြင်ပြောင်းလဲပေးခဲ့တယ်။နာကျင်မှုတွေကို ဥပေက္ခာ ပြုတတ်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို ရင့်ကျက် တည်ငြိမ်ခဲ့စေတယ်။အဲ့ဒီမြို့ကလေးမှာ သံတမန် အပြုံး ဆိုတာကို သင်ကြားတတ်မြောက် ခဲ့တယ်။ ပြီးတော့ မျက်လုံးနဲ့ထပ်တူညီမှု မရှိတဲ့ အပြုံးအရယ် သူမ မျက်နှာမှာ ခိုတွယ် လာခဲ့တယ်။

အဲ့ဒီမြို့လေးမှာပဲ ပညာရင်နို့ သောက်သုံးခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲသူမ ပိုမိုကြံ့ခိုင် လာခဲ့တယ်။ အဲ့ဒီမြို့ကလေးကပဲ သူမကို အမြင်ကျယ်စေခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာနေရင်းသူမ မိတ်ဆွေအစစ်အမှန် ဆိုတာကို ရရှိခဲ့တယ်။ အတုအယောင် မိတ်ဆွေတွေကိုလည်း တွေ့ကြုံခဲ့တယ်။အဲ့ဒီမြို့ ကလေးမှာပဲ ရွေးစရာ လမ်းတွေကို တွေ့မြင်ခဲ့တယ်။ အဲ့ဒီ မြို့ကလေးမှာပဲ သူမပိုမို ရဲရင့်လာခဲ့တယ်။ အဲ့ဒီမြို့ကလေးမှာပဲ အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိ သူမ ရရှိခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ သွေးအေးအေးနဲ့ အရာရာကို အပြုံးမပျက် ကြည့်တတ် လာခဲ့တယ်။

အဲ့ဒီမြို့ကလေးက သူမကို ဆေးရောင်တွေနဲ့ ပြန်လည်ထိတွေ့ခွင့်ပေးခဲ့တယ်။သံစဉ်တွေနဲ့ နီးစပ်လာခဲ့တယ်။ ပန်းပင်တွေ စိုက်တတ်လာသလို မြက်လည်းရိပ်တတ်လာခဲ့တယ်။အဲ့ဒီမြို့ကလေးမှာပဲ သူမ ဓာတုပစ္စည်းတွေနဲ့ရင်းနှီးခဲ့တယ်။

အေးစက်နေတဲ့ နှလုံးသားတစ်ခုနဲ့ ၅နှစ်တိတိ အဲ့ဒီမြို့လေးမှာ သူမ နေထိုင်ခဲ့တယ်။


၃။
နှုတ်ဆက်ခဲ့ပါတယ် မြို့ကလေး။

ဘယ်အချိန် ဘယ်ကာလမှာမှ မြို့ကလေးရဲ့ ရင်ခွင်ကို သူမ ပြန်လည်ရောက်ရှိလာဦးမယ်ဆိုတာ သူမ မသိခဲ့ပါ။ သေချာတာကတော့ ထို လှပတဲ့ မြို့ကလေးမှာ သူမအနာဂါတ်ရဲ့ အချိန်တွေကိုမြှုတ်နှံမထားမှာဖြစ်တယ်။

မြို့ကလေးမှာ နေခဲ့တဲ့ နောက်ဆုံးနေ့ရက်တစ်ရက်မှာ မြက်ခင်းတွေပေါ် သူမ ထိုင်ချလိုက်တယ်။ မြေသားတွေကို လက်နဲ့ ထိတွေ့ရင်း နေထိုင်ခဲ့တဲ့ အချိန်ကာလတွေအတွက် ကျေးဇူးတင်ကြောင်းမြို့ကလေးကို တီးတိုး ပြောခဲ့တယ်။ အဲ့ဒီနေ့က ကောင်းကင်ဟာ သိပ်မကြည်လင်ခဲ့ဘူး။ မိုးစက်လေးတွေတဖွဲဖွဲ စွေရင်း  သူမရဲ့ နှုတ်ဆက်ခြင်းအတွက်စိတ်မကောင်း ဖြစ်နေကြတယ်။

၎။

မကြာခင်မှာ သူမဟာ သူမ ယုံကြည်တဲ့ နွေးထွေမှုရှိတဲ့ နေရာကို သယ်ယူသွားမယ့်လေယာဉ်ကြီးပေါ်ကို တက်ခဲ့တယ်..။

၅။

လှပတဲ့မြို့ကလေးနဲ့ ညရဲ့ အဝါရောင် နီယွန်မီးတွေဟာ တိမ်တိုက်တွေအောက်မှာတဖြည်းဖြည်းနဲ့  ဝေဝါးရင်း..

၆။

တကယ်တော့ သူမဟာ  မြို့ကလေးကိုရောက်လာတဲ့ ဧည့်သည် တယ်ယောက်ပါ။



ပျိုးယုဝသုန်
(YGN)



1 comment:

Cameron said...

မြို့ကလေးနဲ့ သူမတို့ရှင်သန်မှုတွေကိုထင်ဟတ်စေတဲ့ အရာတချို့ကိုတွေ့ရှိခဲ့တယ်...။