Monday 20 February 2012

ပြောင်းလဲလာသောယဉ်ကျေးမှုနှင့်ဖြေရှင်းမှုများ






အမြင်မတော်တဲ့အကြောင်းအရာတွေကိုမြင်ရကြားရတာတွေများလာတော့မောပန်းတဲ့စိတ်နှင့်အတူကို်ယ့်မြန်မာမိန်းကလေးတွေအပေါ်မှာစိုးရိမ်စိတ်လည်းဝင်လာမိပါတယ်…


မိန်းကလေးတို့အိနြေ္ဒ..ရွှေပေးလို့မရဆိုတဲ့ကျွန်မတို့ရဲ့မြန်မာအမျိုးသမီးတွေကိုယ်ကျင့်တရားသိက္ခာကိုစောင့်ထိန်းမှုအပေါ်တန်ဖိုးထားတဲ့စကားလုံးကလေးကိုမြင်မိတိုင်းကြားမိတိုင်းအမျိုးသမီးကလေးတိုင်းကိုဒီစကားပုံလေးထဲကအတိုင်းဖြစ်စေချင်တဲ့အတ္တကပိုပိုလာခဲ့တယ်..


ခေတ်ရဲ့ပြောင်းလဲမှုကြောင့်လား…အနောက်နိုင်ငံရဲ့ကူးစက်လာတဲ့ယဉ်ကျေးမှုကြောင့်လားဆိုတာသေချာမပြောနိုင်ပေမယ့်ဒီဘက်ဆယ်စုနှစ်နှစ်ခုကာလမှာလက်ထပ်ခြင်းမရှိပဲအတူနေတဲ့စုံတွဲတွေကိုပိုပိုပြီးမြင်ခဲ့ရပါတယ်…အနောက်နိုင်ငံတွေမှာကိုးကွယ်ရာဖြစ်တဲ့ခရစ်တော်ရဲ့အယူတွေမှာလည်းလက်မထပ်ခင်အတူနေခြင်းဆိုတာကိုဘုရားသခင်ကကောင်းချီးပေးတော်မမူပါဘူး…လွန်ခဲ့တဲ့အနှစ်၂၀လောက်တုန်းကအထိလက်မထပ်ခင်အတူနေတဲ့စုံတွဲတွေဟာChurchထဲမှာလက်ထပ်ခွင့်မရကြပါဘူး…ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ခရစ်ယန်တွေမှာဆိုလျင်Churchထဲမှာလက်ထပ်ခွင့်မရတဲ့စုံတွဲတွေဟာစင်ကြယ်တဲ့ထိန်းမြားခြင်းမဟုတ်ဘူးဆိုပြီးမျက်နှာငယ်ရပါတယ်…



အနောက်နိုင်ငံနှင့်အချို့အရှေ့ပိုင်းနိုင်ငံတွေမှာလက်မထပ်ခင်အတူနေကြပြီးတစ်ယောက်နှင့်တစ်ယောက်အယူအဆခြင်း..အတွေးအခေါ်ခြင်း..ယုံကြည်ချက်ခြင်းတူမတူ..ပေါင်းစပ်လို့ရမရ…လေ့လာကြပါတယ်…သူတို့ရဲ့အခြေအနေနဲ့ဘဝရပ်တည်မှုဟာဒီလိုရွေးချယ်မှအဆင်ပြေနိုင်တယ်ဆိုတဲ့ယုံကြည်မှုနဲ့နေထိုင်ကြတာပါ…အသက်၁၈နှစ်ပြည့်တာနဲ့အုပ်ထိန်းသူနှင့်အတူမနေကြတော့ပဲမိမိခြေထောက်ပေါ်မိမိရပ်တည်ကြတဲ့ကလေးတွေနဲ့ကျွန်မတို့မြန်မာနိုင်ငံကလိုမိဘအုပ်ထိန်းမှုအောက်မှာရင်အုပ်မကွာနေထိုင်ကြတဲ့ကလေးတွေရဲ့ကြီးပြင်းရာလမ်းကြောင်းဟာမတူကြပါဘူး…သူတို့ဟာသူတို့ရဲ့ဖြစ်လာသမျှပြဿနာကိုရဲရဲဝံ့ဝံ့ငယ်စဉ်ကတည်းကပင်ဖြေရှင်းနိုင်ကြပေမယ့်ကျွန်မတို့ဆီကကလေးတွေကတော့ပြဿနာဖြစ်လာပြီဟေ့ဆိုလျင်အရပ်ကူပါလူဝိုင်းပါဖြစ်ကြတာများပါတယ်…အသက်၁၄နှစ်ပြည့်တာနဲ့ဆယ်ကျော်သက်တွေလုပ်တဲ့အလုပ်အကိုင်တွေဟာဆယ်ကျော်သက်အရွယ်ကလေးတွေကိုစောင့်နေကြပါတယ်…Coffee Shop တွေ Fast Food Shop တွေဟာဆယ်ကျော်သက်တွေ ရဲ့ဝင်ငွေရရာစတည်ရာနေရာဌာနတွေဖြစ်ပါတယ်…ကျွန်မတို့တိုင်းပြည်မှာတော့၁၄နှစ်ဆိုတဲ့အရွယ်ဟာမိခင်ရင်ခွင်ကိုခေါင်းနဲ့တိုးပြီးချွဲနွဲ့လို့ကောင်းတုန်းအချိန်ဖြစ်ပါတယ်..


ကောင်းတဲ့အမူအကျင့်နဲ့ယဉ်ကျေးမှုကိုအတုမယူပဲမိမိတို့လူမျိုးရဲ့ယဉ်ကျေးမှုနဲ့မကိုက်ညီမှုတွေကိုလက်ခံကျင့်သုံးလာတဲ့အခါမှာအပြစ်မဲ့တဲ့ကလေးငယ်တွေဟာတန်ဆာခံဖြစ်ကြရရှာတယ်…လူရယ်လို့မှာပီပီပြင်ပြင်ဘဝကိုမရောက်သေးခင်အရည်တည်ကာစမှာပဲသူတို့လေးတွေဟာသက်ရှိလူသားလေးတွေဘဝကိုမရောက်ရှိနိုင်ပဲအညစ်အကြေးအဖြစ်နဲ့စွန်းပစ်ခြင်းခံကြရတယ်…ဒါတွေဟာခေတ်ရဲ့တိုးတက်မှူတွေလားဆုတ်ယုတ်မှုတွေလားဆိုတာကျွန်မတို့သေချာစဉ်းစားကြည့်ကြရပါတယ်…


ယောက်ျားလေး..မိန်ကလေးတွေဟာမိမိတို့ရဲ့စိတ်ဆန္ဒကိုချုပ်တည်းဖို့အခက်အခဲရှိတယ်ဆိုရင်လည်းကိုယ့်တာဝန်ကိုကိုယ်ယူရဲကြရပါမယ်…ယောက်ျားလေးကတာဝန်မယူနိုင်လို့မိန်းကလေးကရရှိလာတဲ့ကိုယ်ဝန်ကိုဖျက်ချရတယ်ဆိုတာမိမိတို့ရဲ့သွေးကဖြစ်တည်လာတဲ့ဒီလူသားအလောင်းအလျာလေးတွေအပေါ်မှာတရားပါ့မလား…လူ့ပြည်ကအပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်ကအပ်တစ်စင်းထိဖို့လွယ်သလောက်လူတစ်ဦးတစ်ယောက်ရဲ့ဘဝကိုရဖို့ကခက်ခဲတယ်လို့ကြားဖူးပါတယ်…ဒီလိုရဖို့ခက်ခဲတဲ့ဘဝလေးတွေကိုဖျောက်ဖျက်ပစ်ဖို့ကြိုးစားခြင်းဟာလူသားအချင်းချင်းစာနာခြင်းကင်းမဲ့ရာလည်းရောက်ပါတယ်..


ထို့အတူအခန့်မသင့်ရင်မိခင်လောင်းတွေမှာပါအသက်အန္တရာယ်ကိုစိုးရိမ်ရပါတယ်…ဖျက်ချမိတဲ့သန္ဓေသားလောင်းရဲ့အပိုင်းအစအချို့ကျန်ခဲ့ပြီးအသက်အန္တရယ်ထိခိုက်ခဲ့ရတဲ့မိန်းကလေးတွေလည်းမနည်းရှိခဲ့ပါတယ်…ဒီတော့ကျွန်မတို့ဒီလိုအဖြစ်မျိုးတွေလျော့နည်းလာအောင်နည်းလမ်းတွေရှာသင့်ကြပါတယ်…တိုးတက်လာတဲ့အကြောင်းအရာတွေအရဘာတွေကိုမှလိုက်လံတားဆီးလို့မရမယ့်အတူတူကြိုတင်ကာကွယ်ခြင်းတွေကိုလက်ခံကျင့်သုံးသင့်ပါတယ်…ဒီလိုလေ့လာရာမှာတတ်သိနားလည်သူတွေကိုမေးမြန်းသင့်ပါတယ်…လိင်မှုဆိုင်ရာပညာပေးစာပေဖတ်ရတာဟာရှက်စရာမဟုတ်ပါဘူး...ပြီးတော့ပညာပေးစာပေနဲ့အပြာရောင်သမ်းတဲ့စာပေကိုလည်းခွဲခြားသိတတ်ရပါမယ်…ဒီလိုအကြောင်းအရာတွေကိုရေးသားထားတဲ့စာအုပ်တိုင်းဟာလည်းအပြာရောင်သမ်းတဲ့စာအုပ်တွေမဟုတ်ပါဘူး…


ဒီနေရာမှာအရှေ့နဲ့အနောက်ရဲ့ကွာဟချက်ကိုမြင်နိုင်ပါတယ်…အနောက်နိုင်ငံတွေကကလေးငယ်တွေဟာ၅တန်းရောက်တာနဲ့လိင်မှုဆိုင်ရာပညာပေးခြင်းကိုဘာသာရပ်တစ်ခုအနေနဲ့သင်ကြားကြရပါတယ်…ဒါကြောင့်သူတို့ဟာအရွယ်ရောက်လာခဲ့ရင်မိမိကိုယ်ကိုဘယ်လိုကာကွယ်ရမယ်ဆိုတာကိုမိဘတွေပြောပြစရာမလိုပဲကိုသိရှိပြီးဖြစ်နေခဲ့ပါတယ်…ပြီးတော့မိန်းကလေးတွေဟာအသက်၁၅နှစ်၁၆နှစ်ရှိတာနဲ့ဆေးခန်းတွေကိုသူတို့ရဲ့မိခင်တွေကလိုက်ပို့ပြီးကြိုတင်ကာကွယ်ရေးပစ္စည်းတွေထည့်သွင်းခြင်း…ဆရာဝန်နှင့်တိုင်ပင်ပြီးဆေးစားစေခြင်းတွေကိုဆောင်ရွက်ကြပါတယ်…အကယ်၍များအကြောင်းတစ်ခုခုကြောင့်ကိုယ်ဝန်ရရှိလာခဲ့တယ်ဆိုရင်လည်းဖျက်ချကြတယ်ဆိုတာရှားပါးပါတယ်…မိန်းကလေးတွေဟာသူတို့ရဲ့မမြင်ရသေးတဲ့ရင်သွေးငယ်တွေအတွက်ဖခင်ဖြစ်သူကတာဝန်ယူမပေးနိုင်ဘူးဆိုလျင်လည်းSingleMotherအနေနဲ့ရပ်တည်ကြပါတယ်…ဒီလိုတစ်ဦးတည်းမိခင်ဘဝနဲ့ရပ်တည်ကြတဲ့အတွက်လည်းပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ရှုံ့ချမှုကိုမခံကြရပါဘူး..ထို့အပြင်နိုင်ငံတော်ရဲ့ငဲ့ညှာစွာထောက်ပံ့မှုကိုလည်းသူတို့ရဲ့ကလေးတွေအရွယ်မရောက်ခင်အထိရရှိကြပါတယ်…


အရှေ့ပိုင်းတိုင်းပြည်နိုင်ငံတွေမှာကတော့ဒီလိုမဟုတ်ပါဘူး…အထူးသဖြင့်ကျွန်မတို့မြန်မာနိုင်ငံကမြန်မာလူမျိုးလူကြီးတွေဟာလက်မထပ်ခင်အတူနေခြင်းဆိုတာကိုမနှစ်သက်ကြပါဘူး…အမှားအယွင်းတခုခုဖြစ်လာခဲ့ရင်ဖြေရှင်းရမယ့်နည်းလမ်းတွေကိုမရှာကြပဲဒေါသနှင့်ဖြေရှင်းလေ့ရှိကြပါတယ်…ဆူပူမာန်မဲခြင်း..ရိုက်ပုတ်ခြင်းတွေ..ရရှိလာတဲ့ကိုယ်ဝန်ကိုအရပ်လက်သည်နှင့်ဖြစ်စေဖျက်ချစေခြင်းဟာမှန်ကန်တဲ့ဖြေရှင်းခြင်းတွေမဟုတ်ပါဘူး..ဒါကြောင့်အမှားအယွင်းရှိလာခဲ့တဲ့မိန်းကလေးတွေဟာသူတို့ရဲ့ချစ်သူရည်းစားတွေကသူတို့ရဲ့သန္ဓေသားအတွက်တာဝန်မယူနိုင်ဘူးဆိုလျင်ထိုသန္ဓေသားကိုဖျက်ချပစ်ဖို့ကိုအရင်ဆုံးစဉ်းစားမိကြပါတယ်…ဖခင်ကိုမပြနိုင်ပဲတစ်ဦးတည်းမိခင်အနေနဲ့အနှီကလေးကိုမွေးမယ်ဆိုလျင်လည်းပတ်ဝန်ကျင်ကအရှက်ရအောင်ပြစ်တင်ရှုံ့ချခြင်း…အထင်သေးစွာဆက်ဆံခြင်းတွေဟာအင်မတန်ဆိုးရွားလှတဲ့တုံ့ပြန်မှုတွေဖြစ်ပါတယ်…ဒီလိုတုန့်ပြန်မှုတွေဟာမိန်းကလေးတွေနဲ့လူသားအဖြစ်ကိုမရောက်သေးတဲ့ကလေးငယ်တွေကိုသေတွင်းဝသို့တွန်းပို့နေခြင်းသာဖြစ်ပါတယ်..


ကျွန်မတို့ရဲ့နိုင်ငံကမိန်းကလေးတွေရဲ့မိဘတွေအနေနဲ့မိမိတို့ရဲ့သမီးငယ်လေးတွေကိုမိမိကိုယ်ကိုတန်ဖိုးထားတတ်အောင်လည်းသွန်သင်ဆုံးမနည်းလမ်းပြပေးသင့်ပါတယ်…လက်မထပ်ခင်အတူနေခြင်းရဲ့ဆိုးကွက်တွေကိုရှင်းပြပြီးမိမိကိုယ်ကိုမိမိထိန်းသိမ်းတတ်တဲ့မိန်းကလေးတွေဖြစ်လာအောင်လမ်းပြပေးရပါမယ်..။ထို့အပြင်ကြိုတင်ကာကွယ်တဲ့အနေနဲ့သမီးငယ်လေးတွေအတွက်သင့်တင့်လျောက်ပတ်တဲ့ဗဟုသုတရစေမယ့်စာအုပ်စာပေတွေကိုရွေးချယ်ဖတ်ရှုစေသင့်ပါတယ်…


မည်သည့်သဘောတရားမှာမဆိုပြဿနာဖြစ်လာမှရင်ဆိုင်ဖြေရှင်းခြင်းထက်မဖြစ်ခင်ကကြိုတင်ကာကွယ်ခြင်းဟာပိုမိုကောင်းမွန်ပြီးအထိအခိုက်နည်းစေတဲ့အတွက်ကျွန်မတို့ဟာကြိုတင်ကာကွယ်ကြခြင်းဆိုတာကိုအလေးပြုပြီးစဉ်းစားရွေးချယ်ကြရပါမယ်…ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ဟိရိသြတ္တပ္ဗတရားကိုအမှတ်မလွဲအောင်သတိပြုဆင်ခြင်ရင်းကျွန်မတို့ရဲ့ကလေးတွေကိုအသိပညာဗဟုသုတများတိုးစေအောင်ကူညီကြပါစို့လားရှင်…



ပျိုးယုဝသုန်


ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်ကိုလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကရေးခဲ့ဖူးပါတယ်..ကြွေလွင့်သီးကင်းမှာဖတ်ကြည့်နိုင်ပါတယ်...


7 comments:

စံပယ်ချို said...

ချစ်ပျိုးရေ
ဒီမှာလဲ ထိုနည်း၎င်းပါပဲ
တူတူနေတဲ့သူတွေများတယ် တစ်ချို့ဆို ခဏလေးပဲ
တစ်ယောက်ပြီးတစ်ယောက်ပါပဲ
မြန်တယ်သိလား------------

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဟုတ်တယ်ဂျက်ဂျက်ရယ်... မြင်ရတာကြားရတာအဆင်မပြေဘူး..အာရှနိုင်ငံတွေမှာပိုဆိုးသကွယ် ...

ညီရဲ said...

ဒီမှာလဲ ဒီလို အဖြစ်မျိုးတွေ မမြင်ချင်မှ အဆုံးအစ်မရေ... အဲဒီလို မိန်းကလေးတွေကိုလဲ ကျွန်တော်အံသြမိတယ် သူတို့ ဘဲ အကြောက်အလန့် မရှိ အစ်မရယ်...

ထော်ဦး said...

အစ်မ၀သုန်ရေ...
ဒီအကြောင်းအရာကို လက်ဆင့်ကမ်းဝေမျှပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ...
ဒီလိုအဖြစ်အပျက်တွေကို ကာကွယ်နိုင်ဖို့  လူငယ်တွေဆီ၊
စာသင်ကျောင်း တွေဆီ ကျယ်ကျယ်ပြန့် ပြန့် ဟောပြောပွဲတွေ ပြုလုပ်သင့်ပါတယ်။
မနေ့ ညကတောင် ဗိုလ်တထောင်ဘုရားဆိပ်ကမ်းမှာ
အတွဲတွေ တော်တော်များများတွေ့ ရပါတယ်။
ဒါကြောင့် တခြားဘလော့ဂ်ဂါတွေကိုလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့် ပြန့် 
ရေးသားပေးကြရင် နည်းနည်းလေးတော့
သူတို့ တတွေ ဆင်ခြင်ကြမှာပဲလို့ တွေးမိရင်း....
ရင်ထဲမှာ သက်ပြင်းမောကြီး အကြိမ်ကြိမ်ချနေမိပါတယ်ခင်ဗျာ...။
ဒီပို့ စ်လေးတင်ပေးတဲ့အတွက် နောက်ထပ်ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ...
ထော်ဦး

San San Htun said...

ခေတ်နဲ့ လျောညီတဲ့ ပို့ စ်လေးပဲ ပျိုးယုရေ..ပျိုးပျိုး စေတနာတွေ လှမ်းမြင်ရတယ်...

AH said...

ဟုတ်လိုက်ပ မ၀သုန်ခင်ဗျာ... အသိပညာ ပေးဖို့လိုအပ်ပါတယ်။ အသိပညာရယ် ဆင်ခြင်ဖို့ရယ်၊ ကာကွယ်ဖို့ရယ်.. ပွင့်လင်းဖို့ရယ်၊

ဖြိုးဇာနည် said...

ခေတ်ကာလ သမီးပျိုတွေဖတ်သင့်တဲ့စာလေးပါ

ပရင့်ထုတ်ပြီးတော့ နီးစပ်ရာလေးတောင်

ဝေသင့်ပါသေးတယ်။ တန်းဖိုးရှိတဲ့မျှဝေမူလေးပါ