Tuesday, 7 February 2012

မမဝသုန် နှင့် ကွမ်းစားခြင်း



မြန်မာလူမျိုးတွေကွမ်းကိုအင်မတန်ကြိုက်ကြတယ်ဆိုတာနိုင်ငံရပ်ခြားရောက်မှပဲပိုပိုပြီးသိလာရတော့တယ်…စာအုပ်တွေထဲမှာဖတ်ဖူးတာကတော့ဟိုးအရင်တုန်းကအမျိုးသမီးလေးတွေဟာနှုတ်ခမ်းကိုခပ်စွေးစွေးနီနေအောင်ကွမ်းစားပြီးအလှဆင်သတဲ့…အခုခေတ်ကာလမှာတော့အဲလိုဟုတ်မယ်မထင်ပေါင်…မည်သို့ပင်ဖြစ်စေ..မြန်မာ့အစဉ်အလာမပျက်စေရအောင်နိုင်ငံရပ်ခြားကိုရောက်နေတဲ့မြန်မာတော်တော်များများကလည်းပဲကွမ်းကိုရိုးရာမပျက်ဆက်လက်စားသုံးနေကြပါတယ်…


မမဝသုန်ရောက်ရှိနေတဲ့Brisbaneမြို့ကအာရှအစားအစာတွေရောင်းတဲ့ဆိုင်တွေဟာကွမ်း၊ကွမ်းသီး၊ထုံး၊ဆေးအစရှိသည်တို့ကိုလည်းဝယ်လိုအားပေါ်မူတည်ပြီးရောင်းချလာကြတာကိုတွေ့ရပါတယ်…အထူးသဖြင့်ကွမ်းကိုရိုးရာမပျက်..မစားမနေနိုင်အောင်စားနေကြသူတွေကတော့Border Areaတွေကရောက် ရှိလာကြတဲ့မြန်မာRefugeeတွေပါပဲ…ကွမ်းသီးကိုကီလိုဂရမ်အိတ်လိုက်ဝယ်ပြီးအားပေးသုံးဆောင်ကြ ပါတယ်…ကွမ်းရွက်ကတော့မြန်မာနိုင်ငံမှာလိုလတ်လတ်ဆတ်ဆတ်အစိမ်းကြွပ်ကြွပ်လေးမရတော့သူတို့မှာကွမ်းရွက်အခြောက်ကိုပဲအာသာပြေစားသုံးနေကြရပါတယ်…နောက်ပိုင်းမှာတော့Refugeeအိမ်တော်တော်တော်များများမှာကွမ်းရွက်ပင်လေးတွေအသီးသီးစိုက်ထားလာာကတာကိုမြင်လာခဲ့ရပါတယ်…ကွမ်းရွက်အစိမ်းကလည်းအင်မတန်မှဈေးကြီးလှပါတယ်…



အချို့သောအစ်မကြီးများကမမဝသုန်ရဲ့အလုပ်ထဲမှာအချိန်ပိုင်းလည်းဝင်ရောက်လုပ်ကိုင်ကြပါတယ်..သူတို့နဲ့အလုပ်အတူတူလုပ်ရတာအင်မတန်မှပျော်စရာကောင်းပြီးမကြားဖူးတာတွေကြားရ..မသိသေးတာတွေသိရ..မစားဖူးတာတွေစားရနဲ့တော်တော်ကိုလည်းဗဟုသုတရပါတယ်…သူတို့အလုပ်လာရင်သူတို့ရဲ့အိတ်တွေထဲမှာမရှိမဖြစ်ပါလာတာကကွမ်းအိတ်ကလေးတွေပဲဖြစ်ပါတယ်…ကွမ်းလေငုံရင်းအလုပ်လုပ်ရတာတယ်မမောဘူးဆိုပဲ…ဟုတ်ရင်လည်းဟုတ်နိုင်လောက်ပါတယ်…သူတို့တတွေဟာအမျိုးသားတွေထက်ကိုပိုပြီးလည်းအလုပ်လုပ်နိုင်ကြပါတယ်..ထမင်းစားချိန်ကလွဲပြီးအလုပ်ကိုအဆက်မပြတ်လုပ်ကြတယ်…မမဝသုန်ရှိနေတဲ့အချိန်တွေဆိုရင်တော့မမဝသုန်နဲ့လေပေါရင်းအလုပ်အတူတူလုပ်ကြတာပေါ့…ရိုးသားပြီးအင်မတန်ခင်မင်ဖို့ကောင်းတဲ့တိုင်းရင်းသားတွေဖြစ်ပါတယ်…


တစ်ရက်မှာတော့အလုပ်ခွင်ထဲကိုမမဝသုန်လည်းရောက်နေပါတယ်..ပျင်းပျင်းရှိတာနဲ့သူတို့အလုပ်လုပ်တာကိုလိုက်ကြည့်ရင်း..ဝိုင်းကူလုပ်ရင်း..သူတို့ကျွေးသမျှကိုအားမနာတမ်းစားသောက်ရင်း..ပြီးတော့သူတို့ပြောသမျှကိုနားထောင်ရင်းနဲ့ပေါ့…ဒီအချိန်မှာအမတစ်ယောက်ကကွမ်းထုတ်စားပါတယ်…သူစားတဲ့ကွမ်းယာဟာအင်မတန်မှမွှေးလှပါတယ်…အဲဒါနဲ့ဘာတွေပါသလဲလို့မေးကြေည့်တော့ကွမ်းသီးတွေကိုအဖန်ဓါတ်ကုန်အောင်ရေအရင်စိမ်သတဲ့..အဲဒီနောက်မှာပါးပါးလေးတွေညှပ်ပြီးနေပြန်လှမ်းတယ်ဆိုပဲ..နောက်တော့ဆေးကိုပျားရည်..သံပုရာရည်တို့နဲ့နှပ်ပြီးပေါင်းတယ်တဲ့…ပြီးတော့အာမွှေးဆိုတဲ့အမှုန့်လေးတွေလည်းပါတယ်..ဖာလာစေ့အခြမ်းလေးလည်းပါတယ်…ဒီတော့ကာမမဝသုန်လည်းစားကြည့်ချင်လာတာပေါ့…ခါးသလားလို့အဲ့ဒီအစ်မဆီကိုမေးတော့ဆိမ့်နေတာပဲဆိုပဲ..ဒါနဲ့မမဝသုန်ကိုလည်းတစ်ခုလောက်ကျွေးပါလိုတောင်းစားလိုက်တယ်…မမဝသုန်စားရင်နဲနဲတော့မူးမယ်ထင်တယ်လို့အဲဒီအစ်မကတော့ပြောပါတယ်…မမဝသုန်ကလည်းသူတို့တောင်စားနိုင်သေးတာရပါတယ်ဆိုပြီးတောင်းစားလိုက်တယ်…အစ်မကြီးကလည်းကျွေးရှာပါတယ်…


ရီဝေေ၀ကိုယ့်ခေါင်းထဲမှာချာချာလည်နေတယ်..ဆိုတာထက်ကိုပိုဆိုးလှပါတယ်..“အမလေး”တရလောက်အောင်ကိုမူးလှပါတယ်..စားပြီးမကြာခင်မှာတင်ချာချာလည်လာပါတယ်…ခေါင်းငိုက်စိုက်ကျရလောက်အောင်ကိုမူးလှပါတယ်…ချိုမြမြဆိမ့်သက်သက်လေးနဲ့မွှေးတဲ့အရသာလေးနဲ့မှမလိုက်အောင်ကိုမူးတဲ့ဝေဒနာကြီးကဆိုးဝါးလှလေခြင်းကွယ်…စားထားသမျှလည်းအကုန်အန်ရင်းဒေါင်ချာစိုင်းတယ်ဆိုတာဒါမျိုးနေမှာပဲဆိုတဲ့အတွေးကလေးတောင်ဝင်မိပါရဲ့…အနှီအမကြီးကတော့စိုးရိမ်စရာမရှိကြောင်းပြောပြီးရေတိုက်ပါတယ်…သူတိုက်တဲ့ရေလေးသောက်ပြီးလူလည်း၃နာရီလောက်မှောက်နေတော့တာပေါ့…


ညနေအိမ်ပြန်ချိန်ရောက်တဲ့အထိလူကရီဝေဝေမူးနောက်နောက်နဲ့အိမ်ပြန်လာခဲ့တယ်…နောက်ရက်အထိအဆင်မပြေတဲ့ဝေဒနာကြီးကိုလည်းခံစားခဲ့ရပါတယ်…ထို့နောက်..အဲသည်နောက်..နောက်နောင်အခါတို့မှာမမဝသုန်ဘယ်သောအခါမှကွမ်းမစားတော့ပါ…မွှေးမြမြချိုဆိမ့်ဆိမ့်ကလေးကိုနှစ်သက်ပေမယ့်လည်းမူးနောက်လှတဲ့ဝေဒနာကြီးကိုကြောက်လှပါတယ်….သို့သော်လည်းရံဖန်ရံခါသူတို့ဆီကကွမ်းသီးစိပ်ကလေးတွေတော့တောင်းစားပါသေးတယ်…စားလို့ကောင်းတာကိုးလေ…


ယခင့်ယခင်..ဘိုးဘေးဘီဘင်လက်ထက်ကတည်းကမမဝသုန်တို့မြန်မာတွေကွမ်းကိုဘာဖြစ်လို့စားကြတာလဲဆိုတာကိုခုတော့မမဝသုန်အနည်းငယ်နားလည်သလိုရှိလာခဲ့ပါပြီ…




မမဝသုန်
11:14:14PM
07-02-2012
Tuesday(BNE)


8 comments:

ZT said...

ကွမ်းယာမြုံ့ရင်း ဖတ်နေတာမို့ ပြုံးမိသေးတယ်။ :D

Aung Htut said...

ပထမဆုံးအကြိမ် ကွမ်းမူးသွားခြင်း :)

jasmine(တောင်ကြီး) said...

ကွမ်းမူးတာ အရက်မူးတာထက်ဆိုးတယ်နော်
ခံစားရခက်ခက်ကြီးကိုမူးတာ
စမ်းဖူးတယ်

san htun said...

စန်းထွန်းကတော့ ကွမ်းသီးရယ်၊ စမုန်စပါးရယ် ကြိုက်တယ်...

ဒန့် ဒလွန်သီး said...

အဟိ..အိမ်ကမောင်လေးငယ်ငယ် (၁)တန်းကျောင်းသားတုန်းက အဖေ၀ယ်စားနေကျ ကွမ်းယာဆိုင်က ကွမ်းယာသွားဝယ်တယ်..
ဆိုင်ကလူကြီးကအဖေစားဖို့ လာဝယ်တာဘဲဆိုပီး
ကွမ်းစားဆေးတွေနဲ့  ယာပေးလိုက်ပါရော။
သကောင့်သား ဘာဖြစ်သွားတယ်ထင်လဲ.သူ့ သူငယ်ချင်း
ယာကွတ်ဆိုတဲ့ ကုလားလေးက တွဲပြီးအိမ်ပြန်လာရတယ်။ (အရက်သမားမူးသလိုပုံစံနဲ့ ) ရာဇ၀င်ဘဲ။
စကားမစပ်..ကွမ်းမူးရင် အိမ်သာထဲမှာထိုင်နေရတယ်တဲ့။
(ဟုတ်မဟုတ်တော့မသိဘူး.နောက်ပြောကြတာလဲဖြစ်နိုင်တယ်..စမ်းကြည့်ပါလား..ဟိဟိ)

...အလင်းစက်များ said...

ကျနော်လည်း ကျောင်းတုန်းက ကွမ်း ၂ နှစ်လောက်ကို စွဲလန်းခဲ့ဘူးတယ်။ ကျနော် စားတာတော့ သူများတွေ နဲ့  သပ်မတူလှဘူး။ လူရာဝင်ချင်လို့  ပါးစပ်လှချင်လို့  (အမှန်တော့ အင်မတန် ညစ်ပတ်စေပါတယ်။) စားတာ မဟုတ်ပဲ။ 92 လို့  ခေါ်တဲ့ ဆေးတစ်မျိုးရဲ့ ရှိန်းတိန်း ဖိန်းတိန်း အရသာကို ခံစားပြီး ကြိုက်လို့ ပါ။ သိပ်ကို အန္တရယ်များလှတဲ့ အကျင့်ဓလေ့ပါပဲ။

နိုင်ငံတော် အဆင့်နဲ့ ကို ပြင်ဆင်သင့်တယ်လို့  ယူပါမိပါတယ်ဗျာ။

Anonymous said...

ငယ်တုန်းကတော့ အဖေ့ကွမ်းအစ်ထဲက
ကွမ်းယာတွေစားဖူးတယ်း)
ကွမ်းလည်းမူးဖူးတယ်။ဗမာဆေးနဲ့တွေ့သွားလို့လေး)


ခင်မင်လျှက်
မိစံ

ဟန်ကြည် said...

တံတားဦးက ကွမ်းနုဝါ
ငမြာကဆေး
ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး...

ကုန်းဘောင်ခေတ်က ပေါ်ခဲ့တဲ့ ကွမ်းကဗျာထင်ပါရဲ့...အဲဒီခေတ်ကတော့ ရိုးရိုးပဲ ၀ါးကြတာဆိုတော့လည်း ဒီဘက်ခေတ် ကွမ်းစားဆေးတွေလောက်တော့ ဥပါဒ်မဖြစ်ဘူးထင်ပါရဲ့...

မိန်းကလေးတွေလည်း ဒီဘက်ခေတ်မှာလို Revlon တို့ ဘာတို့ ဆိုတဲ့ နှုတ်ခမ်းနီတွေ မပေါ်သေးတော့ နှုတ်ခမ်းကလေးတွေ စွေးစွေးနီအောင် ကွမ်းဝါးကြဆိုပဲ...

မြန်မာဘုရင်တွေလက်ထက်မှာလဲ မိဘုရားကြီးက သူ့အချစ်ဆုံးအပျိုတော်ကို ကွမ်းဖတ်တော် ခွံ့သတဲ့( သူ့ပါးစပ်နဲ့ ၀ါးပြီးသားကြီးကို ထုတ်ကျွေးတော့ ခုခေတ်အမြင်နဲ့ဆိုရင် ရွံစရာကြီးပ )

အမူးတကာ့ အမူးမှာတော့ ကွမ်းမူးတာက စံချိန်တင်ပါပဲ...တစ်ခါတည်း ချွေးစီးတွေ ပြန်လာပြီးတော့ နေမထိ ထိုင်မသာကို ဖြစ်ပါလေရော...တစ်ခါတစ်ခါများ နောက်ဖေးပါ သွားယူရတဲ့ အထိ...

ကျန်းမာရေးအရ မကောင်းသလို သန့်ရှင်းရေးအရလည်း အဆင်မပြေမှန်းသိပေမယ့်လည်း ရိုးရာဆိုတော့လည်း ပြောရအခက်သားကလား...