Sunday 9 October 2011

ကြွေလွင့် ..တစ်ပွင့်စံပယ်


စံပယ်တွေလှိုင်လှိုင်ပွင့်ခဲ့ ပြန်ပြီ စံပယ် .. အေးမြတဲ့မနက်ခင်းကလေးမှာ စံပယ်ပင်တွေက စံပယ်ပန်းတွေကိုခူးဆွတ်ဘုရားတင်ပြီး ပန်ပွင့်တစ်ချို့ကို သီကုံးရင်း စံပယ်ပန်းတွေကို နှစ်သက်မြတ်နိုးတဲ့ နင့် ကို ပြင်းပြင်းထန်ထန်သတိရမိခဲ့တယ် စံပယ် .. ကျောင်းသွားဖို့ပြင် ဆင်နေရင်း သီကုံးထားတဲ့ စံပယ်ကုံးလေးတွေကိုကြည့်ပြီး စံပယ်ပန်းလေးလိုဖြူစင်လှပပြီး စိတ်ထားနုညံ့သိမ်မွေ့လှတဲ့ နင့်ကို ပြန်မြင်ယောင်ရင်း အဲဒီနေ့က ကျောင်းကို နောက်ကျ ပြီးမှ ရောက်ခဲ့တယ် .. အတန်းချိန်တစ်ချိန်လွတ်တော့မှာမို့ လုပ်ဖော်ကိုင်ဖက်ဆရာမတစ် ယောက်ကို ဖုန်းဆက် လှမ်းအကြောင်းကြားရင်း နင့်ကို သတိ၇တဲ့ စိတ်ကြောင့် မျက်ရည် လည်ခဲ့ရတယ်စံပယ်.. 

ဒေါက်တာစံပယ်ဖြူလှိုင် ဆိုတဲ့ နင့်လက်ရေးနဲ့ရေးထားတဲ့ စာကြောင်းလေးတွေပါတဲ့ ဗလာ စာရွက်လေးတစ်ရွက်ဟာ ခုထိ ငါ့စာကြည့်စာပွဲခုံရဲ့အံဆွဲထဲမှာရှိနေဆဲပါစံပယ်.. အခါခါ ထုတ်ကြည့်ဖန်များလို့နွမ်းရော်နေပေမယ့်နင့်ရဲ့ဖြူစင်တဲ့စိတ်ကလေးကို ငါအဲဒီ စာရွက်က လေး ထဲမှာမြင်နေရဆဲပါပဲ.. စံပယ်တွေလှိုင်လှိုင်ပွင့်တိုင်း နင့်ကို သတိမရပဲ မနေနိုင် အောင်ဖြစ် ခဲ့ရတာကတော့ ငါတို့ရဲ့ ခင်မင်ခဲ့ကြတဲ့ သံယောဇဉ်ကြောင့်ပဲ နေမှာပေါ့ စံပယ်..


၁။
အထက်တန်းရောက်မှနင်နဲ့ခင်ခဲ့ရပေမယ့် စိတ်ထားဖြုစင်တဲ့၊ စာကြိုးစားတဲ့၊ ဆရာဝန်တစ် ယောက်ဖြစ်ချင်ခဲ့တဲ့နင့်ကို နှစ်သက်သဘောကျရင်း ငါ မသိတဲ့ စာတွေကို နင့်ကိုမေးရင်းနဲ့ ငါတို့ရဲ့ ဆယ်ကျော်သက်ကာလတွေဟာပျော်စရာကောင်းခဲ့တယ်နော် စံပယ်.. ကျောင်း ချင်းမတူပေမယ့် ယူတဲ့ဘာသာရပ်ကျူရှင်အတော်များများတူပြီးအိမ်ချင်းလည်းမဝေးလှတာ မို့ ငါတို့ကျူရှင်အတူတူ သွားရင်း တခါတလေ ငါတို့ကျောင်းစောဆင်းရင် နင့်ကျောင်းဘက် ကဖြတ်ပြန်ရင်နင့်ကျောင်းဆင်းချိန်နဲ့တိုက်ဆိုင်ရင် အတူတူပြန်ဖြစ် ကြတာငါမမေ့သေးပါဘူး စံပယ် ..

နင့်ကျောင်းစာအုပ်တွေရဲ့နောက်ဆုံးစာမျက်နှာတိုင်းမှာ ဒေါက်တာ စံပယ်ဖြူလှိုင်ဆိုပြီးရေး ထားတဲ့ နင့်လက်ရေးဝိုင်းစက်စက်လှလှလေး တွေကို ကြည့်ရင်းတစ်နေ့မှာနင်ဟာ ဆရာဝန် တစ်ယောက်သေချာပေါက်ဖြစ်လာမှာပဲလို့ ငါယုံကြည်ခဲ့တယ် .၊ ဖြူစင်လှတဲ့အသားအ ရည် နဲ့ထူထဲနက်မှောင်တဲ့ ဆံပင်ရယ်ကလွဲပြီး ဘာမှ မပြင်ဆင်ပဲ စာပြီးရင်းစာ ကို ကြိုးစားသင် ယူနေတဲ့နင်နဲ့ အချိန်ရတိုင်းသိုင်းစာ အုပ်တွေနဲ့ နပန်းလုံးနေတတ်တဲ့ငါ သူငယ်ချင်းဖြစ်ကြ အံ့သြစရာတော့ကောင်းသားပဲစံပယ် ..

ကျောင်းစာအပြင် ပြင်ပစာဖတ်ရင် ဗဟုသုတရမယ့်စာအုပ်တွေဖတ်ပြီး ငါ့ကို လည်းဖတ်ဖို့ တိုက်တွန်းပေမယ့် အဲဒီလိုလေးပင်လှတဲ့ စာတွေကို ဖတ်ရမှာငါပျင်းရိခဲ့တယ်..အဲလိုအချိန် မှာဖျောင်းဖျပြီး အကျိုးရှိတဲ့စာတွေကို ဖတ်တတ်အောင်စာအတူတူဖတ်ပြီးဆွေးနွေး တိုင်ပင် ပေးတဲ့ နင့်ကို ငါ့တစ်သက်ဘယ်တော့မှမေ့တော့မှာမဟုတ်ပါဘူးစံပယ်.. ဘာသာရပ်တိုင်း မှာတော်တဲ့ နင်က ရူပဗေဒမှာအား နည်းတဲ့ငါ့ကို အချိန်၇တိုင်း အတိုကျက် နည်း၊အလွယ် မှတ်နည်း .. ဖော်မြူလာတွေကိုမမေ့အောင်မှတ်နည်းတွေကိုပြောပြပေးခဲ့တယ်၊

ဒီလိုနဲ့ငါတို့နဝမတန်းကိုအောင်မြင်ခဲ့ကြတယ် ..နင်ကတော့ တစ်ကျောင်းလုံးရဲ့တတိယ ရပြီး ငါကတော့ နင့်ကျေးဇူးကြောင့် နဝမတန်းမှာ မကျန်ခဲ့ရုံအောင်ခဲ့တယ်.. ရူပဗေဒရဲ့သ ဘောတရားတွေ အရှိန် တွေ အဟုန်တွေကြားမှာ ငါအိပ်မငိုက်အောင်တွန်း ထိုးဆွဲငင်ပြီးနင် ခေါ်ယူခဲ့လို့ ငါ ဒီနဝမတန်းကို အောင်မြင်ခဲ့တာဆိုတာ ငါဘယ်အချိန်မဆို ဝန်ခံပြောရဲပါ တယ်စံပယ်..၊

၂။
ဒသမတန်းရောက်တော့ ငါ့ကိုစိတ်မချစွာနဲ့နင်ယူသမျှ ကျူရှင်တွေမှာငါ့ကိုပါအပ်ခဲ့ပြီး နင်နဲ့ အတူတူတက်စေခဲ့တာပြန်စဉ်းစားမိတိုင်း ငါမျက်ရည်ဝဲရတယ် ၊ ကျောင်းမတူပေမယ့် ကျောင်းချိန်တူတာကြောင့် အခက်အခဲမရှိပေမယ့် တခါတလေ ငါကျူရှင်တက်ရမှာပျင်းတဲ့ အခါမှာတော့ နင်နဲ့ကျူရှင်အတူတူ သွားရတာကို ငါစိတ်ညစ်မိခဲ့တယ်..၊ ကျောင်းစာ၊ ပြင်ပ ဗဟုသုတစာပေတွေကိုအချိန်ပိုင်းခြားပြီးလေ့ လာတတ်တဲ့နင့်ဆီကကောင်းတဲ့အကျင့်က လေးတွေလည်းတဖြည်းဖြည်းနဲ့ ငါ့ဆီကို ကူးစက်လာခဲ့တယ်.. အားကစားအနေနဲ့ကြက် တောင် ရိုက်တိုင်း ငါ့ကိုပါခေါ်တာကိုတော့ ငါသဘောမကျခဲ့ဘူး စံပယ်.. နင်ကတော့ မရ ရအောင်ခေါ်ပြီး အချိန်တွေကိုမျှမျှတတ သုံးတတ်အောင် လမ်းပြပေးခဲ့တယ်နော်၊ ဒီအ တွက်ကြောင့်နောင်အခါ ငါတက္ကသိုလ်ရောက်တော့ ကျောင်းရဲ့ကြက်တောင်လက်ရွေးစဉ် ဖြစ်ခဲ့တယ် ..

ဇီဝဗေဒ သင်တန်းချိန်တွေမှာ အစာခြေအင်္ဂါအဖွဲ့အစည်းအကြောင်း စာမေးပွဲဖြေတော့ အတန်းထဲမှာ အကောင်ဆုံးပုံ ဆုကိုငါရတော့ ငါ့ထက်နင်က ပိုပြီးပျော်နေခဲ့တယ်..အဲဒီနေ့ ကဆရာပေးတဲ့ဆုထက် နင်ပေးတဲ့ နင်ရေးနေကျ ရေမွှေးဘောလ်ပင်လေးကို ငါပိုပြီနှစ် သက်ခဲ့တယ်စံပယ်..

တခါတလေ ငါတို့နှစ်ယောက်မှာပါသမျှမုန့်ဖိုးတွေကိုငါ မုန့်အကုန်ဝယ်စားလို့ ဇီဝဗေဒ သင် တန်းကနေ ငါတို့ ပြန်စရာ ကားခမရှိတော့ပဲ ကားမှတ်တိုင် ၁၇ ခုစာ ခရီးကို လမ်းလျောက် ပြန်ရတော့ အပြုံးမပျက်ပြောခဲ့တဲ့ နင့်စကားက “ ကျန်းမာရေနဲ့ ညီညွတ်တာပေါ့..” တဲ့

ပြီးတော့ စာအုပ်နောက်ကျောဘက် နောက်ဆုံး စာမျက်နှာတွေမှာ အမြဲနင်မပျက်မကွက် ရေးနေတာကတော့  ဒေါက်တာစံပယ်ဖြူလှိုင် ပေါ့.. နင့်စာကြည့်စာပွဲရဲ့ ရှေ့တည့်တည့်မှာ လည်း အချိန်ဇယားတွေနဲ့အတူ တွဲလျက်အမြဲတွေ့နေရတာကဒီစာတန်းကလေးပေါ့ စံပယ်၊
“ ကိုယ်ဖြစ်ချင်တာကို မမေ့မလျော့နေအောင် အမြဲသတိပေးနေရတာဟ .. လူဆိုတာက ဖြစ်ချင်တာတွေများပြီးပျောက်ပျောက်သွား တတ်လွန်းလို့ .. ”  ဆိုတဲ့ နင့်ရဲ့စကားတွေဟာ ခုချိန်မှာ ငါ့အတွက် အရမ်းကို အဖိုးတန်ခဲ့တယ်စံပယ် ..၊

ဒီလိုနဲ့ ငါတို့ဆယ်တန်းစာမေးပွဲကြီးကို ဖြေဆိုပြီးခဲ့ကြတယ် .. စာမေးပွဲပြီးတော့လည်းငါက တော့ထုံးစံအတိုင်း စာအုပ်တွေ သင်တန်းတွေနဲ့ အချိန်ကုန်နေချိန်မှာ နင်ကတော့ ကလေး တွေကိုစာပြရင်း ၉  တန်းတက်မယ့် ၁၀တန်းတက်မယ့် ကျောင်းသူကျောင်းသားကလေး တွေကို Study Guide လုပ်ရင်း နောက်တက်မယ့် တက္ကသိုလ် အတွက်ကြိုတင်ပြီး ငွေ ကြေး တွေကိုစုဆောင်းခဲ့တယ်.. ဆေးပညာနဲ့ပတ်သက်တဲ့ စာပေတွေကိုလည်းကြိုတင် လေ့လာရင်းနင့်ရဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချခဲ့တယ် နော် ..

၃။
ဒီလိုနဲ့ ဆယ်တန်းအောင်စာရင်ထွက်ခဲ့တယ် နော်စံပယ် .. အဲဒီနေ့ဟာ ငါမေ့မရတဲ့နေ့လေး တစ်နေ့လည်းဖြစ်ခဲ့တယ် .. ငါကတော အောင် မှ အောင်ပါ့မလားဆိုပြီး ကြည့်ရတဲ့အချိန်မှာ နင်ကတော့ ဂုဏ်ထူးမှန်းထားသလောက်ရပါ့မလားဆိုတဲ့ စိုးထိတ်စိတ်နဲ့ကြည့်ခဲ့ တယ်.၊ ထူးခြားစွာပဲ ငါက ဇီဝဗေဒနဲ့ ဓါတုဗေဒကို ဂုဏ်ထူးပါခဲ့ပြီး နင်ကတော့ မြန်မာစာနဲ့ အင်္ဂလိပ် စာကလွဲပြီး ဂုဏ်ထူးလေးခုပါခဲ့တယ်၊ အောင်စာရင်ကြည့်ပြီးအပြန်မှာညှိုးငယ်နေတဲ့ နင့် မျက်နှာကိုကြည့်ပြီး ငါရရှိခဲ့တဲ့ ဂုဏ်ထူးအတွက်တောင် ငါဝမ်းမသာနိုင်ခဲ့တာ အမှန်ပါ စံပယ်..

“ ဒီလိုဆို ဆေးအမှတ် ၀င်မှ ၀င်ပါ့ မလားမသိဘူး ဟာ .. ငါတကယ်ကြိုးစားပြီးဖြေခဲ့တာပါ”

မျှော်လင့်ချက်မဲ့စွာ နင်ပြောလာတော့ ငါ့မှာချက်ချင်းပြန်ပြောစရာ စကားရှာမရခဲ့ဘူးစံပယ်၊ ဘာဖြစ်လိုလဲဆိုတော့ အဲဒီပညာသင်နှစ်တွေ တုန်းက ဆေးတက္ကသိုလ်ရဲ့ဝင်ခွင့်အမှတ် ဟာအရမ်းမြင့်မှန်း နင်ရောငါရောသိနေခဲ့လို့ပေါ့ ..

“ရမှာပါစံပယ်ရယ်..နင်အရမ်းဖြစ်ချင်ခဲ့တာ ဖြစ်မှာပါ .. ဒီနှစ်ဆေး ဝင်ခွင့်အမှတ်ကမနှစ် ကလောက်တော့မြင့်မှာမဟုတ်လောက်ပါဘူး .”

ဆိုတဲ့ငါ့ရဲ့အားပေးစကားဟာငါကိုယ်တိုင်မယုံကြည်နိုင်အောင် အားအင်ဖျော့တော့နေခဲ့ တယ်၊

ဒီလိုနဲ့နင်လည်းနင့်ကျောင်းသားတွေနဲ့ အလုပ်များနေရင်း ငါလည်း ငါ့ သင်တန်းပေါင်းစုံနဲ့ ရှုပ်တွေးနေခဲ့တယ်..

နောက်သိပ်မကြာခင် အချိန်မှာပဲ ငါတို့ကျောင်းဝင်ခွင့်လျောက်လွှာတွေတင်ခဲ့ကြတယ်၊ ငါကတော့ အစဉ်အတိုင်းခြစ်ချလာခဲ့တာဆိုတော့ ရူပဗေဒအထူးပြုဘာသာရပ်နဲ့တက်ခွင့်ရ ခဲ့ပေမယ့် နင်ကတော့ နင်အင်မတန်ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ဘဝကို မရရှိခဲ့ဘူးနော် .. ငိုကြွေး နေတာမဟုတ်ပေမယ့် နင့်မျက်နှာမှာမမြင်ရတဲ့မျက်ရည်တွေစီးဆင်နေတယ်ဆိုတာ နင့်နား မှာအနီးဆုံးနေခဲ့တဲ့ငါကမြင်ခဲ့တာပေါ့စံပယ် .

တစ်နေ့ ငါတို့ ကျောင်းတွေစမတက်ခင် နင့်ကို သတိရလို့နင်တို့အိမ်ဘက်ကို ငါလျောက် လာခဲ့တယ်နော် ..  ဒီမှာငါမျှော်လင့်မထား တဲ့မြင်ကွင်းကို ငါမြင်တွေ့ခဲ့ရတယ်စံပယ်၊ နင်က တော့ ငါရောက်နေတာမသိပဲ နင့်စာအုပ်နောက်ကျောက ဖြတ်ထုတ်ထားတဲ့  ဒေါက်တာ စံပယ်ဖြူလှိုင် ဆိုတဲ့ စာရွက်လေးတွေကို တစ်ရွက်ချင်း မီးရှို့နေခဲ့တယ် ..ပြီးတော့ ..နင့် မျက်နှာမှာလည်း မျက်ရည်စီးကြောင်းတွေနဲ့ ..

“ စံပယ်  .. ဒီလို မလုပ်ပါနဲ့ဟာ .. ငါ့ကိုပေးပါနော် .. ငါနင့်လက်ရေးတွေကို သိမ်းထား ချင်လို့ပါ ..ပြီးတော့ နင် လူကို ကုသတဲ့ ဒေါက်တာ မဖြစ်နိုင်ပေမယ့် PHD ဒေါက်တာဖြစ် နိုင်သေးတယ်လေ .. နင်ဒီလောက်တော်တာကို.. နော် .. ”

ဆိုပြီးနင့်လက်ထဲက ကျန်နေတဲ့စာရွက်လေးကိုလှမ်းပြီးဆွဲယူခဲ့တယ်.. တစ်ရွက်သာကျန် တော့တဲ့ အဲဒီစာရွက်ကလေးဟာ အခုငါ့ စာကြည့်စာပွဲရဲ့ အံဆွဲထဲမှာရှိနေတဲ့စာရွက်ကလေး ပေါ့ .. ငါ့ရဲ့ စိုးရိမ်တကြီးပြောခဲ့တဲ့ စကားဟာ နင့်အတွက်မျှော်လင့်ချက်အားလေး တစ်ခုဖြစ် သွားတယ်ဆိုတာကို ငါသိရတော့ ငါ အရမ်းဝမ်းသာမိတယ်စံပယ်..

“ဟုတ်တယ်နော် .. ငါဆရာဝန် မဖြစ်နိုင်ပေမယ့်လည်း Engineering  နဲ့ပတ်သက်တဲ့ ဒေါက်တာတစ်ယောက်တော့ ငါဖြစ်နိုင်သေး တာပဲ ..  ကျေးဇူးတင်ပါတယ် ရွှေရေး ရယ် .. ငါအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်သိလား ..”
စံပယ့်ရဲ့စကားသံဟာ ဒီရက်အတွင်းမှာကြားရတဲ့ အသံတွေထဲမှာ အချိုဆုံး ဆိုတာငါကျိန် တွယ်ပြောဆိုရဲတယ် စံပယ် ..

၎။
ကျောင်းတွေစတက်တော့ နင်ဟာ စိတ်မှာအနာရထားသလို ဆေးတက္ကသိုလ်ဘက်ကိုခြေ ဦးတောင်မလှည့်တာငါသတိထားမိခဲ့တယ် စံပယ်.. စက်မှုကျာင်းသူ အဖြစ်လှလှပပနင်ရပ် တည်နေနိုင်တာကိုပဲငါ့မှာဝမ်းသာနေခဲ့ရတယ် .. ကျောင်းတက်ရင်း Study Guide လုပ်ရင်း စာကျက်ရင်း နဲ့ နင်နဲ့ငါလည်း တစ်ပတ်နေလို့တစ်ခါတောင်မတွေ့ခဲ့ကြဘူးနော် ..ငါကတော့ ထုံးစံအတိုင်း ကြောက်ရွံ့လှပါ တယ်ဆိုတဲ့ ဘာသာရပ်ကို ယူမိလို့ ဒီ ရူပဗေဒ နဲ့ငါ စစ်ဖြစ်နေ ရတာ နင်သိရင် ရယ်နေမှာလားစံပယ်..၊  ဒီလို ဒုတိယနှစ် ..တတိယ နှစ်တွေဟာ ဘာမှထူး ခြားမှုမရှိပဲ ဖြတ်ကျော်လာခဲ့တယ်..

တစ်နေ့မှာတော့ နင့်ရဲ့မေမေ  အံတီဒေါ်ဝေဝေလှိုင် ငါ့ဆီရောက်လာခဲ့တယ်စံပယ်..

“သမီးရယ် .. သမီးသူငယ်ချင်းကို ပြောပါဦးကွယ်.. ခု သူ စာသင်နေတဲ့ ကောင်လေးနဲ့ ကြိုက်နေတယ်ကြားတယ် .. အံတီလည်းသေ ချာမေးမကြည့်ရသေးဘူး .. ကောင်လေးက သူ့ထက်လည်းငယ်တယ် .. ပြီးတော့ ဂျစ်ကန်ကန်လေးကွယ့် .. အံတီတော့စိတ်ပူရလွန်း လို့သေတော့မယ်.. ဆယ်တန်းကို နှစ်နှစ်ကျထားတဲ့ ကောင်လေးတဲ့ ..မိဘတွေချမ်းသာလို့ ဆိုးချင်တိုင်းဆိုးနေတာလို့လည်းကြားတယ် .. အဲဒါ သမီးက သမီးသူငယ်ချင်းကိုမေးကြည့် ပေးပါဦးကွယ် ..နော် .. ”

အံတီဒေါ်ဝေေ၀လှိုင်ရဲ့စကားကိုကြားကြားချင်းငါအရမ်းအံ့သြသွားခဲ့တယ်စံပယ် .. ဒါတွေ ဟာ ကောလာဟာလတွေဖြစ်ပါစေလို့လည်းငါ ဆုတောင်းခဲ့တယ်၊ ဒါပေမယ့်စံပယ် နင်နဲ့ တွေ့တဲ့အချိန်မှာဒီအကြောင်းအရာတွေဟာ စကားတင်းဆိုတာတွေမဟုတ်မှန်းငါသိခဲ့ရ တယ်၊

“ ဟုတ်တယ်ရွှေရေး ..ရဲရင့်ကိုငါချစ်တယ် .. ပြီးတော့သူလည်း သူ့ကိုယ်သူ ပြုပြင်နေတယ်လေ.. ဒီနှစ်ကို အောင်စေရမယ်လို့လည်း ငါ့ကို ကတိပေးထားတယ် .. အောင်မယ်ဆို တာလည်းသူ့အခြေအနေကို ကြည့်တာနဲ့ ငါ သိတယ်ဟာ .. သူဆိုးကောင်းဆိုးမယ်.. ငါ့အ ပေါ်မှာတော့ အရမ်းကောင်းတယ် .. မေမေတို့ကတော့ သဘောတူမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်.. ဒါပေမယ့်ခုချင်ချင်းလည်းငါတို့ လက်ထပ်ကြမှာမှ မဟုတ်တာ .. မေမေတို့ သဘောတူလာအောင်ကြိုးစားဖို့အချိန်တွေ ရဲရင့်မှာရှိနေပါသေးတယ် ..”

နင့်ရဲ့ပြတ်သားလှတဲ့စကားသံတွေကိုကြားတော့ ငါအံ့သြပြီးရင် အံ့သြဖြစ်ခဲ့ရတယ်စံပယ် .. နင်ဟာအချစ်ကိုဦးစားပေးတတ်မယ့်သူမ ဟုတ်ဘူးလို့တကယ်တော့ ငါကထင်ထားခဲ့တာ လေ.၊ နင့်စကားသံတွေနဲ့နင့်ရဲ့တည်ကြည်တဲ့ မျက်နှာကိုကြည့်ခြင်းအားဖြင့် ဘယ်လိုမှ နင် နောက်ဆုတ်မှာမဟုတ်ပဲ ရဲရင့်ဆိုတဲ့တစ်ယောက်ဘက်မှာမားမာမတ်မတ်ရပ်တည်တော့ မယ်ဆိုတာ နင်နဲ့နှစ်ပေါင်းများစွာ အတူတူ နေလာတဲ့ငါကရိပ်မိသိရှိတာပေါ့စံပယ်..

၅။
နင် စတုတ္ထနှစ် အရောက်မှာတော့ ရဲရင့်နောက်ကိုလိုက်သွားတယ် ဆိုတာကိုငါကြားခဲ့ရ တယ်.၊ ရဲရင့်လည်း စာမေးပွဲအောင်သွားတယ်လို့ ကြားခဲ့ရတယ် စံပယ် .. ပြီးတော့ ကျောင်းကိုအရင်အတိုင်းဆက်တက်ပြီး စာသင်တဲ့ အလုပ်ကိုပဲဆက်လုပ်နေကြောင်းကို လည်းငါသိခဲ့ရ ပါတယ်.၊နင်ကနင်ရွေးချယ်ခဲ့တဲ့ဘဝလမ်းတစ်ခုအပေါ်မှာရဲ၇ဲဝံ့ဝံ့နင်းလျောက် သွားခဲ့တာပါလေ..ငါတို့မှာသာ စိုးရိမ်စိတ်တွေနဲ့တထိတ် ထိတ်ကြည့်နေရတာ ..

ပျော်ရွှင်နေခဲ့တဲ့ နင်တို့မိသားစုလေးကိုကြည့်ပြီး ငါလည်း တဖြည်းဖြည်းနဲ့စိုးရိမ်စိတ်တွေ လျော့ပါးလာခဲ့တယ်စံပယ် ..၊ ရဲရင့်ကလည်း နင့်အပေါ်မှာခင်ပွန်းကောင်းပီသစွာစောင့် ရှောက်တာမြင်ရတော့ ငါနင့်အတွက်ကျေနပ်ခဲ့တယ်၊ ဒီလိုနဲ့ သားဦးကလေးကို နင်စတင် လွယ်ပိုးခဲ့တယ်နော် .. ကိုယ်ဝန်ရင့်လာတာနဲ့အမျှ နင့်ရဲ့ကျန်းမာရေးကလည်းတဖြည်း ဖြည်းယိုယွင်းလာခဲ့တယ်..

စာမေးပွဲဖြေတော့ drip pipe တန်းလန်းတဲ့ဖြေနေတဲ့နင့်ကိုကြည့်ပြီး ငါမျက်ရည်ဝဲခဲ့ရတယ် စံပယ် .. နင်ကတော့ စိတ်ဓါတ်ခိုင်မာစွာနဲ့ စာမေးပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြေဆိုခဲ့တယ်၊ စာမေးပွဲဖြေပြီးနောက်တစ်လလောက်အကြာမှာနင်ဟာ နင်ချစ်တဲ့ရဲရင့်အတွက် အင်မ တန်ချစ်စရာကောင်လှတဲ့ သားကလေးကိုမွေးပေးခဲ့တယ်နော်.. ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ နင့်ရဲ့ကျန်းမာရေးအခြေအနေကတော့ သိသိသာသာကို ကျဆင်းလာခဲ့တယ်.. နင့်ရဲ့မိ ဘတွေကတော့ သူတို့နဲ့ပြန်လိုက်နေဖို့ပြောတော့နင်လည်းနင့်ရဲ့ကျန်းမာရေးကို စိတ်မချ စွာ နဲ့ နင်တို့သားအမိ သားအဖ သုံးယောက်နင့်ရဲ့မိဘအိမ်ကိုပြောင်နေခဲ့ကြတယ်မဟုတ်လား၊

ရဲရင့် ကတော့ နင်မျှော်လင့်ထားသလို နင့်မိဘရဲ့စိတ်ကျေနပ်မှုကိုရအောင်ကြိုးစားနိုင်ခဲ့ ပါတယ်..၊

ဆရာဝန်နဲ့ပြရမယ့်နေ့တွေတိုင်းလည်း နင်မပျက်မကွက်သွားခဲ့တယ်.. ငါလိုက်ရင် လိုက် မလိုက်ရင် နင့်မိသားစုထဲကတစ်ယောက်ေ ယာက်လိုက်ပေမယ့် ဆရာဝန်နဲ့ဆွေးနွေး တဲ့ အခါမှာနင်တစ်ယောက်ထဲပဲဆရာဝန်နဲ့ပြောဆိုဆွေးနွေးတာကိုတော့ ငါကမကျေနပ်လှ ဘူး၊ ငါတို့ပါလာရင်လည်းအပြင်မှာပဲနေဖို့နင်ပြောခဲ့တယ်.. ဘာဖြစ်လို့လဲစံပယ်.. ဆေးတွေ ကို မပျက်မကွက်သောက်ရင်းကျန်းမာ အောင် နင်ကြိုးစားနေတာကိုတော့ငါတို့မြင်ခဲ့ရပါတယ်၊

နင်ကတော့ နင့်မှာဖြစ်နေတဲ့ရောဂါကိုရှာဖွေနေရင်းမှာပဲ တဖြည်းဖြည်းနဲ့ နင့်ရဲ့ခြေတွေ လက်တွေဟာ လှုပ်ရှားနိုင်မှုအားနည်းသည် ထက်နည်းလာတယ်..ဖျော့တော့လာတဲ့အသား အရည် နဲ့နင်ဟာ တနေ့ထက်တစ်နေ့နွမ်းနယ်လာခဲ့ပြီး ကူညီမယ့်သူမပါပဲမထနိုင်မသွား နိုင် တဲ့အခြေအနေကိုရောက်လာတယ်.. နင့်ရဲ့ကျန်းမာရေးကျဆင်းမှုနှုန်းဟာမြန်လွန်းလို့ဆရာ ဝန်တွေကိုမေးကြည့်တော့လည်း ရောဂါကိုသေချာအောင်ရှာဖွေနေပါတယ်ဆို အဖြေထက် ပို မရခဲ့ဘူး စံပယ်.. နောက်ဆုံးတော့ မကြာခင်ကာလကလေးမှာပဲနင်ဟာဘီး တပ်ထားတဲ့ ကုလားထိုင်ပေါ်မှာထိုင်ရင်းစာအုပ်တွေကိုသည်းကြီမည်းကြီးဖတ်နေခဲ့တယ်နော်..

၆။
စက်မှုတက္ကသိုလ်ရဲ့ဘွဲ့နှင်းသဘင်ကျင်းပတဲ့နေ့ဟာငါ့ဘဝမှာကြေကွဲဝမ်းနည်းရတဲ့နေ့တစ်နေ့ပေါ့စံပယ်ရယ်.. ဘီးတပ်ကုလားထိုင်နဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာဘွဲ့လာတက်ယူတဲ့သူဟာ နင်တစ်ယောက်ပဲရှိတယ်လေ.. နင့်မျက်နှာမှာတော့ကျေနပ်ဂုဏ်ယူနေတဲ့အရိပ် အယောင် တွေနဲ့ပေါ့.. ပါမောက္ခတွေရဲ့ချစ်ခင်မှုကို ရရှိတဲ့နင်ကတော့ စင်မြင့်ပေါ်မှာအပြုံတွေနဲ့လှပ နေခဲ့တယ်.. တကယ်ပါစံပယ်..အဲဒီနေ့က နင်တကယ်ကို အရမ်းလှနေခဲ့တာပါ..၊

ဘွဲ့နှင်းသဘင်အခန်းအနားပြီးတော့နင်က

“ ရွှေရေး ရေ .. ငါ့ကို ကန်တော်ကြီးပတ်လမ်းပေါ်က မျက်စိဆေးရုံကိုလိုက်ပို့ပေးပါ ကွယ် .. ” တဲ့

နင့်စကားကို ဘယ်သူကမှ ဘာမှပြန်မမေးပဲ စိတ်ပြေလက်ပျောက်ဖြစ်စေမယ့်ရယ်စရာ စကားတွေပြောရင်းနဲ့ မျက်စိဆေးရုံကြီးကို ငါတို့ရောက်လာခဲ့တယ်.. ရဲရင့်က တော့နင့် လက်ကလေးကိုကိုင်ထားရင်းနင့်ကို တစိမ့်စိမ့်ကြည့်နေလေရဲ့.. ဒီမြင်ကွင်းဟာ ငါ့မျက်လုံး ထဲမှာကာလ အတော်ကြာအောင် မထွက်တဲ့ မြင်ကွင်းတစ်ခုပဲဖြစ်တယ်စံပယ် .. တာဝန်ကျ ဝန်ထမ်းအချို့ကိုမေးပြီး ဆေးရုံအုပ်ကြီး နဲ့တွေ့ခွင့်တောင်းတော့ ကံကောင်းထောက်မစွာပဲ ဆရာကြီးက ရှိနေခဲ့တယ် .. ဆရာကြီးကို ဝင်တွေ့တော့ဘီးတပ်ကုလားထိုင်ပေါ်က မိန်းမ ငယ်ကလေးကိုဆရာကြီးက အံ့သြစွာကြည့်ရင်း

“ဘာကူညီပေးရမလဲ သမီး..”

“သမီးမျက်ကြည်လွှာ လှူချင်လို့ပါဆရာကြီး .. ဒီနေ့နေ့လည်ဘွဲ့နှင်းသဘင်စင်ပေါ်မှာသမီး စဉ်းစားမိပြီး ဒီမှာလှူလို့ ရမယ်လို့ထင်လို့လာ ခဲ့တာပါ .. ပြီးတော့ဒီလို လှူချင်ရင် ဘယ်သူ့ ကို ဘယ်အဖွဲ့အစည်းကိုဆက်သွယ်ရမယ်မှန်းလည်းလောလောဆယ်မသိလို့ပါ.. ပြီးတော့ ဒီနေ့မှာပဲ အမှတ်တရ အနေနဲ့လှူချင်လို့ပါ ..”

“အိုဒီလိုလား.. သာဓုပါဗျာ သာဓု သာဓု .. ဆရာတို့ကလည်း ဒီလိုလှူချင်တာကို ၀မ်း မြောက်စွာလက်ခံကြိုဆိုပါတယ်ကွယ် .. ကဲသမီးကို ကူညီဖို့ ဆရာ ကလေးတွေခေါ်လိုက် ဦးမယ်.. လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြည့်ရအောင်လေ..”

နင့်ရဲ့စကားကို သေချာနားထောင်ပြီး ဆရာကြီးက နင့်ရဲ့မွန်မြတ်တဲ့အလှူအတွက်သာဓု ခေါ်ရင်း စာရွက်စာတမ်းတွေဖြည့်ဖို့မိန်းကလေး နှစ်ယောက်ကိုခေါ်လိုက်တယ်.. နင့်ကိုယ် စားရဲရင့်က ရေးပေးပြီး နင်က လက်မှတ်ရေးထိုးခဲ့တယ် နော် .. စံပယ်ရယ် နင်ဟာတကယ့် ကိုစိတ်ထားမွန်မြတ်လှတဲ့မိန်းကလေးတစ်ယောက်ပါပဲကွယ် .. ငါသာဆို ဒီလိုမျိုးကိုစိတ် ကူးထဲတောင်မထည့်မိခဲ့ဘူး ဆိုတာ ငါ ဝန်ခံပါတယ်..

အိမ်ပြန်ရောက်တော့ နင့်ရဲ့မွန်မြတ်တဲ့ အလှုကို နင့်မိဘတွေကို အမျှဝေရင်းသာဓုခေါ်ခိုင်း တော့ငါစိတ်မထိန်းနိုင်ခဲ့ဘူး .. အပြင်ကို ထွက်လာပြီး ငိုကြွေးခဲ့မိတယ် ..နင့်ရဲ့သားကလေး ကတော့ ပုခက်ထဲမှာ ချစ်စဖွယ်အိပ်ပျော်နေဆဲပေါ့ ..ရဲရင့်ခမျာလည်းအံကိုတင်း တင်းကြိတ် ပြီးအားတင်ထားတဲ့အတွက်မျက်လုံးတွေလည်းနီရဲလို့… နင့်မေမေကတော့ သာဓုခေါ်ရင်း မျက်ရည်ကိုကြိတ်ပြီးသုတ်ရှာ တယ် .. နင့်ဖေဖေကတော့တရားသမားပီသစွာပဲ တည်တည်  ငြိမ်ငြိမ်နဲ့နင့်ရဲ့အလှူကို သာဓုခေါ်ခဲ့တယ်..

၇။
နောက်ရက်တွေမှာတော နင့်ရဲ့ကျန်းမာရေးဟာ သိသိသာသာကိုဆိုးဝါးလာခဲ့တယ်.. ငါ လည်းအချိန်ရှိတိုင်းနင့်ဘေးမှာနေနိုင်ဖို့ကြိုးစား ခဲ့တယ်ဆိုတာ နင်သိပါတယ်စံပယ် ..

“ ရွှေရေး .. လုပ်စရာရှိတာလုပ်လေ.. ဘာဖြစ်လို့ငါ့နားမှာလာပြီး အချိန်ဖြုန်းနေတာလဲ.. နင်အရင်ကလို အဓိက နဲ့ အဓိက မဟုတ်တာ ကိုခွဲခြားမသိသေးဘူးလား ..ဒီမှာပဲအချိန် တွေ လာကုန်မနေနဲ့ .. ဂုဏ်ထူးတန်းတက်နေတဲ့ကျောင်းသူက ဒီလိုသာဆို စာမေးပွဲကို ဘယ်လိုဖြေမှာလဲ ..သွား စာဖတ်.. ညနေလောက်မှ ညလောက်မှ ခဏလာခဲ့ .. ”

နင်ဟာသူတပါးကို သိတတ်သူပီသစွာ ငါ့ကိုနင့်အနားမှာ အချိန်တိုင်းရှိမနေအောင်ပြောခဲ့ တယ်..

နောက်တစ်နေ့ နေ့လည်မှာတော့ ရဲရင့်ဆက်လာတဲ့ဖုန်းသံဟာ ဒီတစ်သက်မှာငါမကြားချင် ဆုံးစကားသံသာဖြစ်ခဲ့တယ်..

“မရွှေရေး .. ပန်းကလေးဆုံးပြီ တဲ့.. ”

ယောက်ျားတစ်ယောက်ရဲ့ငိုရှိုက်သံနဲ့ရောစွက်နေတဲ့စကား ငါ့ကိုဘယ်လောက်နာကျင်စေ မယ်ဆိုတာ နင်သိနိုင်မှာလား စံပယ် .. ထင်မှတ်ထားတာထက်ကို နင်ထွက်သွားတာစော လွန်းလှပါတယ် .. ရဲရင့်ဆီက ဖုန်းရရချင်း ငါနင့်အိမ်ကို အရောက်လာခဲ့တယ် .. ငါရောက် တော့မျက်ကြည်လွှာလာယူတဲ့သူတွေတောင်ရောက်နေခဲ့ပြီ စံပယ် ..

နင့်အနားမှာရပ်နေကြရင်း ဘယ်သူမှ စကားမပြောနိုင်ခဲ့ကြဘူး .. မျက်ကြည်လွှာလာယူ တဲ့သူတွေပြန်သွားပြီး မကြာခင်မှာပဲ နင့်ရဲ့ကျန်ခဲ့တဲ့ရုပ်ခန္ဓာကို အအေးတိုက်မှာထားဖို့ လာပြီးသယ်ယူသွားကြတယ် ..နင်ကတော့ငြိမ်းအေးစွာနဲ့ငါတို့ကို ထားခဲ့ပြီစံပယ် ..ငါတို့က တော့ ပူလောင်ခြင်းတွေနဲ့ကျန်ခဲ့တာပေါ့ ..ငိုကြွေးဖို့ကို သတိမရနိုင်အောင်ကို ငါတို့အားလုံး ဆို့နင့်ကြေကွဲနေရတယ်စံပယ် ..

နင့်ရဲ့နောက်ဆုံးခရီးဟာလှပစည်ကားလို့နေခဲ့တယ်.. စံပယ်ပန်းတွေဖွေးဖွေးလှုပ်နေတဲ့အ ဖြူရောင်ပန်းခြင်းတွေဟာ နင့်ကိုလှပစွာနှုတ်ဆက်နေကြတယ်လေ.. စံပယ်ရယ်..နောက် ဘဝ ဆက်တိုင်းမှာနင်ချစ်တဲ့သူတွေနဲ့သက်တမ်းစေ့နေနိုင်ပါစေလို့ငါဆု တောင်းပေးပါတယ်၊ မီးခိုးငွေ့တွေနဲ့အတူနင်ဘယ်ကိုများသွားမှာလဲလို့ ငါသိချင်လိုက်တာစံပယ် ..

၈။
နင် ငါတို့ကိုခွဲပြီးထားခဲ့တာ ဆယ်စုနှစ်တစ်စု ကျော်လို့နှစ်ခု နားတောင်နီးလာခဲ့ပြီ..ရဲရင့်က တော့ ငါတို့ထင်မှတ်မျှော်လင့်ထားတာထက် ကိုပိုပြီးနင့်ကိုချစ်မြတ်နိုးခဲ့တယ်..၊ နင့်သား ကလေးကိုဖခင်ကောင်းပီသစွာစောင့်ရှောက်ရင်းနောက်ထပ်အိမ်ရာ ကိုလည်းမထူထောင် ခဲ့ဘူးစံပယ်..၊ ပြီးတော့ နင့်မိဘတွေနဲ့နေရင်း နင်နေခဲ့တဲ့အိမ်ကလေးကိုလည်း နင်ရှိနေစဉ် ကအတိုင်း အထားအသို မပျက်ထားခဲ့တယ်..

ပြီးတော့ နင့်သားကလေးကိုလည်း နင်ဖြစ်ချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်အောင် နင်ချစ် တဲ့နင့်ခင်ပွန်းက သွန်သင်လမ်းပြနိုင်ခဲ့တယ် ..ခုဆို နင့်ရဲ့သားကလေး ကြည်လင်းလှိုင် က တတိယနှစ်ဆေးတက္ကသိုလ်ကျောင်သားကြီးဖြစ်နေခဲ့ပြီစံပယ် ..၊

နောက်ပြီး .. နင့်ရဲ့မျက်ကြည်လွှာကို ရရှိခဲ့ပြီး မျက်စိအလင်းရခဲ့တဲ့သူကလည်း ပထမနှစ် မှာစာဖတ်ရင်းမျက်စိကွယ်သွားတဲ့ဆေး ကျောင်းသားလေးတစ်ယောက်ပဲကွယ့် .. ပြီးတော့ အဲဒီကလေးဘယ်သူလဲဆိုတာ နင်သိရင်ပိုတောင်အံ့သြဦးမယ်စံပယ် .. ငါတို့ ကိုးတန်း ဆယ်တန်းတုန်းက ငါတို့ရဲ့ ဇီဝဗေဒဆရာ ရဲ့ သားကလေးပေါ့.. ဘာပဲဖြစ်ဖြစ် ဘယ်သူ့အ တွက်ရယ်လို့ရည်ရွယ်ပြီးလှူခဲ့တာ မဟုတ်ပေမယ့်ခုလို နင်ဖြစ်ချင်ခဲ့တဲ့ဆရာဝန်လောင်းလျာ လေးကိုပေးလိုက်ရတော့ ငါပိုပြီးကျေနပ်မိတယ်ဆိုရင် နင် ငါ့ကို ခုထိ ကလေး အတွေး တွေး တုန်းလားလို့ ပြောမှာလားစံပယ်..၊

၉ ။
စံပယ်.. နင်လှို့ဝှက်ထားပြီးနင့်ရဲ့မိသားစုကို ပေးမသိစေချင်တဲ့အကြောင်းတစ်ခုကို ငါ တသက်လုံး နင့်အတွက်လှို့ဝှက်ပေးထားပါ့မယ် .. နင်က ငါ့ကိုတောင်မှ ဘာမှမပြောပဲ မြိုသိပ်လှို့ဝှက်ခဲ့တာကိုးလေ..

သွေးအဆိပ်သင့်ပြီးနင့်ရဲ့ကိုယ်တွင်းကလီစာတွေနာမကျန်းဖြစ်နေတာကိုနိုင်ငံခြားမှာသွားကုရင်နင်အသက်ရှင်နိုင်တယ်ဆိုတာသိရဲ့သားနဲ့မိသားစုရဲ့စီးပွားရေးအခြေအနေကိုငဲ့ပြီး နင်မပြောရင်တောင်မှငါ့ကိုတော့နင်ပြောသင့်တာပေါ့ ၊နင့်မိသားစုသိသွားရင် ရှိသမျှကို ရောင်းချပြီးနင့်ကိုကုမယ်ဆိုတာနင်သိလို့ဘယ် သူ့ကိုမှ အသိမပေးဘူးဆိုတာလည်းငါသိပါ တယ်၊

ငါဘယ်လိုသိတာလဲလို့နင်သိချင်မယ်စံပယ်.. တကယ်တော့ နင့်ကို ကုတဲ့ ဆရာဝန်က ငါ့အစ်မနဲ့လက်ထပ်လိုက်တဲ့သူဖြစ်လို့ပဲ.. ဒါပေမယ့် .. ငါသိရတဲ့အချိန်မှာ အရာရာဟာ နောက်ကျခဲ့ပြီ.. နင် ငါတို့ကို ထားရစ်ခဲ့ပြီး ဖြစ်နေခဲ့ပြီ စံပယ် ..

၁၀။
စံပယ် ပွင့်တွေမြင်တိုင်း စံပယ်ဖြူလှိုင် ဆိုတဲ့ စိတ်ထားကောင်းပြီး သူတစ်ပါးကိုကူညီချင်တဲ့ သူတစ်ပါးအပေါ်မှာဘာ ၀န်တာမှမပိစေချင်ခဲ့တဲ့သူငယ်ချင်းမကလေးကို ကျွန်မအမြဲ သတိရနေမှာပါ .. ။  ။

ပျိုးယုဝသုန်
8:25:34 PM
5-10-2011
Wednesday (BNE )

No comments: