Thursday 20 October 2011

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ နေ့

လက်ဖက်ရည်တစ်ခွက်နဲ့
နေ့တစ်နေ့ရဲ့ထက်ဝက်ကို
ဖြတ်ဖို့ငါကြိုးစား
ဘယ်သူဘာများပြောမှာလဲ..

ငါးသုံးလုံးလား ဗီဂပ်စ်လား
လန်ဒန်နားလည်းမကပ်ရဲ
အိပ်ထဲရှိတဲ့ အသပြာ
အသေချာရေတွက်ရင်း
ဖက်ကြမ်းလေးနဲ့တင်းတိမ်မယ် ..

သုံးအိုးမြောက်အမှာ တွင်
မကြည်ရွှင်မျက်နှာထားနဲ့
ဆိုင်ရှင်ကို တမင်ဖား
စားပွဲထိုးသမားလည်း ရှိနေတယ်..

ဟိုငေး သည်ငေး
ရောက်တတ်ရာရာတွေးပြီး
ငြီးငွေ့စရာနေ့အကြောင်း
ကာရန်ပြောင်းဖို့စဉ်းစားတယ်..

ကမောက်ကမအတွေးတွေနဲ့
ပေါက်ကရတွေရေးထား
အနှောင့်အသွားမလွတ်တဲ့စာ
ဘယ်အယ်ဒီတာရွေးမှာလဲ ..

အတွေးရေအလျဉ်မှာ
ငါကိုယ်ငါနှစ်ရင်း
ကျေနပ်ခြင်းခဏတာ
ငါပိုင်ခဲ့ပါတယ် ..

တဒင်ဒင်မြည်လာတဲ့
နာရီစင်ရဲ့အသံ
၁၂နာရီထိုးပြန်ပြီ ..

လက်ကျန်ကိုမော့ရင်း
ငွေရှင်းမယ်အကြံမှာ
စာပွဲထိုးရဲ့အသံပြာက
ရေနွေးဖိုးသာ ယူမယ်ဆရာ..တဲ့

လက်ဖက်ရည်တစ်ခွက်နဲ့
နေ့ထက်ဝက်ကိုဖြတ်ကူး 
ဘယ်သူဘာပြောဦးမှာလဲ ....

ပျိုးယုဝသုန်
12:14:06 pm
19-10-2011
Wednesday ( BNE )

No comments: