Thursday 20 October 2011

ကမ္ဘာမြေရဲ့ အလင်္ကာ

မြေတလင်းပေမို့
ထွေခင်းလို့ကစားချင်
မငြိုငြင်-စိတ်ရွှင်လင်းအောင်
ခင်းလိုက်ပေါ့ရှင်
ကလေးတွေပျော်ရွှင်
ကြည်လင်ပါ့ရင်ထဲ
အတိုက်ခံရိုက်ခံထိပေလည်း
ဝမ်းမြောက်တာပဲ…

လူသားတို့တည်မှီရာ
နားခိုရာ အိမ်ယာဆောက်တယ်
နှောက်စိတ်မ၀င်ပါ
ရိပ်သာယာ
တည်စေပါအမြဲ
အနှစ်ခံ ခဲ သံ ခြစ်ပေလည်း
ဝမ်းမြောက်တာပဲ …..

ဝမ်းရေးရယ်မှအူစို
ရိက္ခာကို အကြိုထောက်ဖို့
စိုက်လိုက်ပါပျို
စိတ်မညို
ကျောပြင်ကိုဆင်ရဲ
အထွင်းခံ နင်းခံရပေလည်း
ဝမ်းမြောက်တာပဲ …

သက်တမ်းရယ်ကုန်
ဘဝစုံ နေဝင်ငြိမ်းတယ်
မှေးစက်ခိုလှုံ
အပြစ်မပုံ
လုံခြုံရာရင်ထဲ
အဝှက်ခံ လက်ခံရလျင်လည်း
ဝမ်းမြောက်တာပဲ  ..

ပျိုးယုဝသုန်
10:50:16 PM
13-10-2011
Thursday ( BNE )

No comments: