Monday 3 October 2011

ထာဝရ စီးဆင်းခဲ့လေသော


အမေ .. လု့ဘဝတစ်ခုကိုရရှိဖို့ထက် လူ့ပြည်ကအပ်တစ်စင်းနဲ့ဗြဟ္မာပြည်ကအပ်တစ်စင်း ထိတွေဖို့ကပိုလွယ်တယ် ဆိုတဲ့ စကားကိုလက်ကိုင်ထားပြီးကျွန်တော့်ကို လူ့လောကထဲ ကို အခက်အခဲအမျိုးမျိုးကိုရင်ဆိုင်ပြီး ခေါ်လာခဲ့တဲ့ အမေ့ကို ကျွန်တော် ရိုသေမြတ်နိုးစွာနဲ့ ရှိခိုးဦးချ ကန်တော့ပါတယ်..


၁။

အမေ့ဝမ်းကြာတိုက်မှာ ကျွန်တော်စတင်ခိုလှုံနေတာကို အမေ သိတဲ့အချိန်မှာခံစားခဲ့ရတဲ့ အမေ့ရဲ့စိတ်လှုပ်ရှားခြင်း နဲ့ ကြင်နာသနားခြင်းကိုကျွန်တော်လက်ခံရ၇ှိခဲ့ပါတယ် အမေ၊ ပြီးတော့ဖြစ်တည်လာတဲ့ရဲရင့်ခြင်းတွေကိုလည်း ကျွန်တော်ခံစားနာလည်ခဲ့ရတယ်၊ အမေနဲ့ ကျွန်တော့်ရဲ့ အဖေ ဆိုသူတို့ အပြန်အလှန်ပြောဆိုနေကြတဲ့စကားတွေကိုလည်း အမေ့ဝမ်း ဗိုက်မှာနားကပ်ထားရင်ကျွန်တော် ကြားနေခဲ့ရတယ် ..

“ မြ မှာရှင်နဲ့ရတဲ့ ရင်သွေးကလေးရှိနေခဲ့ပြီ ကိုလင်း.. ”

“ ဘယ်လို .. မင်းကွာ .. ခေတ်ပညာတတ်မိန်းကလေးတစ်ယောက်ဖြစ်ပြီးဒီလောက်တောင် တုံးရသလား.. ”

အမေ့ရဲ့တိုးတိတ်ညင်သာတဲ့စကားနဲ့ဒေါသသံ အနည်းငယ်စွက်နေတဲ့ အဖေ့ရဲ့စကား..

” ခုလောလောဆယ် ကိုယ်တို့လက်ထပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်သေးဘူး မြ ရယ် .. ဒီတော့ ခု မြရဲ့ကိုယ်ဝန် ကိုရှင်းလိုက်ပါလား.. ကလေးကလည်း လူသားအဖြစ် ရောက်သေးတာမ ဟုတ်ဘူးလေ.. မြ အတွက်လည်း အသက်အန္တရာယ်မရှိအောင် ကိုယ် စီစဉ်ပေးပါ့မယ်.. နော် .. ဒါက မြနဲ့ ကိုယ်တို့ရဲ့ ရှေ့ရေးကောင်းဖို့ပါကွာ ..”

“ ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲ ကိုလင်းရယ် ..  မဖိတ်ခေါ်ပဲရောက်လာခဲ့ပေမယ့် သူလေး လည်း လူသားအလောင်းအလျာ လေးပဲလေ ..ပြီးတော့ သူ့ဘာသာသူအလိုအလျောက် ရောက်လာတာလည်း မဟုတ်ဘူး .. မြ နဲ့ ကိုလင်း ရဲ့သွေး ၂ခုပေါင်းစပ်လို့ဖြစ်တည်လာတဲ့ ကလေးတစ်ယောက်ကို မြ မပြစ်ပယ်နိုင်ဘူး ..”

အဖေ့ရဲ့ဒေါသစွက်တဲ့ဖျောင်းဖျ တဲ့စကားနဲ့ အမေ့ရဲ့ နူးညံ့သလောက်ပြတ်သားတဲ့စကားသံ တွေ ကို နားထောင်ရင်း ဝမ်းနည်းအားငယ်ရတာကကွန်တော်ပါ အမေ ၊ အမေ့ကို သနား လှသလို၊ အဖေ့ကိုလည်းကျွန်တော်တောင်းပန်ချင်ခဲ့ပါတယ် ..

၂။

“ မြ .. မင်းရဲ့ဆုံးဖြတ်ချက်ကို မပြင်နိုင်တော့ဘူးလား ..”

“ မပြင်နိုင်တော့ပါဘူးကိုလင်း .. ကျွန်မ လူစိတ်ရှိတဲ့ လူ စစ်စစ်တစ်ယောက်ဖြစ်ချင်တယ် .. ဘာမှ အပြစ်မရှိတဲ့ ကလေးတစ်ယောက်ကို လူ့လောကထဲကို ၀င်ရောက်မလာဖို့ မြ မပစ် ပယ်ရက်ဘူး .. ပြီးတော့ သူကလေးကလည်း တခြားသူ မဟုတ်ဘူး .. ကိုလင်းနဲ့ ကျွန်မတို့ ရဲ့သွေးကဖြစ်လာခဲ့တဲ့သူကလေး .. မြ မရက်စက်နိုင်ဘူး ကိုလင်း ..”

“ မင်းကွာ .. ကိုယ့်အခက်အခဲတွေကို မင်းကို ရှင်းပြပြီး တောင်ပန်နေတာပါ.. ခုလောလော ဆယ် ဘယ်လိုမှ မြ ကို ကိုယ်လက်ထပ်လို့မရဘူး.. ကိုယ့်ရဲ့အလုပ်က ကိုယ့်အတွက်တက် လမ်းတစ်ခုဖြစ်တဲ့ နိုင်ငံခြားကို နောက်လထဲမှာသွားဖို့ကိုယ့်ကိုရွေးထားတာ မင်းလည်းအ သိပါ .. ပြီးတော့ဒီ လုပ်ငန်းခွင်ဝင်နေတဲ့ ပထမ ၄နှစ်အတွင်းမှာ အိမ်ထောင်မပြုရဆိုတဲ့ စည်းကမ်းပါတာ မြ လည်း အသိပါ .. ဒီကလေး ကြောင့် ကိုယ့်ရဲ့အိပ်မက်တွေကို ပစ်ချ လိုက်ရတော့မှာလား.. မဖြစ်နိုင်ဘူးမြ .. ဒီတော့ မင်း တခုခု ကိုယ့် အတွက် စဉ်းစားပေးပါ .. ပြီးတော့ ယောက်ျားမ ရှိဘဲ မင်းဒီကလေးကို ဘယ်လိုမွေးမလဲ .. မင်းရဲ့ ဂုဏ်သိက္ခာ ကိုရော မင်းထည့်မတွက် တော့ဘူလား .. ”

“ ဂုဏ်သိက္ခာ ဟုတ်လား .. ကိုယ့်ရင်သွေးကို ကိုယ်မွေးတာ ဂုဏ်သိက္ခာ မဲ့တယ်တဲ့လား.. အဖေ မရှိပဲကလေးတစ်ယောက်ဖြစ်မလာနိုင်ပါဘူး ကိုလင်း .. ကိုယ့်ရင်သွေးကို မမွေးရဲပဲ ဖျက်ချတာက ပိုပြီးဂုဏ်သိက္ခာရှိမယ်လား .. မြ ကလည်း ကိုယ့် ကို လက်ထပ် မယူနိုင် သေးပါဘူးဆိုတဲ့သူကို အတင်းအကျပ် မတောင်ဆိုပါဘူး.. ကိုလင်းအတွက် အကောင်းဆုံး ဖြစ်စေရမယ် .. ဘယ်သူမှ ဘာအတွက်နဲ့မှ နောင်တမရကြေးပေါ့ ကိုလင်း ..”

စိတ်ပျက်လက်ပျက်နဲ့ပြောနေတဲ့ အဖေ့ရဲ့စကားတွေကို အမေကတော့ကျွန်တော့်အတွက် ရပ်တည်ရင်းပြတ်ပြတ်သားသား ပြန်ပြောခဲ့တယ်..

ဒီလိုနဲ့ အမေ နဲ့အဖေ ဟာ ကျွန်တော့်အတွက်စကားစစ်ဆင်နွဲရင်း တစ်နေ့မှာတော့ အဖေ ဟာ ကျွန်တော်နဲ့ အမေ့ကို ထားခဲ့ပြီး မိုင်ပေါင်းများစွာဝေးတဲ့ နိုင်ငံခြားဆိုတဲ့နေရာဒေသ တစ်ခုဆီကို ထွက်သွားခဲ့တယ်..၊ အမေကလည်း အဖေ့ကို ဆက်သွယ်မှုအလျင်းမလုပ်ပဲ နာကျင်စွာရပ်တည်နေခဲ့တယ်..၊

၃။

အဖေသွားကာစမှာ မျက်ရည်တွေနဲ့ အားငယ်ဝမ်းနည်းနေတဲ့အမေဟာ ကျွန်တော့ကို စကားလှမ်းလှမ်းပြောပြီး သူ့စိတ်ကို သူအားတင်ရှာတယ်၊

“ ကလေးရေ ..အားမငယ်နဲ့ကွဲ့ .. မင်းအတွက်မေမေတစ်ယောက်လုံးရှိတယ်  .. ” တဲ့

အမေဟာကျွန်တော့်ကို သမီးလေးမှန်းသားလေးမှန်းမသိခင်အချိန်ကာလကပင်ကြင်နာစွာ စောင့်ရှောက်ခဲ့တယ်.. အမေ အင်မတန်နှစ်သက်တဲ့ အပူအစပ် အစားအစာတွေကိုလည်း ကျွန်တော့်ကို ငဲ့ပြီး အမေရှောင် ရှားခဲ့တယ်၊ ပြီးတော့ အမေ အလွန်ပဲ မကြိုက်လှတဲ့ နွားနို့၊ ဒိန်ချဉ်ဆိုတာတွေကို ကျွန်တော်ကျန်းမာအောင်ဆိုပြီး အမေအောင့်အီးပြီးစားခဲ့တယ်..၊

ကျွန်တော့်အမေ ဟာ ပြည့်စုံချမ်းသာကြွယ်ဝတဲ့ မိသားစုကဆင်သက်လာသူမဟုတ်တဲ့ အလျောက် သူမရဲ့နေထိုင်စားသောက်ရေးအတွက် ကျွန်တော့်ရဲ့ရှေ့ရေးအတွက်တဖြည်း ဖြည်းထွားကြိုင်းလာတဲ့ ကျွန်တော့်ကိုလွယ်ပိုးရင်း သူမရဲ့လုပ်ငန်းခွင်မှာ ကျရာတာဝန်ကို ထမ်းဆောင်နေခဲ့တယ်.. အမေတစ်ခု သမီးတစ်ခုသာရှိတဲ့ အမေတို့မိသားစုလေးမှာကျွန် တော် ကတတိယမြောက် မိသားစုဝင် ကလေးပေါ့၊ ကျွန်တော့်အဖွားဖြစ်တဲ့ အမေ့ရဲ့အမေ ကတော့ တစ်ခါတစ်ရံမှာ ကျွန်တော့်ကို မနှစ်သက်နိုင်သလို အမေ့ကိုပြောဆိုခဲ့ပါတယ်..၊

“ မြရယ် ..ဒီကလေးက ခိုက်သလားမသိဘူးအေ ..သူ့ကို စရှိတာနဲ့ ညည်းလည်း မောင်လင်း နဲ့ ဝေးရတယ်.. ပြဿနာတွေကြုံရတယ် .. ခုလည်း တရားဝင်ယောက်ျားမရှိပဲ ဒီကလေးကို ညည်းမွေးရဦးမယ်.. ဒီကလေး ကြီးတဲ့အထိ ညည်းဘယ်လောက်  ရုန်းကန်ရဥိးမယ်ဆိုတာ ညည်း ခန့်မှန်းမိရဲ့လား .. ငါ့သမီးရယ်.. ညည်းဆီမှာဘယ်လို စိတ်ကူးတွေရလာတာလဲအေ ..”
ဆိုတဲ့ အဖွားရဲ့ စကားကို အမေက

“ ဒီလို မြရဲ့ ကလေးကို မပြောပါနဲ့ အမေ .. သူကလေးရှိလာတဲ့ အချိန်မှာပဲ သူ့အဖေဆိုတဲ့ သူ သိပ်မက်မောတဲ့ နိုင်ငံခြားဆိုတဲ့နေရာကိုသွားခွင့်ရခဲ့တာလေ.. ကိုယ့်ရင်သွေးကိုမှ မခင်တွယ်တတ်တဲ့ ယောက်ျားတစ်ယောက်ကို မြ ဘာကြောင့် ကိုယ့်ကလေး ကိုယ်သတ် ပြီး လိုက်လျောရမှာလဲ .. မြ ကလေးလေး အတွက် မြ တစ်ယောက်လုံးရှိတယ် အမေ .. မြ ဆီမှာ မြရဲ့ ကလေး အတွက် အားအင် တွေ အများကြီး ရှိတယ် ..ဒါဟာမိခင် တစ်ယောက် ရဲ့သတ္တိတွေပေါ့ .. အမေ  မြ အပေါ်မှာ ထားတဲ့ စေတနာလိုပဲမြလည်း မြရဲ့ ကလေးလေး အပေါ်မှာထားတယ် အမေ.. မြ ရဲ့ အမှားကို မြ ခံမယ် .. ဒီအမှားဟာ မြကလေးကို မထိ ခိုက်စေရဘူး .. မြရဲ့ ကလေးမှာ အဖေရှိတယ် .. ဒါ မြ ရှက်ရမှာ မဟုတ်ဘူး ..ကိုယ့်တာဝန် ကိုယ် မယူရဲတဲ့ သူက ရှက်ရမှာ .. ဒါကြောင့် မြရဲ့  ကလေးကိုခိုက်တယ်လို့ မပြောပါနဲ့ အမေ..   ”    လို့ပြန်ပြောခဲ့တယ် ..၊

၎။

ဒီလိုနဲ့ အမေဟာ ကျွန်တော့်ကိုလွယ်ပိုးရင်း ကျွန်တော့်ကျန်းမာရေးကို အမြဲမပြတ်ကြည့်ရှု ရင်း ညနေအားချိန်နားနေချိန်တွေမှာ လမ်းလျောက်ရင်းနဲ့အချိန်အချို့ကိုကျော်ဖြတ်ခဲ့တယ်၊

ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်လာတဲ့ စကားအချို့ကို အံကြိတ်သည်းခံရင်း .. ပြန်ပြောသင့်တာ ကိုပြန်ပြောရင်း လုပ်ငန်းခွင်ရဲ့တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ရင်း ညဘက် တွေမှာပရိတ်တရားတော်နဲ့ပဌန်းဒေသနာတော်တွေကို နာကြားရင်း ကျွန်တော်လူ့လောက ထဲကို ချောချောမွေ့မွေ့သက်သက်သာသာရောက်ရှိလာဖို့ဆုတောင်းနေခဲ့တယ်..၊
သားဖွားဆရာမနဲ့ လစဉ်လတိုင်းတွေ့ဆုံပြီး ဆရာမရဲ့ညွှန်ကြားချက်အတိုင်း နေထိုင်စား သောက်နေတဲ့ကျွန်တော့်ရဲ့အမေ ဟာ ကျွန်တော့်ကိုလွယ်ပိုးထားရခြင်းအတွက် ပင်ပန်း ခြင်းကိုတော့ခံစားနေရရှာတယ် ..

“ ကျောတွေညောင်းလိုက်တာ အမေရယ် .. ခဏလောက်ဖြစ်ဖြစ် မှောက်အိပ်ရရင်ကောင်း မှာပဲ  .. ” လို့ အဖွားကို တခါတလေပြောနေတာကိုကျွန်တော်သိခဲ့ရတယ် ..

ဒီလိုနဲ့ကျွန်တော် တဖြည်းဖြည်း လူ့လောကထဲ ရောက်လာခါနီးအချိန်မှာ အမေဟာကျွန် တော့်ကိုရော သူမကိုယ် သူမပါ ပိုပြီးဂရုပြုစောင့်ရှောက်ခဲ့တယ်.. မို့ဖောင်းလာတဲ့ခြေ ထောက်တွေကို ဆေးလိမ်းရင်း အင်္ဂုလိမာလ သုတ်တော် ကို တဖွဖွ ရွတ်ရင်း ကျွန်တော် မွေးဖွားလာမယ့် အချိန်ကို စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့အမေဟာ စောင့်နေခဲ့တယ်..

တခါတရံမှာတော့ အမေဟာ ဟိုးအဝေးကိုကြည့်ရင်းငေးမောနေလေ့ရှိတယ်.. အထူးသ ဖြင့် ကျွန်တော့်ကိုမွေးဖွားဖို့ အလုပ်က ခွင့်ရက်ရှည်ယူပြီးနောက်ပိုင်းရက်တွေမှာပေါ့ .. အမေ..အဖေ့ကိုသတိရနေသလား.. ဒါမှမဟုတ်ရှေ့ကိုဆက်ရမယ့် ကျွန်တော်တို့သားအမိ ရဲ့ရှေ့ရေးကိုတွေးပြီးစိတ်ပူပင်နေတာလား..၊ အမေ ဒီလိုမှိုင်တွေပါနေတာကို မြင်ရတဲ့အခါ ကျွန်တော့်ရဲ့အဖွားက

“ သမီး မြ .. ညည်းနောင်တရနေတာလား ..” လို့ အမေ့ကိုမေးလာတယ်..

“ မဟုတ်ပါဘူးအမေ .. ကျွန်မကလေးကို သူ့အဖေအကြောင်း ပြောပြသင့်မသင့် စဉ်းစားနေ တာပါ.. ဘယ်လိုပဲဖြစ်ဖြစ် သမီးကလေးမွေးလာရင် သူ့အဖေ လိုယောက်ျားမျိုးနဲ့ မတွေ့ရ အောင် ကျွန်မလို မမိုက်မဲအောင်ဆုံးမသွန်သင်ရမယ် အမေ.. တကယ်လို့ သားလေးမွေး လာရင် သူ့အဖေလို တာဝန်မယူတတ်တဲ့ ကိုယ်ကျိုးကိုကြည့်ပြီး ရင်သွေးကို မျက်ကွယ်ပြု ရက်တဲ့သူမျိုးဖြစ်မလာအောင် သေသေချာချာ ဆုံးမရမယ် ..ကျွန်မ မှာ ကျွန်မကလေးနဲ့ ပတ်သက်ပြီး နောင်တမရှိပါဘူး  အမေ .. ”

၅။

အေးချမ်းလှတဲ့ နိုဝင်ဘာလရဲ့ ဒုတိယ အပတ်မှာကျွန်တော်ဟာ လူ့လောကထဲကိုချောမွေ့ စွာေ၇ာက်ရှိလာခဲ့ပါတယ်.. ကျွန်တော့်ကိုမွေးဖွားနေစဉ်မှာ နာကျင်ခြင်း၊ မောပန်းခြင်း တွေကို ခံစားနေခဲ့ရတဲ့အမေဟာ အဖွားရဲ့

“ယောက်ျားလေး  မြရေ ..ယောက်ျားလေးကွယ့်.. ဖွံ့ဖွံ့ထွားထွားကြီးကွယ် .. ခြေလက် အင်္ဂါ အကုန်ပြည့်စုံတယ်သမီး .. ခဏလောက်အိပ်လိုက်နော် .. စိတ်ချလက်ချအိပ် .. ကလေးက ကျန်းကျန်းမာမာပဲ .. ” ဆိုတဲ့စကားကို

“ မအိပ်ချင်ပါဘူးအမေ.. မြ ရဲ့သားလေးကို မြဆီ ကိုပေးပါဦး .. မြကြည့်ချင်လို့ပါ ..” လို့ပြန်လည်ပြေဆိုခဲ့တယ် ..၊

သူနာပြုဆရာမလေးက အနှီးဖြူဖြူကလေးနဲ့ထုပ်ပိုးထားတဲ့ကျွန်တော့်ကိုသယ်ယူလာပြီး အမေ့ကိုပေးတော့ အမေကညင်သာ စွာနဲ့ကျွန်တော့်ကို လက်ခံယူခဲ့ရင်းရင်ခွင်မှာ ထွေးပိုက်ခဲ့တယ်.. အမေ.. အမေ့ရငိခွင်နဲ့ အမေ့လက်တွေဟာ ဘယ်သူနဲ့မှာ မတူအောင် ကျွန်တော့်အတွက်ညင်သာနူးညံ့လွန်းနေခဲ့ တယ်.. အမေကတော့ကျွန်တော့်ကို သူမရဲ့ ရင်ခွင် မှာထားရင်းစကားတွေဆိုနေခဲ့တယ် ..

“သား ..လူလေး .. မင်းဟာ အမေ့အတွက်အားအင်တွေ ပါပဲကွယ် ... မင်းရှိနေမှတော့ အမေ့ရဲ့ အနာဂါတ်ကာလတွေကလည်း တောက်ပနေပြီကွယ့်.. မင်းအတွက် ဆိုတဲ့ အတွေးကလေးနဲ့တင် အမေ လူဖြစ်နေရတာကို ကျေနပ်နေခဲ့ပြီ.. သားအတွက် တောက်ပ တဲ့ လှပတဲ့ အနာဂါတ်ကာလတွေကိုထုဆစ်ဖန်တီးပေးဖို့ အမေ အဆင်သင့်ဖြစ်နေခဲ့ပြီ ကလေးရေ ..”

၆။

ကျွန်မဘဝမှာကျွန်မရဲ့ သားကလေးကိုပိုင်ဆိုင်ခွင်ရတဲ့ အချိန်ကနေစလို့ ဘဝမှာ ဘာမှ မလိုအပ်လောက်အောင်ပြီးပြည့်စုံခဲ့ပါပြီ..

ရက်သားကလေးသာရှိသေးတဲ့ သူကလေးရဲ့ရှေ့ရေးကိုတွေးကြည့်ပုံဖော်ရင်နဲ့လည်းကျွန်မ ကျေနပ်မှုပိတိဆိုတာကိုလည်း ခံစားနားလည်တတ်ပါပြီ .. သူကလေးရဲ့ ဘဝကို အကောင်း ဆုံးဖြစ်အောင်ထုဆစ်ပေးဖို့လည်းကျွန်မဟာဝါရင့်ပန်းပုဆရာ တစ်ယောက်လိုအဆင်သင့် ဖြစ်နေခဲ့ပြီ ..

သားတို့ရုပ်ရည်  သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း  .. ဆိုတဲ့ အတိုင်း သားကလေးရဲ့နုနုထွေးထွေးမျက်နှာကလေးဟာ ကျွန်မရဲ့ ရင်ကို အတိုင်အဆမရှိ အေးချမ်းစေခဲ့ပါတယ်လို့ ပြောရင် ကျွန်မကို အကဲပို အဖြစ်သည်းတယ်လို့များ ဆိုကြ မှာလားရှင်..

ပျိုးယုဝသုန်
11:46:13 PM
28-09-2011
Wednesday ( BNE )

No comments: