Tuesday 30 August 2011

တိမ်တိုက်ထဲကပန်းတစ်ပွင့်

၁။

အလင်းရောင်နေခြည်နွေးနွေ;က အိပ်ခန်းပြတင်းကနေ နုနွဲ့စွာနဲ့ဝင်လာကြတယ်.. အပူရှိန်မပါတဲ့ အလင်းရောင်ကြောင့်ကျွန်မ စိတ်လက်ကြည်သာစွာနဲ့ အိပ်ရာကနိုးထလာခဲ့တယ် .. ခေါင်းတွေ လည်းကြည်လင်နေပါရဲ့.. နံဘေးအိမ်မှာမွေးထားတဲ့ ကြက်ပေါက်စငှက်ပေါက်စတွေရဲ့အသံတွေက လည်းဆူညံမနေပဲ စိတ်ကို ပျော်ရွှင်နေစေခဲ့တယ် .. အို . ဒီနေ့မနက်ဟာ အ၇င်နေ့တွေနဲ့မတူ အောင်ကို သာယာလှပနေတာပါပဲ  ..


မျက်နှာသစ်ပြီ မှန်တင်ခုံရှေ့ဝင်ထိုင်ရင်း သုံးဖက်မြင်မှန်ပေါ်မှာပေါ်ပေါက်လာတဲ့အရိပ်တခုကို နှစ် လိုစွာငေးကြည့်မိတယ်.. အသက်ဆယ့်ရှစ် ဆယ့်ကိုနှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ရဲ့နုနယ်ပျိုမြစ်တဲ့လှပတဲ့မျက်နှာတစ်ခုကို မြင်တွေ့ရတယ် . အို.. ဒီမျက်နှာပိုင်ရှင်ဟာ ကျွန်မကိုယ် တိုင်ပဲဖြစ်နေတာပဲ .. မိတ်ကပ်ပါးပါးကို အသာအယာတင်ပြီး အလှပြင်ဆင်ခြင်းကိုစတင်အကောင် အထည်ဖော်လိုက်တယ် .. များမကြာမိအချိန်အတွင်းမှာပဲ ကျေနပ်တဲ့ အလှပြင်ဆင်ခြင်းကိုရရှိခဲ့ တယ် .. ပတ္တမြားရောင်နှုပ်ခမ်းသွေးစိုစိုနှင့်  လိုက်ဖက်ညီတဲ့ အနီရောင်ရင့်ရင့် ပိုးပျော့ပျော့ဝတ်စုံကို ထုတ်ယူဝတ်ဆင်လိုက်တယ် .. ရဲရင့်တောက်ပတဲ့ အသွင်သဏ္ဍန်ရှိတဲ့ မိန်းမပျိုလေးတစ်ဦးရဲ့ ပုံရိပ် ကို နောက်ဆုံးအနေနဲ့ မှန်ထဲမှာကြည့်ရင်း ကြက်သွေးရောင် ပခုံးလွယ်အိတ်ကိုလွယ်ပြီးအခန်း အပြင်ဘက်ကိုလှမ်းထွက်ခဲ့တယ် .. ဖိနပ်စင်မှာရှိနေတဲ့ ကြက်သွေးရောင်ကြိုသိုင်းဖိနပ်လေးကို စီးပြီး အပြင်ကို တလှမ်းခြင်း လှမ်းလျောက်ထွက်လာခဲ့တယ် ..

ကျွန်မတို့ရဲ့အိမ် အနီးမှာရှိတဲ့ ပန်းခြံလေးအတွင်းကို လျောက်ဝင်ခဲ့တယ်.. မနက်ခင်းအချိန်တွေရဲ့ ထုံးစံအတိုင်း ပန်းခြံကလေးထဲမှာ လမ်းလျောက်သူတွေ အားကစားလေ့ကျင့်သူတွေ.. ကစားနေ တဲ့ကလေးသူငယ်တွေနဲ့ စည်ကားလို့နေခဲ့တယ်.. ကျွန်မလှမ်းလျောက်ဝင်လာတယ်ဆိုရင်ပဲ အားလုံးရဲ့မျက်ဝန်းတွေက ကျွန်မအပေါ်ကိုရောက်ရှိလာကြတယ်.. ပြုံးပြနှုတ်ဆက်ကြတဲ့သူတွေ ကို အသာအယာ ပြန်လည်ပြုံးပြရင်း အိနြေ္ဒမပျက်စေတဲ့ခြေလှမ်းတွေနဲ့ တလှမ်းခြင်း ဆက်လျောက် လာခဲ့တယ် .. ပန်းခြံလေးထဲမှာရှိနေတဲ့ ရေကန်လေးနားအရောက်မှာတော့ ရေကန်ထဲမှာမြင်နေရ တဲ့ ငန်းဖြူဖြူတွေနဲ့ဘဲတွေကို ရပ်ပြီးငေးကြည့်နေမိတယ်.. အို .. အရမ်းကို သာယာလှပတဲ့ မနက်ခင်းကလေးပါပဲလေ.. မျက်နှာချင်းဆိုင်က လှမ်းလျောက်လာတဲ့ ကျွန်မနဲ့ အရွယ်တူကောင် ကလေးတွေရဲ့ မကြားတကြား လှမ်းစသံကို မကြားဟန်ပြုပြီး ရေကန်ထဲကပျော်ရွှင်စွာဆော့ကစား နေတဲ့ရေငှက်တွေကိုငေးကြည့်နေလိုက်တယ် ..

“အို ..ကြည့်စမ်း .. ဒေလီယာ ..  မင်းက ဒီမှာရောက်နေတာကိုး ..  ငါ့မှာလိုက်ရှာလိုက်ရတာ နေ ရာတွေကိုနှံ့နေတာပဲ .. ကဲ..ကဲ .. ပြန်ကြရအောင်နော် .. ဒီမနက် ရာသီဥတုက နဲနဲပူနွေးနေတော့ မင်းလည်း လမ်းတွေလျောက်ရတာ ပင်ပန်းနေရောပေါ့ ..မင်းက သိပ်လည်းနေကောင်းတာမဟုတ် ပဲနဲ့ .. ”

အသံသြသြကြီးကြောင့်လှည့်ကြည့်လိုက်တော့ အိမ်က အဖိုးကြီး ဦးမင်းလွင် .. ဒီအဖိုးကြီးကလေ နေရာတကာပါတယ်.. ကျွန်မသွားချင်ရာမသွားရ နေချင်ရာမနေရ ပဲ အမိန့်တွေလိုက်လိုက်ပေးနေ တဲ့လူကြီး.. ကျွန်မ မှအိမ်ကထွက် မလာနဲ့ ..ခဏဆို ကျွန်မကိုလိုက်ရှာပြီ .. စောစောက ကြည်လင် နေတဲ့စိတ်ကလေးလည်း ဒီအဖိုးကြီးကြောင့် နောက်ကျိလို့လာခဲ့တယ် ..

“ကျွန်မ နေကောင်းပါတယ်ဦးမင်းလွင် .. ကျွန်မအေးအေးဆေးဆေးတစ်ယောက်ထဲလမ်းလျောက် ချင်လို့ထွက်လာတာ ..ကျွန်မကို ခုလို လိုက်လိုက် မရှာပါနဲ့ .. ကျွန်မ အိပ်ပြန်တတ်တယ် .. ကလေး လည်းမဟုတ်ဘူး .. ကဲ .. ဦးမင်းလွင်ရှေ့က သွားနှင့်ပါ .. ကျွန်မလိုက်လာပါ့မယ်..”

စိတ်မကြည်လင်စွာနဲ့ပဲ အဖိုးကြီး ဦးမင်းလွင်ရဲ့ ခပ်လှမ်းလှမ်းက လိုက်ပြန်လာခဲ့တယ် .. အဖိုးကြီး ကတော့ စိတ်မချစွာနဲ့ နောက်လှည့် တကြည့်ကြည့်နဲ့ပေါ့ .. ဒီလို တရားလွန် ဂရုစိုက်တာမျိုးကို ကျွန်မအလွန်စိတ်ပျက်မိတယ် ..

အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲက ကုလားထိုင်မှာ ၀င်ထိုင်နေတုန်း အဖိုးကြီး ဦးမင်းလွင်က ရေ အေးအေးတစ်ခွက်ကိုယူလာပေးတယ် .. ခွက်တစ်ဝက်စာလောက်မော့သောက်ပြီး .. “ကျေးဇူးပဲ ဦးမင်းလွင် ”လို့ ပြန်ပြောဖြစ်တယ် .. အနည်းငယ်မောပမ်းနေတာကြောင့် ရေအေးအေးဟာ ကျွန်မ ကို တကယ်ကိုလန်းဆန်းစေပါတယ်..

“ ခဏထိုင်ပြီးရင် အ၀တ်အစားလဲပြီး ခဏလောက် အနားယူလိုက်နော် ဒေလီယာ .. မင်းသောက်ရ မယ့်ဆေးတွေ မင်းအခန်းထဲကိုလာပို့ပေးမယ် .. ” 
ဆိုတဲ့ စကားကို ခေါင်းအသာဆတ်ပြရင်း “ကောင်းပါပြီ ..” လို့တိုတိုပဲပြန်ဖြေခဲ့တယ်..

အိပ်ခန်းထဲပြန်ရောက်လို့ ပေါ့ပေါ့ပါးပါး အ၀တ်တစ်စုံကို လဲလှယ်ပြီးမကြာခင်မှာပဲ တံခါးခေါက်သံ နှင့်အတူ ဦးမင်းလွင်ရောက်ရှိလာတယ် .. စားစရာ အနည်းငယ်နှင့် သောက်စရာဆေးအချို့ကို ဗန်းကလေးနဲ့ ယူလာတဲ့ အဖိုးကြီးကို လှည့်ကြည့်ရင်း အားနာ သနားသွားခဲ့တယ်..

စားစရာတွေကို စားသောက်ပြီးဆေးသောက်နေတဲ့ ကျွန်မကို အဖိုးကြီးကတော့ ငြိမ်သက်စွာထိုင်ခုံ ကလေးပေါ်မှာ ထိုင်ရင်း စောင့်နေခဲ့တယ် .. ကျွန်မဆေးသောက်လို့ပြီးတော့ ဗန်းကလေးကို ယူပြီး အခန်းထဲက အသာအယာပြန်ထွက်သွားခဲ့တယ် .. အခန်းတံခါးကိုလည်း ညင်သာစွာစေ့ပိတ်သွား လေတဲ့အဖိုးအိုကိုကြည့်ရင်း ကျွန်မမျက်လုံးတွေလေးလာခဲ့တယ်..

၂။

အိပ်ရာထက်မှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ဒေလီယာ ကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းခြင်း ကြီးစွာခံစားနေရပါတယ် .. ခုလိုဝေဒနာမျိုး သူမလေးမှာမှဘာကြောင့်များ ဖြစ်နေရတာလဲလို့ မကြာ ခဏစဉ်းစားမိခဲ့တယ်.. ဘာကိုမှ မမှတ်မိလောက်အောင် သူမရဲ့အသိဥာဏ် မှတ်ဥာဏ်တွေဟာ မကြာခဏ ပျောက်ဆုံးနေခဲ့တယ် .. အိပ်စက်နေတဲ့သူမရဲ့အိပ်ရာကုတင်ဘေးမှာရှိတဲ့ ကုလားထိုင် လေးမှာထိုင်နေရင်း သူမကိုငေးကြည့်နေခဲ့တယ် ..ဒေလီယာ မြန်မြန်နေကောင်းပါစေလို့ဆုတောင်း ရတာလည်း အခါခါရှိခဲ့ပြီ ..
ဒေလီယာကို ကုသပေးနေတဲ့ ဆရာဝန်ကလေးရှိရာဆီ ဖုန်းဆက်ရဦးမှာမို့ တယ်လီဖုန်းရှိရာဧည့်ခန်း ထဲကို လှမ်းလာခဲ့တယ် ..

“ ဆရာလေး ရေ .. ဒေလီယာကတော့ ခုမနက်မှာ ထွက်သွားပြန်ပြီ .. အဲဒါ ကျွန်တော်လိုက်ရှာခေါ် ပြီး ဒီလိုဖြစ်လာရင် တိုက်ဖို့ဆရာလေးပေးထားတဲ့ ဆေးကို တိုက်ထားတယ် ..ခုတော့ အိပ်မောကျ နေလေရဲ့ .. ဆရာလေးအချိန်ရမယ်ဆို ခဏလောက်လာကြည့်ပေးပါလား.. ကျွန်တော်စောင့်နေပါ့ မယ် .. ”

“မကြာခင်လာခဲ့ပါ့မယ်...”ဆိုတဲ့ ဆရာဝန်ကလေးရဲ့အဖြေစကားကြောင့် ဧည့်ခန်းမှာ စိတ်ဇောကြီး စွာနဲ့ ထိုင်စောင့်နေခဲ့တယ် ..

မကြာခင် အချိန်ကလေးအတွင်းမှာပဲ ဆရာဝန်ကလေးရောက်လာခဲ့တယ် ..

“ခုလိုဖြစ်တာ ဘယ်လောက်ကြပြီလဲ အန်ကယ်”

“ခုတစ်လအတွင်းမှာ ၃ခါရှိပြီ ဆရာလေး.. ဒေလီယာ ပြန်ကောင်းလာနိုင်ပါ့မလားဗျာ.. ပြီးတော့ သူ ဘာဖြစ်တာလဲဆိုတာ
ဆရာလေးပြောပြပေးပါလား”

“ အန်ကယ်ရဲ့ဇနီးက က အခု အသက် ၇၀နှစ်နော်.. ကျွန်တော်သိရသလောက်ပြောရရင် အန်တီခံစားနေရတဲ့ ရောဂါ က ပရီ ဒီမန်းရှား လို့ခေါ်တဲ့ ရောဂါ အမျိုးအစားပေါ့ အန်ကယ် .. အသက် ၆၅ ပတ်ဝန်းကျင် လောက်မှာ ဒီလိုရောဂါရဲ့ အရိပ်အခြည်တွေကို စတင်တွေ့ရှိရလေ့ရှိတယ်.. လူတိုင်းတော့ မဟုတ်ဘူးပေါ့ အန်ကယ်ရယ် .. ဒီကနေတဆင့် အယ်လ်ဇိုင်းမားဆိုတဲ့ရောဂါ ကို တဆင့်တက်ပြီး ဖြစ်လာနိုင်တယ်.. ဒီရောဂါ ကို ၁၉၀၆ခုနှစ် မှာ ပထမဆုံးတွေ့ရှိခဲ့တာကတော့ အယ်လွိုက်အယ်လ်ဇိုင်းမား ဆိုတဲ့ ဂျာမန် လူမျိုး စိတ်ရောဂါကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါဗေဒညာရှင်လည်းဖြစ် တဲ့ဆရာဝန်တစ်ယောက်ပေါ့.. လွယ်လွယ်ပြောရရင် ဦးနှောက်ဟာ ပင်ကိုယ်မူလအတိုင်းမဟုတ် တော့ဘဲ ဆုတ်ယုတ်ယိုယွင်းလာ တာပေါ့.. ဒီရောဂါကို ပျောက်အောင်ကုသဖို့ထက် ကာကွယ်ဖို့ ကိုပဲ ကျွန်တော်တို့ကြိုးစားနေကြရ ပါတယ်.. ဒီတော့ အန်တီ့ကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရ အောင် နောက်တရက်မှာ ဆေးခန်းကိုလာခဲ့ပါ .. ကျွန်တော်ပြန်လိုက်ပါဦးမယ် အန်ကယ်..”

ကျောခိုင်းထပြန်သွားတဲ့ဆရာဝန်လေးကိုငေးကြည့်ရင်း ဆရာဝန်လေးပြောခဲ့တဲ့ စကားတွေကိုပြန် လည်ကြားယောင်ရင်း ဧည့်ခန်းထဲမှာ အချိန်တော်တော်ကြာသည် အထိ ကျွန်တော်ထိုင်နေမိခဲ့ တယ် .. သနားစရာ ဝေဒနာခံစားနေရတဲ့ ဒေလီယာကို ဘယ်လိုများသက်သာအောင်စောင့်ရှောက် ရမလဲဆိုတဲ့အတွေးတွေနဲ့အပူမီးတောက်လောင်နေခဲ့တယ် .. ဘာမှမသိတဲ့ ဒေလီယာကလေးက တော့ သူထင်မြင်ရာ ဘ၀အသစ်မှာ ပျော်မွေ့နေလေရဲ့ ..

၃။

ညှိုးငယ်စွာ ထိုင်နေရင်းကျန်ခဲ့တဲ့ အန်ကယ်ကြီးဦးမင်းလွင်ကိုကြည့်ရင်း ပြည့်စုံကြွယ်ဝတဲ့ မိသားစု တွေမှာလည်း မပြည့်စုံတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပါလားဆိုတဲ့ အသိကိုရရှိလာရင်း ဆရာဝန်ကလေးကတော့ သူ့ဆေးခန်းရှိရာကိုပြန်လာခဲ့တယ် ..


ပျိုးယုဝသုန်
16-08-2011
11:47 pm
Tuesday

No comments: