Monday 1 August 2011

ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းကောင်းများ





တစ်ညမှာ ကျွန်မ စဉ်းစားကြည့်မိတယ်.. ရင်းရင်းနှီးနှီး တိုင်ပင်လို့ရတဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းတွေ အနည်းဆုံးတစ်ယောက်လောက်ရရှိထားတယ်ဆိုရင်ကို ကျင်လည်နေရတဲ့ လူ့ပတ်ဝန်းကျင် အသီးသီးမှာ နေပျော်စရာပါလို့..။ တွေ့ကြုံနေရတဲ့ သေးသေးကွေးကွေးမှသည် ကြီးကြီးမားမားအထိ ယုံကြည်စွာ တိုင်ပင်ဆွေး နွေးနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရရှိဖို့ ဆိုတာ တကယ်တော့ အလွန် မလွယ်ကူတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်..။ ကံကောင်းထောက်မစွာ ကျွန်မကတော့ ကျွန်မအသက် ၃၀ ကျော်လာတဲ့ အထိ သူငယ်ချင်း ကောင်း ၃ ယောက်ရရှိခဲ့ပါတယ် .၊ ကျွန်မအပေါ် ဖြူစင် ရိုးသားစွာ ခုချိန်တိုင်အောင် ခင်မင်နေကြတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေကို အမှတ်တရ ရှိတဲ့ အနေနဲ့ ဒီစာကို ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။


ကျွန်မရဲ့ ပထမဆုံးသော သူငယ်ချင်းကောင်းကလေးကို ကျွန်မ ၉ တန်းနှစ်မှာ စတင်ရရှိခဲ့ပါတယ် .. မင်းမင်း လို့ ကျွန်မတို့ ခေါ်တဲ့မင်းသူ ဟာကျွန်မအတွက် အစ်ကိုတစ်ယောက်လည်းဟုတ် .. သူငယ်ချင်းလည်းဟုတ် .. ငြင်းခုန် ဘက်လည်းဟုတ်ခဲ့ပါတယ် .. ကျွန်မတို့အိမ်ဟာ စည်းကမ်းတင်းကျပ်စွာ သူငယ်ချင်းထားတာကို ကန့် သတ်ထားပေမယ့် မင်းမင်းကိုတော့ သူ့ရဲ့ ရိုးသားဖြူစင်မှုကြောင့် လက်ခံခဲ့ပါတယ်.. တက်တဲ့ကျူရှင် အတူတူ စာကျက်ကြတော့လည်းအတူတူ နဲ့ ပျော်စရာကောင်းတဲ့ ရယ်ရတဲ့ ငယ်ဘ၀လေးတစ်ခုကို ရရှိခဲ့တယ်.. သံရုံးဝန်ထမ်းဖြစ်တဲ့ အဘိုးရဲ့ ပင်စင်လစာကို ကျူရှင်အပြီးမှာ သွားထုတ်တိုင်း ကန့်လန့်ကန့်လန့် နဲ့ ကျွန်မက တော့ရှမ်းလွယ်အိတ်လိုပေါ့..။

သူနဲ့ဘယ်လိုမှ ကြည့်မကောင်းတဲ့ မျက်မှန်ထူထူ ကိုတပ်ဆင်ထားတဲ့ အရပ်ရှည်ရှည်ကိုင်းကိုင်းနဲ့ မင်းမင်းဟာ သူ့ကိုယ်သူ အမြဲ I am tall brown and handsome.. လို့ အမြဲပြောလေ့ရှိတယ် ..မျဉ်းကြားက လမ်းကူးမယ် ဆိုတာကို သူ့မျက်မှန်ကို လက်နဲ့ထောက်ပြရင်းငါက နင့်ထက် မျက်လုံး နှစ်လုံးပိုပါတယ် လမ်းပြရဲမရှိဘူး ဒီက နီးတယ် ဒီနားက ကူးမယ်ဆိုပြီး လမ်းဖြတ်အကူး.. လမ်းလည်အရောက်မှာ ယဉ်ထိန်းရဲတွေရဲ့ဖမ်းဆီးတာ ခံရ ပြီး ကျောက်တံတားရဲစခန်းမှာတစ်နေကုန်ပညာပေးခံရတာကို စဉ်းစားမိတိုင်း ဒီမင်းမင်းကို စိတ်နာလှတယ် .. ဒဏကြေးငွေ တစ်ယောက် ၂၀၀ ကျပ် ကို ပေးဖို့ အိမ်ပြန်ယူဖို့ ကျွန်မကို ရဲစခန်းမှာ အပေါင် ထားခဲ့တာလည်း တွေးမိတိုင်း စိတ်တိုရတယ် ..။ အစားအသောက် အင်မတန်မှ ၀ါသနာ ကြီးလှတဲ့ ကျွန်မနဲ့မင်းမင်း ဟာ မုန့်စား ရင်းကားခကုန်သွားလို့ အိမ်ကို လမ်းလျောက်ပြန်ရတာလည်း ခဏခဏပါဘဲ ..

သူ့ဦးလေး အင်းလျားကန်စောင်းမှာ Lake Front ဆိုတဲ့ Snack Barလေးဖွင့်တော့ ညနေဘက်သွား ကူလုပ်ရင် ကျွန်မတို့ ကျူရှင်ပြီးရင်မုန့်ကို တစ်ဝ စားရအောင် ဒင်း ကြံဆောင်ခဲ့တယ် .. လမ်းသွားရင် လမ်းအများကြီးမ လျောက်နိုင်တဲ့ ကျွန်မကို ဗျစ်တောက်ဗျစ်တောက်ပြောရင်း ကူညီခဲ့တဲ့ သူငယ်ချင်းကောင်းကလေးပေါ့.. အာလူးကတ်တလိတ် ငါးလုံးဝယ်တာကို မင်းမင်းတစ်လုံးစားနေချိန်မှာ ကျွန်မက လေးလုံးကုန်အောင်စားလို့ “ပိုတေး” ဆိုတဲ့ နာမည်ကို ရအောင်ပေးခဲ့လည်းမင်းမင်းပါဘဲ..။ ကြက်သွန်နီ နဲ့ အစပ်ကို ဘယ်လိုမှ မစားနိုင်တဲ့ ဒင်း  ကို ကြည့်မရတိုင်းသူစားမယ့် အစားထဲမှာ ငရုပ်သီးမှုန့်တွေဝှက်ပြီးကျွေးတော့ ဘာမှမကြည့် ဘဲ အစားသောင်းကျန်တဲ့  ငမင်းမင်း မျက်ရည်တောက်တောက်ကျတာကြည့်ပြီး ရယ်ခဲ့ရသေးတယ်.. ကျွန်မရဲ့ခြောက်တွန်းမှုတွေကို ခံရင်း ကျွန်မသုတ်ကျွေးတဲ့ ပဲပြားသုတ်ကို စားရင်း စာမေးပွဲ နီးလာခဲ့တယ်..။ စာကျက်နေရင်း ဟဲ့ ငါတို့ ခေါင်းပြတ်ပုံ ဓါတ်ပုံရိုက်ပြီး သူများတွေစရအောင် ဆိုတဲ့ ဒင်းအကြံကိုသဘောတူ ရင်း စာပွဲခုံပေါ်မှာခေါင်းပေါ်ရုံ ထားပြီး ပုံပျက်ပန်ပျက် အရိုက်ခံတဲ့ ဒင်းမျက်ခွက်ကြီးကို ဓါတ်ပုံရိုက်တာကတော့ ကျွန်မပေါ့.. ထွက်လာတဲ့ပုံတွေကြည့်ပြီး တဟိဟိ ရယ်လို့ မဆုံးခင် မင်းမင်း အဒေါ် အံတီဝင်းတွေ့သွားလို့ သူ များကို မစရဘဲ ကျွန်မတို့ သာ အဆူခံခဲ့ရတယ် .. ကျွန်မရဲ့ ခြောက်တွန်းမှုတွေကှိုခံရပါများတော့ မကျေမချမ်း နဲ့ “မြွေဆိုး” ဆိုတဲ့  အင်မတန် နှစ်သက်ဖွယ် မကောင်းတဲ့ နာမည်ကို နာနာကျည်းကျည်းနဲ့ဒင်း ပေးခဲ့လေရဲ့ ..

စာမေးပွဲ အပြီးမှာတော့ ကျွန်မရဲ့ သူငယ်ချင်းကောင်းကလေးဟာ အန်ကယ်လေး ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ထက် ၁၀နှစ်ကျော်ကြီးတဲ့ မမ တစ်ယောက်နဲ့ မေတ္တာမျှခဲ့တယ်.. မမိုးမိုး နဲ့ကျွန်မလည်းခင်သွားရင်း အမတစ်ယောက်ကောက်ရခဲ့တာပေါ့.. အိမ်ကဘိုးဘိုးသဘောမတူလို့ “ခိုးပြေးဟာ” ဆိုပြီးမြှောက်ပေးခဲ့တာ ကျွန်မဆို တာတော့ မပြောဘဲလည်းသိမှာပါ.. မင်းမင်း အဖေ ကိုအကြောင်းကြားပေးရင်း သူတို့ လက်မှတ် ထိုးတော့ ကျွန်မဆုရထားတဲ့ ပတ်ကားဘောလ်ပင်လေး သူတို့ကို ပေးလိုက်တယ်.. လက်ဖွဲ့ပေါ့လေ.. ကျွန်မရဲ့ ခင်မင်လှစွာသော သူငယ်ချင်းရဲ့ မင်္ဂလာဦးမှာကြီးကြီးမားမား ထိုက်ထိုက်တန်တန် လက်ဆောင်လေး မပေး နိုင်ခဲ့တာကို ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရတယ်..ကံကောင်းလှစွာပဲ မင်းမင်း ဟာ မမမိုးမိုး ရဲ့ချစ်မြတ်နိုးခြင်းကို ရရှိပြီး သာယာတဲ့ အိမ်ထောင်လေးတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်.. အခုဆိုရင်ကျေးဇူးရှင်ဟာ အလုပ်သမားများစွာ နဲ့ မုန့်ဖုတ်လုပ်ငန်းတစ်ခုကို ဦးဆောင်နေလေရဲ့.. ရန်ကုန်ရောက်တိုင်း ဒင်း ကိုသွားရှာပြီးနှိပ်စက်ရတာလည်း ကျွန်မ ရဲ့ အလုပ်တစ်ခုပေါ့.. မညည်းမညူငြင်းခုန်ရင်းနဲ့ ဒင်းနဲ့ နည်းနည်း ကလေးမှ မတူလှတဲ့ ငမင်းမင်းရဲ့ ကလေးချောချောလှလှလေးတွေကို စနောက်ရတာ ကျွန်မအတွက်ပျော်စရာပါပဲ..

ဒုတိယဖြစ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းကတော့ အောင်မျိုးလို့ ခေါ်ပါတယ်.. သူနဲ့က ကျွန်မတို့ ၁၀တန်းကျူရှင်မှာ တက်ရင်းခင်သွားကြတာပေါ့.. အနေတည်ပြီး မျက်နှာထားတည်လှတဲ့ အောင်မျိုးဟာ ကျွန်မနဲ့ မင်းမင်းရဲ့ ပေါက်ကရ အလုပ်တွေထဲ ကန့်လန့်ပါခဲ့ရပြီး နောက်ပိုင်း ကျွန်မတို့ရဲ့အကျင့်တွေကူးပြီး ပြောင်တောင်တောင် ဖြစ်လာတဲ့သူပေါ့.. မင်းမင်းသဘောကျတဲ့ ဒိုင်ယာနာဆိုတဲ့ အမလေးရှိရာ ဆေးခန်ကို သွားချောင်းတော့လည်း ကျွန်မနဲ့ အောင်မျိုး ကပါလေရာငပိချက်ပါဘဲ.. ကျွန်မတို့ မပါရင် ငမင်းမင်းခမျာ အားကိုးရာမဲ့ရှာတယ်လေ.. ကျူရှင်ပြီးရင် စားနေကျဖြစ်တဲ့ MFTB နိုင်ငံခြားငွေလဲလှယ်ရေးဘဏ်ရှေ့က ပန်းဟေ၀န် နှင့် စားစရာဆိုင်မှန် သမျှ ကျွန်မတို့ ၃ ယောက် မစားဖူးတဲ့ဆိုင် မရှိခဲ့ဘူး ..

တနေ့တော့ အင်မတန်မှ လှပလှ တဲ့ ကျူရှင်က မမတစ်ယောက်ဟာ အောင်မျိုးနဲ့ခင်ချင်သတဲ့.. အောင်မျိုးနဲ့ ခင်ချင်လို့ ကျွန်မနဲ့မင်းမင်းကို မုန့်ကျွေးပြီးပေါင်းလေရဲ့.. ကောင်းလေစွတကား.. တစ်ရက်မှာတော့ မခိုင် ဆိုတဲ့ ကျေးဇူးရှင်မမ ဟာ ကျွန်မတို့ နဲ့ အတူ မုန့်လိုက်စားမယ်ဆိုပဲ.. ဒီလိုနဲ့ ကျွန်မတို့ ၄ယောက် စားနေကျဆိုင်ကို ရောက်လာခဲ့ကြတာပေါ့.. အာလူးပူရီ ..ကြာဆံဟင်းခါး .. အသုတ်စုံ ..ချာပါတီ နဲ့ စားကောင်းသမျှ အကုန်မှာ စားပြီးသကာလ ရှင်းမယ် အလုပ်မှာ မမချောက  သူရှင်းမယ် လုပ်ပါလေရော.. ကျွန်မကလည်း လုံးဝ မငြင်းပါဘူး .. ဟုတ်ကဲ့ဆိုပြီး ထွက်လာတာပေါ့ .. အမှန်တကယ် သူထင်တာက ငအောင်မျိုးက လုရှင်းမယ် ထင်နေတာ .. မင်းမင်းနဲ့အောင်မျိုးရဲ့ ပါသမျှ ကိုကျွန်မကိုပေးထားတာ ကျေးဇူးရှင်မလေးက မသိရှာဘူးလေ.. နောက်တော့ အောင်မျိုး ပြေးလိုက်လာပြီး ပိုက်ဆံတောင်းမှ အဖြစ်မှန်ကို သိရတော့တယ် .. အဲဒီနေ့က အောင်မျိုးဟာ အားနာလှစွာနဲ့ မမခိုင်ကို အိမ်ပြန်လိုက်ပို့ပေးခဲ့သလို အဲဒီနေ့ကစပြီး မမခိုင် ဟာ ကျွန်မကို စကားမပြောတော့ပါ ..

ကျွန်မရဲ့မေမေ ဟာ အောင်မျိုးကိုလည်းကျွန်မရဲ့ သူငယ်ချင်းအဖြစ် လက်ခံခဲပါတယ်.. စာလာလာကျက် ကြရင်း မိဘတွေပါရင်းနှီးခဲ့ကြတာပေါ့.. အောင်မျိုးဟာလည်းကျွန်မ ဒုက္ခပေးသမျှကို ခံရတဲ့သူတစ်ယောက်ပါ ဘဲ.. စာမေးပွဲကြီးပြီးပေမယ့် ကျွန်မတို့ အဆက်အသွယ် မပြတ်ခဲ့ကြဘူး .. ယုဇန ပလာဇာရှေ့မှာရှိတဲ့ အောင်မျိုးတို့ အိမ်ကို ပလာဇာရောက်တိုင်း အောင်မျိုးမေမေ ရဲ့ ဟင်းလက်ရာကို ၀င်ဝင် အားပေးရတာ ပျော်စရာကောင်းလှပါတယ် .. တခါတလေ အောင်မျိုးမေမေ ကို ဖုန်းဆက်ပြီး ထမင်းလည်းသွားသွားစားခဲ့ တယ်.. ချောမောလှပ ကျက်သရေရှိတဲ့ အောင်မျိုးမေမေ ဟာ ဟင်းချက်ကောင်းသလို ကျွန်မကိုလည်း တော် တော်ချစ်ပါတယ်..

၁၉၉၇ မှာ ကျွန်မ လမ်းမလျောက်နိုင်တော့ဘဲ ကြည့်မြင်တိုင် အရိုးဆေးရုံမှာ ရက်တော်ကြာတက်ရတော့ အောင်မျိုးဟာ တစ်ရက်မပျက် နေ့တိုင်း လာပြီး စကားပြောပေးတယ် ..ဧည့်ချိန်ကုန်တဲ့အထိပေါ့.. နာကျင်ခြင်း လမ်းမလျောက်နိုင်ခြင်း၊ ၀ှီးချဲ နဲ့မသွားလိုတဲ့ အရာရာကို ဒေါသအမြဲကြီးနေတဲ့ ကျွန်မကို စိတ်ရှည်ရှည်နဲ့အော် သမျှ ကိုသည်းခံပြီး အဖော်လုပ်ပေးတဲ့ ရှာခိုင်းသမျှကို ရအောင်ရှာပေးတဲ့ ကျွန်မရဲ့ သူငယ်ချင်းကောင်းက လေးမျိုး ကို ကျွန်မ ကံကောင်းလို့ ရခဲ့တာဆိုတာ ကြာလေနားလည်ခဲ့ပါတယ် .. ဒီချိန်မှာမင်းမင်းကတော့ မိသားစုတာဝန်တွေနဲ့မို့ ကျွန်မကို နေ့တိုင်းလာမကြည့်နိုင်ခဲ့ပါဘူး..

ကျွန်မနေကောင်းလာပြီးတဲ့နောက်ပိုင်းမှာအောင်မျိုးဟာစီးပွားရေလုပ်ငန်းထဲကို ကျွမ်းထိုးဝင်ရောက်သွားတော့ တယ်.. ကျွန်မနိုင်ငံရပ်ခြားကိုထွက်မလာခင် ၁၉၉၄မှာ ကျွန်မရဲ့ ချစ်ခင်လှစွာသော သူငယ်ချင်း ငအောင်မျိုး တစ်ယောက် အုပ် သဲ ကျောက် လုပ်ငန်းနဲ့အောင်မြင်တဲ့ လုပ်ငန်းရှင်လေးတစ်ယောက်ဖြစ်နေခဲ့ပြီ ..

ဒီလိုနဲ့ ကျွန်မရဲ့ မမျှော်လင့်ပဲ ရခဲ့တဲ့ တတိယ သူငယ်ချင်းကောင်းကလေးကတော့ အပ်ကို ဖြစ်တယ်.. စရင်းနောက်ရင်း အပ်ကို  လို့ခေါ်ရာကနေ နောက်ပိုင်း အပ်ကို လို့ပဲ ခေါ်ဖြစ်ခဲ့တယ် ..  အရင်က အပ်ကို ဟာဘယ်လိုစိတ်သဘောရှိမယ် မသိပေမယ့် ကျွန်မသိတဲ့ အပ်ကို  ကတော့ သုတ စာပေတွေ အဖတ်များတဲ့ စိတ်နဲနဲ မာထန်နေတဲ့ သူတစ်ယောက်ပေါ့ ..ဒါပေမယ့် သူငယ်ချင်းတွေအပေါ်မှာ ကူညီချင်တဲ့စိတ်အမြဲရှိနေတဲ့ အပ်ကို ကို ကျွန်မထက် အနည်းငယ်  ငယ်ပေမယ့် ကျွန်မ လေးစားခဲ့တယ်.. အပ်ကို  ကလည်း ကျွန်မကို အမတစ်ယောက်လို ခင်မင်ခဲ့တယ်.. အရင်ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေလို နှိပ်စက်ချောက်တွန်းမှုတွေကို တော့ အပ်ကို တစ်ယောက်ကံကောင်းထောက်မစွာ မခံခဲ့ရဘူး.. နိုင်ငံက ခြားနေတာကိုး ..။

အပ်ကို ဟာ သူ့သူငယ်ချုင်းတွေရှိတဲ့ Forum တစ်ခုကို မိတ်ဆက်ပေးတယ်.. ခင်မင်ပျော်စရာကောင်းတဲ့ ရယ်စရာတွေနဲ့ပြည့်နေတဲ့ Virtual World တစ်ခုကို လက်ဆောင်အဖြစ်ရခဲ့တယ်.. မကြာခဏသွားမလည်ဖြစ် ပေမယ့် တစ်ပတ်မှာ ၂ ကြိမ်လောက်ဝင်ကြည့်ပြီး ရှိနေတဲ့ အပ်ကို ရဲ့ သူငယ်ချင်းတွေ ပြောသမျှ ကို ကြည့်ရင် ရယ်မောခဲ့ရတယ်.. တခါတလေစာအကြောင်းဆွေးနွေးရင်း အပ်ကိုနဲ့ စကားလည်းပြောဖြစ်ခဲ့တယ် .. ပွင့်လင်းပြီး စိတ်ဓါတ်ခိုင်မာတဲ့ သူတစ်ယောက်ဖြစ်မှန်းသိပေမယ့် ကျွန်မရဲ့ သူငယ်ချင်းကောင်းတစ် ယောက် ဖြစ်နေလိမ်ု့မယ်လို့ မထင်ခဲ့ဘူး ..

ကျွန်မ တော်တော်နေမကောင်းဖြစ်နေချိန်မှာ အပ်ကို ဟာ ကျွန်မကို တတ်နိုင်သလောက်အားပေးခဲ့တယ်.. ကျွန်မဖြစ်နေတာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖတ်ရင်း .. သူ့အစ်မတွေ အစ်ကိုတွေ မိတ်ဆွေ တွေကို မေးမြန်းရင်း အကောင်းဆုံးဖြစ်မယ့် အကြံဥာဏ်တွေကိုပေးခဲ့တယ်.. ကျွန်မဟာ Tender Loving Care  ကို တမ်းတနေတဲ့သူတစ်ယောက်မဟုတ်ပေမယ့် အပ်ကို ရဲ့ စေတနာကို လေးစားတန်ဖိုးထားခဲ့ တယ်.. ရယ်စရာတွေပြောနေပေမယ့် တည်ကြည်တဲ့ စိတ်တခု အပ်ကို ဆီမှာရှိနေတာကို တွေ့လိုက်ရတယ်.. မကောင်းတာမြင်ရင် တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့သူ တတ်နိုင်သလောက်ရောက်ရောက်လာပြီး အချိန် တော်တော်များများကျွန်မကို အဖော် လုပ်စကားပြောပေးတဲ့သူငယ်ချင်းကို ကျွန်မရဲ့သူငယ်ချင်းကောင်းအဖြစ် မသတ်မှတ်ရင် ကျွန်မထက်မိုက်မဲ သူရှိပါ့ဦးမလား.. ဟာသဥာဏ်ရှိတဲ့ အပ်ကို ဟာ အကျိုးရှိတဲ့ လေးနက်တဲ့ စာတွေကိုလည်းရေးတတ်တဲ့သူ တစ်ယောက်ဖြစ်နေတယ်..။

အချိန်အချို့တွေမှာ ကျွန်မရဲ့ ဒုက္ခပေးသမျှကိုခံခဲ့တဲ့ ငယ်သူငယ်ချင်း ၂ယောက်နဲ့  Virtual world  ထဲက သူငယ်ချင်းတစ်ယောက်ကို ကျွန်မ မကြာခဏ သတိရနေခဲ့တယ်..

ဒီတခါ ကျွန်မရဲ့ ရန်ကုန်ခရီးစဉ် ရဲ့ အစီအစဉ် ထဲမှာ ကျွန်မရဲ့ သူငယ်ချင်းကောင်းကလေးတွေကို သွားတွေ့ဖို့ အချိန်တွေကိုလည်း ထည့်ဆွဲထားခဲ့တယ်..

မင်းသူ ၊ အောင်မျိုးနဲ့ အပ်ကို ကို သတိတရနဲ့ ဒီနေ့တော့ဒီစာကို ရေးခဲ့တယ် .. သူငယ်ချင်းများကျန်းမာကြ  ပါစေ.. (ကျွန်မချောက်တွန်းတာခံနိုင်အောင်).. ချမ်းသာကြပါစေ ..(စားချင်တာမှန်သမျှ ၀ယ်ကျွေးနိုင်အောင်) .. စိတ်နှလုံးကြည်လင်အေးချမ်းပါစေ ..  (ကျွန်မဒုက္ခပေးခဲ့မိလျင် ဒေါသမထွက် စိတ်မဆိုးအောင်) ..လို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်..

သင်တို့၏ ချစ်ခင်လှစွာသော
မမ၀သုန်
၃၁-၀၇-၂၀၁၁
၆း၁၂ နာရီ - တနင်္လာ

No comments: