Friday 14 February 2020

ပြယုဂ်

ပြယုဂ်

ကလေးရေ
ငါတို့တွေက အဖေ
ငါတို့တွေက အမေပေါ့..။
အမှန်တော့ အမှန်တရား
အခါးကဲလွန်းတဲ့ ရသ
စွက်ဖက်နေတဲ့ ဘဝ ဘဝတွေမှာ
အမျက် ထွက်နေတာ သဘာဝပါ ..။
အရောင်မှိန်မျက်ဝန်းတွေနဲ့
သင်ထားတဲ့ စကားလုံးတွေရွတ်ရင်း
ယုံကြည်မှုတွေ တည်ဆောက်ဖို့ ခွန်အား
မင်း ဘယ်ကများ ရမှာလဲ..။
အရောင်တောက်တောက် တူညီဝတ်စုံအောက်မှာ
ညှီဟောက်ဟောက်အနံ့ အသက်တွေကင်းဖို့
တကိုယ်ရည် သန့်ရှင်းမှု ဆိုတာ
မင်းတို့ နားမလည်တာ မဆန်းပါဘူး..။
ကလေးရေ
ပွေ့ဖက်ခြင်းတွေ ကို မက်မော
တခဏတာ မင်းတို့ဇော ကလေးကို
ဖြည့်ပေးဖို့ သကာဖုံး
အသက်အောင့်ရင်း ဟန်ဆောင်ပြုံးသူတွေလည်း ရှိတယ်ကွယ်..။
မင်းတို့ကို ချနင်း
ဂုဏ်သတင်း ကျော်ဇောခြင်း အတွက်
စောင့်စည်းခြင်း မဲ့မဲ့
မဖြစ်စလောက် ထောက်ပံ့ခြင်း ဆိုတာနဲ့
လူမှုကွန်ယက်မှာ ပုံတွေတင်
မင်းတို့ အနာဂတ်ကို ငါတို့ မမြင်ခဲ့ဘူးပေါ့။
ကလေးရေ
ငါတို့က အဖေ
ငါတို့က အမေပါ..
မတတ်နိုင်တာကို ဟန်လုပ်
ပကာသနဇတ်ထုပ်အောက်မှာ
မင်းတို့ကလေ..
ပြယုဂ် ကလေးတွေသာ..။



1 comment:

Unknown said...

မမ၀သုန်ရဲ့ ကဗျာကောင်းလေးတွေမဖတ်ရတာကြာပြီ.... စာတွေရေးပါဦး...ပြီးတော့ လုံးချင်းစာအုပ်လည်းထုတ်ပါလို့ တိုက်တွန်းချင်ပါတယ် ဘ၀မှာ အမှတ်တရကျန်ခဲ့မှာက ကိုယ်ချစ်တဲ့စာတွေပဲမဟုတ်လား...ကျန်းမာဂရုစိုက်ပါ...

ချစ်တဲ့
မိုးငွေ့