ကြယ်တွေပြုံးတဲ့ည
ကောင်းကင်တွင် လရောင် ကင်းမဲ့နေသည်။
မြို့ပြ၏ညသည် မည်သည့်အချိန်တွင်မှာမှ ပြည့်ပြည့်ဝဝ လှပရသည်ဟူ၍ မရှိပါ။
သို့သော် ချွင်းချက်အနေနဲ့ ထိုညကတော့ လှပနေသည်။ လျပ်စစ်မီးတို့ ပြတ်တောက်သွားသည့်
အချိန်ကာလ တစ်ခဏတာသည် မြို့ပြတစ်ခု၏ လှပသော ညတစ်ညကို ထင်ထင်မြင်မြင် ရှိစေခဲ့သည်။
ထိုညက လမသာခဲ့ပါ။ ကြယ်ရောင်တို့သည် မဟူရာရောင် ကတ္တီပါသားပေါ်တွင် ကြဲပက်ထားသော
စိန်မှုန်စိန်ခဲများကဲ့သို့ တဖိတ်ဖိတ်လက်ကာ ဆောင်းည တစ်ညကို အလှဆင်နေကြသည်။ ချစ်ရသောသူကိုမှန်းဆ၍ ကောင်းကင်ပြင်ကို
ငေးကြည့်နေရခြင်းသည် နွေးထွေးလှသော ခြုံစောင်တစ်ထည်ကို ခြုံထားရသကဲ့သို့ပင်။
ထိုညက ကြယ်တွေ မကြွေခဲ့ပါ။ ထို့ကြောင့် ဆုတောင်ခြင်းကိုလည်း မပြုခဲ့ပါ။
စိတ်နှင့်သွားသောသူနှင့် စိတ်ဖြင့်လာသောသူတို့နှစ်ဦးအတွက် ခရီးအကွာအဝေး ဆိုသည်မှာ
မရှိပါ။ အရာရာ လှပသည်ဟု ထင်မြင်ခြင်းသည် နှလုံးသားတွင် ချစ်ခြင်း ကိန်းဝပ်နေသောကြောင့်
မဟုတ်ပါလား..။ လှပသော ချစ်ခြင်းကို ဖန်ဆင်းယူ၍ မရနိုင်ကောင်းပါ။
ထိုညက တစ်ယောက်သောသူသည် သီချင်းဆိုနေသည်။
ထိုညက တစ်ယောက်သောသူသည် သီချင်းသံတို့ကို နားထောင်နေသည်။
နှလုံးသားဖြင့် ဆိုသော သီချင်းကို နှလုံးသာဖြင့် နားထောင်ရင်း ငြိမ်းအေးသော
ချစ်ခြင်း၏ ရသကို နားလည်ခဲ့သည်..။
ချစ်ခြင်းသည် ချစ်ခြင်းအဖြစ် တည်ရှိနေခြင်းမှာ အလှဆုံး ဖြစ်သည်။
No comments:
Post a Comment