Saturday 18 April 2020

Password

Password
*************
လေအေးတို့သည် တစိမ့်စိမ့် တိုက်ခတ်နေသည်။ ကောင်းကင်သည် ကြည်လင်နေသည်။ ဤအချိန်တွင် သူ၏ မွေးရပ်ဌာနီ၌ တံလျပ်တွေ တလက်လက် တောက်ပနေသော အချိန် ဖြစ်ပေမည်။ သို့ရာတွင် ယခု သူရောက်ရှိနေသော မြို့ကလေးတွင်မူ ဆောင်းဝင်စ ကာလ ဖြစ်နေသည်။ ကောင်းကင်တခု အောက်တွင် နေထိုင်ကြခြင်း အတူတူ အချိန်နာရီတွေ ကွဲပြားခြင်း၊ ရာသီဥတုတွေ ကွဲပြားခြင်း၊ နောက်ဆုံး နေ့နဲ့ည တို့ ကွဲပြာခြင်း တို့ အပေါ် စိတ်မသက်မသာ ဖြစ်ရသည်။ 
နှစ်တနှစ်၏ စတုတ္ထလအလယ်တွင် သူနေထိုင်ရာ မြို့ကလေးသည် ယခင်နေ့များထက် များစွာလှုပ်ရှား သက်ဝင်လျက်ပင် ရှိသည်။ သူတကာ ပျော်ရွှင်နေသော Easter day တွင် ပင် သူသည် သူ၏ အိမ်ကလေးထဲ ၌ တိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။ ဤသို့ ရာသီဥတုမျိုးတွင် နို့ပူပူတခွက် သောက်ရင်း စစ်တုရင်ခုံရှေ့တွင် ထိုင်နေရသည်ကို သူ နှစ်သက်သည်။ သို့သော် သည်နေ့တွင်မူ စစ်တုရင်ခုံရှေ့တွင် ထိုင်နေသော်လည်း ခုံပေါ်၌ နယ်ရုပ်များကို သူ မမြင်ပါ။ အချို့ အချို့သော မျက်နှာ တို့သည် စစ်တုရင် ခုံပေါ်မှ နယ်ရုပ်များပေါ်တွင် ထင်ဟပ်လာသည်။
သူသည် ခေါင်းကို အသာယမ်းလိုက်ရင်း လက်ဆွဲကွန်ပျူတာလေးကို သွားယူလိုက်သည်။ လူမှုကွန်ယက် အတွင်း ဝင်ကြည့်၍ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိသော ထိုထိုသော သတင်းတို့ကိုလိုက်ကြည့်လိုက်သည်။ ထိုနေ့သည် သူ့အတွက် နေ့တာရှည်လွန်းလှသည်ဟု ထင်မိသည်။ 
ထို့နောက် browser တခုကို ဖွင့်၍ web page တခု၏ address တခုကို ရိုက်ထည့်လိုက်သည်။ ကျလာသော user name နှင့် password တောင်းခံလာသည့်​ box လေးထဲသို့ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော်လည်း မှတ်မိနေသေးသည့် user name နှင့် password ကို ရိုက်ထည့်လိုက်သည်။ 
Account တခု၏ စာမျက်နှာသည် ပွင့်သွားသည်။
အမှန်တကယ်ဆိုလျှင် ထို user name နှင့် password သည် ပြောင်းလဲပြီး ဖြစ်နေသင့်သည် မဟုတ်ပါလား။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ လက်ဖျားများ အေးစက် တုန်ယင်လာခဲ့သည်။ ဆက်လက်၍ သွားကြည့်လိုစိတ်နှင့် ဆက်မသွားရန် တားမြစ်နေသော စိတ်တို့သည် လွန်ဆွဲနေကြသည်။ မျက်ရည်တို့ ဝေ့ဝဲလာခဲ့သည်။ အမှန်တကယ်ဆိုလျှင် သူသည် ထို account တခု၏ အသေးစိပ် အချက်အလက်များကို မေ့ပျောက်နေသင့်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဘာကြောင့် မပြောင်းရတာလဲဟု စိတ်ထဲမှာ မေးခွန်း အကြိမ်ကြိမ် ထုတ်မိသည်။ နောက်ဆုံး log in ဝင်ခဲ့သော အချိန်သည် လွန်ခဲ့သော ၂ နာရီ ကမှ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ 
ထို့နောက် browser ကို အားတင်းလျက် ပိတ်လိုက်သည်။ ဆက်လက်၍ ကြည့်ရန်မသင့်ဟု သူ့ကိုယ်သူ ဆုံးမလိုက်သည်။ ထိုကဲ့သို့ ဖွင့်ကြည့်မိခြင်း အပေါ် အပြစ်မကင်းသကဲ့သို့ ခံစားလာရသည်။ တကယ်တော့ သူသည် သူတပါး၏ account ထဲသို့ တိတ်တဆိတ် ဝင်ရောက်မိခြင်း မဟုတ်ပါလား..။ သူ၏ မှတ်ဥာဏ်ထဲတွင် ရှိနေသော ထို account ၏ အသေးစိပ် အချက်အလက်များကို မေ့ပျောက်ရန် ကြိုးစားရဦးမည်။ ဝေးကွာသွားကြသည်မှာ ကြာပြီဖြစ်သော တယောက်သောသူသည် အဘယ်ကြောင့် အရာရာကို ယခင်အတိုင်း ထားရှိသနည်း။ သူသည် ခေါင်းကို ခပ်သွက်သွက် ခါရမ်းလိုက်သည်။ တိုက်ခတ်နေသော လေတို့သည် ပို၍ အေးစက်လာသည်ဟု ထင်မိသည်။ 
xxx xxx xxxx
သောက်လက်စ နွားနို့ဖန်ခွက်သည်ပင် အေးစက်လျက် ရှိနေပြီ။ ဤနေရာတွင် သူထိုင်နေသည်မှာ အတော်ကြာမြင့်ခဲ့ပြီ ဖြစ်လိမ့်မည်။ စိတ်မကောင်းခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ အရာ အားလုံးတို့သည် ပြီးခဲ့သော အတိတ်ကာလတွင် ကျန်ခဲ့ပြီ မဟုတ်ပါလား။ သူတို့သည် လားရာမတူသော လမ်းတွေကို ကိုယ်စီကိုယ်စီ ရွေးခဲ့ပြီး ဖြစ်သည်။ ပျော်ရွှင်နေမှာပါဟု ယုံကြည်ခဲ့သော စိတ်သည် အနည်းငယ် ယိမ်းယိုင် သွားခဲ့သည်။ မတွေ့မဆုံကြတော့သော နှစ်ပေါင်းများစွာအတွင်း မည်သို့သော အပြောင်းအလဲများကို ထပ်မံ ကြုံတွေ့ခဲ့သလဲဟု သူ မသိချင်တော့ပါ။ 
ကံကြမ္မာသည် မွေးစကတည်းကပင် သူတို့နှင့် အတူ သတ်မှတ်ပြီး ဖြစ်ပေလိမ့်မည်။ လွဲချိန်တန်လျှင် လွဲရလိမ့်မည်။ ခွဲချိန်တန်လျှင် ခွဲရလိမ့်မည်။ မည်သူက မည်သူ့ကိုမျှ တားခွင့်မရှိခဲ့ပါ။ သူတို့နှစ်ယောက်၏ လမ်းခွဲခြင်းသည် ခွဲသင့်၍ ခွဲကြခြင်း ဖြစ်ပြီး မုန်းတီးခြင်းများမပါဝင်သည်ကတော့ သေချာသည်။ မည်သိုပင် ဆိုစေကာမူ သူသည် စိတ်မလုံခြုံမှုကိုခံစားလိုက်ရသည်..။
xxx xxx xxx xxx
မပြောမဆိုဖြစ်သည်မှာ နှစ်ကာလ အတော်ကြာပြီးဖြစ်သော chat box တခုကို ဖွင့်လိုက်သည်။ ထို့နောက် သူသည် စာအချို့ကို ရိုက်လိုက်သည်..။ သူ၏ စာတိုလေးကို ရရှိချိန်တွင် အံ့သြကောင်း အံ့သြပေလိမ့်မည်။ စာပြန်ခြင်း မပြန်ခြင်းကို သူ မမျှော်လင့်ပါ။ လောကကြီးတွင် အဝေးက လှမ်းကြည့်မှ တောက်ပသည့် ကြယ်လေးတွေ အများကြီး ရှိသည် မဟုတ်ပါလား..။
တောက်ပနေသည့်ကြယ်ကလေးကို ရံဖန်ရံခါ လှမ်းကြည့်ရင်း ကျေနပ်နေရုံမှတပါး အခြား ဘာမှ မရှိ…..။

No comments: