Thursday, 29 November 2012

ကြက်ဟင်းခါးသီး




ဖုထစ်ထစ်ခန္ဓာ
စိမ်းဝါတဲ့ကိုယ်သွေး
စိမ့်စိမ့်သာ ကြာကြာလွေးပါဟဲ့
ကောင်းလိုက်တဲ့ဆေး။

သွေးတိုးနဲ့ဆီးချို
မတိုးအောင်သူလေမစွမ်းပါလား
စားလိုက်ပါအစ်ကို။

ချက်ခဲ့ပါပျို
ပြုတ်မယ်ဆို ညိုပါနဲ့
ရေနွေးမှာစိမ်ကာ တို့မယ်
ခံတွင်းရှင်းတယ်ကွယ့်။


ပျိုးယုဝသုန်
7:17: 40 PM
29-11-2012
Thursday (BNE)

Tuesday, 27 November 2012

အိပ်မက်တစ်ခုနှင့် ဦးတည်ရာ




ဘဝ ဆိုတဲ့ စာလုံးကလေးက နှစ်လုံးတည်းပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ အနက် အဓိပ္ဗါယ်ကို ယခုအချိန်တိုင်အောင် ကျွန်မ ကောင်းမွန်စွာ နားမလည်ခဲ့ပါဘူး။

ရှင်သန်နေထိုင်ခြင်းဟာ ဘဝလား၊ တကယ်လို့များ ရှင်သန်နေထိုင်ခြင်းဟာ ဘဝတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်စွာရှင်သန်နေထိုင်ခြင်းက ဘဝလား၊ ကြွယ်ဝစွာ ရှင်သန်နေထိုင်ခြင်းက ဘဝလား၊ ကျန်းမာစွာ ရှင်သန်နေထိုင်ခြင်းက ဘဝလား၊ လားပေါင်းများစွာသော အမေးတွေနဲ့ ဘဝဆိုတဲ့စကားလုံးရဲ့အဓိပ္ဗါယ်ကို ရှာရင်း ရှာရင်းနဲ့  အချိန်တွေ တရွေ့ရွေ့ကုန်ခဲ့ပြီ။

၁။
“ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိဘီသနံ၊ … ” အစရှိတဲ့ ပရိတ်တရားတော်အသံကြောင့် နိုးထလာပြီးတဲ့နောက် မျက်လုံးဖွင့်မကြည့်ဘဲ တရားတော်ရဲ့ အသံကို နားထောင်ပြီး စိတ်ထဲမှလည်း လိုက်ပြီး ရွတ်ဆိုနေမိသည်။ မျက်နှာကို ထိတွေ့လာသော လေအေးအေး၏ အတွေ့မှာ သစ်ရွက်ခြောက်တို့ကို မီးရှို့ရာမှ ထွက်လာလေ့ရှိသော မီးခိုးနံ့တို့ ပါဝင်နေသည်။

Monday, 26 November 2012

ကလေးပုံပြင်များ (၁) - စေတနာရှင်လေးများ





ရှေးရှေးတုန်းက တောတန်းလေးတစ်ခုထဲမှာ ပိုးကောင်ငယ်လေးတွေနဲ့ တိရိစ္ဆာန်ငယ်လေးတွေ စုပေါင်းနေထိုင်ကြသတဲ့။ အဲ့ဒီတောတန်းကလေးဟာ  တောအုပ်တစ်ခုရဲ့ မနီးမဝေးမှာ တည်ရှိတယ်။ တောအုပ်နဲ့ တောတန်းကလေးကိုတော့ ချောင်းလေးတစ်ခုက ပိုင်းခြားထားခဲ့တယ်။

တောအုပ်နဲ့ တောတန်းကလေးကိုတော့ တစ်ခုတည်းသောတံတားကလေးနဲ့ ဆက်သွယ်ထားတယ်။ ဒီတံတားကလေးကလည်း ချောင်းကလေးနားက အပင်ငယ်တပင်လဲကျပြီး တစ်ဘက်ကမ်းပေါ်မှာ သွားတင်နေတဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တံတားကလေးပေါ့။ ဒါပေမယ့် တောအုပ်ထဲက အကောင်ငယ်လေးတွေဟာ တောအုပ်ရဲ့ အတွင်းပိုင်းကို သွားလေ့ မရှိကြဘူး။

တောတန်းကလေးဟာ သေးငယ်လွန်းတာကြောင့် နေထိုင်ကြတဲ့ အကောင်ငယ်ကလေးတွေဟာ တစ်နေ့ထက်တစ်နေ့ အစာရှာဖွေရတာ ခက်ခဲလာခဲ့တယ်။ တစ်ဖက်ကမ်းဖြစ်တဲ့ တောအုပ်ထဲမှာ အစားအစာတွေ ပေါများတာ သိကြပေမယ့် သူတို့ရဲ့ အသက်ကို အန္တရာယ်ပေးနိုင်တဲ့ အသားစားအကောင်တွေ ရှိနေတာကြောင့် သူတို့ဟာ တစ်ဖက်တောအုပ်ထဲမှာ အစာသွားရှာဖို့ကို မဝံ့ရဲကြဘူး။

Sunday, 25 November 2012

မမနှင့် Strong Bleach




မမမှာ လုပ်ငန်းပိစိကလေးတစ်ခု ရှိပါတယ်။ အဲ့ဒီအလုပ်ကလေးဟာ အိမ်အတွင်းပိုင်းနဲ့ ပတ်သက်တာ မှန်သမျှအကုန်လုပ်တဲ့ အလုပ်တစ်ခုပေါ့။ ပေပွနေသော ဆောက်ပြီးကာစ အိမ်တွေနဲ့ ရောင်းရန်၊ငှားရန်အတွက် ဈေးကွက်ပေါ်တင်မယ့် အိမ်တွေကို လူနေရန်အဆင်သင့်ဖြစ်အောင် ပြုပြင်ပေးခြင်း၊ သန့်ရှင်းပေးခြင်း၊ လိုက်ကာဆင်ပေးခြင်း၊ ဆေးသုတ်ပေးခြင်း၊ နံရံမှ အစွန်းအထင်းများ ချွတ်ပေးခြင်း အစရှိတဲ့အလုပ်မှန်သမျှကို လုပ်တဲ့ လုပ်ငန်းလေးတစ်ခုပါ။

တစ်နေ့မှာတော့ အလုပ်အပ်သူတစ်ယောက်က သူ့အိမ်ကို မျက်နှာကျက် မှ မီးအိမ်များ ပြောင်းလဲတပ်ဆင်ရန်နှင့် လူနေရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ပေးရန် ပြောဆိုလာတယ်။ ဒီတော့ မမလည်း အိမ်ကို သွားကြည့်ခဲ့တယ်။ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့် မီးဖိုတစ်ခန်း၊ ထမင်းစားခန်းနှင့် ဧည့်ခန်းတွဲလျက်တစ်ခန်းသာပါရှိတဲ့ Unit လေး တစ်ခုသာဖြစ်တာကြောင့် လုပ်ငန်းသဘောအရ ၈ နာရီလောက်သာ ကြမြင့်မယ်လို့ တွက်ချက်လို့ရခဲ့တယ်။

Saturday, 24 November 2012

မမ နှင့် ဘုရားကြီးမှ အလှကုန်သည်




မမ မြန်မာပြည်ပြန်ရောက်တိုင်း မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကို အနည်းဆုံး တစ်ကြိမ်တော့ ရောက်အောင် ဖူးလေ့ရှိတယ်။ မနက်ပိုင်း နေခြည်နုနုနဲ့အတူ ဘုရားကြီးကို လူရှင်းတဲ့ တစ်နေရာကနေ ထိုင်ပြီး ဖူးမြော်ရတာ စိတ်ချမ်းသာစရာပါပဲ။ ဘုရားကြီးက အပြန်  စောင်းတန်းတစ်လျောက် ဈေးသည် ဈေးဝယ်တွေကို ငေးကြည့်ရင်း လက်မှုပစ္စည်းလေးတွေကို မြတ်နိုးတဲ့အတွက်လည်း ကျောက်စိမ်းအကာသားတွေကို  ထုဆစ်ထားတဲ့ အရုပ်လေးတွေ၊ ပန်းပုရုပ်လေးတွေကို လိုက်ကြည့်ရင်း လိုချင်တဲ့ အရုပ်လေးတွေတွေ့ရင်လည်း ဝယ်ရတာကို နှစ်သက်လှတယ်။ 

တစ်ခါတလေမှာတော့ မြေပေါ်မှာအထမ်းလေးတွေနဲ့ရောင်းတဲ့ ကျွဲခေါင်းသီးတို့၊ တခြား မြန်မာ မုန့်တွေကိုလည်း ဝယ်စားရတာ ကျေနပ်စရာကောင်းလှတယ်။

Thursday, 22 November 2012

တိမ်လွှာပန်းပု




တိမ်လွှာလေဝေ့
တရွေ့ရွေ့နှင်
ပဲ့ပြင်သဏ္ဍန်
ဖန်ဖန်သွင်ပြောင်း
မဟောင်းအသစ်
စဉ် ထုဆစ်သည်
မိုးပြာအောက်မှ  ပန်းပုသည်..။


ပျိုးယုဝသုန်
9:09:59PM
22-11-2012
Thursday (BNE)

Tuesday, 20 November 2012

မမ နှင့် ကြိတ်စက်




မမတို့ အိမ်ရှေ့နှင့် ခြံထဲမှာ Palm tree တွေ၊ Cane ပင်တွေ ၊ Golden Cane ပင်တွေ တော်တော်ကလေးရှိတယ်။ အရွက်တွေမကြွေ ၊ အသီးတွေ မကျချိန်မှာ တော်တော်ကလေး ကြည့်လို့ကောင်းတာပေါ့။ အပန်းဖြေစခန်းတစ်ခုလိုပဲ အိမ်ပုံစံနဲ့ သစ်ပင်တွေဟာ လိုက်ဖက်လှတယ်။

အဲ့ဒီမှာ ခက်တာက အခက်တွေကြွေကျတာပဲ။ တစ်ရက်ကို အခက်ပေါင်း ၁၀ခက်၊ ၁၅ ခက်လောက်ကြွေကျတယ်။ မကြွေဘူးဆိုရင်တောင်း အနည်းဆုံး ၆ခက်လောက်ကတော့ ကြွေတယ်။ ဒီ့အပြင်မှာ ဘိုကတော်မျက်ခုံးပင်တွေက အတန်းလိုက်ရှိနေတဲ့အတွက် သူတို့ကို လေးထောင့်တိတိအတန်းလိုက်ဖြစ်နေအောင်လည်း ပုံသွင်းရ၊ ဖြတ်ရ၊ ညှပ်ရသေးတယ်။ လူလည်း ဒီအပင်တွေကြားမှာနေတာကြာတော့ ဟော်တီကားချားကို ကျောင်းသွားတက်စရာမလိုပဲ တော်တော်ကလေး နားလည်လာခဲ့ပြီ။

Monday, 19 November 2012

ထို့ကြောင့်


နှလုံးအရိပ်
ချွေးသိပ်မရ
စိတ်မှအပူ
လက်ခံယူကာ
သိင်္ဂါရသ
ငါ ပျောက်ရှပြီ
ကဗျာ ဘယ်သို့ သီရမည်..။


ပျိုးယုဝသုန်
4:14:31 PM
19-11-2012
Monday (BNE)

Tuesday, 13 November 2012

အလုပ်




လိုက်လို့ရယ်ရှာ
ရှာကာမှထွက်ပြေး
လိုက်လေလေ ဝေးအောင်ပြေးတယ်
မောလှတယ်လေး။

ဘယ်သူ့အတွက် ဘယ်နေရာ
သတ်မှတ်တာ အရင်ရှိရင်တော့
တိတ်တိတ်နေပါ။

ဘယ့်နှယ်ဗျာ
စာမျက်နှာမှာကြော်ငြာရဲ့
လျောက်လာသူ လူအပေါင်းကိုဖြင့်
ဒင်းတို့ မငဲ့..။


ပျိုးယုဝသုန်
9:34:48 PM
13-11-2012
Tuesday (BNE)

Sunday, 11 November 2012

အလင်းဖျော့ညနေ




မှိုင်းမှုန်တဲ့ကောင်းကင်
နယ်ရှစ်ခွင် မင်ရောင်ဖုံး
မိုးလုံးပတ်လျှင်..၊
လျပ်ရောင်စဉ် 
နတ်မောင်ရှင် ပစ်ခွင်း
လင်းကမ္ဘာ မှုန်ရီမှိုင်းဝေတဲ့
ချုပ်  ညနေခင်း..။


ပျိုးယုဝသုန်
06:14:23 PM
10-11-2012
Sathurday (BNE)

Wednesday, 7 November 2012

လွှတ်ချခြင်း




အလှမ်းဝေးလေတော့
ပန်းကလေးတွေလည်း
လွမ်းတေး ဆိုနေကြပြီ နော်..။

နှလုံးသားလည်း
ပြုံးမထားနိုင်တာ
အမုန်းတရားကြောင့်မှမဟုတ်တာ..။

တစ်နှစ်ပြီးတစ်နှစ်
အသစ်အသစ်သောအချစ်နဲ့
နစ်ပြီးရင်း နစ်သတဲ့..။

အပြစ်တော့မဆိုပါနဲ့
အချစ်ဆိုတဲ့သင်္ကေတ
စာလုံးပေါင်းမရခဲ့တာ
အသုံးမကျတာတဲ့လား..။

ပေါင်းလိုက်တိုင်းမှား
တွက်ထားတာတွေမမှန်
နောက်ဆုံးကျန်တာတောင်
အောင်မှတ်မသီနိုင်ခဲ့ဘူး..။

ရေးသူနဲ့ ဖတ်သူ
အိပ်မက်မတူကြလေတော့
တယူသန်အမြင်မှာ
လူဆန်ချင်တာပေါ့။

အိပ်မက်ကမ္ဘာအတွေးလည်း
ဝေးပြီးရင်းဝေးကွာ
ဒဏ်ရာရတဲ့စိတ်နဲ့
ငါလေ….
တိတ်တိတ်လေးပဲ အိပ်တော့မယ်..။



ပျိုးယုဝသုန်
9:50:39 AM
7-11-2012
Wednesday (BNE)

Monday, 5 November 2012

ရေချမ်းစင်





ရေချမ်းစင်ဆိုသည်များကို မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင်သာမက မြို့ပြဒေသ၏ နေရာအနှံ့တွင်တွေ့ရှိနိုင်ပေသည်။ ရေချမ်းစင်ကလေးများသည် မြန်မာလူမျိုးတို့၏ စေတနာနှင့် ယင်းစေတနာ၏ အေးမြမှုကို ကိုယ်စားပြုထားသော မှတ်တိုင်ကလေးများ ဖြစ်ကြသည်။

စပါးပင်ပေါက် စိမ်းစိမ်းကလေးများအောက်ခံထား၍ ရေအရောင်ဖြင့် စိုလက်နေသော ရေချမ်းစင်များသည် အဝေးမှလာသူ၊ နေပူထဲမှ လာသူများ၏ မောပန်းမှု၊ ပူလောင်မှုတို့ကို မြင်ရရုံနှင့်ပင် အေးမြစေသည်။ အမောအပန်းပြေစေသည်။ သဲအိုးကလေးများထဲမှ ရေကြည်အေးအေးတို့သည် သောက်သုံးရသူ၏ နှုတ်ဖျားမှ ရင်တွင်းတိုင်အောင် အေးမြစေ၍ လန်းဆန်းစေခဲ့သည်။

ချစ်သူရှိရာ အိပ်မက်မြို့မှာ


ချစ်သူရှိရာနေရာကိုတိတ်တဆိတ်ရောက်ဖူးပါသလား..ပြီးတော့ဘယ်အချိန်မှာရောက်လာမယ်မလာမယ်ဆိုတာကိုသေချာမသိနိုင်ပဲလာနိုင်မယ့်လမ်းကလေးကိုမျက်တောင်မခတ်စိုက်ကြည့်ဖူးပါသလား…

၁။
တချိန်ချိန်မှာလုပ်ချင်တာကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်မှုမရှိပဲလုပ်ခွင့်ရတာအင်မတန်စိတ်ချမ်းသာစရာကောင်းလှပါတယ်..ပင်ပန်းလှပေမယ့်မရမဖြစ်လိုအပ်နေတဲ့အာဟာရကိုစားသုံးလိုက်ရသလိုလန်းဆန်းနေခဲ့ပြီ..ကြုံတွေ့နေထိုင်နေရဦးမယ့်နောင်ရက်ပေါင်းများစွာအတွက်အင်အားတချို့ကိုလည်းရရှိခဲ့ပြီ..၂ရက်ဆိုတဲ့အချိန်ကလေးဟာတိုတိုလေးပါပဲ..ဒါပေမယ့်ရရှိတဲ့စိတ်အာဟာရကတော့ရက်ပေါင်း၃၀၀စာနီးနီးဖြစ်မယ်လို့မျှော်လင့်ရပါတယ်..

ဟိုက္ကူကဗျာ (၁၂)


ကောင်းကင်မှာငှက်ခါး
မြေပြင်ကနွားမြက်ကိုစား
ငှက်ခါး အစာရှာ..

ဟိုက္ကူကဗျာ (၁၁)

ဆီးဖြူသီးတစ်လုံး
ငုံပြီးတောင်ပေါ်တက်ကြည့်ပါ
အမောလုံလှတာ

ဟိုက္ကူကဗျာ (၁၀)

အလှူ့လက်ဖက်ပွဲ
မျက်နှာလုပ်သူခပ်ရဲရဲ
ပြောလည်းမရှက်တယ်..။