Monday 5 November 2012

ချစ်သူရှိရာ အိပ်မက်မြို့မှာ


ချစ်သူရှိရာနေရာကိုတိတ်တဆိတ်ရောက်ဖူးပါသလား..ပြီးတော့ဘယ်အချိန်မှာရောက်လာမယ်မလာမယ်ဆိုတာကိုသေချာမသိနိုင်ပဲလာနိုင်မယ့်လမ်းကလေးကိုမျက်တောင်မခတ်စိုက်ကြည့်ဖူးပါသလား…

၁။
တချိန်ချိန်မှာလုပ်ချင်တာကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှထိခိုက်မှုမရှိပဲလုပ်ခွင့်ရတာအင်မတန်စိတ်ချမ်းသာစရာကောင်းလှပါတယ်..ပင်ပန်းလှပေမယ့်မရမဖြစ်လိုအပ်နေတဲ့အာဟာရကိုစားသုံးလိုက်ရသလိုလန်းဆန်းနေခဲ့ပြီ..ကြုံတွေ့နေထိုင်နေရဦးမယ့်နောင်ရက်ပေါင်းများစွာအတွက်အင်အားတချို့ကိုလည်းရရှိခဲ့ပြီ..၂ရက်ဆိုတဲ့အချိန်ကလေးဟာတိုတိုလေးပါပဲ..ဒါပေမယ့်ရရှိတဲ့စိတ်အာဟာရကတော့ရက်ပေါင်း၃၀၀စာနီးနီးဖြစ်မယ်လို့မျှော်လင့်ရပါတယ်..
၂။
ည၁၁နာရီ၅၅မိနစ်မှာစတင်ထွက်ခွါလာတဲ့ငါ့ရဲ့ခရီးဟာ..နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့တစ်နေ့ရဲ့မနက်၁၀နာရီလောက်မှာငါ..ငါ့ရဲ့မွေးရပ်မြေကိုခြေချခဲ့တယ်ချစ်သူ..ဆာလောင်မွတ်သိပ်နေတဲ့ငါ့ရဲ့စိတ်တွေဟာဒီမြေပေါ်ကိုခြေချလိုက်တာနဲ့ရေအေးအေးတစ်ခွက်သောက်လိုက်ရသလိုမွတ်သိပ်မှုအနည်းငယ်ကိုလျော့ပါးသွားစေတယ်..အေးမြခြင်းတွေအနည်းငယ်လွင့်ပြယ်နေတဲ့မနက်၁၀နာရီရဲ့လေပြည်ဟာငါ့ကိုလန်းဆန်းစေတာကတော့အမှန်ပါဘဲ..လာရာလမ်းတစ်လျောက်လုံးဘာကိုစလုပ်ရရင်ကောင်းမလဲလို့စဉ်းစားလာတဲ့ငါ..ခုတော့လည်းဘာမှကိုမစဉ်းစားတော့ပါဘူး..ဒီရက်ကလေးမှာဘာကိုမှမစဉ်းစားပဲစိတ်သွားရာနောက်ကိုလိုက်ဖို့ပဲဆုံးဖြတ်လိုက်တယ်..

အခန်းတံခါးကိုဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲမရှင်းမလင်းထားတာအနည်းငယ်ကြာနေတာကိုသိသာစေတဲ့ဖုန်မှုန့်တွေကငါ့ကိုအရင်ဆီးကြိုတယ်ချစ်သူ..မျက်နှာသုတ်ပုဝါတစ်ထည်ကိုခေါင်းမှာပတ်ပြီးမျက်နှာကိုလက်ကိုင်ပုဝါတစ်ခုနဲ့စည်းပြီးအခန်းသန့်ရှင်းရေးကိုစခဲ့တယ်..ပင်ပန်းနေပေမယ့်လန်းဆန်းနေတာကတော့စိတ်ကြောင့်ပဲဖြစ်မှာပေါ့ချစ်သူ..မည်သူတစ်ဦးတစ်ယောက်ကိုမျှအသိမပေးပဲတိတ်တဆိတ်ရောက်လာတဲ့ငါ့ကိုရုတ်တရက်များတွေ့လိုက်ရင်ဘယ်လိုများနေမလဲလို့စဉ်းစားပြီးလည်းပြုံးမိရတယ်..တစ်ယောက်တည်းနေဖို့အတွက်တဆိတ်တော့ကျယ်နေမေမယ့်ဒီအခန်းလေးဟာငါ့ကိုတော့စိတ်လက်တခဏတာအေးချမ်းစေခဲ့ပါတယ်…
၃။
ဘီးတပ်ထားတဲ့လက်ဆွဲအိပ်လေးထဲမှာငါ့အ၀တ်၅စုံရယ်..ငါ့ရဲ့ကွန်ပျူတာလေးရယ်..iPadနဲ့ဖုန်းရယ်..တစ်ကိုယ်ရည်လိုအပ်တဲ့တိုလီပေါက်စနအနည်းငယ်ရယ်ပါခဲ့တယ်..မိဘ..ဆွေမျိုးသားချင်း..သူငယ်ချင်းတွေတစ်ယောက်မှမသိပဲမွေးရပ်မြေကိုပြန်ရောက်ရှိနေတဲငါ့ကိုသူတို့များတွေ့ရင်ဘာပြောကြမလဲလို့ငါမစဉ်းစားခဲ့ဘူး..အခန်းကိုသန့်ရှင်းရေးလုပ်ပြီးတော့အချိန်ဟာနေ့လည်၃နာရီကိုသီသီကျော်ခဲ့ပြီ..ဘာမှလည်းသိပ်မဆာတာမို့ပါလာတဲ့ကော်ဖီထုတ်တစ်ထုတ်ကိုမတ်ခွက်ထဲဖောက်ထည့်..တည်ထားတဲ့ရေနွေးရောပြီးသကြားမပါတဲ့ဘလက်ခ်စစ်စစ်ကိုသောက်လိုက်တယ်..ပြီးတော့ရှိနေတဲ့လိုင်းဖုန်းကလေးဆီသွားပြီး..မပြီးနားထောင်ကြည်လိုက်တော့…တူ…..ဆိုတဲ့အသံရှည်ကိုမကြားရတာကြောင့်ပိတ်နေခဲ့ပြီဆိုတာသိလိုက်ရတယ်…ဖုန်းခွက်ကိုအသာပြန်ချရင်းအောက်ထပ်ကိုဆင်လာခဲ့တယ်…အများသုံးတယ်လီဖုန်းဆိုင်ကလေးကိုရောက်လာတော့ဖုန်းဆက်ချင်တဲ့အကြောင်းကလေးမလေးကိုပြောပြီးနံပါတ်တချို့ကိုနှိပ်လိုက်တယ် … ဟယ်လို.. ဆိုတဲ့ပြန်ထူးသံအဆုံးမှာ
“ဘိုးတော် ..သမီးပါ .. ”လို့ပြန်ဖြေတော့  ဦးလေးက ၀မ်းသာအားရ
“ဟဲ့ကောင်.. နင်ဘယ်တုန်းကရောက်နေတာလဲ ..အမတို့အိမ်မှာလား..”
“မဟုတ်ဘူး ဘိုးတော်ရ.. ကျွန်တော် ခုမှရောက်တာ..ကျွန်တော့်မြို့ထဲကအခန်းမှာ.. ကျွန်တော်ရောက်နေတာဘယ်သူမှမသိဘူး..သိလည်းမသိစေချင်ဘူး..အဲဒါဘိုးတော် မားသားတို့ကို မပြောနဲ့နော်.. ကျွန်တော်ဒီမှာ၂ရက်ပဲနေမှာ..ချက်ချင်းပြန်မှာ… ဒီ၂ရက်မှာကျွန်တော်ကားတစ်စင်းလိုတယ်ဘိုးတော်..အဲဒါ ကျွန်တော်ကားလာယူလို့ရ မလား..”
“ ရတယ်လေ.. အခုလာမှာလား .. ငါလာခေါ်ရမလား.. ငါ့ကိုအကျိုးအကြောင်းပြောဦး”
“နိုး.. ကိုယ့်ဘာသာကိုယ်လာခဲ့မယ် … နောက်၄၅မိနစ်လောက်ဆို ရောက်မယ်..ရောက်ရင် ပြောမယ်လေ..ကျွန်တော် ဘာတစ်ခုမှ မဟုတ်တာ မလုပ်ဘူးဆိုတာ ဦးလေး ယုံတယ်မဟုတ်လား..”

ကျသင့်ငွေကိုထုတ်ရှင်းပေးပြီးပြန်ခဲ့တယ်..ရေချိုးအ၀တ်အစားလဲပြီးဦးလေးရှိရာဗဟန်းမြို့နယ်ကိုလမ်းထိပ်မှာရှိနေတဲ့အငှားကားတစ်စီးကိုငှားပြီးထွက်လာခဲ့တယ်...၂၅မိနစ်လောက်အကြာမှာဦးလေးနေထိုင်တဲ့ခြံဝင်းထဲကိုရောက်လာတယ်..လက်ကျန်ကျန်နေတဲ့မြန်မာကျပ်အချို့ထဲက၂၅၀၀ကိုထုတ်ပေးပြီးအိမ်ထဲဝင်လာတယ်..ဦးလေးကတော့စိတ်ဓါတ်တက်ကြွစွာနဲ့ဧည့်ခန်းထဲမှာစောင့်နေခဲ့တယ်..ကားသော့ကိုထုတ်ပေးရင်း
“ ကဲ..ပြော.. ဘာဖြစ်လာတာလဲ..”
“ကျွန်တော်စိတ်ကိုအစာလာကျွေးတာ ဦး .. ဒီလိုမှကျွန်တော်မထွက်လာရင်နောက် နေရမယ့်ရက်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အာမ မခံနိုင်လို့ပါ.. ကျွန်တော် ဘာမှ မဟုတ်တာမလုပ်ဘူး..ပြီးတော့ ဦးလေးကလွဲလို့ကျွန်တော်ဒီကိုရောက်နေတာဘယ်သူ့ကိုမှ မသိစေချင်ဘူး…ကျွန်တော် ၂ရက်နေ့ မနက်ပြန်မယ်..ဒီနေ့ရယ် မနက်ဖြန်ရယ်နေမယ်..”
“ ကောင်းပြီလေ..မင်းလည်းကလေးမှမဟုတ်တာ..ငါ..အမတို့ကိုမပြောပါဘူး..ဒါပေမယ့်..ဒီထက်နဲနဲပိုပြီးပေးသိသင့်တယ်လို့မထင်ဘူးလား…”
“ဒီထက်တော့ နဲနဲပိုပြောနိုင်ပါတယ်..ဒါပေမယ့်ကျွန်တော်အခုအပြင်သွားချင်တယ်.. ပြန်လာရင်ပြောမယ်လေ..”
“မိုဘိုင်းလ် လိုမလား ..”
“မလိုဘူးဦး .. ကျွန်တော့်ကို ဆက်မယ့်သူဘယ်သူမှမရှိဘူး.. ကျွန်တော်ကလည်းဘယ်သူ့ ကိုမှ ဆက်စရာမရှိဘူးလေ..ကျေးဇူးပဲ ဘိုတော်.. ကျွန်တော်ဒါဆိုသွားတော့မယ် …”
“ဟေ့ကောင်…မင်းဒီည ညစာ ငါနဲ့စားမလား.. စီစဉ်ထားလိုက်မယ်”
ဆိုတဲ့နောက်ကပါလာတဲ့ဦးလေးရဲ့အသံကို လှည့်မကြည့်ပဲ 
“ဒီညမစားဘူးဦးလေး..နက်ဖန်မှမနက်စာစားမယ်..ဒါမမဟုတ်လည်းပြန်မယ့်ရက်မှစားမယ်လေ.. ကျွန်တော်လုပ်ချင်တာလေးတွေ မပြီးမှာစိုးလို့” လို့အော်ပြောရင်းကားရှိရာကိုပြေး လာခဲ့လိုက်တယ်…

၎။
ကဲချစ်သူ..ငါဘာလုပ်မယ်..ဘယ်သွားမယ်လို့မင်းထင်သလဲ…ငါဦးလေးနေရာကနေစထွက်လာတော့ညနေ၅နာရီထိုးတော့မယ်..အနည်းငယ်ဟာလာတဲ့ဝမ်းကိုဖြည့်ဖို့ကားကိုတက္ကသိုလ်ရိပ်သာလမ်းဘက်ကိုဦးတည်လိုက်တယ်…ဒီအချိန်မှာမင်းကိုပြင်းပြင်းပျပျသတိရမိတာငါဝန်ခံပါတယ်ချစ်သူ..မရည်ရွယ်ပါပဲမင်းနဲ့ငါနဲ့အတူတူစားခဲ့ဖူးတဲ့ဆိုင်လေးထဲကိုဝင်ခဲ့တယ်..ပြီးတော့ငါတို့စားခဲ့ကြတဲ့အစားတွေကိုပဲငါမှာဖြစ်ခဲ့တယ်..ဗိုက်ဆာနေတယ်လို့ထင်မှတ်ရပေမယ့်လည်းတကယ့်တကယ်တန်းစားတော့ဘာမှစားလို့မရပြန်ဘူးလေ..ဒါနဲ့ငါသောက်နေကျကော်ဖီတစ်ခွက်ကိုမှာရင်းနဲနဲစားလိုက်ကော်ဖီသောက်လိုက်နဲ့အချိန်တချို့ကိုင်အဲဒီဆိုင်လေးထဲမှာကုန်စေခဲ့တယ်..

ဆိုင်ထဲမှာစားနေတုန်းကြားရတဲ့သတင်းကမီးလောင်လို့တဲ့..ငါလည်းငါမလာခင်ကလောင်တဲ့စက်ဆန်းကုန်သိုလှောင်ရုံတွေမီးအကြောင်းလို့ထင်နေတာ..နောက်တော့ဘယ်ဟုတ်မလဲ…အင်းလျားလမ်းကအမှတ်(၂)ကမာရွတ်ကျောင်းမှာမနေ့ကညနေကလောင်သွားတာဆိုပဲ..ငါမင်းအကြောင်းတွေးနေတာတောင်ရုတ်တရက်ပြတ်သွားတယ်..ဘယ့်နှယ်ကြောင့်ဒီရက်၂ရက်အတွင်းမှာမီးတွေလောင်နေတာပါလိမ့်..အင်းလေ..ငါလည်းလောင်ကျွမ်းခဲ့တာပါပဲ..သိုလှောင်ရုံမီးတွေနဲ့အတူတူပေါ့…

ဝေ့၀ဲလာတဲ့မျက်ရည်ကိုခေါင်းခါထုတ်ရင်းမင်းပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိတယ်..ငါ့ကိုချစ်မိတာအပြစ်ရှိသလိုခံစားနေရတယ်ဆိုတဲ့မင်းရဲ့စကားဟာငါ့ကိုနာကျင်နေစေခဲ့တယ်..မင်းကတော့မင်းအမြင်နဲ့မင်းသုံးသပ်..ဆုံးဖြတ်သွားတာပဲလေ..ငါကတော့ဘာမှမပြောသာခဲ့ပါဘူး..ငါပြောခဲ့ဖူးတဲ့စကားတစ်ခွန်းမင်းမှတ်မိမှာပါချစ်သူ..ငါကမင်းပေးတာကိုပဲယူမယ့်သူဆိုတာလေ..တောင်းဆိုဖြစ်မှာမဟုတ်တဲ့အတွက်မင်းဆန္ဒအတည်ဖြစ်စေရမယ်လို့ငါကတိပေးပါတယ်..ငါ့အနားမှာနေဖို့ဆန္ဒမရှိတော့တဲ့သူတစ်ယောက်ကိုငါအတင်းအကြပ်ဘာနဲ့မှမချည်နှောင်လိုပါဘူး..ငါ့စိတ်ကိုငါနိုင်အောင်ထိန်းရင်းတခုခုလုပ်မှဖြစ်တော့မယ်ဆိုပြီးငါဒီကိုရောက်လာခဲ့တာပဲချစ်သူ..ကြိုတင်ဝယ်ထားတဲ့ငါ့ရဲ့ခရီးသွားလက်မှတ်တွေဟာလိုချင်တဲ့ရက်ကိုချက်ချင်းရဖို့ငွေကြေးအနည်းငယ်ကိုထပ်ဆောင်းပေးခဲ့ရသေးတယ်..ဒါပေမယ့်ခက်ခဲလှတဲ့ဒီလိုရက်မျိုးမှာလိုချင်တဲ့ရက်ရတာကိုပဲကျေနပ်လှပါတယ်…အင်း..တကယ်တော့ငါ..မင်းကိုချစ်သူလို့တောင်မခေါ်သင့်ဘူးနော်..ဒါပေမယ့်နှုတ်ကမခေါ်တဲ့နာမ်စားမို့မင်းဒီတခါတော့ခွင့်ပြုမယ်ထင်ပါတယ်..

၅။
ဒီလိုနဲ့ဆိုင်လေးထဲကငါ၆နာရီကျော်ကျော်လေးမှာထွက်ခဲ့တယ်…ဘယ်ကိုသွားရရင်ကောင်းမလဲလို့စဉ်းစားနေတုန်းမှာပဲငါမောင်းလာတဲ့ကားဟာမင်းအိမ်ရှိရာကိုဦးတည်ပြီးဖြစ်နေခဲ့တယ်..လမ်းတစ်ဝက်ရောက်မှငါ့ရဲ့ကားလိုင်စင်ဟာသက်တမ်းကုန်နေတာပါလားလို့သတိထားမိခဲ့တယ်..ဒါပေမယ့်လည်းဘာမှမတတ်နိုင်တော့ဘူး..ဖြစ်လာတာကိုပဲရင်ဆိုင်ဖြေရှင်းတော့မယ်ဆိုပြီးမင်းရှိမယ်လို့ထင်ရတဲ့မင်းနေထိုင်ရာရပ်ကွက်လေးထဲကိုငါညနေ၇နာရီကျော်ကျော်မှာရောက်ခဲ့တယ်..ဆောင်းကာလရဲ့ထုံးစံအတိုင်းနေ၀င်တာကစောတော့အရာရာဟာမှောင်သားကျနေခဲ့တယ်…မင်းထွက်လာလေဦးမှာလားလို့မျှော်လင့်ပြီးမင်းထွက်လာမယ်လို့ထင်ရတဲ့လမ်းကိုဦးတည်ပြီးငါကားကိုရပ်ထားလိုက်တယ်..ကားမှန်အနည်းငယ်ကိုချရင်းတကယ်လို့များမင်းထွက်လာရင်ငါ့ကားကိုမြင်ပြီးမှတ်မိသွားလေမှာလားလို့လည်းတွေးပူမိသေးတယ်..

ဒီလိုနဲ့ကားထဲမှာငြိမ်ငြိမ်သက်သက်..စိတ်တွေကဂယောက်ဂယက်နဲ့ထိုင်နေခဲ့တာတစ်နာရီကျော်ကျော်ကြာသွားတယ်..လူတချို့ရဲ့ကွက်ကြည့်ကွက်ကြည့်ကိုလည်းခံလာရတဲ့အခါမှာငါပြန်ဖို့ဆုံးဖြတ်လိုက်တယ်..ဒီအချိန်မှာအမှန်အတိုင်ဝန်ခံရရင်မင်းကိုခဏလေးဖြစ်ဖြစ်တွေ့ချင်မိတယ်..ဒါပေမယ့်ငါမင်းကိုမတွေ့ခဲ့ပါဘူးချစ်သူ..တကယ်လို့များဦးလေးပေးလိုက်တဲ့ဖုန်းသာယူလာမိခဲ့ရင်ငါစိတ်မထိန်းနိုင်ပဲမင်းကိုဖုန်းဆက်မိမှာသေချာတယ်..ဘာဖြစ်ဖြစ်မင်းကိုစိတ်အနှောက်အယှက်မပေးမိတာကိုပဲငါ့ကိုယ်ငါကျေနပ်ခဲ့ပါတယ်..မင်နဲ့အတူတူလျောက်ခဲ့ဖူးတဲ့လမ်းကလေးကိုကြည့်ပြီးပြန်လာတဲ့ငါဟာစိတ်ကျေနပ်မှုတချို့ကိုတော့ရခဲ့ပါတယ်…

လှလှပပ၀တ်စားဆင်ယင်ပြီးသွားလာနေကြတဲ့သူတွေကိုကြည့်ပြီးမင်းနဲ့အတူတူတနေရာရာမှာထိုင်ပြီးစကားပြောရရင်..ဆိုတဲ့အတွေးက၀င်လာခဲ့တယ်..မဖြစ်နိုင်ပါဘူးဆိုပယ်ချလိုက်..ဒီလိုနဲ့ငါတစ်ယောက်ထဲအဆိုတင်သွင်းလိုက်နဲ့..ဆူညံနေတဲ့ဗျောက်အိုးသံတွေ..တဒိုင်းဒိုင်းကြားနေရတဲ့မီရှူးမီးပန်းသံတွေကိုနားထောင်နေရင်းညဟာတဖြည်းဖြည်းရင့်လာခဲ့တယ်.တချက်..တချက်..ကြားနေရတဲ့သီချင်းသံတွေ…အော်ဟစ်နှုတ်ဆက်သံတွေကြားမှာငါဟာတခြားကမ္ဘာကလူတစ်ယောက်လိုဖြစ်နေခဲ့တယ်..အောက်ထပ်အင်တာနက်ဆိုင်ကအကူအညီတောင်းပြီးချိတ်ထားတဲ့ဝါယာလက်စ်ကြောင့်ကံကောင်းစွာငါအင်တာနက်သုံးခွင့်ရခဲ့တယ်..

၃၁ရက်နေ့ရဲ့ည၁၂နာရီထိုးခါနီးလာလေ..ဘေးဘက်အခန်းကနေခဏတောင်းယူထားတဲ့ Cordlessဖုန်းခွက်ကိုကောက်ကိုင်လိုက်..နံပါတ်တွေနှိပ်လိုက်..ပြန်ချလိုက်နဲ့ငါဟာတစ်ယောက်ထဲတိုက်ပွဲကိုဆင်နွှဲနေခဲတာပေါ့ချစ်သူ..မင်းလည်းငါ့ကိုသတိရနေမှာပဲဆိုတဲ့အတွေးတွေနဲ့နာကျင်လာတဲ့ငါဟာနောက်ဆုံးဖုန်းကိုအိပ်ရာပေါ်ပစ်တင်ရင်းဝရံတာရှိရာကိုထွက်လာခဲ့တယ်…ခက်တာကဘယ်နေရာရောက်ရောက်မင်းကိုသတိရနေတာပဲချစ်သူ…ဒီ၂ရက်အတွင်းတော့ငါ့ကို်ငါအလိုလိုက်တဲ့အနေနဲ့မင်းကိုသတိရတဲ့စိတ်ကိုလွှတ်ထားလိုက်တယ်..မင်းကိုမနှောက်ယှက်မိအောင်တော့ငါနေပါတယ်…နောက်ဆုံးတော့နှစ်သစ်ဆုတောင်းလေးတခုမင်းဆီကိုလှမ်းပို့ရင်းမနေ့ညကတည်းကမစစ်ရသေးတဲ့စာတွေကိုစစ်ရင်းမင်းဆီကပေးပို့လာတဲ့သီချင်းတစ်ပုဒ်ကိုနားထောင်ရတော့ငါလေမင်းဆီကိုပြေးပြီးလာချင်ခဲ့တယ်..ကိုယ့်ကိုယ်ကိုယ်အနိုင်နိုင်ထိန်းပြီးငါကွန်ပျူတာကိုလည်းကျောခိုင်းလိုက်တယ်ချစ်သူ..
၆။
Happy New Year …Welcome 2012 .. ဆိုတဲ့အသံတွေကိုကြားတော့လမ်းမဘက်ကိုငါ ငေးကြည့်နေမိတယ်…ဘာရယ်မဟုတ်ပဲမင်းဆံပင်တွေကိုလှမ်းကိုင်ကြည့်ချင်တဲ့စိတ်ကငါ့ကိုတော်တော်လေးဖိစီးလာခဲ့တယ်..တဖြည်းဖြည်းအေးမြလာတဲ့ညဟာ…မနက်၃နာရီလောက်ကျတော့ဝရံတာမှာဆက်ပြီးမထိုင်နိုင်တော့အောင်ကိုအေးလာခဲ့တယ်…အိမ်ထဲဝင်လာပြီးကုတင်ပေါ်မှာငုတ်တုတ်ထိုင်ရင်းခေါက်ရိုးကျိုးနေတဲ့ခေါင်းအုံးစွပ်တွေကိုအဓိပ္ဗါယ်မဲ့ငေးနေခဲ့တယ်..ပြီးတော့မင်းဝတ်ခဲ့ဖူးတဲ့အဖြူရောင်အင်္ကျီလေးကိုလည်းပြန်မြင်နေမိတယ်…တကယ်တော့အလွမ်းဆိုတာဟာရုပ်ရှင်တွေ..ဝတ္ထုတွေထဲမှာသာကြည့်လို့ဖတ်လို့ကောင်းတာပါချစ်သူ..တကယ်ခံရတဲ့အချိန်မှာတော့တော်တော်ကိုခံရခက်တဲ့ဝေဒနာပါပဲ..မင်းအကြောင်းတွေစဉ်းစားရင်းငါအိပ်ပျော်သွားခဲ့တယ်…အိပ်မက်တွေနဲ့လုံးထွေးရင်၂၀၁၂ခုရဲ့ပထမဆုံးနေ့သစ်ကိုငါချစ်တဲ့နေရာကနေကြုံရတာကိုငါကျေနပ်ပါတယ်..

မနက်၆နာရီမှာငါဦးလေးအိမ်ကိုထွက်လာခဲ့တယ်..ငါရောက်တော့ဦးလေးကလမ်းလျောက်ရာကပြန်လာပြီးအ၀တ်အစားလဲပြီးငါ့ကိုစောင့်နေခဲ့တယ်..ဒီလိုနဲ့ငါတို့နှစ်ယောက် Hotel K Paradise မှာမနက်စာစားကြတယ်.. အဲဒီမှာဦးလေးက
“ကဲပြော..ဘာတွေဖြစ်လဲ…နင်တခါမှဒီလိုမလုပ်ဖူးဘူး..ဘာပြဿနာရှိလဲ..ငါတတ်နိုင်တာကူညီမယ်.. အလုပ်ကိစ္စမဟုတ်တာ ငါသိတယ်.. လူမှုရေးလား..ဘာလဲ..”
“ဟုတ်တယ်ဦး .. လူမှုရေးလို့ပြောလို့ရတယ်..  အရှင်းဆုံးပြောရရင်အချစ်ရေးပဲ .. ”
“ဟုတ်ပြီ..အဲဒီတော့..မင်းဘာလုပ်မယ်စိတ်ကူးလဲ..”
“ကျွန်တော်တို့ချစ်သူတွေမဟုတ်ကြတော့ဘူးဦးလေး..လွန်ခဲ့တဲ့ ၃ရက်ကပဲ ကျွန်တော့ကိုသူထားခဲ့ပြီ..”
“အင်း..ဘာဖြစ်လို့တဲ့လဲ..”
“သူက..ကျွန်တော့်နားမှာနေရတာ..ကျွန်တော့်ကိုချစ်ရတာကိုအပြစ်ရှိတယ်လို့ခံစားနေရလို့တဲ့..အဆင့်အတန်းတွေရော..သိက္ခာတွေရော..ကျင့်ဝတ်တွေရော..စုံနေတာပဲ”
“အစကတည်းက မပြောထားဘူးလား..”
“ကျွန်တော်ပြောပါတယ်..ဒါပေမယ့်ကျွန်တော်ဘာမှမပြောချင်တော့ဘူးဦးလေးရာ.. ကျွန်တော်ခုဒီကိုရောက်လာတာ ဟိုမှာဘယ်လိုမှဆက်နေလို့မ၇တော့လို့ထွက်လာတာ.. ဒီလိုမှထွက်မလာရင်ကျွန်တော့်အလုပ်နဲ့ကျောင်းစာမှာထိတော့မယ်.. ဒါကြောင့်.. လာခဲ့တာပါ.. ကျွန်တော့်အလုပ်တွေက ၄ရက်နေ့မှာပြန်စမှာလေ..ဒါကြောင့်ရတဲ့ အချိန်လေးကျွန်တော်ပြေးလာတာ.. ဦးလေးကျွန်တော့်ကို မှားတယ်လို့ဆူချင်လား…”
“ကိုယ့်ကိုယ်ကိုယ် ဘယ်လို Release လုပ်ရမယ်ဆိုတာသိရင်ပြီးတာပဲ..ဒီကိစ္စမှာ မှားတယ်..မှန်တယ်ဆိုတာငါမပြောနိုင်ဘူး..နင်လည်းနိုင်ငံကြီးတွေမှာနေလာတာကြာပြီပဲ..စဉ်းစားလေ…အမှန်ဆုံးကိုရွေးတတ်မယ်လို့ငါယုံတယ်…ငါ့အမနင့်အမေဆိုရင်တော့အပြစ်ပြောမှာသေချာတယ်..ဒါပေမယ့်ဦးလေးကတော့နားလည်ပါတယ်..မင်းအသက်၁၅နှစ်လောက်ကတည်းကမင်းကိုTrainလုပ်လာတာ..ဒီလောက်မှအသိဥာဏ်ကရင့်ကျက်မလာဘူးဆိုရင်ဒါငါညံ့လို့ပဲလို့ယူ ဆရမှာပေါ့..”
“ဟုတ်ကဲ့..ကျွန်တော်နားလည်ပါတယ်..ခုလည်းသူနဲ့တွေ့ဖို့လာတာမဟုတ်ပါဘူး..ကျွန်တော့စိတ်ကိုအာဟာရလာကျွေးတာပါ..ဦးလေးသိတဲ့အတိုင်းလေ..ကျွန်တော့်မှာသွားစရာမရှိဘူး..ကျွန်တော်ဘယ်မှာမှမပျော်ဘူး..ပြီးတော့..ဘယ်ကိုမှလည်းမသွားချင်ဘူး..”
“အိုကေ..စား..ပြီးရင်သွားစရာရှိတာသွား..ငါလည်းGolfကွင်းကိုခဏနေသွားမယ်..တခုခုဆိုဖုန်းဆက်လိုက်..ဘာလိုသေးလဲ..”
“ပိုက်ဆံ.. ကျွန်တော့်ကိုUS500 ဖိုးလောက်လဲပေးပါ”
“အေး..အိမ်မှာလိုက်ယူလိုက်လေ..”
“ဟုတ်ကဲ့..ဦးလေး..”

ဦးလေးကိုနဲနဲပြောလိုက်ရတဲ့အတွက်ငါ့စိတ်တွေနဲနဲလန်းလန်းဆန်းဆန်းဖြစ်သွားခဲ့တယ်...ဦးလေးအိမ်မှာပိုက်ဆံလိုက်ယူပြီးငါချစ်တဲ့ငါ့သူငယ်ချင်းတွေရဲ့ရုံးခန်းရှိရာကိုငါချီတက်ခဲ့တယ်..ညဘက်မှာအလုပ်လုပ်လေ့ရှိတဲ့ငါ့သူငယ်ချင်းတချို့ကတော့အိပ်နေကြဦးမှာပဲ..တွဲလောင်းချထားတဲ့ကြိုးကိုဆွဲတော့လည်းဘယ်သူမှထွက်မလာခဲ့ဘူး..ဒါနဲ့ငါလည်းသူတို့ရုံးခန်းရှေ့ကဖြတ်လာပြီးနောက်ထပ်ငါချစ်တဲ့ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ရုံးခန်းရှိရာရွှေဂုံတိုင်ကိုလှည့်ဝင်ခဲ့တယ်..အိမ်နံပါတ်မမှတ်မိတဲ့ငါကဖုန်းကလည်းမပါလာခဲ့ဘူး..ဒီတော့ငါ့ရဲ့ချစ်လှစွာသောသူငယ်ချင်းကလေးကိုလည်းမတွေ့ရဘူးပေါ့..ပြီးတော့..ဒီနေ့က၂၀၁၂ခုနှစ်ရဲ့ပထမဆုံးနေ့ဆိုတော့ရုံးတွေကဖွင့်မယ်လည်းမထင်တော့ဘူးလေ..ဒါနဲ့ငါလည်းငါ့အခန်းရှိရာကိုပြန်လာခဲ့တယ်…
၇။
ငါအခန်းကိုပြန်ရောက်တော့မနက်၉နာရီ၂၀ရှိပြီ..ဒါနဲ့ငါဘုရားကိုသွားလိုက်တယ်..ဘုရားမှာအေးအေးဆေးဆေးထိုင်နေပြီးဘုရားရှိခိုးရင်း၁၀နာရီခွဲလောက်ကျတော့ငါအခန်းကိုပြန်လာခဲ့တယ်..ပြီးတော့ဝရံတာကနေလှုပ်ရှားအသက်ဝင်နေတဲ့ရန်ကုန်မြို့လည်ရဲ့လမ်းမကြီးကိုငေးကြည့်နေရင်းမချိန်တွေတရွေ့ရွေ့ကုန်ခဲ့တယ်..နောက်ဆုံးမှာတော့ဘယ်လိုမှမနေနိုင်လောက်အောင်မင်းကိုပြင်းပြင်းပျပျသတိရလာတယ်..ပြီးတော့ငါ…ငါတို့နှစ်ယောက်ထိုင်ဖူးတဲ့ကော်ဖီဆိုင်တွေထဲကဆိုင်တစ်ဆိုင်ကိုရောက်ခဲ့တယ်…မင်းဘယ်လိုမှရောက်လာနိုင်မှာမဟုတ်ဘူးဆိုတာသိပေမယ့်ရုတ်တရက်ရောက်လာတော့မလိုပဲစိတ်ထဲမှာခံစားခဲ့ရတယ်…မင်းကိုငြင်းခုန်ဆရာလုပ်ခဲ့တာတွေကိုပြန်တွေးမိရင်..အင်း..လွမ်းစရာတော့ကောင်းသား…

ဒီလိုနဲ့လည်းငါဟာချစ်စရာကောင်းလှတဲ့ကော်ဖီဆိုင်လေးမှာလည်းကြာကြာမနေနိုင်ခဲ့ဘူး..ဘယ်ကိုသွားရမယ်မှန်းမသိအောင်လမ်းပျောက်နေသူတစ်ယောက်လိုပဲ..ငါ့ရဲ့အခန်းလေးကိုပြန်ရောက်လာခဲ့ပြန်တယ်..ပြီးတော့ဖုန်းဆက်လိုက်မယ်လို့ဘယ်လိုမှရည်ရွယ်ချက်မရှိပဲမင်းရဲ့ဖုန်းနံပါတ်တွေကိုနှိပ်မိလျက်သားဖြစ်နေခဲ့တယ်..“ဟယ်လို ..” ဆိုတဲ့စကားသံကိုကြားတော့ငါ့မှာပြောစရာစကားတွေအဆင်သင့်ရှိမနေခဲ့ဘူးချစ်သူ..ဒီလိုနဲ့မင်းစိတ်ထဲမှာအစာမကျေစေတဲ့အကြောင်းတွေကိုသေချာပြောပြရင်းတစိမ့်စိမ့်နာကျင်လာရတာငါပေါ့..ငါဟာမာန်မာနကြီးတတ်တဲ့သူတစ်ယောက်မဟုတ်တာမင်းသိမှာပါချစ်သူ..ဒီအထဲကမှမရှိမဲ့ရှိမဲ့ထားသင့်တဲ့မာနကလေးကိုချရင်းမင်းရှိရာကိုငါရောက်လာခဲ့ရတာပါ..

စကားပြောနေရင်နဲ့မင်းကတွေ့ချင်တယ်ဆိုတော့ငါပြေးပြီးတော့လာလိုက်ချင်တယ်..မင်းလာခဲ့မယ်ဆိုတော့လည်းလာခဲ့ပါလို့ပြောချင်ခဲ့တယ်..တွေ့ချင်တာကိုးလေ..ဒါပေမယ့်မိန်းကလေးတစ်ယောက်ထဲရှိနေတဲ့နေရာကိုမင်းကိုခေါ်ဖို့ကမသင့်လျော်ဘူးလို့ငါ့ရဲ့ခေါင်းထဲမှာသတိပေးခေါင်းလောင်းသံတွေမြည်လာခဲ့တယ်..ဒါဟာမင်းကိုမယုံကြည်လို့မဟုတ်ပါဘူးချစ်သူ..ထားသင့်ထားထိုက်တဲ့စည်းကမ်းဖြစ်နေလို့ဆိုတာမင်းသိမှာပါ..မနက်မှာလာတွေ့မယ်ဆိုတဲ့စကားကိုကြားရတော့မင်းကိုတွေ့ချင်တဲ့စိတ်ကဖိစီးလာခဲ့ပြန်တယ်..ဒါပေမယ့်ခဏကလေးတွေ့ပြီးခွဲသွားရမှာကိုလည်းငါကခံနိုင်ရည်မရှိပြန်ဘူးချစ်သူ..
ဒီလိုနဲ့နောက်ဆုံးတော့ဦးလေးဆီကိုတိုင်ပင်ကြည့်မိတယ်..ဦးလေးစကားကတော့ရှင်းလှပါတယ်..
“ခုဒီကိုလာတာအဲဒီတစ်ယောက်ကိုတွေ့ဖို့ဆိုတဲ့ရည်ရွယ်ချက်မပါတဲ့အတွက်ဘာလို့တွေ့နေမှာလဲ..ပြောသင့်တာရှင်းပြသင့်တာပြောပြရှင်းပြပြီးပြီ..သူတကယ်သာညည်းကိုချစ်တယ်ဆိုရင်နောက်တစ်ကြိမ်ညည်းပြန်လာမယ့်နေ့ကိုစောင့်နေလိမ့်မယ်..မစောင့်နိုင်ဘူးဆိုရင်တော့အရာရာကိုရင်ဆိုင်နိုင်အောင်ခုကတည်းကပင်ပြင်ဆင်ထားပါသမီး..ဘယ်အရာမဆိုအချိန်ကအမှန်တရားကိုပြောပြပေးပါလိမ့်မယ်..” တဲ့
အဲဒီနောက်မှာမင်းကိုမတွေ့တော့ဖို့ငါဆုံးဖြတ်လိုက်ပါတယ်..မင်းအတွက်တော့ဒါဟာငါမှားချင်လည်းမှားနေမယ်..ငါ့အတွက်ကတော့ဝမ်းနည်းခြင်းတွေနဲ့ရန်ကုန်မြေကနေထွက်မသွားချင်တာပါ…
၈။
၂ရက်နေ့မနက်မှာငါဟာငါ့ဦးလေးနဲ့အတူမနက်စာကိုစားဖြစ်တယ်..အလုပ်အကြောင်းတွေ၊အနာဂါတ်အစီအစဉ်တွေကိုချပြနေပြီးနာကျင်နေတဲ့ငါ့ကိုနာကျင်တာတွေကနေဝေးတဲ့တနေရာကိုရောက်ဖို့ငါ့ရဲ့၂နှစ်စာလုပ်မယ့်အစီအစဉ်တွေကိုမေးခဲ့တယ်…လေယာဉ်ကွင်းဆင်းချိန်ရောက်တော့ငါ့ရဲ့နိုင်ငံကူးလက်မှတ်ဟာငါ့ရဲ့အခန်းထဲမှာကျန်ခဲ့တာကိုသိရတယ်..ဦးလေးကတော့ညင်သာစွာခေါင်းခါရင်း “ Be Mature My Girl ”တဲ့
လေယာဉ်ကွင်းရောက်တော့တော်တော်ကိုနောက်ကျနေခဲ့ပြီ..လိုက်ပို့တဲ့ဦးလေးကတော့နောက်ဆုံးနှုတ်ဆက်စကားလေးကိုလက်ဆောင်ပေးခဲ့တယ်..
“ Be Brave My Dear  ” တဲ့

မနက်ဖြန်ဆိုရင်ငါ့ရဲ့အလုပ်တွေရှိရာကိုငါပြန်ရောက်ရဦးမယ်ချစ်သူ…ငါ့ကိုနွေးနွေးထွေးထွေးရှိစေတဲ့ငါချစ်တဲ့နေရာလေးကိုငါအချိန်တော်တော်ကြာကြာထပ်ပြီးခွဲနေရဦးမယ်..မနက်၁၀နာရီ၁၅ဆိုရင်ငါဟာမင်းနဲ့ဝေးတဲ့ဆီကိုပို့မယ့်ယာဉ်ကြီးပေါ်ကိုရောက်နေပြီပေါ့…
၉။
မင်းဒီစာကိုဖတ်နေတဲ့အချိန်ဟာနေ့လည်လား..ညနေလား…ညလားဆိုတာမသိပါဘူးချစ်သူ..ဒါပေမယ့်ဒီစာကိုမင်းဖတ်နေချိန်မှာတော့ငါဟာငါ့လုပ်ငန်းခွင်ထဲမှာဖြစ်နိုင်သလိုစာသင်ခန်းထဲမှာလည်းဖြစ်နေနိုင်ပါတယ်..ဒါမှမဟုတ်လည်းကွန်ပျူတာကိုရှေ့ချပြီးထိုင်နေတဲ့အချိန်လည်းဖြစ်နေနိုင်တာပေါ့လေ..

ဘာဖြစ်ဖြစ်ငါပြန်လာတဲ့အချိန်မှာမင်းဟာငါ့ကိုနွေးထွေးစွာနဲ့လာကြိုနေနိုင်ပါစေလို့ငါဆုတောင်းရင်းပြန်မရောက်နိုင်သေးတဲ့ရက်တွေကိုတစ်ရက်ပြီးတစ်ရက်အတိတ်ကာလဆီကိုပစ်ပေါက်ရင်းရောက်ချင်တဲ့နေ့တစ်နေ့ကိုစောင့်စားနေခဲ့တယ်…

ပျိုးယုဝသုန်
6:29:26 PM
10-01-2012
Tuesday(BNE)

2 comments:

စံပယ်ချို said...

ဖတ်နေရင်း
ဖြတ်ကနဲတွေ့လိုက်တယ်
ဗေဒါပန်း
ချစ်တဲ့ jasmine

mstint said...

ကဗျာလေးတွေ အားပေးသွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်