Tuesday, 20 November 2012

မမ နှင့် ကြိတ်စက်




မမတို့ အိမ်ရှေ့နှင့် ခြံထဲမှာ Palm tree တွေ၊ Cane ပင်တွေ ၊ Golden Cane ပင်တွေ တော်တော်ကလေးရှိတယ်။ အရွက်တွေမကြွေ ၊ အသီးတွေ မကျချိန်မှာ တော်တော်ကလေး ကြည့်လို့ကောင်းတာပေါ့။ အပန်းဖြေစခန်းတစ်ခုလိုပဲ အိမ်ပုံစံနဲ့ သစ်ပင်တွေဟာ လိုက်ဖက်လှတယ်။

အဲ့ဒီမှာ ခက်တာက အခက်တွေကြွေကျတာပဲ။ တစ်ရက်ကို အခက်ပေါင်း ၁၀ခက်၊ ၁၅ ခက်လောက်ကြွေကျတယ်။ မကြွေဘူးဆိုရင်တောင်း အနည်းဆုံး ၆ခက်လောက်ကတော့ ကြွေတယ်။ ဒီ့အပြင်မှာ ဘိုကတော်မျက်ခုံးပင်တွေက အတန်းလိုက်ရှိနေတဲ့အတွက် သူတို့ကို လေးထောင့်တိတိအတန်းလိုက်ဖြစ်နေအောင်လည်း ပုံသွင်းရ၊ ဖြတ်ရ၊ ညှပ်ရသေးတယ်။ လူလည်း ဒီအပင်တွေကြားမှာနေတာကြာတော့ ဟော်တီကားချားကို ကျောင်းသွားတက်စရာမလိုပဲ တော်တော်ကလေး နားလည်လာခဲ့ပြီ။

တစ်နေ့တစ်နေ့ကြွေကျတဲ့ အခက်တွေဟာ ရက်သတ္တ တစ်ပတ် ဆိုရင် တော်တော်ကို များနေခဲ့ပြီ။ အမှိုက်သိမ်းတဲ့ကားကလည်း တစ်ပတ်မှ တစ်ခါသာ လာသိမ်းလေတော့ ခြံနဘေးမှာ အုန်းထန်းခက်တွေ သစ်ခက်တွေဟာ အမြဲပုံနေခဲ့တယ်။ အမှိုက်ကားကလည်း အခက်လိုက်ပစ်လို့မရတော့ အခက်တွေကို ချိုးဖဲ့၊ ဖြတ်တောက်ပြီးအမှိုက်ပုံးထဲကို ထည့်ရတယ်။ ဒါပေမယ့် အမှိုက်ပုံးဟာ သာမန် သုံးပေလောက်သာ အမြင့်ရှိတဲ့ ပုံမျိုးဖြစ်တာကြောင့် ရှိသမျှအခက်တွေဟာ ပုံးထဲမှာ မဆန့်ပါဘူး။ ပြီးတော့ ဒီနိုင်ငံရဲ့စည်းမျဉ်းစည်းကမ်းအရ အဝါရောင်အမှိုက်ပုံးမှာ Re circle ပစ္စည်းတွေသာ ပစ်ခွင့်ရတာဖြစ်တဲ့အတွက် ဒီသစ်ခက်တွေကို ထည့်လို့ကလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် Green Bin လို့ခေါ်တဲ့ အပင်ကထွက်တဲ့အမှိုက်တွေကိုသာ ပစ်လို့ရတဲ့ အမှိုက်ပုံးတစ်ပုံးကို စည်ပင်သာယာ ကနေထပ်မှာယူရပါတယ်။ ဒါပေမယ့် ဒီ အစိမ်းရောင်ပုံးဟာ ၂ပတ်နေမှ တစ်ခါ လာသိမ်းတဲ့အတွက် အရမ်းအဆင်ပြေတယ်လို့လည်း ပြောလို့မရနိုင်ပြန်ဘူး။

နောက်တော့ အကြံမကုန်ခင်မှာ ဆားချက်နည်းတစ်ခုရခဲ့တယ်။ ဒါကတော့ အုန်းထန်းတွေကို ကြိတ်တဲ့စက်ဝယ်ပြီးကြိတ်ဖို့ပဲပေါ့။ အဲ့ဒါနဲ့ မြင်းကောင်ရေ တစ်ကောင်ခွဲအားရှိတဲ့ စက်တစ်လုံးကို ဝယ်ယူပြီး ကြွေကျသမျှ သစ်ခက်တွေကို ကြိတ်ခဲ့တယ်။ အင်မတန်မှ အဆင်ပြေလှတယ်။ အခက်တွေလည်း ပုံမနေတော့ဘူး။ မမလည်း တော်တော်စိတ်ချမ်းသာလှတယ်။ အုန်းထန်းခက်တွေတင်မဟုတ်ဘဲ ခြံထဲက ထွက်သမျှ ဘိုကတော်မျက်ခုံးအခက်တွေရော၊ ကြိမ်ပင်က ခုတ်ထား ဖြတ်ထားတဲ့ အကိုင်းအခက်တွေရော အကုန်ကို စုပြီး ကြိတ်ပလိုက်တာပေါ့။ သို့သော်လည်း သတ္တဝါ နဲ့ လက်နက်နဲ့က မမျှလေတော့ ကြိတ်စက်ကလေးခမျာမယ် ၅လ ၆လလောက်နေတော့ ကြိတ်နေရင်းကနေ ရပ်တန့်သွားခဲ့တယ်။

ဒီတော့လည်း ထုံးစံအတိုင်း ဓားတစ်လှည့်၊ လွှတစ်ခါ သုံးရင်း သစ်ခက်တွေဟာ တောင်ပုံရာပုံ ဖြစ်လို့လာပြန်တယ်။ ဒီတခါတော့ဖြင့် မဖြစ်ချေဘူးဆိုပြီး မြင်းကောင်ရေ ၇ကောင်အားရှိတဲ့ စက်တစ်လုံးကို မှာယူလိုက်တယ်။ မှာယူပြီး တစ်ပတ်လောက်အကြာမှာ ထိုစက်က ရောက်ရှိလာတယ်။ ဝမ်းသာအားရနဲ့ စက်ကိုဆင်ပြီးတဲ့အခါမှာ ဓါတ်ဆီထည့်၊ အင်ဂျင်ဆီ ထည့်ပြီး စက်နှိုးကြည့်တော့ အောင်မြတ်လေး.. တော်တော်အသံညံတာပဲ။ ဒါပေမယ့် အလုပ်ဖြစ်ဖို့အရေးကြီးတယ်ဆိုပြီး အသံညံတာကို ဥပေက္ခာ ပြုခဲ့တယ်။ အားလုံးပြီးစီးတဲ့အခါမှာတော့ သစ်ခက်တစ်ခက်ကို စက်ထဲထည့်လိုက်တယ်။ ရှလွတ်ခနဲ ကြိတ်ပြီး  အပိုင်းပိုင်းအစစ ဖြစ်သွားတယ်။ ပျော်လိုက်တာ မပြောပါနဲ့။ ဒီတော့ ဟုတ်ပဟဲ့ဆိုပြီး နောက်တစ်ခက်ထည့်လိုက်တယ်။ အဲ့ဒီမှာ ပြဿနာက စတော့တာပဲ။ သစ်ခက်တွေဟာ မကြေပဲ ကြံကိုကြိတ်သလို အတန်းလိုက်ကြီးဖြစ်နေတယ်။ ပြီးတော့ စက်ကလည်း ထိုးရပ်သွားတယ်။ ဘာလုပ်ရမှန်းမသိပဲ စက်ကို ဖွင့်ပြီး ညပ်နေတာတွေကို ဆွဲထုတ်ရင်း စက်ရောင်းတဲ့သူတွေကိုလည်း ကျိန်ဆဲလိုက်သေးတယ်။ နှစ်ခါ၊ သုံးခါလောက် ထပ်ပြီး ကြိုးစားပေမယ့်လည်း အဆင်မပြေတာမို့ ထုံးစံအတိုင်း စက်ကြီးနဘေးမှာ ဓားတွေ၊ လွှတွေ၊ ကတ်ကြေးတွေနဲ့ အလုပ်များရပြန်ပါတယ်။

မဖြစ်ချေဘူး၊ နေရာပုပ်တယ်ဆိုပြီး ဒီစက်ကြီးကို ပြန်ရောင်းဖို့ စီစဉ်ရပြန်တယ်။ ဈေးကွက်ပေါ်တင်ပြီး နောက်တစ်နေ့မှာပဲ လူတစ်ဦးက ဆက်သွယ်လာတယ်။ သူဝယ်ချင်ပါတယ်တဲ့။ ဝမ်းသာအားရပေါ့။ ဒါနဲ့ပဲ ဖုန်းဆက်ပြီး နေ့လည်ပိုင်းလောက်ကျတော့ ရောက်လာတယ်။ စက်က အသစ်ကြီးဆိုတော့ သူတို့ကလည်း သဘောကျတာပေါ့။ ဈေးကလည်း ဝယ်ဈေးရဲ့ ထက်ဝက်ဆိုတော့ ယူမယ်ဖြစ်ပါလေရော။ ခက်တာက သူတို့မှာ သယ်ဖို့ကားပါမလာဘူး။ ဒါနဲ့ သူတို့လည်း စက်ကို ကြည့်ပြီး နှိုးကြည့်တာပေါ့။ 

မမလည်း ထုံးစံအတိုင်းလေပေါရင်း စပ်စုတာပေါ့။ ဒီတော့မှ ကိုယ့်အမှား ကိုယ်သိတော့တယ်။ တကယ်က အကိုင်းကြီးထည့်ရမယ့်နေရာမှာ အကိုင်းသေးကို ထည့်ပြီး အကိုင်းသေးထည့်ရမယ့်နေရမှာ အကိုင်းကြီးကို ထည့်မိတာကိုး။ သူတို့ပြန်သွားမှ ကိုယ့်စက်ကို ကိုယ် ပြန်စစ်တဲ့အနေနဲ့ အကိုင်းကြီးထည့်ရမယ့် အပေါက်မှာ အကိုင်းကြီးတွေကို ထည့်ကြိတ်တော့  ဟဟ.. ကောင်းလိုက်တဲ့စက်..။ တကယ်ကို ကောင်းတာပါပဲ။

အမှန်တကယ်ကတော့ မမ အသုံးမကျတာပါ။ ငါသိပါတယ်ဆိုပြီး အညွှန်းစာကို သေချာမဖတ်၊ စက်ရောင်းတဲ့သူတွေကိုလည်း ကျန်ဆဲမိခဲ့သေးတယ်။ အခုတော့ဖြင့် ရှိသမျှ အကိုင်းအခက်တွေဟာ အပိုင်းပိုင်းအစစ အဖြစ်ကို မိနစ်ပိုင်းကလေးအတွင်းမှာ ပြောင်းလဲသွားပြီး ခြံဘေးမှာလည်း သစ်ခက်တွေပုံမနေတော့ဘူးပေါ့။

ဤသို့ဖြင့် ဤရက်ပိုင်များတွင် မမသည် အကိုင်းအခက်များရယ် ကြိတ်စက်ရယ်နှင့် အသုံးမကျမှုများစွာဖြင့် နပန်းလုံးနေခဲ့သည်။

ထို့အပြင် ထိုကြိတ်စက်သည် မမ၏ ငါသိပါတယ်၊ ငါတတ်ပါတယ် ဆိုသောစိတ်ကိုလည်း ကြိတ်ခြေသွားခဲ့သည်။


မမဝသုန်
20-11-2012
Tuesday (BNE)

6 comments:

စံပယ်ချို said...

ပတ်ဝန်းကျင်နဲ့ တစ်ချို့က မဂျက်ရဲ့
ငါသိပါတယ်.ငါတတ်ပါတယ် ဆိုတဲ့စိတ်ကိုကြိတ်စက်မပါပဲ
ကြိတ်ခြေခြင်းခံလိုက်ရတာတွေရှိတယ်......
ချစ်တဲ့ jasmine

မိုးငွေ့........ said...

တယ်ကောင်းတဲ့ ကြိတ်စက် မမစိတ်ကိုတောင် ကြိတ်လိုက်နိုင်တာ...

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ကြိတ်စက်ကကောင်းမှကောင်း

ချစ်သူမောင် said...

ကြိတ်တယ်လား တားတားကြောက်ကြောက် မမရေ

မိုးနတ်ကြယ်စင် said...

ကောင်းလိုက်တဲ့ ကြိတ်စက်...
ကောင်းမှန်းခုမှ တိတော့ဒယ်ဟယ်...နာထှာ..

ညီရဲ said...

ဖြစ်ရမယ် တို့ အစ်မကတော့... တော်သေးတာပေါ့ နောက်ဆုံး အဆင်ပြေသွားလို့ ... နို့ မို့ ဆို ဓားတွေ၊ လွှတွေ၊ ကပ်ကြေးတွေနဲ့ ဗျာများနေမှာ မြင်ယောင်မိသေး...