Tuesday, 27 November 2012

အိပ်မက်တစ်ခုနှင့် ဦးတည်ရာ




ဘဝ ဆိုတဲ့ စာလုံးကလေးက နှစ်လုံးတည်းပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ အနက် အဓိပ္ဗါယ်ကို ယခုအချိန်တိုင်အောင် ကျွန်မ ကောင်းမွန်စွာ နားမလည်ခဲ့ပါဘူး။

ရှင်သန်နေထိုင်ခြင်းဟာ ဘဝလား၊ တကယ်လို့များ ရှင်သန်နေထိုင်ခြင်းဟာ ဘဝတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်စွာရှင်သန်နေထိုင်ခြင်းက ဘဝလား၊ ကြွယ်ဝစွာ ရှင်သန်နေထိုင်ခြင်းက ဘဝလား၊ ကျန်းမာစွာ ရှင်သန်နေထိုင်ခြင်းက ဘဝလား၊ လားပေါင်းများစွာသော အမေးတွေနဲ့ ဘဝဆိုတဲ့စကားလုံးရဲ့အဓိပ္ဗါယ်ကို ရှာရင်း ရှာရင်းနဲ့  အချိန်တွေ တရွေ့ရွေ့ကုန်ခဲ့ပြီ။

၁။
“ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိဘီသနံ၊ … ” အစရှိတဲ့ ပရိတ်တရားတော်အသံကြောင့် နိုးထလာပြီးတဲ့နောက် မျက်လုံးဖွင့်မကြည့်ဘဲ တရားတော်ရဲ့ အသံကို နားထောင်ပြီး စိတ်ထဲမှလည်း လိုက်ပြီး ရွတ်ဆိုနေမိသည်။ မျက်နှာကို ထိတွေ့လာသော လေအေးအေး၏ အတွေ့မှာ သစ်ရွက်ခြောက်တို့ကို မီးရှို့ရာမှ ထွက်လာလေ့ရှိသော မီးခိုးနံ့တို့ ပါဝင်နေသည်။

ပေါ့ပါးပြီး ဝမ်းမြောက်ကြည်လင်ခြင်းနဲ့အတူ မှိတ်ထားတဲ့မျက်လုံးကို အသာဖွင့်ကြည့်လိုက်တော့ မျှော်လင့်ထင်မှတ်ထားသလို အကွက်ကလေးတွေနဲ့ ပုံဖော်ထားတဲ့ မျက်နှာကျက်မျိုး မဟုတ်ပဲ ပြောင်မျက်နှာကျက် ဆင်စွယ်ရောင်ကို မြင်မိတဲ့အခိုက်မှာ အမြင်များ မှားနေတာလားလို့ ကိုယ့်စိတ်ကို ပြန်မေးမိသေးတယ်။ ဘယ်ဘက်ကို စမ်းကြည့်လိုက်တဲ့အခါမှာတော့ ကျွန်မရဲ့လက်ဟာ မည်သည့် အရာကိုမှ ထိတွေ့ခြင်းမရှိပဲ လေထဲမှာရပ်တန့်သွားခဲ့တယ်။ ရွှင်ပျနေတဲ့စိတ်ဟာ အရောင်မှိန်ဖျော့သွားခဲ့တယ်။ နဘေးကို စမ်းကြည့်မိချိန်တိုင်းမှာ ရရှိခဲ့တဲ့ အေးမြမြ ကြမ်းပြင်ရဲ့ အထိအတွေ့ကို မရခဲ့တာ အတော်ကြာခြဲ့ပီပဲ။

ညဦးပိုင်းက ဖွင့်ထားခဲ့တဲ့ ခေါင်းရင်းဘက်က ပြတင်းပေါက်ကနေတစ်ဆင့် ဝင်လာတဲ့ လေအေးနဲ့ ဘယ်နေရာကမှန်းမသိ မီးရှို့နေတဲ့ သစ်ရွက်ခြောက်တို့ဆီမှ လွင့်ပျံ့လာတဲ့ မီးခိုးငွေ့တို့ကြောင့် အာရုံတွေ အလွဲလွဲဖြစ်နေရတယ် ဆိုတာကိုလည်း မကြာခင်မှာပဲ သိလိုက်ရပြန်တယ်။ ဒါပေမယ့် ဒီလို တစ်ခဏကလေး လွဲမှားစွာ ကြည်နူးခွင့်ကို ရူးသွပ်စွာလည်း မြတ်နိုးမိနေသေးတယ်။ ဘုရားခန်းထဲမှာရှိတဲ့ ကက်ဆက်ကလေးဆီကနေ အစီအစဉ်ချပြီး ဖွင့်ထားခဲ့တဲ့ မနက် ၅နာရီ ရောက်တိုင်း ကျက်သရေ မင်္ဂလာရှိစွာ ထွက်ပေါ်လာခဲ့တဲ့ ကြာနီကန်ဆရာတော်ရဲ့ ပရိတ်တရားတော်ကတော့ ဆက်လက် ထွက်ပေါ်လာဆဲပါပဲ..။ သြော်.. တရားနာရင်း မောရသုတ် တောင် ရောက်နေပြီ ကိုး..။

၂။
ပြတင်းပေါက်ကနေ နေရောင်မရောက်လာသေးတဲ့ မနက်ခင်းကို ထုံးစံတစ်ခုလိုငေးမောကြည့်နေခဲ့တယ်။ အဖြူရောင် ကောင်းကင်အောက်မှာ သစ်ပင်တွေစိမ်းနေတယ်၊ မြက်ခင်းတွေစိမ်းနေတယ်၊ ငှက်ပေါင်းစုံတို့ရဲ့ မြည်သံကို ဘာသာဘာဝ ကြားနေရတယ်၊ စကားပြောသံအချို့ကိုလည်း မပီဝိုးတဝါး ကြားနေရတယ်။ ဒါပေမယ့် ကြားနေရတဲ့စကားသံတို့ဟာ ကျွန်မအတွက် အမြဲစိမ်းနေဆဲပါပဲ။

“ဟောဒီက ပဲပြုတ်..”
“ပဲပြုတ်ပူပူလေး ယူကြဦးမလား”
“အကြော်စုံ…. ပူပူလေး..”
“ကောက်ညှင်း………ပေါင်း….”
အစရှိတဲ့ မနက်မိုးလင်းလာတိုင်း ရင်နှီးကျွမ်းဝင်ခဲ့ရတဲ့ အသံတွေလည်း ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေခဲ့တာ ကြာပါပြီ။  စွဲမြဲစွာ သောက်သုံးခဲ့တဲ့ ကျစိမ့် တို့ ချိုပေါ့ကျ တို့ ဆိုတဲ့နေရာမှာ English Breakfast Tea ဆိုတာ အစားဝင်ရောက်လာတာလည်း ကြခဲ့ပြီပဲ။ အချိန်တွေ ဘယ်လောက်ကြာကြာ ရောက်ရှိနေတဲ့နေရာမှာ နေသားတကျနဲ့ အံဝင်ခွင်ကျ ဖြစ်မနေနိုင်တာကတော့ ကျွန်မရဲ့ အားနည်းချက်သာ ဖြစ်ပါလိမ့်မယ်။

ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရဆိုတဲ့စကားအရ နေလို့ပျော်တဲ့အရပ်မဟုတ်တဲ့ ဒေသတစ်ခုကို ရောက်ရှိနေခဲ့ပြီးပါပြီ။ ဒီနေရာဟာ တကယ်ပဲ သင့်လျော်တဲ့ သင့်တော်တဲ့ နေရာတစ်ခုဖြစ်ရဲ့လား။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ဒီယုံကြည်မှုဟာ တဖြည်းဖြည်း မှုန်ဝါးလာခဲ့တယ်။

မာန်ကိုတင်း၊ အံကိုခဲပြီး ကျားကန်ရပ်နေခဲ့ပေမယ့် စိတ်ဓါတ်တွေ ယိမ်းယိုင် နေခဲ့တယ်ဆိုတာ ကိုယ်တိုင်မှ တပါး အခြားတစ်ပါးသောသူက မသိနိုင်ပါဘူး။ လုပ်ငန်းခွင်ထဲမှာ အမှားအယွင်းကင်းနိုင်သမျှကင်းအောင် သတိထားလုပ်ကိုင်ရင်း၊ တစ်နေ့တစ်ခြား ပုံစံခွက်ထဲက ဘဝတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။

၃။
နှစ်သက်စွာ ထိုင်ငေးကြည့်ဖူးတဲ့ အမှိုက်တွေ ဒိုက်တွေ နဲ့ စီးမြောနေတဲ့ မြစ်ရေ ညိုညစ်ညစ်တွေ၊ တရံတစ်ခါ စီးဖူးတဲ့ ကူးတို့သင်္ဘော၊ ညနေပိုင်းမှာမြစ်ဝအထိ လှည့်လည်မောင်းနှင်ပေးတဲ့ စင်တင်တေးဂီတလည်းပါတဲ့၊ စားစရာ သောက်စရာ တွေလည်း မှာပြီးစားသောက်လို့ရတဲ့ အပန်းဖြေစီးနင်းလို့ရတဲ့သင်္ဘော။ ပန်းကန်ခွက်ယောက်သံတွေ၊ ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြတဲ့အသံတွေ၊ အမိုးမပါတဲ့အပိုင်းမှာထိုင်ကြရင်း ရေသန့်ဗူးကို ဘောလုံးပစ်သလို ဆော့ကစားခဲ့ကြတာတွေ။  မိခင်ကို လာကန်တော့တဲ့ ကိတ်မုန့်ကို ယူပြီး အိမ်ကိုရောက်လာတဲ့ ဦးလေးကို ကန်တော့ရင်း မုန့်ဖိုးအတင်းတောင်းကြတာတွေ..၊ ရယ်မောခဲ့ရတဲ့ အချိန်ကာလတွေက တကယ်ကို ကျန်ခဲ့ပါပြီ။

နွေးထွေးတဲ့ လက်တစ်ဖက်လည်း ဝေးကွာခဲ့တာ ကြာခဲ့ပြီ။ ဦးခေါင်းမှေးတင်ပြီး ခိုနားချင်ခဲ့တဲ့ ပခုံးတစ်ဖက်ကရော..၊ ဟင့်အင်း .. အာလုံးဟာ ကျွန်မနဲ့ အဝေးဆုံးနေရာတွေမှာ ရောက်ရှိနေခဲ့ပါတယ်။

ဘဝဆိုတာ ကဗျာတစ်ပုဒ်လို နူးညံ့သိမ်မွေ့တဲ့အသံတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပေမယ့် အကြောင်းအရာ တစ်ခုတော့ ဖြစ်နေပါသေးတယ်။

“ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး” ဆိုတဲ့ သီချင်းတစ်ပိုင်းတစ်စဟာ ကျွန်မမကြာခဏ တီးတိုးညည်းဆိုဖြစ်တဲ့ သီချင်းတစ်ပိုင်းတစ်စလည်း ဖြစ်နေခဲ့တယ်။

၎။
ဘာမှခြားနားမှုမရှိတဲ့ မနေ့ကနဲ့ ဒီနေ့တွေကြားမှာကျွန်မနေခဲ့ရတယ်။ ဒီနေ့နဲ့ မနက်ဖြန်တွေကြားမှာလည်း ခြားနားမှုဟာ ယောင်ယောင်ကလေးတောင် ရှိနေမှာမဟုတ်ဘူးဆိုတာလည်း သေချာနေခဲ့သေးတယ်။

တာဝန်၊ ဝတ္တရား၊ ဂုဏ်သိက္ခာ၊ ကျေးဇူးတရား၊ ထောက်ထားညှာတာခြင်း၊ အရှက်တရား အစရှိတဲ့ လေးလံကြီးမားမှုတွေရဲ့အောက်မှာ ဆန္ဒဆိုတဲ့ အရာကလေးဟာ မှိန်ဖျော့ဖျော့ကလေးသာ ကျန်နေတော့တယ်။

မျှော်လင့်မိတဲ့ တစ်စုံတစ်ရာ၊ မျှော်လင့်မိတဲ့ တစ်စုံတစ်ယောက်။ ချစ်ခြင်းကိုဖော်ကြူးတဲ့ စကားလုံးများ။ စကားလုံးတွေ အနေနဲ့သာ တည်ရှိတဲ့ ချစ်ခြင်းတစ်ခု။ စကားပြောခွင့်အတွက် စတေးခဲ့တဲ့ အိပ်စက်ခြင်းတွေ၊ ပြန်ရရှိခဲ့သော ခနိုးခနဲ့စကားလုံးများ။  ရှိနေချိန်များတွင် ရောက်မလာပဲ၊ မရှိချိန်မှ ရောက်လာလေ့ရှိခြင်းသည် ဘယ်လိုအကြောင်းကြောင့် ဖြစ်မည်ဆိုတာကို အဖြေမထုတ်လိုတော့ပါ။ ကိုယ့်အတွက် အချိန်မပေးနိုင်တော့သော သူတစ်ယောက်ကို စကားသွားမပြောတော့ခြင်းသည် နာကျည်းမုန်းတီးမှုမရှိပဲ အားနာမှုသက်သက်နှင့် ရှက်ရွံ့ခြင်း သက်သက်သာဖြစ်သည်။ ကျွန်မရှိနေခြင်းသည် သူ့အတွက် စိတ်အနှောက်အယှက် ဖြစ်စရာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် မဟုတ်ပါလား။ မည်သူ့ကိုမှ ကျွန်မအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်စေလိုပါ။

ရှေ့တွင် လျောက်ရဦးမည့်လမ်းသည် ရှည်လျားစွာကျန်နေသေးသည်။ ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ၊ လျှောက်လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ဆက်သွားရဦးမည်မှာ အမှန်ပင်ဖြစ်သည်။ ရောက်ရှိနေသော လမ်းတစ်ခုအပေါ်တွင် ကျေနပ်နိုင်အောင်လျောက်လှမ်းရင်း မဝေးတော့ပြီဟု ထင်မှတ်ထားသော (ကိုယ့်ကိုယ်ကိုယ် အားပေးခြင်းလည်း ဖြစ်နိုင်သော) နားခိုရိပ်တစ်ခု တည်ရှိရာ ဆီသို့  ဦးတည်လျှောက်လှမ်းခဲ့ပြီ။

၅။
ဘဝသည် မည်ကဲ့သို့အရာဖြစ်သည်။ မည်သည်ကို ဘဝဟု ခေါ်သည်.. အစရှိသဖြင့် အဓိပ္ဗါယ် မရှာဖွေတော့ပါ။ နားမလည်နိုင်သော အကြောင်းအရာကို ရှာဖွေရခြင်းသည် ကျွန်မအတွက် ပင်ပန်းခြင်းကြီးစွာကို ဖြစ်စေပါသည်။  ရောက်ရှိရာ နေရာတွင် ကျေနပ်စွာ နေနိုင်ရုံသာ ကျွန်မကြိုးစားပါမည်။

လောကကြီးသည် နေတတ်ပြီဆိုလျှင် ကျေနပ်စရာကောင်းအောင် လှပနေပါသည်။



ပျိုးယုဝသုန်
9:43:21 PM
26-11-2012
Monday (BNE)

4 comments:

မိုးငွေ့........ said...

အိမ်လွမ်းစိတ်ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့အိပ်မက်တစ်ခုပေါ့...

မိုးနတ်ကြယ်စင် said...

ကြည့်ရတာ ဦးတည်ရာ တစ်ခုကိုသွားနေတဲ့
လမ်းကြောင်းမှာ မမ၀သုန်တစ်ယောက် မပျော်ဘူးထင်ပါ့.

လွင်ပြင်လှိုင်းငယ် said...

“ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး”
အက်ဆေးလေးကောင်းလိုက်တာ

လရိပ်အိမ် said...

ကျန်းမာစွာရှင်သန်နေထိုင်ခြင်းက ဘဝမှာအဓိကပါ။
ဒါမှ ပျော်ရွှင်မယ်။
ပျော်ရွှင်မှ အလုပ်တွေလုပ်နိုင်မယ်။
အလုပ်အတွက်နဲ့တော့ ကိုယ့်ကို ဘယ်တော့မှဖိအားမပေးပါနဲ့။
ဆရာလုပ်တာမဟုတ်ပါ။ အားပေးခြင်းသာ။

ချစ်ခင်စွာဖြင့်
လရိပ်အိမ်