Saturday, 24 November 2012

မမ နှင့် ဘုရားကြီးမှ အလှကုန်သည်




မမ မြန်မာပြည်ပြန်ရောက်တိုင်း မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကို အနည်းဆုံး တစ်ကြိမ်တော့ ရောက်အောင် ဖူးလေ့ရှိတယ်။ မနက်ပိုင်း နေခြည်နုနုနဲ့အတူ ဘုရားကြီးကို လူရှင်းတဲ့ တစ်နေရာကနေ ထိုင်ပြီး ဖူးမြော်ရတာ စိတ်ချမ်းသာစရာပါပဲ။ ဘုရားကြီးက အပြန်  စောင်းတန်းတစ်လျောက် ဈေးသည် ဈေးဝယ်တွေကို ငေးကြည့်ရင်း လက်မှုပစ္စည်းလေးတွေကို မြတ်နိုးတဲ့အတွက်လည်း ကျောက်စိမ်းအကာသားတွေကို  ထုဆစ်ထားတဲ့ အရုပ်လေးတွေ၊ ပန်းပုရုပ်လေးတွေကို လိုက်ကြည့်ရင်း လိုချင်တဲ့ အရုပ်လေးတွေတွေ့ရင်လည်း ဝယ်ရတာကို နှစ်သက်လှတယ်။ 

တစ်ခါတလေမှာတော့ မြေပေါ်မှာအထမ်းလေးတွေနဲ့ရောင်းတဲ့ ကျွဲခေါင်းသီးတို့၊ တခြား မြန်မာ မုန့်တွေကိုလည်း ဝယ်စားရတာ ကျေနပ်စရာကောင်းလှတယ်။


တစ်ရက်မှာတော့ မမ ဘုရားကြီးကို ရောက်ခဲ့တယ်။ ထုံးစံအတိုင်း ဘုရားကြီးကို ဖူးပြီး ရင်ပြင်တစ်လျောက် အေးအေးလူလူ လျောက်လာခဲ့တယ်။ ပြခန်းတွေထဲလည်း ဝင်ကြည့်ရတာ ဘယ်အချိန်ကြည့်ကြည့် ဘယ်နှစ်ခါ ကြည့်ကြည့် မရိုးနိုင်ပါဘူး။ ဒီလိုနဲ့ ရှေးဟောင်း ကြေးသွန်းရုပ်တွေပြထားတဲ့ ပြတိုက်ထဲ ဝင်ခါနီးမှာ နွမ်းနွမ်းပါးပါးနဲ့ အမျိုးသမီးတစ်ယောက် အနားကို ကပ်လာပြီး ခေါ် ခဲ့တယ်။

သူမကို ကြည့်ရတာလည်း အညာသူအညာသားရုပ်ရည်မျိုးနဲ့ မြန်မာ ချည်ထည်ကလေးဝတ်လို့ပေါ့။

“ဘာကူညီရမလဲ” လို့မေးတော့

သူ့ တောင်းလေးထဲက ဗူးကလေး တစ်ခုကို ထုတ်ပြတယ်။ နို်င်ငံခြားသားတစ်ဦးက ပေးသွားတာပါတဲ့။ သူလည်းမသုံးတတ်လို့ မမကို ပြတာ ဆိုပဲ။ ကြည့်လိုက်တော့ ကာနီးဘိုးက ထုတ်တဲ့ မျက်နှာလိမ်းတဲ့ မိတ်ကပ်တစ်မျိုးဖြစ်နေတယ်။

“သုံးပုံသုံးနည်း သိချင်တာလား” လို့ မေးတော့

“မဟုတ်ပါဘူး။ ကျွန်မ မသုံးချင်ပါဘူး၊ သုံးလည်း မသုံးတတ်ပါဘူး၊ အစ်မ ဆို သုံးလေ့ရှိမှာပဲဆိုပြီး လာပြတာပါ”တဲ့ 

“ဒါဆို ကျွန်မဘာလုပ်ပေးရမလဲ” လို့မမလည်း သူ့ကို ကြည့်ုပြီမေးလိုက်တယ်။

“အစ်မ အသုံးတည့်မယ်ဆို ဒါလေးယူသွားပါလား၊  ကျွန်မကိုတော့ အစ်မစေတနာ ရှိသလောက် ပေးပါ၊ ဒီဗူးကလည်း အသစ်ပါ၊ ဖွင့်လည်း မဖွင့်ကြည့်ပါဘူး၊ ဒါဘယ်လောက်လောက် ရှိမလဲ ဆိုတာ အစ်မဆိုသိမှာပေါ့နော်၊ ကျွန်မလည်း ကလေးတွေအတွက် ဆန်လေးဆီလေး ဝယ်ချင်လို့ပါ” တဲ့

သူပြောတာကို နားထောင်ရင်း သူပေးလာတဲ့ မိတ်ကပ်ဗူးကိုကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်မိသလို ဒေါသလည်း ဖြစ်မိတယ်။ ၁၀၀၀တန် တစ်ရွက်ကို သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။ ပြီးတော့ သူပေးလာတဲ့ မိတ်ကပ်ဗူးကို သူ့ကို ပြန်ပေးရင်း

“အစ်မ.. ဒီပစ္စည်းတွေဟာ ဒီကုမ္မဏီကထုတ်တဲ့ ပစ္စည်း အစစ် မဟုတ်ဘူး ဆိုတာလည်း ကျွန်မသိပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေ ပေးခဲ့တာ မဟုတ်ပဲ အစ်မတို့ လမ်းဘေးဆိုင်တွေက ဝယ်လာပြီး ဒီဘုရားရင်ပြင်တော်ပေါ်မှာ ဒီလို နည်းနဲ့ လိုက်ရောင်းနေတာလည်း သိပါတယ်။ ဒီငွေကိုယူပါ။ ဆန်ဝယ်ချက်ပြီး ကလေးတွေကို ကျွေးပါ။ ဒီငွေက ကျွန်မလှူတယ်လို့ သဘောထားပါ”လို့ ပြောပြီး ပြတိုက်ထဲဝင်ခဲ့တယ်။

ပြတိုက်ထဲရောက်လို့လှည့်ကြည့်မိတော့ ကျွန်မပေးတဲ့ တစ်ထောင်တန်ကို ကိုင်ရင်း ရပ်နေတာတွေ့လိုက်တယ်။ ပြီးတော့ မြောက်ဘက်ကို လှည့်ထွက်သွားခဲ့တယ်။

ပြတိုက်ထဲရောက်တော့ လာရောက်ကြည့်ရှုသူ ဆယ်ယောက်လောက်တွေ့ရတယ်။ ကြေးရုပ်ကြီးတွေရဲ့ဗိုက်ကို ပွတ်သူပွတ်၊ လက်မောင်းကို နှိပ်သူနှိပ် နဲ့ ယုံကြည်ရာ အလျောက်လုပ်နေကြတာ တွေ့ရတယ်။ မမလည်း ပြတိုက်ထဲက ကြေးရုပ်ကြီးတွေကို လိုက်ကြည့်ရင်း မှတ်တမ်းစာတွေကို လိုက်ဖတ်ပြီး ပြတိုက်ထဲက ပြန်ထွက်လာခဲ့တယ်။

ပြန်ထွက်လာလို့ ခြေလှမ်းရယ်မှ ဆယ်လှမ်းတောင် မပြည့်ရသေးဘူး ကလေးမလေး ၃ယောက်နဲ့ အမျိုးသမီးခပ်ရွယ်ရွယ် နှစ်ယောက်တို့က မမ အနားကို တိုးကပ်လာရင်း သူတို့မှာလည်း နိုင်ငံခြားသား ဧည့်သည်တွေ ပေးသွားတဲ့ ပစ္စည်းတွေ ရှိပါတယ်ဆိုပြီး မမကို ဝိုင်းထားပြီး သူတို့ရဲ့ ကိုင်ထားတဲ့ တောင်းလေးတွေထဲက ပစ္စည်းတွေကို အတင်း ထုတ်ပြပါလေရောရှင်..။

သူတို့တတွေကို ဘာမှ ပြန်မပြောတော့ပဲနဲ့ ကျောခိုင်းတိုးထွက်လာရင်း အတွေးတစ်ချို့ ခေါင်းထဲကို ရောက်လာခဲ့တယ်။

ဘာဖြစ်လို့ သူတို့တွေဟာ “နိုင်ငံခြားသားဧည့်သည်တွေပေးခဲ့တာ” ဆိုတဲ့စကားကို တွင်တွင်သုံးရသလဲ။
မြန်မာနိုင်ငံကလူတွေဟာ နိုင်ငံခြားဖြစ်ပစ္စည်းတွေကို အထင်တကြီးနဲ့ ဈေးကြီးပေးဝယ်ကြတယ်ဆိုတဲ့ အသိ သူတို့စိတ်မှာ စွဲနေလို့လား။
ဘုရားရင်ပြင်တော်ပေါ်မှာ ဓားပြတိုက်သလို ဈေးလိုက်ရောင်းနေတဲ့သူတွေကို ဘုရားလူကြီးနဲ့ ဂေါပက အဖွဲ့တွေက မည်ကဲ့သို့မှ မတားမြစ်ကြဘူးလား။
သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်စားသောက်လို့ ဝမ်းမဝ၊ ခါးမလှကြတော့လို့ လား။
မမသာ သူတို့လို အနေအထားမှာဆို ဘာလုပ်မှာလဲ။ 
အဆုံးမရှိတဲ့ အတွေးတွေနဲ့ နေမပူခင် အိမ်ကိုပြန်ခဲ့တယ်။


မမဝသုန်
06:03:42AM
24-11-2012
Sat (BNE)



5 comments:

စံပယ်ချို said...

အဲဒီနေရာမှာဂျက်ဆိုရင်လဲ ပိုက်ဆံပဲအလှူသဘောနဲ့ပေးလိုက်ပါ့မယ် သူ့မိတ်ကပ်ဗူးလဲ
မယူပဲပေါ့....အဲတာအမှန်ပါပဲပျိုးရေးးးးးးးးးးးးးး
ချစ်တဲ့ jasmine

မိုးငွေ့........ said...

ဘုရာကြီးမှာ အဲလိုမျိုးရှိတယ်လား နောက်တခါရောက်ရင် သတိထားကြည့်ဦးမှပဲ

ကိုကိုမောင်(ပန်းရနံ့) said...

အင်းးး ဘုရားကို အမှီပြုပြီး လုပ်စားကြသူတွေ မနည်းပါလား။

မိုးနတ်ကြယ်စင် said...

အဲဒါမျိုးတွေ ရှိတယ်....တကယ်ကြီးလား..!
အံ့သြစရာ မရယ်....မိုးနတ်တော့ ဘုရားကြီးကို
တခါမှ မဖူးဘူးပါဘူး..ဒါပေသိ..သကြီးမင်းပြောသလို
ဘုရားကို အမှီပြု......ပြီးတော့..မိုးနတ်အမြင်..
နိုင်ငံခြားသားတွေကို ခုတုံးလုပ်ပြီး အဲလိုလုပ်တာတော့
နဲနဲမှကို မကောင်းပါဘူး...မဂျီးဂျက်ပြောတာဟုတ်တယ်
မ လုပ်တာလဲ မှန်တယ်...မိုးနတ်ဆိုလဲ အဲ့ပစ္စည်းတွေ
မယူပဲ သူတို့ကို ပိုက်ဆံပဲအလှူသဘောနဲ့ပေးလိုက်မှာပါ

NSA said...

ဒါလည်း အနုနည်းနဲ့ လိမ်လည်ငွေတောင်းနည်း တစ်မျိုးပဲ... ခုမှ ကြားဖူးတယ်..။
မိတ်ကပ်ဗူးမယူ အလှူသဘောမျိုးက တစ်ေ.ယာက် ၂ ယော်က၊ ၁ ခါ ၂ခါသာ တတ်နိုင်တော့မှာပေါ့...။ ဆင်းရဲကြတာနဲ့ ဘာလုပ်ကိုင်စားရမှန်းမသိတာနဲ့ ဒီလို လိမ်စားနေကြရသလားမသိ..။