Sunday, 31 July 2011

ရတနာ

အခြေမကျ
နေမလှ
ဘ၀မှာရှာရတနာ ..။
သာရာကူးကြ
ပျော်မြူးကြ
နှောင်ကင်းဘယ်ချိန်မှာ ..။
လောဘတွေဖက်
သောကစွက်
နောင်လည်းလည်နေမှာ..။
ဒေါသတရား
မသိငြား
မှောင်ကြားသည်ခန္ဒာ ..။
တရားရေအေး
အမြိုက်ဆေး
ရှာ ဝေးသည်ချိန်မှာ ..။
ဗြဟ္မစိုရ် တရား
လက်မှာထား
မှောင်ကားဘယ်နေရာ ..။
သောကဝေးချင်
စိတ်ပျော်ရွှင်
ပို့လျှင်ဒီမေတ္တာ ..။
မေတ္တာရေအေး
တိုက်ကာကျွေး
စိတ်ရေးလွန်ချမ်းသာ ..။
မုန်းသူများပင်
ချစ်ကာခင်
ကျင့်လျင်လွန်မြတ်တာ..။
ဘ၀မှာရှာ
ရတနာ
နောင်ခါမြတ်ဖို့ပင် ..။..။

ပျိုးယုဝသုန်
၃၁-၀၇-၂၀၁၁
၁၉း၄၃

အမေ့စိတ်

ခွေးတွေကဟောင်
မိုးမှောင်မှောင်
အမောင်ဘယ်သွားလဲ ..။

ကြောက်ရွံ့စိတ်သွင်
သောက၀င်
မောင်ရှင်ဘယ်မှာလဲ ..။

ညဥ့်ဦးယံကျော်
သန်းခေါင်မော်
အမောင် နော်ပျောက်နေဆဲ..။

သန်းခေါင်ကျော်နောက်
မိုးယံသောက်
စိတ်နောက်မကြည်ကဲ ..။

မနက်လင်းပြီ
စိတ်မကြည်
ပူသည်မေ့ရင်ထဲ ..။

ဝေးဝေးမှသာ
သားမောင်ဝါ
မေ့ထံလာပြီပဲ ..။

သားငယ်ရေအေး
မေ့ရွှေသွေး
ငွေဝန်းလလိုဘဲ ..။

သားမျက်နှာမြင်
လန်းကြည်လင်
ပူပင်ကင်းပြီပဲ .....


ပျိုးယုဝသုန်
19:21 pm
29/07/2011

Monday, 25 July 2011

နောက်ဆုံးလမ်း


သေခြင်းတရား
တံခါးနားမှာ
ရပ်နားကြိုလင့်
ခေါ်သံဆင့်လို့
ရှောင်ရန်ကြိုးစား
ငါမအားပြီ
သူကားစောင့်၍
နေခဲ့ပြီ ..

အချိန်

စက္ကန့်သံတစ်ချက်ချက် ..
 မျှော်လင့်ခြင်းမနက် ..
 နေ့ရက်များတို့ .. 
ကုန်ပါစေ ..
စောင့်စားလို့သာနေ .. 
ကမ္ဘာမြေ ခြားနေလား .. 
စိတ်တွင်းထင်ခြင်းများ ..




ပျိုးယုဝသုန် 

Saturday, 23 July 2011

နေ့သစ်




မိုးစက်တစ်ပေါက်
နှင်းတစ်ပေါက်နှင့်
မိုးသောက်မနက်
ရောက်ခဲ့ပြီ..။
စိုးကြောက်နေ့ရက်
ညဥ့်အိပ်မက်နှင့်
အတိတ်ရက်များ 
ကျန်ခဲ့ပြီ..။
အလင်းရောင်ဝါ
နေခြည်ဖြာလို့
ငှက်ကျေးသံလည်း
သာခဲ့ပြီ..။
ကိုယ်ပျော်ရွှင်ရာ
ကိုယ့်ကမ္ဘာကို
မကြာမနှေး
လာတော့မည်.။
ရင်ခွင်တံခါး
ဖွင့်ကာထားလို့
မေတ္တာလက်များ
ကမ်းကြသည်..။
နေ့သစ်တစ်ရက်
အစခက်လည်း
ဘ၀အတွက်အလင်း
မြင်ရပြီ ..။

ပျိုးယုဝသုန်

Tuesday, 19 July 2011

ခင်ခင်ပျို နောက်ဆက်တွဲ

ခင်ခင်ပျိုရေ

ငါမစောင့်လိုဘူး

မိုးတွေညိုနေတဲ့

ဒီမနက်မှာပေါ့ ..

စနေမိုးနဲ့အတူ

တာကျိုးခဲ့ရတဲ့

ငါတို့တွေရဲ့မျက်ရည်

ကြွေပြုန်းခဲ့ရတဲ့ နှလုံးသား

အတ္တသမားတွေရဲ့ သားကောင်ဖြစ်ခဲ့တယ် ..

တကယ်လို့များ

ဖျောက်ဖျက်လို့ရသားဆို

 ၁၉  ဆိုတဲ့နေ့ရက်

ဇူလိုင်လရဲ့တစ်ရက်ကို

ပျောက်ပျက်အောင်ဖျက်ချင်ရဲ့ ..

ခင်ခင်ပျိုရေ

တကယ်ကို ငါမစောင့်လိုတော့ဘူး

အဲဒီနေ့လေး မရှိဖို့ကို .. 


ပျိုးယုဝသုန်

***  ဆရာအောင်ချိမ့် ရဲ့ ခင်ခင်ပျို  ကို တိုင်တည်ပြီး ရေးထားတာပါ  ***

Friday, 15 July 2011

မနက်ဖြန်


မနက်ဖြန်ရယ်
တစ်ရက်သာကျန်ပေါ့ 
တစ်ယောက်မျက်နှာတစ်ယောက်ဖူး
ရူးခဲ့ချိန်ဝယ် ...
ဆွေးမိတယ်
တမြည့်မြည့်ကြွေသွား
ဝေးကွာခြင်းကမ္ဘား  ခြားတော့မယ် .. 
တွေ့ထိခွင့်မရှိ
အရိပ်တကြည့်ကြည့်နဲ့
ချစ်ရိပ်မြင်ကြည်နူး
ပျော်ဖူးခဲ့တဲ့ရက်
အိပ်မက်မဟုတ်တာ သေချာတယ်  .... 
မရေရာလေတဲ့
အနာဂတ်ရဲ့နေရာတွေက
တစ်မြေကွာ
တစ်ကမ္ဘာခြားသည်မို့
အဖြေဆိုတာမညှိရဲ
တိတ်တဆိတ်ကြွေဆဲရယ်နဲ့
ထိတ်ထိတ်လေးနေရမှာမို့
မနက်ဖြန်ရောက်မှာစိုးမိတယ် ..


ပျိုးယုဝသုန် 

Wednesday, 13 July 2011

ငုနှင့်ပိတောက်

ပိတောက်နှင့်ငု
နှိုင်းယှဉ်တုလို့
မှာတမ်းပြုခွင့်ပေးလိုက်ပါ ..
ရနံ့အဆင်း
ကြိုင်ထုံသင်းသည့်
ပန်းမင်းပိတောက်
ပွင့်ချိန်ရောက်မူ
ခူးယူမြတ်နိုး
အတ္တဆိုးလို့
ကိုင်းကျိုးမြေခ
ကြွေရသည် ..
ငုကားအဆင်း
ဝါရွှေလင်းလည်း
သင်းထုံကြိုင်ခြင်း
ရနံ့ကင်းမို့
ညှို့ခြင်းရှိန်ဝါ
နည်းလှပါသည်
ပင်ထက်တင့်ဆန်းနေရသည် ..
ပိတောက်ရယ်လေ
ဆန္ဒခြွေသည်
ဖြစ်ရာဘဝ
ဖြစ်လာသမျှ
ပိတောက်ဝါ ဖြစ်ခြင်းမှ ဝေးရစေ .... 

ပျိုးယုဝသုန် 

Tuesday, 12 July 2011

ခရီးဖော်

အလိုမပြည့်တာမို့
စိတ်အတွေးယူဇနာနဲ့
နောင်ကမ္ဘာတစ်ဖက်ခြမ်းကိုမှ
လှမ်းမယ်လား .. မောင် ..
ထွေမပြားပါနဲ့
ခရီးတာဒီမှာဆုံးပါဘု
မနီးသာ ပန်းတိုင်ရပ်ဆီသို့
သွက်သွက်တို့လှမ်းရအောင်
ကြမ်းလေမယ့်  ဒီလမ်း ..
ဆက်မလှမ်းလိုလို့
လက်ကမ်းကို အသာဖြုတ်မှာလား
စိတ်ကမ္ဘာ တွေးခြောက်ခြားပါရဲ့
ခရီးဖော် ဖေးကူမလှည့်ကွယ် 
မောရသူ သို့ ...

ပျိုးယုဝသုန်