Tuesday, 15 January 2013

မမ နှင့် တစ်ခါတွန်း နှစ်ပေါင်




၂၀၀၅ခုနှစ်လောက်က..။

ကျောင်းပိတ်ရက်တစ်ရက်မှာ London ကနေ Wallsall မြို့ ကို သွားလည်မယ်ဆိုပြီး အိမ်ကထွက်လာခဲ့တယ်။ Wallsall  မြို့ကို ရောက်ဖို့က ရထားတစ်တန်ကားတစ်တန် စီးရမှာဆိုတော့ ရထားချိန်မှီအောင် အိမ်က စောစောပဲထွက်ခဲ့တယ်..။ လက်ထဲမှာလည်း အထုတ်အပိုးတွေ စားစရာတွေ မနိုင်မနင်းနဲ့ပေါ့။

အဲ့ဒီအချိန်တုန်းက မမနေတာက Hounslow West ဟောင်စလိုအနောက်ရပ်ကွက် ဆိုတော့ မမနေတဲ့အိမ်ကနေ Euston ယူစတန်ဘူတာကို ရောက်ဖို့ ရထားနှစ်ဆင့်ပြောင်းစီးရတယ်..။  ဟောင်စလိုအနောက်ရပ်ကွက် ကနေ King’s cross ကင်းခရော့စ် ဘူတာကို အပြာရောင် Piccadilly ပီကာဒီလီလိုင်းစီးသွားရတယ်။ King’s Cross ကင်းခရော့စ် ကနေမှတစ်ဆင်း Euston ယူစတန်ကို ရောက်ဖို့ Northern နော့သမ်းလိုင်းကို တစ်ဘူတာစာ ထပ်စီးရတယ်။  ဒီလိုနဲ့ Euston ယူစတန် ဘူတာကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တယ်။

မမ စီးလာတာက မြေအောက်ရထားလိုင်းဖြစ်နေတော့ကာ မြေပေါ်လိုင်းက ပြေးမယ့် ဗာဂျင်မီးရထား Virgin Line  ဆိုက်ကပ်တဲ့နေရာရောက်ဖို့ စက်လှေခါးနဲ့ တက်ခဲ့တယ်။ ဘူတာထဲကို ရောက်တော့ အခက်တွေ့တော့တာပါပဲ။ သယ်လာတဲ့ ပစ္စည်းတွေကိုလည်း မနိုင်တော့ဘူး။ တစ်ခုချင်း ပြန်သယ်ရအောင်ကလည်း မဖြစ်နိုင်ဘူးဆိုတော့ ဒီလိုပဲ အူလည်လည် နဲ့ ဟိုကြည့် ဒီကြည့်ပေါ့။ ဒီမှာ တွန်းလှည်းကလေးတွေ သွားတွေ့တယ်။ တစ်ခုလောက် ယူမယ်ဆိုပြီး တွန်းလှည်းကလေးတွေဆီ အသွားမှာ အမျိုးသမီးတစ်ယောက်ကလည်း တွန်းလှည်းကလေး တွန်းလာတာ တွေ့ရတယ်။ သူက သူ့တွန်းလှည်းကို ယူဖို့ပြောတော့ ဝမ်းသာအားရပဲ ယူလိုက်တယ်..။ တွန်းလှည်းထဲမှာ ပိုက်ဆံ နှစ်ပေါင်စေ့ တစ်စေ့ ထည့်ထားတာမို့ သူ့ကို နှစ်ပေါင် ပြန်ပေးပါဆိုတော့ ဘုမသိ ဘမသိ ပေးလိုက်သေးတယ်။ နှစ်ပေါင်စေ့လေးကိုလည်း တွန်းလှည်းရဲ့ ခလုပ်ကလေးထဲမှာ ထည့်ထားတာ တစ်ပိုင်းတစ်စမြင်နေရတာကိုး။

ဒီလိုနဲ့ စီးရမယ့် ရထားက ဗာဂျင်လိုင်း ဆိုတော့ကာ ထွက်မယ့်ရထားအမှတ်ရယ်၊ ထွက်ခွါမယ့် ပလက်ဖောင်းရယ်ကို Departure display screen တွေမှာ ခေါင်းတမော့မော့ နဲ့ လိုက်ရှာရတာပေါ့။ နောက်တော့ မမ ဝယ်ထားတဲ့ ရထားအချိန်နဲ့ ရထားအမှတ်ကို တွေ့တော့ စီးရမယ့် ပလက်ဖောင်းဆီကို သွားလိုက်တယ်။ ဗာဂျင်လိုင်းရဲ့ထုံးစံအတိုင်း ရထားတွေကလည်း သန့်ရှင်းလို့ပေါ့။ ခုံတွေကလည်း သက်သက်သာသာ ရှိပါရဲ့။ ဒါနဲ့ မမ သယ်လာတဲ့ အထုပ်အပိုးတွေကို နေရာချပြီးတော့ တွန်းလှည်းကလေးကိုလည်း တွန်းလှည်းတွေ ထားတဲ့နေရာမှာ ပြန်ထားခဲ့လိုက်တယ်။

ရထားထွက်တော့ ဇိမ်ကျကျနဲ့ ယူလာတဲ့စာအုပ်ကလေး ထုတ်ဖတ်ရင်း  ရထားပေါ်ကနေ လာရောင်းတဲ့ ကော်ဖီနဲ့ မုန့်ကို မှာစားရင်း သွားရာလမ်းတစ်လျောက်ရဲ့ နလေးမှာ တွေ့ရတဲ့ လှပတဲ့  အဝါရောင်တောင်ကုန်းတွေ အစိမ်းရောင် တောင်ကုန်းတွေကို ငေးကြည့်ရင်း၊ ကဗျာလေးတစ်ပုဒ်တောင် ရေးဖြစ်ပြီး Birmingham New Street ဘာမင်ဂမ်နယူးစရိ ဘူတာ ကိုရောက်လာခဲ့တယ်။ အဲ့ဒီကနေတစ်ဆင့် ဝေါဆောကို လိုကယ်လ်ရထားထပ်စီးပြီး ဝေါဆောဘူတာကို ရောက်ခဲ့တာပေါ့။ ဝေါဆောဘူတာကနေ သွားမယ့်အိမ်က နီးပေမယ့် ဒီအထုပ်အပိုးတွေ တစ်ပြုံကြီးနဲ့က ဘယ်လိုမှ လမ်းလျောက်သွားလို့ မဖြစ်နိုင်တော့ ရပ်ထားတဲ့ အငှားကားကို ငှားပြီး သွားခဲ့လိုက်တယ်။

ဝေါဆောအိမ်ကိုရောက်တော့ လမ်းမှာတွေ့ခဲ့တာလေးတွေကို ပြန်ပြောပြရင်း တွန်းလှည်း အတွက် နှစ်ပေါင် ပေးခဲ့ရတဲ့အကြောင်းလည်းပြောရော အရယ်ခံရတော့တာပါပဲ။ ဒီမှာတွန်းလှည်းတွေ သုံးတဲ့အတွက် ပိုက်ဆံပေးစရာ မလိုဘူးဆိုပဲ။ တွန်းလှည်းလေး သွားပြန်ထားရင် ရှိနေပြီးသား တွန်းလှည်းမှာ တွဲလောင်းလေးကျနေတဲ့ အပြားလေးကို ကိုယ်တွန်းလာတဲ့ တွန်းလှည်းရဲ့ အပေါက်လေးထဲထည့်လိုက်ရင် တွန်းလှည်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံ ပြန်ထွက်လာတယ်တဲ့။ တွန်းလှည်းတွေ ယူသုံးပြီး ထားချင်ရာ ထားခဲ့မှာစိုးလို့ စည်းကမ်းတကျလေးဖြစ်အောင် လုပ်ထားတာတဲ့လေ..။ ထားချင်ရာ ထားခဲ့ရင်တော့ ထည့်ထားတဲ့ ကိုယ့်ပိုက်ဆံ နှစ်ပေါင်က ဒဏ်ကြေးလို ဖြစ်တာပေါ့တဲ့။

ကဲ .. ကောင်းသေးရဲ့လား။ မမ မှာတော့ တွန်းလှည်းကိုလည်း Trolley Bay မှာ ပြန်ထားရသေး၊ ဒဏ်ကြေးလည်း ဘုမသိဘမသိ ဆောင်ခဲ့ရသေး ..။

အဲ့သည်လို  မမ ဟာ တွန်းလှည်းထဲက ပိုက်ဆံကို ပြန်ယူရမယ်မှန်း မသိသလို ဘယ်လို ပြန်ယူရမလဲဆိုတာလည်း မသိတဲ့ ခပ်အူတူတူ တစ်ယောက်လည်း ဖြစ်ခဲ့ဖူးပါတယ်။

ဘယ်လိုဖြစ်ဖြစ်  လန်ဒန်မှာ တွန်းလှည်းကို နှစ်ပေါင်ပေးပြီး တွန်းခဲ့တာ မမ တစ်ယောက်တည်းရယ်တော့ဖြင့် ဟုတ်မယ် မထင်ပေါင် ..။



မမဝသုန်
15-01-2013
Tuesday (BNE)

4 comments:

မိုးနတ်ကြယ်စင် said...

ဒါပေါ့....တခြားလူတွေလဲ မမလို ဘယ်နှယောက်
လောက် မှားပြီးပြီလဲမှ မသိတာ...ကိုယ်တစ်ယောက်
ထဲမှမဟုတ်တာနော....:)
အမှတ်တရပေါ့ မရယ်..:P
ချစ်တဲ့...မိုးနတ်

မိုးသူ(တောင်ကြီး) said...

အတွေ့ အကြုံပေါ့ မမ၀သုန်ရယ် ခစ်ခစ်ခစ် :P

ကိုကိုမောင်(ပန်းရနံ့) said...

အခုကတော့ ရောက်လေရာရာ တစ်ခါတွန်း တစ်ပေါင်ဘဲ တွေ့ရတယ်။ အခုထက်ထိတော့ ပြန်ထုတ်ယူဖို့ မမေ့ဖူးသေးဘူး။း)

Anonymous said...

so useful info: