Saturday, 25 August 2012

အိပ်မက်ဆိုးမှ နိုးချင်သူ





မပြောချင်ဘူး.. မပြောချင်ဘူး.. ပြောကိုမပြောချင်ဘူး ဆိုတဲ့ နှစ်မွှာအသည်းထဲက ဒေါ်မြလေးလိုသာ ပြောလိုက်ချင်ပါတော့တယ်။


၁။

ဒီ အင်တာနက်ဆိုတာတွေ အွန်လိုင်းဆိုတာတွေကို ကျွန်မတော်တော်ကို မျက်မုန်းကျိုးလှပြီ။ ဘယ်သူတွေက စတင်တီထွင်လို့ ဘယ်သူတွေက စပြီး သုံးကြတယ် ဆိုတာ ကျွန်မ မသိပါဘူး။ အဲ့သဟာတွေ မြန်မာပြည်ကို စရောက်လာပြီး ရန်ကုန်မြို့ပေါ်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြတာ ကျွန်မအတွက်တော့ အတော်ကြီးကို စိတ်ဆင်းရဲရတယ်။ ဘယ့်နှယ် ..။ အလုပ်ပျက်အကိုင်ပျက် နဲ့ တချိန်လုံး ချက်ချင်နေတဲ့သူတွေ ကျွန်မရဲ့ မီးဖိုချောင်ထဲမှာ ခေါ်ပြီးချက်ခိုင်းထားလိုက်ချင်ပါ့ရှင်။


ကျွန်မလည်း ၂၀ ရာစုမှာ လူဖြစ်လာတဲ့သူတစ်ယောက်ဖြစ်လို့ ခေတ်နဲ့ တိုးတက်ခြင်းတွေ ဆိုတာကို နားလည်သင့်သလောက် နားလည်ပါတယ်။ အင်တာနက်မသုံး၊ အွန်လိုင်းမှာ အကောင့်ပေါင်းစုံရှိမနေပေမယ့် ကျွန်မလည်း ထူထူထုံထုံအအ ထဲကတော့ မဟုတ်ပါဘူး။ သိသင့်တာကို သိ၊ နားလည်သင့်တာကို နားလည်ပါ့။ ဒါပေမယ့် ကိုယ့်ရဲ့ အချိန်တွေကို အလဟဿ အကုန်ခံပြီး အရည်မရ မဖတ်မရဘဲတော့ ကွန်ပျူတာဆိုတဲ့ဟာကြီးရှေ့မှာ အချိန်ကုန်မခံနိုင်ပေါင်ရှင်။ အဲ့သလို အချိန်ကုန်ခံမယ့်အစား ဖွင့်ထားတဲ့ ဆိုင်ခန်းမှာ လူဝင်များအောင်၊ ရောင်းကုန်တွေ မြန်မြန်နဲ့ များများ ရောင်းထွက်အောင်ပဲ ကျွန်မက ပိုစိတ်ဝင်စားသရှင်။ ပြီးတော့ အိမ်က မိသားစုအတွက်ကို ရှိတဲ့ အချိန်တွေ ပုံပေးချင်တာ ကလား။


သားအတွက်၊ ခင်ပွန်းအတွက် မနက်ဆို စောစောထပြီး မနက်စာအတွက်ချက်ပြုတ်၊ ပြီးတော့ ဈေးကိုပြေး။ ဈေးဆိုတာကလည်း စောစောကလေးသွားနိုင်မှ အခေါင်အဖူး၊ အကောင်းအဦးလေးတွေရတာ မဟုတ်လား၊ နောက်ကျပြီးမှ သွားလို့ကတော့ သူများမလိုချင်လို့ ကျန်နေတဲ့ ရွေးကျန်တွေပဲ ရမှာလေ။ အိမ်က  အိမ်ဦးနတ်နဲ့ သားတော်မောင်ကိုလည်း အဦးအကောင်း စားစေချင်တာကိုး။ ဈေးကပြန်ရောက်တဲ့အချိန်မှ လင်တော်မောင်နဲ့ သားကိုနှိုးပြီး မနက်စာ ပြင်ဆင်ကျွေး၊ ပြီးတော့ ဝယ်လာတာတွေကို ချက်ပြုတ်ကြော်လှော်ရတာပေါ့။ သုံးယောက်ထဲရှိတဲ့ အိမ်မှာ အိမ်အကူဆိုတာ တကယ့်ကို မလိုအပ်ပါဘူး။  ချက်ပြုတ်ပြီးတာနဲ့ ယုဇနပလာဇာမှာ ဖွင့်ထားတဲ့ ဆိုင်ကို အပြေးသွားရတယ်။ ဆိုင်ရောက်တော့ ဆိုင်အကူကောင်မလေး ၂ယောက်က ရောက်နှင့်နေပြီး ဆိုင်ကို ဖွင့်လှစ်ပြင်ဆင်ပြီးနေပြီလေ။ ဒီလို သူ့အချိန်နဲ့သူ လည်ပတ်နေတာ အခုဆို သားတောင် ဆယ်တန်းအောင်လို့ တက္ကသိုလ် တက်ဖို့ စောင့်နေတဲ့ အရွယ်ကိုရောက်နေပေါ့။


၂။

လွန်ခဲ့တဲ့ တစ်နှစ်၊ တစ်နှစ်ခွဲလောက်ကစပြီးကျွန်မမှာ ရောဂါတစ်ခုစရလာတာပါပဲ။ အဲ့ဒါကတော့ အွန်လိုင်း။ အင်တာနက်ဆိုတာပဲပေါ့။ အရင်ကတော့ အိမ်တွေမှာ ဝယ်သုံးဖို့ အဆင်မပြေ ဈေးကြီးတာကြောင့် ကျွန်မအတွက် သိပ်ပြီးမသိသာပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာတော့ ကျွန်မကို သိသိသာသာကြီး ထိခိုက်စေလာပါပြီ။ သားတော်မောင်ရဲ့ ပညာရေးကိုအကြောင်းပြချက်၊ လင်တော်မောင်ရဲ့ အလုပ်ကိစ္စဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်အနားမှာရှိတဲ့ အင်တာနက်ဆိုင်ကနေပြီး အိမ်ကနေပြီး အင်တာနက်သုံးလို့ရအောင် သူတို့စီမံကြတယ်။ ကျွန်မကရော ဘာပြောစရာရှိမလဲ။ သားကို သခင်၊ လင်ကိုဘုရာလိုထားတဲ့ မိန်းမ။ သူတို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းကို တားမြစ်ဖို့နေနေသာသာ အားတောင်ပေးမိပါသေး။


နောက်တော့ရှင် တစ်ဖြည်းဖြည်းလွန်လာပုံများပြောကို မပြောချင်ပါဘူး။ အဲ.. မပြောချင်ဘူးဆိုပေမယ့်လည်း ပြောရဦးမယ်ရှင်။ အရင်က နေဖင်ထိုးမှ မနည်း ခေါ်နှိုးရတဲ့ အိမ်ကအကောင်ကလေးဟာ အခုဆိုရင် မနက်မှ မိုးမလင်းသေးဘူး ကွန်ပျူတာရှေ့ရောက်ပြီး မျက်နှာစာအုပ်ဆိုတာကို ဖွင့်နေတော့တာပဲ။ သူ ပညာရေးအတွက် လေ့လာတယ်ဆိုတာလည်း တယ်ပြီး မတွေ့မိပါဘူး။ မျက်နှာစာအုပ်၊ တွစ်တာ၊ ဂျီတော့ခ် ..။ ဘာညာ သာရကာ ပလုံစီပြီး ကျွန်မသိတာရော မသိတာတွေရောပါပါ့ရှင့်။ အရင်ကဆိုမှ အမေဖြစ်သူ အလုပ်များနေရင် ကြက်သွန်ဖြူ ကူနွှာပေး၊ အရွက်အသီးလေး ကူပြီးလှီးချွတ်ပေးဖော်ရပေမယ့် ခုတော့ ဝေလာဝေး။ အချိန်တိုင် ကွန်ပျူတာနဲ့ မျက်မှာနဲ့ ကပ်ထားသလားတောင်ထင်ရတယ်။ ဖေ့စ်ဘုတ်ခ် ဆိုတာမှာလည်း ဘာမှန်မသိ ဝင်ဝင်ရေး။ သိတာလည်းပါရဲ့ ၊ မသိတာလည်းပါရဲ့၊ ဧရာဝတီအရေး။ ရိုဟင်ဂျာအရေး၊ ၈၈ အရေး၊ ဂျက်စတင်ဘီဘာအရေး၊ သမတကြီး အရေးကနေ နောက်ဆုံး မိုးရွာလို ရေကြီးတဲ့အရေးအထိ ဒင်းက ကွန်ပျူတာရှေ့ကနေ ထိုင်အော်နေတော့တာပဲ။ ဘာသိလို့လဲဆိုတော့ ဘာမှလည်းသိတာမဟုတ်၊ ကလေးက ကလေးလိုမနေဘူး။


ပြီးတော့ ချက်တင်ဆိုတာကြီး။ ပြောလိုက်တာ ပြောလိုက်တာဆိုတာ။ မျက်စိကိုနောက်နေတာပဲ။ အထူးသဖြင့် ကျွန်မဆိုင်ကပြန်လာပြီး ညနေပိုင်းနဲ့ညပိုင်းဆို ကွန်ပျူတာ မှာ တတုံတုံနဲ့ ပြောကြတာလေ။ ဘာတွေများ ဒီလောက်ပြောစရာတွေ များနေလဲဆိုတာ မသိတော့ပါဘူးရှင်။ မအေဖြစ်သူ ပြန်လာတာကို လာကြိုဖို့နေနေသာသာ ရေလေးတစ်ခွက်တောင် ခပ်တိုက်ဖော် မရတဲ့အကောင်။ ကျွန်မကိုသာ စကားပြောဖို့ အချိန်မရတာ သူ့အင်တာနက်ကဟာတွေနဲ့တော့ မိုးလင်းမိုးချုပ်ပြောပါ့။


၃။

သူ့အဖေကျတော့တစ်မျိုး။ အိမ်မှာတော့ ကွန်ပျူတာကို သိပ်မသုံးပါဘူး။ သုံးရင်လည်း ခဏတာပဲ။ အလုပ်အတွက် လုပ်ကိုင်စရာတွေဘာတွေရှိတဲ့ဟာတွေပဲ လုပ်နေတာမြင်ပါ့။ ဒါပေမယ့် သူလည်း နောက်ပိုင်းမှာ အချိုးတွေပြောင်းပြောင်းလာတယ်။ ငေးသလိုလို ငိုင်သလိုလို၊ ဆွေးသလိုလို မှိုင်သလိုလိုနဲ့။ အလုပ်ကိစ္စတွေနဲ့ အဆင်မပြေလို့များလားဆိုပြီး မိန်းမဖြစ်သူက ဂရုတစိုက်နဲ့ ပြုစုတာတောင် သူက အသိအမှတ်ပြုပုံမရဘူး။  ညဘက်ပိုင်းမှာ “အစ်ကို.. လက်ဖက်သုတ်လေးစားမလား၊ ပဲခြမ်းကြော် သုတ်လေးစားမလား” လို့ မေးတာတောင်မှ သုံးခါ လေးခါလောက် မေးယူရတယ်။ ပြန်ပြောတော့လည်း စိတ်မပါလက်မပါနဲ့ “ ရှိတာ လုပ်လေ၊ ကြိုက်တာသုတ်” တဲ့..။ ကဲ မခက်ဘူးလား။


တစ်နေ့မှာတော့ သူနဲ့လုပ်ငန်းချင်း ဆက်စပ်နေတဲ့ ကျွန်မရဲ့ မောင်ဝမ်းကွဲလေး တစ်ယောက်က “ အစ်မ.. အစ်မယောက်ျား အွန်လိုင်းမှာ ကောင်မလေးတစ်ယောက်နဲ့ ညပ်နေတယ်ကြားတယ်.. ကြည့်ထိန်းဦး” တဲ့။ ကြားကြားချင်း ဒေါသတွေများ ထွက်လိုက်တာလေ။ ကိုယ်မှာတော့ သူတို့အတွက် ဖတ်သီလိုက်ပြီး ပင်ပန်းပေမယ့် ပင်ပန်းတယ်တောင် မထင်အောင်ကို ချစ်လိုက်ရတာ။ သူတို့ကတော့ လုပ်ရက်ပါပေ့။ ဒါနဲ့ စုံစမ်းကြည့်တော့ ဟမလေး.. သူ့မှာလည်း တွစ်တာတွေ၊ ဖေ့စ်ဘုတ်တွေ၊ ဂျီတော့ခ်တွေ၊ တော့ကတုံးတွေ ..ဘာတွေညာတွေနဲ့ပဲ။ ဒါကြောင့် သူ့အရင်ကဖုန်းကို သားဖြစ်သူကို ပေးပြီး သူက စမတ်ဖုန်း ဆိုတာကို ဝယ်ကိုင်နေတာကိုး။ ဒီလိုနဲ့ သူ့အကြောင်းကို စုံစမ်းရတော့ ကျွန်မမှာ အလုပ်တွေ အကိုင်တွေလည်း ပျက်ပါရဲ့။ ဒါပေမယ့် နောက်ဆုံးတော့ သူ့ရဲ့ အကောင့်နာမည်တွေရလာတာပေါ့။ ကဲ ကျွန်မ ဘာဆက်လုပ်ရမယ်ဆိုတာ လောလောဆယ်မှာ ဦးနှောက်တွေလည်း ထူပူနေပြီး စဉ်းစားလိုတောင် မရနိုင်တော့ပါဘူးရှင်။


ဆိုင်နံဘေး သက်ထားရွှေစင် ဆိုင်က မမရီ မှာလည်း အဲ့သလို ပြဿနာတွေ တွေ့ကြုံနေရတယ်ဆိုပဲ။ ကျွန်မကတော့ အိမ်က အိမ်ဦးနတ်ကိုသာ ဒေါသတွေ တချောင်းချောင်းထွက်နေတော့တာပါပဲ။  အလုပ်အလုပ်နဲ့ အကြောင်းပြပြီး လူမှုကွန်ယက်တွေမှာ ဝင်ပြီး အရှုပ်ထုပ်တွေ ချနေတာတော့ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်ဘူးလေ။ သူတို့ကိုယ် သူတို့ လူပျိုလူလွတ်လို့ ပြောပြီး ခြေများနေတာလား။ ဒါမှမဟုတ်လည်း တဘက်မိန်းကလေးက သိသိနဲ့ ဇွတ်တိုးနေတာလားဆိုတာ ကျွန်မအနေနဲ့ လိုက်လို့ကို မမီနိုင်ပါဘူး။


တကယ်တော့ရှင်။ ငယ်လင်ငယ်မယား..၊ ဒုက္ခတွေကို လက်တွဲတိုက်ခဲ့ပြီးပြီ။ အခက်အခဲတွေကိုလည်း နှစ်ယောက်သား ကျောချင်းကပ်ရင်ဆိုင်ပြီးခဲ့ပြီ။ သားလေးတောင်မှ တက္ကသိုလ်ကျောင်းသားဖြစ်ခါနီးမှ သူက ဒီလို သူငယ်ပြန်နေတာတော့ ကျွန်မ နည်းနည်းကလေးမှ ကြည့်လို့မရတော့ဘူး။


ဘယ်ဇနီးမယားမဆို ကိုယ့်ခင်ပွန်းနဲ့ သားသမီးကလေးတွေကိုယ့်ကို ဂရုစိုက်တာ အားပေးတာကို လိုချင်တာပေါ့။ မချမ်းသာချင်နေပါ့စေ..၊ မိသားစု စုစုဝေးဝေးနဲ့ စည်းစည်းလုံးလုံးကလေး ညနေတိုင်း ညနေစာအတူတူစားချင်တာပေါ့။ အခုတော့ မိသားစု ထမင်းအတူမစားဖြစ်တဲ့ရက်တွေလည်းများလာသလို၊ အတူတူထိုင်စကားမပြောဖြစ်ကြတဲ့ ရက်တွေလည်းများများလာပြီ။


၎။

ဒီလိုနဲ့ ကျွန်မ သူတို့နဲ့ တဖြည်းဖြည်းများဝေးသွားပြီလား၊ ကျွန်မဟာ သူတို့အတွက် မလိုအပ်တော့ဘူးလား၊ ကျွန်မရှိနေတာဟာ သူတို့အတွက် အနှောက်အယှက်ကြီးများ ဖြစ်နေပြီလား လို့ တွေးမိရင်း မျက်ရည်ကျဝမ်းနည်းပြီး အိပ်မရတဲ့ ရက်တွေလည်း များများလာခဲ့ပါပြီ။


နောက်ရော..၊ ဘယ်အချိန်အထိ ထမင်းလက်ဆုံစားခွင့်တွေ ပျောက်ဆုံးနေတော့မှာလဲ..။ ဒီလိုအိပ်မက်ဆိုးတွေကနေ ကျွန်မ အမြန်ဆုံး လွတ်မြောက်ချင်လှပါပြီ..။



ပျိုးယုဝသုန်
10:56:15AM
25-08-2012
Saturday (BNE)

5 comments:

. said...

အဆင်ပြေပါစေ . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

မိုးသူ(တောင်ကြီး) said...

အိမ်မက်ဆိုးတွေထပ်မမက်ပါစေနဲ့ လို့ 

ဆုတောင်းပေးပါတယ်

ခင်မင်တဲ့

မိုးသူ(တောင်ကြီး)

လရိပ်အိမ် said...

အိပ်မက်ဆိုးကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့

ခင်မင်စွာဖြင့်
လရိပ်အိမ်

မိုးနတ်ကြယ်စင် said...

အိပ်မက်ဆိုးမှ အမြန်ဆုံးနိုးနိုင်ပါစေ မမရေ...
ခင်တဲ့ ညီမလေး..မိုးနတ်

NSA said...

ဝတ္ထုတိုလေး သိပ်ကောင်းတယ်.....။
သူက ယောက်ျားအကောင့်ကို အဒ်ပြီး ချက်ကင်လိုက်တာများ ပါအုံးမလား ထင်နေတာ.....။
စ ဖတ်တော့ ရယ်စရာနဲ့ အဆုံးသတ်မယ်ထင်တာ... အဆုံးမှာ သက်ပြင်းချမိတယ်...။