Wednesday, 22 August 2012

အခန်းအမှတ် - ၁၀






၁။
ဟောင်စလိုဝက်စ် ဟုအမည်ရသော ရပ်ကွက်ငယ်တစ်ခုသည် လန်ဒန်မြို့ အနောက်ဘက် အခြမ်းတွင်ရှိတည်ရှိသည်။  လန်ဒန်သူ လန်ဒန်သားတို့သည် ထိုကဲ့သို့သော ဆင်ခြေဖုန်း ရပ်ကွက်တွင် နေလေ့မရှိကြပေ။ ဟိသရိုး လေဆိပ်နှင့်လည်း နီးသောကြောင့် လေယာဉ်သံများသည် တစ်မိနစ်လျှင် တစ်စင်းနှုံးဖြင့် ဆင်လိုက်တက်လိုက်ရှိသဖြင့် ထိုရပ်ကွက်ကလေးတွင် နေထိုင်သော သူတို့သည် လေယာဉ်သံကို အခါမလပ် ကြားနေရ၏။


ထိုရပ်ကွက်အတွင်းရှိ ဘတ်သ် လမ်းမကြီး၏နံဘေး၌  နိုဝယ်လ်ကို့ဒ် ဟု အမည်ရသော ခြံဝင်းအတွင်းတွင် အဆောက်အဦး အဖြူရောင်ကြီး နှစ်လုံးရှိသည်။ ကျယ်ဝန်းသော ခြံထဲတွင် နှင်းဆီပင်များသည် အရိုင်းဆန်စွာ ပွင့်လန်းနေကြသည်။ အဆောက်အဦး တစ်ခုကို အနောက်ဘက်သို့ တိုးဆောက်ထားသောကြောင့်  ခြံအဝင်မှ အနောက်ဘက် အဆောက်အဦ ရှိရာသို့ရောက်အောင် မိနစ် အနည်းငယ်ကြာအောင် လမ်းလျှောက်၍ ဝင်ရသည်။


ထိုအဆောက်အဦတွင် အခန်းပေါင်း ၁၂ ခန်းမျှရှိသည်။ အခန်းတိုင်တွင် အိပ်ခန်း ၂ခန်း၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်းအိမ်သာတွဲလျက်တစ်ခန်းနှင့် မီးဖိုတစ်ခန်းစီပါရှိသည်။ ထမင်းစားခန်းမှာမူ သီးသန့်မရှိပေ။ ထိုအခန်းများတွင်နေထိုင်သောသူ အများစုမှာ လက်လုပ်လက်စား အလုပ်သမားများနှင့် နိုင်ငံခြားသားကျောင်းသား၊ ကျောင်းသူများသာ ဖြစ်ကြသည်။ ထိုအနောက်ဘက် ဆောက်အဦရှိ အခန်းအမှတ် ၁၀ တွင် ကျောင်းသူကျောင်းသား ၆ယောက်တို့ စုပေါင်းကာ ငှားရမ်းနေထိုင်ကြသည်။ ထိုကျောင်းသူကျောင်းသားတို့သည် ကျောင်းတက်ရင်း အလုပ်လုပ်ကြသူများဖြစ်သည်။


၂။
မိန်းကလေးတစ်ယောက်သည် တစ်ယောက်ခန်း အခန်းကျဉ်းလေးတွင်နေထိုင်၍ ကျန် မိန်းကလေးနှစ်ယောက်မှာ ဧည့်ခန်းကို အိပ်ခန်းအဖြစ်ပြုပြင်ပြီး နေထိုင်ကြသည်။ ကျန် ယောက်ျားလေးသုံးယောက်မှာ အတန်ကျယ်ဝန်းသော အိပ်ခန်းတွင်ကုတင်ငယ်များ စီတန်းချထားပြီး နေကြသည်။ အများစုမှာ အိပ်ချိန်အခါတွင်မှသာ ပြန်လာကြသူများ ဖြစ်ကြသည်။


လန်ဒန်၏ ရာသီဥတုသည် ထုံးစံအတိုင်း တစ်နေ့လျှင် ရာသီဥတု ၃ခုမျှ ပြောင်းဆဲဖြစ်သည်။ နေပူနေရာမှ မိုးရွာချင်လည်း ရွာတတ်သည်။ မိုးရွာနေရာမှ ရုတ်တရက် အေးစိမ့်သွားတတ်ပြန်သေးသည်။ ထိုကဲ့သို့ အမြဲမှုန်မှိုင်းနေသော ရာသီဥတုကို အံတု၍ မျှော်လင့်ချက် မှုန်ဝါးဝါးလေးကို မရေမရာ ကိုင်စွဲကာ ရှေ့ဆက်နေကြသူများထဲတွင် ထိုကျောင်းသူ ကျောင်းသားများလည်ပါဝင်ကြသည်။


သူတို့နေထိုင်ရာအခန်းကလေးသည် အနောက်ဘက်အဆောင်၏ အောက်ဘက် ဘယ်ဘက်အခြမ်းတွင်ရှိသည်။ မြက်ရိုင်းတို့သည် မရိတ်သည်မှာကြာပြီဖြစ်၍ ပြတင်းတံခါးထိတိုင်အောင် မြင့်တက်လျက်ရှိသည်။ မီးဖိုဘက်တံခါးမှ အနောက်ဘက်သို့ထွက်သော နေရာတွင်မူ မြက်ခင်းအသေးလေးတစ်ခုရှိ၏။ ထိုမြက်များကိုမူ သူတို့အလှည့်ကျ ရိတ်ကြလေသည်။ ရာသီဥတု သာယာသော ညများတွင် သူတို့သည် အနောက်ဘက်ရှိ မြက်ခင်းသေးသေးကလေးပေါ်တွင် အသားကင် ငါးကင်များ ကင်စားရင် သူတို့၏ မွန်းကျပ်လှသော အချိန်ကာလများကို မေ့လျော့ခြင်းငှာ ကြိုးစားကြသည်။


၃။
တစ်နေ့ညအချိန် ၂း၀၀ ခန့်တွင်ဖြစ်သည်။


တစ်ယောက်ခန်းတွင်နေထိုင်သော မိန်းကလေးသည် စာဖတ်နေရာမှ မှေးကနဲ အိပ်ပျော်သွားခဲ့သည်။ မကြာမီတွင် သူမ၏ နားထဲ၌ တိုးညင်းသော အသံတစ်ခု ဝင်ရောက်လာသည်။ “ ဟေး ..  ဟေး .. ဟေး ..” ဟု လေသံဖြင့်ခေါ်သံကို သေချာကြားရသောအခါ သူမ မျက်လုံးဖွင့်ကြည့်လိုက်သည်။ အသံသည် အမျိုးသားတစ်ဦး၏ အသံမျိုးဖြစ်သောကြောင့် သူမ၏ တစ်ဖက်ခန်းမှာ သူငယ်ချင်းများ စနောက်နေသည်ဟု အစပထမတွင် ထင်မိသည်။  ထို့ကြောင့် “ဟေ့.. ငါ့ကို မနောက်နဲ့နော်” ဟုသူမ ပြန်အော်လိုက်သေးသည်။ သို့ရာတွင် ထိုအသံသည် ပျောက်သွားခြင်းမရှိပဲ ပို၍ ပို၍ ကျယ်လာ၏။ ထိုအခါ သူမသည် တဖြည်းဖြည်းလန့်လာသည်။ အသံသည် သူမ၏ အိပ်ရာ ခြေရင်းပိုင်းရှိ တစ်ခုတည်းသော ပြတင်းပေါက်ဆီမှ ထွက်လာနေခြင်းဖြစ်သည်။


ထိုအခါ သူမသည် မျက်နှာချင်းဆိုင်အခန်းတွင် အိပ်နေသော မိန်းကလေးနှစ်ယောက်ကို သွားနှိုးလေသည်။ တစ်ယောက်သော နီပေါမလေးမှာ အိပ်ရာမှ မှုန်မှုန်ဝါးဝါးနှင့် ထလာသည်။ သူမက ထိုနီပေါမလေးအား

“နင်ကြားလားဟင်.. အခု အသံကို .. ” ဟု မေးသောအခါ

“အင်း .. ကြားတယ်” ဟုပြန်ပြောလေသည်။

“ငါ့အခန်းထဲကို ခဏလောက် လိုက်ကြည့်ပါလား” ဟုဆိုသောအခါ..

“အာ.. မကြည့်ရဲဘူး.. ငါကြောက်တယ်” ဟုဆိုပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။

ထိုအခါ သူမသည် ကောင်လေးသုံးယောက်နေထိုင်သော အခန်းကို တံခါးခေါက်လေသည်။ ထိုအထဲမှ အသက် အကြီးဆုံးနှင့် အရင့်ကျက်ဆုံး တစ်ယောက်က ထွက်လာသည်။ “ဘာဖြစ်လို့လဲ” ဟု မေးသော အခါ သူမက အကြောင်းစုံပြောပြလိုက်သည်။ ထိုအခါ သူက

“ဟာ.. မဖြစ်နိုင်ပါဘူး .. ဘေးက လူမှသွားလို့မရတာ.. မြက်တွေကလည်း အရမ်းကိုရှည်နေတာလေ.. ပြီးတော့ အိမ်ထဲကိုလည်း ဘယ်သူမှ ဝင်လို့မရပါဘူး.. သံဇကာတွေနဲ့ဟာကို.. မေတ္တာပို့ပြီး အိပ်လိုက်” ဟု ဆိုကာ သူလည်း အခန်းတွင်းသို့ပြန်ဝင်သွားလေသည်။


ထိုအခါ သူမလည်း သူမ၏အခန်တွင်းသို့ပြန်ဝင်လာကာ အိမ်တစ်ခန်းလုံးကို ၂၄ပစ္စည်းဖြင့် စည်းချသော အလုပ်ကို လုပ်လေသည်။ ထို့နောက် မိုးစင်စင်လင်းသည်အထိ သူမအိပ်မပျော်တော့ပေ။


၎။
နောက်တစ်နေ့တွင်မူ ကျောင်းသားလေးတစ်ယောက်သည် အလုပ်လည်းသွားစရာ မလိုသောကြောင့် သူတို့၏ အခန်းထဲတွင် စာဖတ်နေသည်။ လန်ဒန်မြို့၏ အေးမြသော ရာသီဥတုကြောင့် ပြတင်းတံခါးများကို မည်သူမျှ မဖွင့်လိုကြပေ။ ထိုကျောင်းသားလေး စာဖတ်နေချိန်တွင် သူ၏ကုတင်ပေါ်ရှိစာရွက်များသည် လေတိုက်သကဲ့သို့ လွင့်ထွက်ကုန်၏။ စာအုပ်မှ စာရွက်များလည်း တဖျပ်ဖျပ်နှင့် လန်ကုန်ကြသည်။ ထိုကျောင်းသားလေးလည်း ပထမတွင် အံ့သြစွာဖြင့် ငေးကြည့်နေပြီး နောက် အခန်းအပြင်ဘက်သို့ ပြေးထွက်လာသည်။ ထို့နောက်အိမ်တွင်ရှိနေသော သူ၏ သူငယ်ချင်းများကို ထိုအကြောင်းအား ပြောပြလေသည်။


ထို့နောက်ပိုင်းတွင်မူ အိမ်အတွင်း၌ လူကောင်ကြီးကြီး တစ်စုံတစ်ယောက်သည် လမ်းလျှောက်နေသကဲ့သို့ ကြမ်းပြင်သည် သိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်သွားလေ့ရှိသည်။ အထူးသဖြင့် ညဘက်အချိန်များတွင် ဖြစ်သည်။ မည်သို့ မည်ပုံ ဖြေရှင်းရမည်ကို သူတို့ မသိကြပါ။ ထို့ကြောင့် ရက်တစ်ရက်၏ ညဦးပိုင်းတွင် အားလုံး ဆုံ၍ ထိုအခန်း၌ ငှားရမ်းနေထိုင်သော စာချုပ်ပြည့်လျှင် သက်တမ်းထပ်မတိုးတော့ဘဲ အခြား တစ်နေရာသို့ ရွှေ့ပြောင်းကြရန် တိုင်ပင်ကြသည်။


၅။
သူတို့ ထို အခန်းအမှတ် ၁၀ မှ ပြောင်းသွားပြီးနောက် မကြာမီတွင် သိရှိရသည်မှာ အခန်းအမှတ် ၁၀ ၏ အပေါ်ဘက်အခန်းမှ လူကြီးသည် လာနေသော ရထားရှေ့သို့ခုန်ချပြီး မိမိကိုယ် မိမိ အဆုံးစီရင်သွားကြောင်း သိလိုက်ရသည်။



ထိုအချိန်က သူတို့ကြားရသော အသံများ၊ ခံစားရသော ခြေလှမ်းတို့၏ တုန်ခါမှုများ ၊ စာရွက်တို့ လွင့်ပျံမှုများသည် ထိုလူကြီး၏ ကျီစယ်ခြင်းလေလား။ သို့တည်းမဟုတ်  မည်သူတစ်ဦးတစ်ယောက်၏ စနောက် ကျီစယ်ခြင်း ဖြစ်မည်ကို သူတို့ခြောက်ယောက် မထင်မြင် မခန့်မှန်းနိုင်ခဲ့ပေ။


ပျိုးယုဝသုန်
6:41:29 PM
22-08-2012
Wenesday (BNE)

6 comments:

မိုးငွေ့........ said...

မမ၀သုန်ရယ် ဖတ်ရင်း ကြက်သီးထတာဟယ်.... နင်ကအရေးကောင်းတော့ ဖတ်ရင်းမျောသွားတာ..။

T.Win said...

wow.. scary..

I miss my Hounslow visit. We met a lot of burmese people and ate a lot of indian food.

:)

မိုးသူ(တောင်ကြီး) said...

မမ၀သုန်ရယ် အဲလိုမနောက်နဲ့ လေဂျာ

ညဆိုတယောက်ထဲ အိပ်ရပါတယ်ဆိုမှ

သရဲအကြောင်းကြီးရေးတယ်

ကြက်သီးတွေဖြန်းခနဲတောင်ထတယ်

မိုးသူက သရဲအရမ်းကြောက်တတ်တယ်

မြတ်နိုးသူ said...

ဖတ်ရင်းနဲ့စိတ်ဝင်စားဖို့ကောင်းလာတာ
ရှေ့ရောက်လေကောင်းလေပဲအမ
အားပေးသွားပါတယ်

မြတ်ပန်းနွယ် said...

လျှို့ဝှက်သည်းဖိုတွေ သိပ်ကိုခုံမင်စွာ ရေးတတ်သူ။

ဖြိုးဇာနည် said...

ဖတ်ရင်းနဲ့ ဟိဟိ
နောက်ဆုံးတော့ မျက်စိတစ်ဖတ်မှိတ်ပီးဖတ်သွားတယ် အကြောက်ပြေအောင်လို့ :)