Tuesday, 10 July 2012

မာကျောခြင်း နောက်ကွယ်





ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမနဲ့ပတ်သက်ပြီး စိတ်မှာ အနာတရ မဖြစ်စေခဲ့ဖူးပါဘူး။ အထူးသဖြင့် သူမချစ်ရ၊ ခင်ရ၊ သံယောဇဉ်ကြီးရတဲ့သူတွေ အပေါ်မှာပေါ့။ အပြုအမူကြောင့်သော်လည်းကောင်း၊ အပြောအဆိုကြောင့်သော် လည်းကောင်း နစ်နစ်နာနာ ဖြစ်စေရအောင် တစ်ခါတစ်ရံမျှ မရည်ရွယ်ခဲ့ဖူးပါ။

သံယောဇဉ် အလွန်အမင်း တွယ်တတ်လွန်းသူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိခဲ့ချိန်မှအစပြုပြီး ကိုယ်ချစ်ရသောသူများနှင့် ခပ်လှမ်းလှမ်းတွင်သာ နေထိုင်ခဲ့ပါတယ်။ ခွဲခွါခြင်းက ရရှိတဲ့နာကျင်ကြေကွဲမှုကို ဆယ်ကျော်သက်အရွယ် ငယ်စဉ်မှာ စတင်ပြီး ရရှိခဲ့တယ်။ အင်မတန်မှ ချစ်ခင်ရတဲ့ အဘိုးကို ရှင်ကွဲအဖြစ် စတင်ခွဲခွါခဲ့ရတယ်။ အဘိုးအရင်မဟုတ်ပေမယ့် အဘိုးအရင်းနှင့်မခြား ချစ်ခင်မြတ်နိုးရသောအဘိုး အဝေးတစ်နေရာကို ပြောင်းရွှေ့သွားချိန်မှာ တိတ်တဆိတ်နဲ့ ကြိတ်ပြီးငိုကြွေးခဲ့ဖူးပါတယ်။ ကလေးအရွယ် မိန်းကလေးတစ်ယောက်ဟာ သူမချစ်ခင်တဲ့ အဖိုးရှိရာကို လိုက်မသွားနိုင်ခဲ့၊ လိုက်မတွေ့နိုင်ခဲ့ပါဘူး။ မိခင် ဖခင်တို့ရဲ့ ချစ်ခြင်းကို ရရှိနေတဲ့ မိန်းကလေးဟာ သူမအဖိုးကို လွမ်းဆွတ်နေကြောင်း သူမရဲ့မိဘတွေကို လည်း ပြောမပြခဲ့ပါဘူး။ ထိုအချိန်မှ စလို့ ခွဲခွါခြင်းရဲ့ နာကျင်မှုတွေကို လက်ခံ ခဲ့ရတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အနှီကောင်မကလေးဟာ သူမချစ်တဲ့မိသားစုနဲ့ ရင်းရင်းနှီးနှီး မနေတော့ပဲ နေတာ ထိုင်တာ အိပ်စက်တာက အစ သီးသန့်ခွဲပြီးနေခဲ့တယ်။ သူငယ်ချင်းလည်းများများစားစားမရှိ၊ အပေါင်းအသင်းလည်းများများစာစားမရှိပဲ စာရွက်တွေ စာအုပ်တွေ ကဗျာတွေနဲ့ သူမရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။

သူမဟာ သူမချစ်တဲ့သူတွေအတွက် တိတ်တဆိတ်ဖြည့်ဆည်းပေးရတာကိုသာ နှစ်သက်သြူ့ဖစ်ကြောင်း သူမရဲ့ မိဘတွေ သူငယ်ချင်းတွေက အစမှာမရိပ်မိ မသိရှိခဲ့ဘူး။ သီးသန့်ဆန်သူ၊ မိသားစုနှင့် မရင်းနှီးသူ၊ မာန်မာနကြီးသူအဖြစ် အထင်မြင် လွဲမှားမှုကို ခံခဲ့ရတယ်။ ဒီအတွက်လည်း သူမပြန်လည်ပြောပြရှင်းပြခြင်းမရှိပဲ သူမယုံကြည်လက်ခံထားတဲ့ အတိုင်းသာ နေထိုင်ခဲ့တယ်။ ဒီအတွက် မိခင်ရဲ့ ခေါင်းမာသူ၊ လုပ်ချင်ရာလုပ်သူ၊ မိဘစကားနားမထောင်သူအဖြစ် ပြောဆိုမြည်တီးခြင်းကိုလည်း သူမ ခံခဲ့ရတယ်။

အချိန်တန်အရွယ်ရောက်လာတော့ ချစ်သူရည်းစားလည်း တွေ့ရှိလာခဲ့တယ်။ သူမချစ်တဲ့သူ နိုင်ငံရပ်ခြားကို သွားတဲ့နေ့မှာ သူမဟာ လေယာဉ်ကွင်းကို လိုက်ပို့ဖို့ လုံးဝမစဉ်းစားခဲ့ဘူး။ တရုတ်တန်းမှာ မုန့်လျောက်ဝယ်စားရင်းနဲ့ အချိန်တွေကို ကုန်စေခဲ့တယ်။ ဒီအတွက် အနည်းငယ်မျှသာရှိတဲ့ သူမရဲ့သူငယ်ချင်းတွေနဲ့ မိခင်ရဲ့ အပြစ်ဆိုမှုကို ခံခဲ့ရတယ်။

တိုးတက်ရာတိုးတက်ကြောင်းအတွက် ထွက်သွားတဲ့သူကို နောက်ဆံမတင်းစေချင်ဘူး၊ ပြည်ပထွက်ခွါဆိုတဲ့ ဆိုင်းဘုတ်အောက်ကို မဝင်ခင် ကျန်နေရစ်မယ့်သူကို မြင်ပြီး နောက်ဆံတင်းစိတ်မကောင်းဖြစ်ပြီး ထွက်ခွါမသွားစေချင်တဲ့ စေတနာစိတ်တစ်ခုနဲ့ လိုက်မပို့ခဲ့ဘူး ဆိုတဲ့ အကြောင်းကိုတော့ သူမရဲ့ သူငယ်ချင်းနှစ်ယောက်လောက်ကိုသာ ပြောပြပြီး သူမရဲ့ ချစ်သူဆိုသူကိုလည်း ပြောမပြခဲ့ဘူး၊ ဘာဖြစ်ဖြစ် သူမရဲ့ချစ်သူကတော့ ထွက်ခွါသွားချိန်မှာ သူမကို မမြင်ရတဲ့အတွက်ေါးသလည်းထွက်ကောင်းထွက်မယ်၊ ကျိန်ဆဲရင်လည်းကျိန်ဆဲနေမယ်။ ဘာဖြစ်ဖြစ် ဝမ်းနည်းပြီး၊ နောက်ဆံတင်းပြီး ထွက်သွားရတာ ထက်စာရင်တော့ တော်သေးမယ်လို့ သူမယူဆခဲ့တယ်။

မိဘတွေနဲ့ အတူမနေပဲ သီးသန့်အိမ်တစ်အိမ်ခွဲနေခဲ့တဲ့ အသက်၂၀ ကျော်ရုံသာရှိတဲ့ မိန်းကလေးဟာ ပတ်ဝန်းကျင်အမြင်နဲ့ဆိုရင် ပြစ်တင်ပြောဆိုစရာ ဖြစ်ခဲ့မှာအမှန်ပါပဲ။ ဒါပေမယ့် သူမ ပတ်ဝန်းကျင်ရဲ့ပြေဆိုခြင်းကို ဥပေက္ခာပြုပြီး သူမယုံကြည်ရာ လမ်းကြောင်းပေါ် ရအောင် တက်လှမ်းခဲ့တယ်။

တစ်နေ့မှာတော့ သူမဖခင်ရဲ့မွေးရာဇာတိမှ မိတ်ဆွေတစ်ဦးဟာ သူမရဲ့လက်ကို ယူကြည့်ပြီး သူမရဲ့နာမည်ကို တွက်ချက်ကြည့်တယ်။

 “ညည်းက သူများဝန်ကိုထမ်းချင်တဲ့သူကိုးအေ.. သူတစ်ပါးအတွက်နဲ့များ အသက်ရှင်နေမယ်လို့ ဆုံးဖြတ်ထားသလား..” တဲ့

ဒီလိုနဲ့လုပ်ငန်းခွင်ထဲမှာပျော်မွေ့ရင်း၊ တစ်အိုးထဲစားတဲ့ ညီအစ်မလိုချစ်ခင်ရတဲ့သူတွေနဲ့ အော်ရင်းငေါက်ရင်း ၂၀၀၄ ဆိုတဲ့ ကာလတစ်ခုကိုရောက်ရှိခဲ့တယ်။

၂၀၀၄ခုနှစ်..။

ချစ်ခင်ရသောသူတွေ၊ သံယောဇဉ်ကြီးရသောသူတွေနှင့်ဝေးရာကိုရောက်ရှိခဲ့တဲ့နှစ်တစ်နှစ်။

မမျှော်လင့်ပဲ ပြည်ဝင်ခွင့်ခက်ခဲလှတဲ့ အနောက်နိုင်ငံတစ်ခုမှာရှိတဲ့ ကျောင်းတစ်ကျောင်းရဲ့ ဝင်ခွင့်ကို ရရှိတဲ့အချိန်မှာ ပုံမှန်လည်ပတ်နေတဲ့ အချိန်ဇယားတစ်ခုဟာ ပြိုပျက်ခဲ့တယ်။ ဘယ်ဘက်ရင်ဘတ်ရဲ့ တစ်ဆစ်ဆစ်နာကျင်ခြင်းကို ဥပေက္ခာပြုပြီး တိုးတက်နိုင်မယ့် အခွင့်အရေးရှိရာဆီကို သွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ ဆယ်စုနှစ်ထက်ဝက်နီးပါး တစ်မိုးအောက်မှာအတူနေပြီး တစ်အိုးထဲ စားခဲ့တဲ့ သူတွေနဲ့ ခွဲခွါရခြင်းဆိုတဲ့ အကြောင်းဟာ တကယ်တော့ သက်သာလှတဲ့ ဝေဒနာတစ်ခုမဟုတ်ခဲ့ပါဘူး။

ဒီလိုနဲ့ သွားလာဖို့ ပြင်ဆင်ရင်း ဝမ်းနည်းနေကြတဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မတွေကို စနောက်ရင်း မိခင်ဖခင်ကို စိတ်ဆိုးအောင်စနောက်ရင်း အချိန်တွေဟာ တဖြည်းဖြည်ကုန်ဆုံးပြီး ထွက်ခွါသွားရမယ့် နေ့ရက်ဟာ တစ်စတစ်စနဲ့ နီးကပ်လာခဲ့တယ်။

“အစ်မကို လေယာဉ်ကွင်းလိုက်ပို့ချင်တယ်” ဆိုတဲ့ ညီအစ်မတွေကို “မျက်ရည်မကျဘူးဆိုလိုက်ပို့..မျက်ရည်ကျတဲ့သူကို လူကြားထဲလည်း နရင်းအုပ်မှာပဲ” ဆိုပြီး ပြောခဲ့တယ်။ လိုက်ပို့တဲ့ မိဘဆွေမျိုးအနည်းငယ်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မတွေကို လေယာဉ်ကွင်းသွားရာလမ်းတစ်လျောက် စလိုက်နောက်လိုက်၊ ဆူငေါက်လိုက်နဲ့ ဝမ်းနည်းချိန်ကို မပေးခဲ့ဘူး။ လေယာဉ်ကွင်းရောက်တော့လည်း သူတို့နဲ့ အချိန်ကြာကြာ မနေတော့ပဲ ပစ္စည်းချိန်ရာကိုတောက်လျှောက်သွားခဲ့တယ်။ နှုတ်ကလည်း ပေါက်ပေါက်ဖောက်သလို လူစုံအောင်ခိုင်းစရာမှာစရာတွေကို ပြောနေတော့ သူတို့လည်း လိုက်မှတ်နေရင်း ဝမ်းနည်းဖို့ကို မေ့နေကြတယ်။ ပစ္စည်းတွေချိန်တွယ်လို့ ပြီးတဲ့အချိန်မှာ သူတို့ရှိရာကို ပြန်မလာတော့ပဲ လက်လှမ်းပြပြီး အခန်းထဲကို ဝင်ခဲ့တယ်။ မိခင်နှင့် ဖခင်ကိုလည်း သူမ ထွက်ခွါကာနီးမှာ မကန်တော့ခဲ့ဘူး။ သူမကန်တော့ရင် ဝမ်းနည်းပြီး မျက်ရည်ကျမယ့် အဒေါ်တွေ သူမချစ်တဲ့ ညီအစ်မတွေ အတွက် သူမ ဝမ်းနည်းစရာကောင်းတာတွေ၊ ချစ်စရာကောင်းတဲ့ အပြုအမူတွေကို ရှောင်ပြီး အမြင်ကပ်အောင် ရန်စောင်စကားတွေနဲ့ ရန်စခဲ့တယ်။  တကယ်ကိုပဲ မည်သူ့ကိုမှ ဝမ်းနည်းခြင်းတွေ လွမ်းဆွတ်ခြင်းတွေနဲ့ မကျန်ခဲ့စေချင်တာပါ။

ဒီလိုနဲ့ သူမပြည်ပထွက်ခွါဆိုတဲ့ အခန်းထဲကိုရောက်တော့မှ တစ်လမ်းလုံး ထိန်းချုပ်ထားတဲ့မျက်ရည်တွေ တစ်လိမ့်လိမ့်စီးဆင်းလာခဲ့တယ်။ သူမရဲ့မျက်ရည်ကို မမြင်ရတဲ့အတွက် သူမချစ်တဲ့သူတွေ အနည်းနဲ့အများတော့ စိတ်သက်သာရာ ရပါပေလိမ့်မယ်..။

ဒီလိုနဲ့ နောက်ပိုင်း သူမရဲ့ဆွေမျိုးတွေကြားမှာ သူမဟာ စိတ်ဓါတ်မာကြောသူ အဖြစ်နဲ့ သတ်မှတ်ခံခဲ့ရတယ်။ တစ်ခါတစ်ရံ သူမဖုန်းဆက်တဲ့အခါ “အစ်မ အော်နေငေါက်နေ၊ ရယ်စရာတွေပြောဆိုနေလို့ ဝမ်းနည်းဖို့မေ့နေတာ အိမ်အပြန်မှ အစ်မမရှိတော့ဘူး ဆိုပြီး ညီမတို့မှာ မျက်ရည်ကျရတယ်” ဆိုတဲ့ ချစ်ရတဲ့သူတွေစကားကို ပြန်ကြားခဲ့ရတယ်။

တကယ်တော့ လေယာဉ်ပေါ်မှာ တစ်လျောက်လုံး နာရီပေါင်းများစွာ တိတ်တစ်ဆိတ် မျက်ရည်ကျရင်း သူတို့ကို လွမ်းဆွတ်နေတဲ့ သူတို့အစ်မ အကြောင်းကို သူတို့ သိကြမယ်ဆိုရင်…..

တကယ်တော့ သူမ မာန်မာန မကြီးပါ။ ဝမ်းနည်းအားငယ်တတ်တဲ့သူတို့ရဲ့ထုံးစံအတိုင်း အမာရောင် တွေကို ဝတ်ဆင်ထားတာသာဖြစ်ပါတယ်။

သူမဘဝမှာ မချစ်မနှစ်သက်သောသူနှင့်နေရခြင်း ဆိုတာကို မကြုံတွေ့ခဲ့ဖူးပေမယ့် ချစ်သောသူနှင့် ကွေကွင်းနေထိုင်ရတဲ့ ဒုက္ခတွေကိုတော့ အကြိမ်ကြိမ် အခါခါ ခံစားခဲ့ရပါတယ်…။..။


ပျိုးယုဝသုန်
12:35:00AM
10-07-2012
Tuesday (BNE)


7 comments:

မိုးသူ(တောင်ကြီး) said...

အခု..... မမ၀သုန်ရေးတဲ့ ဆောင်းပါးလေးတခုလုံးကိုဖတ်ပြီး

ငိုချင်သလိုလို ၀မ်းနည်းသလိုလို

ခံစားချက်ဖြစ်သွားတယ်ဆိုတာ

ပထမဦးဆုံးအနေနဲ့ ဝန်ခံပါတယ်

ကျွန်တော့်အဖြစ်အပျက်လေးနဲ့ 

လဲတိုက်ဆိုင်သွားလို့ ရယ်

မမ၀သုန်ရဲ့ ပကတိရိုးရှင်းလွန်းတဲ့

အရေးအသားရယ်တွေကြောင့်

ရင်ထဲမှာပြောမပြတတ်အောင်

စို့ စို့ နင့်နင့်ဖြစ်သွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးငွေ့........ said...

ဖတ်ရင်း မျက်ရည်လည်မိတယ် သူငယ်ချင်းရယ်....။

အွန်လိုင်းကျေးရွာ said...

ဝမ်းနည်းစရာလားနော်

နွေတေးရှင် said...

သည်လိုဘဲပေါ့ မ၀သုန်ရယ်.....။

မဒမ်ကိုး said...

ဖတ်ပီးဝမ်းနည်းတယ် မမ
အဲလိုနေ့ရက်တွေကိုကျော်ဖြတ်ခဲ့ဖူးတယ်
နောက်ဆုံးမြင်ရတော့မယ့် လူတစ်ယောက်ရဲ့မျက်နှာကိုလဲ မြင်ခဲ့ရတယ်
ကိုယ်ချင်းစာတယ်

ချစ်တဲ့ ဂျာရစ်

ဝေမိုးနိုင်(မုံရွာ) said...

အစ်မရေ.....
ဖတ်ပြီး စိတ်ထဲ ကြည်နူးမိတယ်။ ကြည်နူးစရာအကြောင်းအရာပေမယ့် ဒီလို စိတ်ထားနိုင်တာလေးကို သဘောကျတာပါ။ ခံစားရသူကို မစာနာလို့ပြောတာမဟုတ်ဘူးနော်။ ဖတ်ပြီး ရင်ထဲသိမ့်ခနဲဖြစ်သွားရတယ်။

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so