Tuesday, 29 May 2012

လူလည်မလုပ်နဲ့အေ့






စ်နေ့သ၌ ရန်ကုန်မြို့သို့ တစ်ခေါက်တစ်ခါမျှ မရောက်ဖူးသော ပေါက်တောရွာကလေးမှ အမေကြည်သည် တူမများကောင်းမှုဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။

သူမသည် သူမ၏ရွာတွင်စည်းစိမ်ဥစ္စာအတန်ရှိပြီး သြဇာလည်းရှိသော အမယ်ကြီးဖြစ်သည်နှင့်အညီ ဟိတ်ဟန်လည်း ထားတတ်ပေသေးသည်။ 

ရန်ကုန်သို့ရောက်သော် ကန်တော်ကလေးပိုင်းတွင် နေထိုင်သော တူမဝမ်းကွဲတစ်ဦး၏ နေအိမ်တွင် တည်းခိုရန် အတူလာကြသော တူမများကခေါ်ဆောင်ခဲ့သည်။ ဘူတာကြီးမှထွက်ကတည်းကပင် သူမသည် ရှုပ်ယှက်ခတ်နေသော ဆိုက်ကားများ၊ ကားများကိုကြည့်ရင်း ရန်ကုန်သည် ဆိုက်ကားတွေ ကားတွေရှုပ်သကဲ့သို့ လူရှုပ်လူပွေတွေလည်း အလွန်ရှိဟန်တူသည်ဟု တဖွဖွ ပြောလာသည်။ သူမ၏တူမများကတော့ သူမဘာပြေပြော ပြုံးပြီးသာနေကြသည်။

တည်းခိုရန်ရည်ရွယ်ထားသောကန်တော်ကလေးအိမ်သို့ ရောက်သောအခါ အိမ်ရှင်ဖြစ်သူ တူမဝမ်းကွဲက ရေနွေးကြမ်း၊ လက်ဖက်ရည်၊ မုန့်အချို၊ လက်ဖက် တို့နှင့်ဧည့်ခံပြီး ညနေစာ အတွက်ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။ ထိုအခါ အမေကြည် က ညနေစာကို မချက်ရန်ပြောကြားပြီး ညနေစာကို လမ်းထိပ်ရှိ ဆိုင်တွင် စားမည်ဖြစ်ကြောင်း ပြောလေသည်။

ရှေးဟောင်းနှောင်းဖြစ်များပြောပြီ ခေတ္တ ခဏ နားပြီးနောက် ရေမိုးချိုးပြီးသော် ညနေစောင်းပိုင်းသို့ ရောက်ရှိလာသည်။ ထို့နောက်တူမများနှုင့်အတူ အမေကြည်သည် လမ်းထိပ်ရှိ စားစရာ အစုံရောင်းချသော လက်ဖက်ရည်ဆိုင်သို့ရောက်သော် စားပွဲထိုးကောင်လေးကိုခေါ်လိုက်သည်။

ညနေစာစားဖို့ ဘာတွေရသလဲကွယ့်

ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ကတ်ကြေးကိုက်၊ ကြေးအိုး၊ ကြေးအိုးဆီချက်၊ ကီးမားပလာတာ၊ ………”  စားပွဲထိုးကောင်လေး၏စကားသံအဆုံးတူမများကို စားချင်ရာ မှာခိုင်းရင်း သူကိုယ်တိုင်လည်း စားချင်သည့် အမယ်ကို မှာလိုက်သည်။

များမကြာမီ အငွေ့တစ်ထောင်းထောင်းထနေသော စားသောက်ဖွယ်ရာများ စားပွဲပေါ်သို့ လာချပေးသည်။ သူမ၏ရှေ့တွင် လာချပေးသော စားဖွယ်ရာကိုကြည့်ရင်း သူမစိတ်တွေတိုသွားသည်။ ထို့နောက် စာပွဲထိုးကလေးကိုလှမ်းခေါ်လိုက်သည်။ ရောက်လာသောအခါ

ဟဲ့ကလေး.. ကျုပ်မှာတာ ကြေးအိုးလေ၊ မောင်ရင်လေး လာပေးတာမှားနေတယ်

ဟာ အဖွား.. ဒါ ကြေးအိုးလေ..”

ဘာကွယ့်.. ကျုပ်ကို ရန်ကုန်ခုမှ ရောက်ဖူးတဲ့ သူထင်လို့ လား.. အံခွနေပြီကွယ့်၊ ကြေးအိုးမှာတာ ကြေးအိုးပဲပေး၊ ကျုပ်ကို လူလည်လာမလုပ်နဲ့အေ့ ..”

စားပွဲထိုးကလေးလည်း ဘာပြောလို့ပြောရမှန်မသိပဲ ခေါင်းကိုသာတွင်တွင်ကုတ်နေ၏။ အမေကြည်ကလည်း ကြေးအိုးကိုသာ လဲပေးရန် အတန်တန်ပြောနေသည်။ ထိုအခါ မင်သက်နေကြသောတူမများလည်း ထိုအခါမှ အမေကြည် ဘာကိုဆိုလိုချင်မှန်း သဘောပေါက်သွားကြသည်။ ထို့နောက် အမေကြည့်နားသို့ တိုးကပ်ကာတီးတိုးပြောလိုက်သည်။

အမေကြည်.. ကြေးအိုးက ဒါပဲလေ။ ကြေးအိုးနဲ့ထည့်ထားတာမဟုတ်ဘူးလေ။ ကြွေပန်းကန်နဲ့ပဲ ထည့်ထားတာ။ ဒီဟာကို ကြေးအိုးလို့ခေါ်တာလေ..”

ညည်တို့ရန်ကုန်က လူတွေများ ကွန့်ကိုကွန့်တယ်။ ကြွေပန်းကန်နဲ့ထည့်ပြီး ကြေးအိုးခေါ်ရတယ်လို့..” ဟု အရှက်ပြေပြောပြီး ရှေ့တွင်ရှိသောကြေးအိုးကို ခပ်မြန်မြန် ဆွဲယူစားလိုက်လေသည်။


ပျိုးယုဝသုန်
10:51:59 PM
9-05-2012
Tuesday (BNE)


Monday, 28 May 2012

ယတြာများ


ချစ်သူအနားမှာ
အနေကြာစေရေး
နေကြာပွင့်လေး လှူဖူးတယ်။

ကောင်းခြင်းတွေပေါင်း
သူခညောင်းဖို့
ကောက်ညင်းပေါင်းလည်းလှူဖူးတယ်။

ဘေးဘယာပေါ်
သူဖြတ်ကျော်ရေး
ဘယာကြော် ဘုရာမှာလှူသေးတယ်။

တွက်ရချက်ရ
ဂမ္ဘီရနဲ့
ဗေဒဆရာလည်း များခဲ့တယ်။

ခုတော့သူလည်း
နောက်လူတွဲလို့
ငါ့ပဲ ချန်ရစ်ထားခဲ့တယ်။

အယူကသည်း
ရှေးရိုးစွဲမို့
လက်တွဲခေါ်ဖို့ ကြောက်သတဲ့ကွယ်။

ခုတော့လည်းငါ
ယတြာကို
မကြာချေရေး တွေးခဲ့တယ်။

ဗေဒဆရာ
ဟောတိုင်းသာပ
လူ့ဘောင်သုံးလ စွန့်ခဲ့တယ်။

သုံးလလည်းစေ့
နောက်တစ်နေ့မှာ
ချစ်သူရှိရာ သွားခဲ့တယ်။

ဆရာညွှန်ကြား
အရောင်များလည်း
ဦးပြည်းကတုံး နဲ့ဆင်ခဲ့တယ်။

ရောက်ရှိခဏ
မင်သက်ရသား
အသက်ရှူမှားဖို့ ဖြစ်ရတယ်။

မထူးတဲ့အဆုံး
မျက်နှာပြုံးကာ
မင်္ဂလာဆွမ်းလေး စားခဲ့တယ်။ :P  :P




ပျိုးယုဝသုန်
09:09:00 PM
28-05-2012
Monday (BNE)

Sunday, 27 May 2012

ကလေးကဗျာများ (၂၄) အိမ်ကကြောင်




အိမ်နောက်ဆီကတစ်ညောင်ညောင်
ငါတို့အိမ်ကကြောင်
အိမ်ခေါင်မိုးပေါ်သူတက်ပြေး
ငှက်တွေဖမ်းမယ်တွေး။

ဆက်ရက်၊ ကျီးနဲ့ ခိုဖြူပြာ
စာလေးညိုဝါဝါ
ပျံကာဝဲကာ ဟို သည် ကြည့်
ဖိုးကြောင် ရှိ မရှိ။

မျက်နှာကျက်ကြား တစ်နေရာ
ကြွက်တို့ ဘုံကမ္ဘာ
တိုးတိတ်ညင်သာ လျောက်ပါဟဲ့
ကြောင်ကြီးကြားမယ်ကွယ့်။

ဗြုံးဗြုံးဒိုင်းဒိုင်း ထိုအသံ
အိမ်ခေါင်ထက်မှာညံ
ရှဥ့်ပျံ ချွေတဲ့ အုန်းသီးကင်း
ဖိုးကြောင်ပြေးလို့ဆင်း။

ထိတ်လန့်ခြင်းနဲ့ ညောင်ညောင်အော်
မလေး ကြားပြန်သော်
ကြောင်လေးခေါ်ကာ ငါးကြော်ကျွေး
ဖိုးကြောင်ကြိုက်တယ်လေး။


ပျိုးယုဝသုန်
7:59:54 PM
27-05-2012
Monday (BNE)

Friday, 25 May 2012

နေရောင်ခြည် ..သို့




နှင်းငွေ့မမြင်
မိုးမမြင်ပဲ
အေးမြဲအေးစက်
အနွေးမဲ့သည့်
နေ့ညဥ့်များစွာ
ဖြတ်ကျော်လာ
ဘယ်တော့များမှာ ကုန်ပါမယ်….


ပျိုးယုဝသုန်
01:11:40 AM
25-05-2012
Friday (BNE)

Monday, 21 May 2012

သားချော့တဲ့အမေအို




ရေလည်ခေါင်မှာမိကျောင်းသား
ငယ်ကကြားတဲ့ သီချင်းကို
အမေအို ပြုံးချိုနွဲ့သံနှင့်
သားချော့ရန်ဆို..

သားမြေးကပို
မြစ်ဆိုတဲ့သည်ကလေး
အိုအေးအို မြန်မြန်အိပ်ပါကွယ့်
မောလှတယ်လေး..။


ပျိုးယုဝသုန်
6:49:06 PM
21-05-2012
Monday (BNE)

Sunday, 20 May 2012

မျက်လုံးတစ်စုံ ... ဘယ်သူလဲ


လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်လောက်ကပေါ့..။ ကျွန်မအသက် ၁၂နှစ်လောက်က ..။


ကျွန်မတို့မိသားစုကန်တော်လေးမင်္ဂလာတောင်ညွန့်ဘက်မှာနေခဲ့ဖူးတယ်.. နှစ်ထပ်ခွဲအုတ်အိမ်ကြီးဖြစ်တဲ့အပြင် ဖိုးဖိုးကြီးက သူတို့ခေတ်အခါက ကန်ထရိုက်တာတစ်ယောက်ဖြစ်လေတော့ အိမ်ကြီးကို နှစ်ထပ်အုပ်ရိုး၊ နဲ့ သံမဏိယက်မတွေနဲ့ဆောက်လုပ်ခဲ့တယ်။ ပြီးတော့ မျက်နှာကျက်မြင့်တဲ့အိမ်မျိုးလည်းဖြစ်တာမို့ ကျွန်မတို့နှစ်ထပ်ခွဲအိမ်ရဲ့အမြင့်ဟာ ဟောင်ကောင်ငါးလွှာရဲ့အမြင့်နဲ့ညီမျှခဲ့တယ်။ ပြီးတော့ အောက်ထပ်ကို အလုပ်ရုံအဖြစ်ထားတာဖြစ်လို့ ဘာအခန်းအဆောင်မှမရှိတဲ့ ဟောလ်တိုက်ပ် ပုံစံမျိုး ဖြစ်နေခဲ့တယ်။ ဒါကြောင့် နေပူတဲ့ ကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့ဟာအိမ်ထဲမှာပဲ ကြက်တောင်ရိုက်တာတို့ ကြိုးခုန်တာတို့ ကို ပျော်ရွှင်စွာကစားခဲ့နိုင်တယ်။

Friday, 18 May 2012

နှောင်း


မိုးပြေးတစ်ပေါက်
မိုးကြိုထောက်လို့
နွေနောက်နှုတ်ဆက်
သူဖြန်းပက်လည်း
နွေရက်ဂိမ္မန်
ရော်ရွက်ကျန်ကား
ပြန်ကြားနိုင်စွမ်းမဲ့ခဲ့ပြီ…။


ပျိုးယုဝသုန်
11:49:32 PM
18-05-2012
Friday (BNE)

Thursday, 17 May 2012

အပြုံး




တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြုံးပြတတ်ကြတယ်..။ ပြီးတော့ အပြုံးကို အပြုံးနဲ့သာတုံ့ပြန်တတ်ကြတယ်။ နှစ်သက်လို့ပြုံးကြတယ်၊ နာကျင်လို့ပြုံးကြတယ်၊ နာကျည်းလို့ပြုံးကြတယ်၊ ဒေါသနဲ့ပြုံးကြတယ်။ အပြုံးပေါင်းများစွာကိုမြင်ဖူးခဲ့ပေမယ့်  ကြုံခဲ့ဖူးတဲ့ အပြုံးတစ်ခုကိုတော့ ယနေ့တိုင်မေ့လို့မရနိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ အိပ်မက်တွေထဲမှာပါ လိုက်လံနှောက်ယှက်နေခဲ့တယ်။


အဲ့သည်နေ့မှပဲ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်မယ့် ကားတွေဟာ ထင်မှတ်ထားတာထက်ပိုပြီး များနေခဲ့တယ်။ ဆီဆိုင်မှာ ဆီလာဖြည့်တဲ့ ဆီဘောက်ဆာကားကြီးက ဓါတ်ဆီဆိုင်ရဲ့ ဆီတိုင် တစ်ခြင်းကို နေရာယူထားတဲ့အတွက် ကြာသင့်တဲ့အချိန်ထက် ပိုမိုကြာနေခဲ့တယ်။ ရောက်ပြီးမှတော့ မထူးပါဘူး ဆိုတဲ့စိတ်နဲ့ပဲ စိတ်ရှည်လက်ရှည် စောင့်ရင်း တစ်ဖြည်းဖြည်းရွေ့နေတဲ့ကားတန်းနောက်မှာလိုက်ပါရင်း ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေခဲ့တယ်။ ပြီးတော့ အဲ့သည်နေ့ဟာလည်း ရက်သတ္တပတ်ရဲ့ ဆီဈေးအသက်သာဆုံး နေ့တစ်နေ့လည်းဖြစ်နေခဲ့တယ်။

Wednesday, 16 May 2012

တူး အင် ဝမ်း




ကုန်းတန်းကလေးလို့ ခေါ်တဲ့ရွာကလေးမှာပေါ့။


အဲ့ဒီရွာကလေးဟာ ကျုံကမိစု၊ ပေါက်တော အစရှိတဲ့ရွာတွေနဲ့တစ်ဆက်တည်းဖြစ်တဲ့ ရွာတန်းရှည်ကလေးထဲက ရွာလေးတစ်ရွာဖြစ်ပါတယ်..။


ကုန်းတန်းကလေးက အမေကြီးဒေါ်ကြိုင်ဟာ အင်မတန်မှ ခေတ်မီလိုသူလည်းဖြစ်တယ်။ သူမရဲ့ သားသမီးတွေကလည်း မလေးရှားတို့ ဘန်ကောက်တို့ မှာသွားရောက် အလုပ်လုပ်ကိုင်နေကြတယ် ဆိုတော့ သူမကရွာမှ မျက်နှာလည်းပွင့်လှတယ်။ ၀မ်း၊ တူး၊ သရီး အစရှိသည်ကိုလည်း တစ်၊နှစ်၊သုံး စသည်ဖြင့် ရေတွက်တာကို သူမက သိထားပြီးဖြစ်တယ်..။


Tuesday, 15 May 2012

အိပ်မက်တော့လည်းမဟုတ်ခဲ့ပါ





မေလ ၁၅ ရက်နေ့ရဲ့အဦးဆုံးပိုင်းအချိန်


နံနက်စောစော ၁ နာရီ နဲ့ ၄၅ မိနစ်


အေးချမ်းလှတဲ့ရာသီဥတုရဲ့အောက်မှာ တစ်ရပ်ကွက်လုံးအိပ်မောကျနေတယ်..။


ဆူညံတဲ့ တံခါးထုသံ တစ်ဒုံးဒုံးကြောင့် အိပ်ပျော်နေရာကနေရုတ်တရက် လန့်နိုးလာခဲ့တယ်။ ရုတ်တရက်ဆိုတော့ အိပ်မက်များလားလို့ထင်မိပေမယ့် နောက်ထပ်အဆက်မပြတ် မြည်လာတဲ့ ဘဲလ်သံကြောင့်အိပ်မက်မဟုတ်မှန်းသိခဲ့ရတယ်။ သန်းခေါင်ကျော်အချိန်မှာ အလည်လာမယ့်သူဆိုလို့ တစ်ဦးတစ်ယောက်မှ ရှိမနေတဲ့အတွက် ခေါင်းထဲမှာ အန္တရာယ် အချက်ပေးခေါင်းလောင်းသံတွေ မြည်လာခဲ့တယ်။ ဘယ်လို ဖြေရှင်းတာ အကောင်းဆုံဖြစ်မလဲဆိုတာကိုစဉ်းစားနေရင်း နောက်ထပ် ဆယ်မိနစ်လောက်ငြိမ်ငြိမ်သက်သက် စောင့်နေလိုက်တယ်..။

Sunday, 13 May 2012

ဒီမို နှင့် မှားသောအယူများ




ဖော်ကားဖော်
လျော်မလျော်သူမတွေး
ရှေ့အရေးကို ကြိုကာတွေးကာကြည့်
စိတ်ပိရင်လေး..။

ဒီမိုတဲ့ဒီမို
ဒီလိုကိုဖော်တာချွတ်တာမှ
လွတ်လပ်တယ်ဆို..။

တို့မလို
ဤသို့ဒီမိုများ
အရှက်မှာကြောက်တာမဲ့ပြန်တော့
ပျက်မယ့်တရား..။

အို .. မှားတဲ့ဒီအမြင်
ပြင်ကြပါ တို့မြန်မာမတွေရဲ့
ဖတ်ကြစာအစဉ်..။

အကျိုးကိုမြင်
ဒီမိုနဲ့လူယဉ်ကျေး
အချိုးဟာပြောင်းပြန်မကျပါဘူး
ရှက်..ကြောက်စိတ်မွေး..။


ပျိုးယုဝသုန်
4:13:51 PM
13-05-2012
Sunday (BNE)