Sunday, 20 May 2012

မျက်လုံးတစ်စုံ ... ဘယ်သူလဲ


လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်လောက်ကပေါ့..။ ကျွန်မအသက် ၁၂နှစ်လောက်က ..။


ကျွန်မတို့မိသားစုကန်တော်လေးမင်္ဂလာတောင်ညွန့်ဘက်မှာနေခဲ့ဖူးတယ်.. နှစ်ထပ်ခွဲအုတ်အိမ်ကြီးဖြစ်တဲ့အပြင် ဖိုးဖိုးကြီးက သူတို့ခေတ်အခါက ကန်ထရိုက်တာတစ်ယောက်ဖြစ်လေတော့ အိမ်ကြီးကို နှစ်ထပ်အုပ်ရိုး၊ နဲ့ သံမဏိယက်မတွေနဲ့ဆောက်လုပ်ခဲ့တယ်။ ပြီးတော့ မျက်နှာကျက်မြင့်တဲ့အိမ်မျိုးလည်းဖြစ်တာမို့ ကျွန်မတို့နှစ်ထပ်ခွဲအိမ်ရဲ့အမြင့်ဟာ ဟောင်ကောင်ငါးလွှာရဲ့အမြင့်နဲ့ညီမျှခဲ့တယ်။ ပြီးတော့ အောက်ထပ်ကို အလုပ်ရုံအဖြစ်ထားတာဖြစ်လို့ ဘာအခန်းအဆောင်မှမရှိတဲ့ ဟောလ်တိုက်ပ် ပုံစံမျိုး ဖြစ်နေခဲ့တယ်။ ဒါကြောင့် နေပူတဲ့ ကျောင်းပိတ်ရက်တွေမှာ ကျွန်မတို့ဟာအိမ်ထဲမှာပဲ ကြက်တောင်ရိုက်တာတို့ ကြိုးခုန်တာတို့ ကို ပျော်ရွှင်စွာကစားခဲ့နိုင်တယ်။



အဲ့ဒီလမ်းကလေးဟာ ကားအသွားအလာလည်းသိပ်ပြီးမများတဲ့အတွက် လမ်းထဲမှာရှိတဲ့ ကျွန်မတို့ကလေးတစ်သိုက်ဟာ အနှောက်အယှက်မရှိ ကစားနိုင်ခဲ့ကြတယ်။ ညနေ နေ နဲနဲအေးပြီဆိုတာနဲ့ ဂေါ်လီရိုက်ကြ၊ အရုပ်ထောင်ပစ်ကြ၊ သရေပင်ပစ်ကြ နဲ့ပျော်စရာအင်မတန်ကောင်းလှတယ်။ ညဘက်တွေမှာတော့ စိန်ပြေးလိုက်တမ်း၊ ဘုတ်တလုတ်တောက်တဲ့၊ခို၊ထုတ်ဆီးတိုး၊ ခုနစ်ထွေ၊ တိုင်ဦးတမ်း၊ တူတူပုန်းတမ်း၊ ညောင်ပင်တစေ အစရှိတဲ့ကစားနည်းပေါင်းစုံကို ကစားကြတယ်။


ကျွန်မငယ်ငယ်က ကစားတာကို သိပ်မက်မောတာပဲ၊ တခြားသူတွေသာ ပြောင်းသွားတယ် ကျွန်မကတော့ မေမေ တုတ်နဲ့ လာမခေါ်မချင်း အိမ်ထဲဝင်လေ့မရှိဘူး။ ဒါကြောင့်လည်း ဒီလိုအဖြစ်မျိုးကို တွေ့မြင်ခဲ့ရတာနဲ့တူပါတယ်။


ကျွန်မတို့ကြီးကြီးမေဟာ ၃၇မင်းသောနတ်အပေါင်းတို့ကို ယုံစားကိုးကွယ်သူဖြစ်ပါတယ်။ နတ်ရုပ်တစ်ရုပ်ဟာ အနည်းဆုံးတစ်ပေခွဲ နှစ်ပေလောက်ရှိတယ်။ မြင်းဖြူရှင်၊မြင်းညိုရှင်၊ မမနှဲ၊ အမေပုပ္ဗါးမယ်တော်၊ အမေနံကရိုင်းမယ်တော်၊ ဦးမင်းကျော်၊ ဘညိုကြီး၊ အဖကိုးမြို့ရှင်၊ နှမတော်ပုလဲယဉ်၊ မင်းမဟာဂိရိ အစရှိသဖြင့်အိမ်ရဲ့ခေါင်းရင်ဘက် ဘုရားစင်ရဲ့အောက်ဖက်မှာ စီတန်းပြီး ကိုးကွယ်ထားတယ်။ ပန်း၊ ရေချမ်းက အစလှူထားတယ်။ အိမ်ရှေ့မှာတော့ လူကြီးသုံးဖက်လောက်ရှိတဲ့ ကုက္ကိုပင်ကြီးရှိတယ်။ အဲ့ဒီအပင်ကြီးမှာတော့ နတ်စင်ကလေးရိုက်ထားပြီး ဘညိုကြီးကို ကိုးကွယ်ထားတယ်။ ကြီးကြီးမေ နတ်တွေကိုဗလိနတ်စာကျွေးရင်ကျွန်မတို့ကသိပ်ပျော်တာပေါ့။ မုန့်တွေစားရတာကိုး။


ဒီလိုနဲ့ တစ်နေ့မှာတော့ ကျွန်မတို့တစ်အိမ်လုံးကန်တော်ကြီးမှာ ရေခဲ့မုန့်သွားစားကြတယ်။ ကျွန်မက ရေအိမ်ထဲရောက်နေတာကို လူကြီးတွေက မသိကြဘူးလေ။ သူတို့က ကျွန်မလမ်းပတ်ပြီးဆော့ကစားနေတယ်လို့ထင်ကြပြီး အိမ်ကိုသော့ခတ်သွားကြတယ်။ ကျွန်မတို့အိမ်အောက်ထပ်မှာက သံဘာဂျာတံခါးအပြည့်တပ်ထားတာမို့ အပြင်ကနေလက်သွင်းပြီး သော့ခလောက်ကိုနှိပ်သွားကြတာပေါ့။ ကျွန်မရေအိမ်ထဲက ပြန်ထွက်လာတော့ အိမ်မှာဘယ်သူမှ ရှိမနေကြတော့ဘူး။ ဒါနဲ့ပဲကျွန်မလည်း အပြင်ထွက်လို့မရတာနဲ့ အိပ်မကြီးကိုတက်လာခဲ့တယ်။ ဝရံတာမှာ မတ်တတ်ကလေးရပ်ရင်း အခြားသူငယ်ချင်းတွေ ဆော့ကစားတာကိုငေးကြည့်နေတာပေါ့။ နောက်တော့ ရေသောက်ချင်တာနဲ့ အိပ်ထဲကိုဝင်လာခဲ့တယ်။ အဲ့ဒီမှာ မရည်ရွယ်ပဲ အထပ်ခိုးရှိရာကို မျက်စိကရောက်သွားတာပေါ့။ လိုက်ကာတွေကြားထဲက မျက်လုံးတစ်စုံဟာ ကျွန်မကိုကြည့်နေတာ တွေ့ခဲ့ရတယ်။ ကျွန်မထင်တာက အိမ်ကတစ်ယောက်ယောက် အိမ်မှာကျန်ခဲ့ပြီး အထပ်ခိုးပေါ်က အခန်းထဲမှာ နေနေတာလို့ထင်တာလေ။


ရေသောက်ပြီးတော့ အထပ်ခိုးရှိရာကိုတက်ခဲ့တယ်။ နှုတ်ကလည်း အိမ်ရှိလူအကုန်ရဲ့နာမည်ကို အော်ခေါ်တာပေါ့။ တစ်ယောက်မှလည်း ပြန်မထူးတာမို့ စိတ်ကလည်း နဲနဲတိုသွားတယ်။ ကျွန်မထင်လိုက်တာက ကျွန်မအမဝမ်းကွဲ ရည်းစားစာ ခိုးရေးနေတယ်လို့ထင်လိုက်တာ။ ဒါနဲ့ ရှိတဲ့ အခန်းတွေကို လိုက်ကြည့်တော့လည်း မည်သူတစ်ဦးတစ်ယောက်မှ မရှိကြဘူး။ မျက်လုံးတစ်စုံကို မြင်လိုက်ရတဲ့ အခန်းကိုရောက်တော့လည်း အခန်းထဲမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ ထူးထူးဆန်းဆန်း ကြက်သီးတွေထလာခဲ့တယ်။ ပြီးတော့ ကြောက်သလိုလိုလည်းခံစားလာရတော့ အိမ်အောက်ကို ပြေးဆင်းလာခဲ့တယ်..။ အပြင်ကလည်းထွက်လို့မရ၊ ကြောက်ကလည်းကြာက်တာမို့ လမ်းမှာပြေးလွှားကစားနေကြတဲ့ သူငယ်ချင်းတွေကိုအော်ခေါ်ပြီး ကျွန်မနဲ့ ခဏအတူလာနေပေးဖို့ ပြောလိုက်တယ်။ ကစားဖော် ကစားဖက်တွေကလည်း လာနေပေးကြပါတယ်။ ကလေးသဘာဝ ပေါက်တတ်ကရတွေပြောရင်း မကြာခင်မှာပဲ အိမ်ကပြန်ရောက်လာကြတယ်။ မေမေ နဲ့ ကြီးကြီး ကတော့ အံ့သြပြီး “ညည်းဘယ်လိုအထဲရောက်နေတာလဲ” တဲ့


ကျွန်မလည်း ဇတ်စုံကိုနတ်သံနှောပြီးပြောပြတော့တာပေါ့..။ အဲ့ဒီအခါမှာ ကြီးကြီးက မေမေ့ကိုဆူပါတော့တယ်။ “ကလေးလိပ်ပြာလွင့်သွားမှဖြင့် ..ဘာ..ညာ ..”ပေါ့လေ။ အဲ့ဒီနောက်မှာတော့ သူတို့ညဘက်ပိုင်းဘယ်သွားသွား အိမ်မှာရှိတဲ့ကလေးတွေကို အကုန်စုံအောင်လိုက်ခေါ်ပါတော့တယ်။ တစ်ယောက်ထဲ အိမ်ထဲမှာ ကျန်မနေအောင်ပေါ့။


ကျွန်မ နဲနဲသိတတ်စအရွယ်ရောက်လာတော့ စဉ်းစားမိတယ်။ အဲ့ဒီမျက်လုံးတစ်စုံရဲ့ ပိုင်ရှင်ဟာ ဘယ်သူများဖြစ်မလဲဆိုပြီးတော့ပေါ့။ ထင်ယောင်ထင်မှားနဲ့မြင်ယောင်တာ မဟုတ်တာကတော့ သေချာလှတယ်။ ဒါပေမယ့် ဒီနေ့ထိထက်တိုင် မျက်လုံးပိုင်ရှင်ဟာ ဘယ်သူဆိုတာ မသိရှိခဲ့ပါဘူး။


အခုတော့ ကြီးကြီးမေလည်းဆုံးသွားပါပြီ။ ကုက္ကိုပင်ကြီးလည်း မရှိတော့ပါဘူး..။ လမ်းထဲက အိမ်တွေအကုန်လည်း ကန်ထရိုက်တိုက်တွေဖြစ်ကုန်ခဲ့ပြီ။ တစ်ခါတစ်လေ အဲ့ဒီလမ်းကိုရောက်ရင် ငယ်ငယ်တုန်းက မြင်တွေ့ခဲ့ဖူးတဲ့ မျက်လုံးတစ်စုံအကြောင်းကို ဖြတ်ကနဲတော့ သတိရလိုက်မိဆဲပါပဲ။ အကယ်၍များ ကြီးကြီးသာ ရှိနေဦးမယ်ဆိုရင် မျက်လုံးတစ်စုံပိုင်ရှင်ဟာ ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ပြောပြနိုင်မယ် ထင်ပါရဲ့ရှင်…


ပျိုးယုဝသုန်
7:15:15 PM
20-05-2012
Sunday (BNE)

9 comments:

မိုးငွေ့........ said...

ကိုယ်တောင်သိချင်မိသွားတယ် အဲဒီမျက်လုံတစ်စုံ ဘယ်သူဖြစ်မလဲ....????

ဖြိုးဇာနည် said...

မျက်လုံးတစ်စုံ
တွေ့တွေ့လိုက်ချင်စမ်းပါဘိ
ခုနေများတွေ့လို့ကတော့ အေးဆေးဘာာာာာ
ကျောင်းတုန်းက မာရသွန်ဆုရထားတာ
ဟွင်းဟွင်း ဘာမှတ်နေလဲ

ဖြိုးဇာနည် said...
This comment has been removed by the author.
Anonymous said...

Nobody and noting.
လူကြီးတွေ နောက်တခါ မထားခဲ့အောင် ပြောပြတဲ့ လံကြုတ်ဇတ်လမ်းပေါ့

Badarlearn

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဝသုန်က ဒီလိုမျိုး စာလေးတွေ ရေးလေ့ရှိတာ မြတ်သတိထားမိတယ်။ မြတ်ကလည်း သတ္တိခဲ။ ဒီလိုတွေ ဖတ်ပြီးရင် ဒါသရဲပဲလို့ဇွတ်တွေးပြီး ကြောက်တာချည်းပဲ။ အဟီးးး)

ချစ်တဲ့
မြတ်

လွင်ပြင်လှိုင်းငယ် said...

ဘယ်သူလဲ သိချင်သွားတယ်

မိုးသူ(တောင်ကြီး) said...

အာာာာာာာာ ဗျာ....မမ၀သုန်အ၇မ်းနောက်တာပဲ
ဒီမှာ မိုးသူ က တယောက်ထဲ အိပ်ရတာ
ကြောက်ဒယ် အခုလိုမျိုးတွေဖတ်ပြီးရင်
တယောက်ထဲ အိပ်ရဲတော့ဝူး ဒီနေ့ ညတော့ မေမေတို့ နဲ့ တွားအိပ်တော့မယ်
ဖတ်ပြီးအော်တောင်ငိုချင်သွားဘီ :waa

ညီရဲ said...

အဲဒါ တရဲ အစ်မ... ဖတ်ရင်း ကျောတောင် နဲနဲ ချမ်းတယ် အစ်မရေ...

san htun said...

ကြောင်ကလေးများလားဟင်...